ခိုင်မာတဲ့ကိုယ်ကျင့်တရား
Vol. 80 Ch. 1125
အခန်း (၁၁၂၅) ခိုင်မာတဲ့ကိုယ်ကျင့်တရား
လျိုကျန်းကူ၏မျက်နှာအမူအရာကိုကြည့်ရင်း ၊ ချန်ချန်းဟွာ၏ ပင်ကိုယ်စရိုက်အကြောင်း စဉ်းစားမိသည့်အခါ ရန်ကျောက်ကဲစိတ်ထဲ တစ်စုံတစ်ခုကို ယောင်ဝါးဝါး ခန့်မှန်းလိုက်မိသည်။
ချန်ချန်းဟွာ ကြာပန်းနီကမ်းပါးကို တိုက်ခိုက်ခဲ့သည့်ကိစ္စက အသေးအဖွဲ မဟုတ်ပေ။
အနာဂတ်တွင်ဖြစ်ပေါ်လာမည့်အခြေအနေအား မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကိုဆုံးဖြတ်ရန်မျာ ပိုးသားဧကရာဇ်ကိုယ်တိုင်အပေါ်တွင် မူတည်နေမည်မှာ သေချာသည်။
ယခု ပိုးသားဧကရာဇ်က ဤနေရာတွင်မရှိပေ... ။
ဟုတ်ပေ၏။
ပိုးသားဧကရာဇ် (၂)ယောက်လုံး ဤနေရာတွင် ရှိမနေခဲ့ပေ။
သို့တိုင် အုပ်စိုးရှင် (၅)ပါးနှင့် စပ်လျဉ်းသည့်ကိစ္စဖြစ်နေလေရာ ဧကရာဇ် (၃)ပါးအနေဖြင့် ကြားဝင်စွက်ဖက်ရန် လိုအပ်သည်။
လက်ရှိတွင် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့က အထက်ဘုံကမ္ဘာတွင်မရှိသလို ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကလည်း တံခါးပိတ်ကျင့်ကြံနေသည်။ ထို့ကြောင့် ချန်ချန်းဟွာကို တားဆီးရန် ခက်ခဲပေသည်။
သိုင်းတာအိုနှင့်ပတ်သက်ပြီး ချန်ချန်းဟွာ၏စွမ်းရည်က အထက်ဘုံကမ္ဘာကို အမြဲတမ်း တုန်လှုပ်စေခဲ့သည်။
သူသာ နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်မည်ဆိုလျှင် အထက်ဘုံကမ္ဘာ အုပ်စိုးရှင် (၅)ပါးတွင် နံပါတ် (၁)ဆိုသူမှာ မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ ဖြစ်နိုင်တော့မည်မဟုတ်ဟုပြောလျှင် ပုံကြီးချဲ့ပြောဆိုရာ မရောက်ပေ။
တစ်ဆက်တည်းမှာပင် သူသာ နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ပြီးနောက် နောက်ထပ် ပြဿနာများရှာလာပါက အနှောက်အယှက် ပိုမိုကြီးမားလာပေမည်။
ထို့ကြောင့် အထက်ဘုံကမ္ဘာမှ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်များက ဤဆူးရှည်ကြီးနှင့်ပတ်သက်ပြီး အတော်လေး အချင်းများခဲ့ကြရသည်။
အခြေအနေအားလုံးကို ခြုံငုံသုံးသပ်နိုင်ခြင်းမရှိဘဲ သူတို့အနေဖြင့် ချန်ချန်းဟွာကို ထာဝရဖယ်ရှားပစ်ရန်လည်း မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ ဤထိန်းမရသောသားရဲကိုချည်နှောင်ရန် ကြိုးတစ်ခုလိုအပ်ကြောင်း တွေးတောခဲ့ရသည်။
သို့သော် သင့်လျော်သည့်ကြိုးတစ်ချောင်း ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ကြပေ။
လူအနည်းငယ်ကတော့ နျဲ့ကျင်းရှန်က ချန်ချန်းဟွာကို ထိန်းချုပ်နိုင်သူဖြစ်လာနိုင်မလားဟု မျှော်လင့်ခဲ့ကြသည်။
“နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး ၊ သိုင်းဂိုဏ်း (၈)ဂိုဏ်းကို အလင်းပေးသည့်လူငယ်...”
နှစ်ယောက်လုံးက တစ်မျိုးစီထက်မြက်ကြပြီး ကိုယ်ပိုင်အရည်အချင်းများ ရှိကြသည်ပင်။
သို့သော် လူအချို့ကတော့ ယခုမှ ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ထွက်ပေါ်လာသည်ဟု တွေးထင်ကြသည်။
ရန်ကျောက်ကဲကတော့ မြေပြင်သခင်လေး ချန်ခွန်းဟွာ တွေးသလို တွေးထင်ခဲ့သည်ပင်။
အထက်ဘုံကမ္ဘာ၏ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်အချို့က ရန်ကျောက်ကဲတို့သားအဖကို ပြဿနာကောင်များအဖြစ် ရှုမြင်ကြသည်။
ချန်ချန်းဟွာအား သူတို့နှစ်ယောက်ကို ထိန်းချုပ်ခွင့်ပြုလိုက်မည်ဆိုလျှင် အကောင်းဆုံးရွေးချယ်မှုဖြစ်မည်ဟု ထင်မှတ်ကြသည်။
ဟုတ်ပေ၏။
ဆန့်ကျင်ဘက်အနေဖြင့် ချန်ချန်းဟွာနှင့် ‘ရန်’ သားအဖ ထိပ်တိုက်တွေ့ခြင်းသည်လည်း ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်သည်။
သို့ဖြစ်ရာ ဤကိစ္စက အထွတ်ထိပ်အဆင့် သြဇာလွှမ်းမိုးနိုင်စွမ်းရှိသူများ၏ ထိန်းချုပ်မှုအပေါ်တွင် မူတည်နေသည်။
မည်သို့ပင်ဖြစ်စေ ချန်ချန်းဟွာက ဝါဒတောင်နှင့် ရန်ကျောက်ကဲတို့သားအဖကို ဖိနှိပ်ရန်အတွက် တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူးကို ရယူချင်ခဲ့သည်။ ဤအပြုအမူက ချီလင်ကမ်းပါးမှ တိဟွမ်ဧကရာဇ်ထံသို့ ချန်ချန်းဟွာက သစ္စာခံခြင်းနှင့် ညီမျှသည်။
အခြားစကားဖြင့်ဆိုရလျှင် ချီလင်ကမ်းပါးနှင့် ချန်ချန်းဟွာတို့ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်း ဖြစ်၏။
ချန်ချန်းဟွာက သူ့စိတ်ထဲရှိသည့်အတိုင်း နေထိုင်လုပ်ကိုင်တတ်သူဖြစ်ပြီး သူ၏လုပ်ရပန်များကို ခန့်မှန်း၍မရနိုင်ပေ။ သူ့လုပ်ရပ်များအား သဲလွန်စ ဖမ်းဆုပ်နိုင်ရန်ခက်ခဲလှသည်။
ဟုတ်ပေသည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ မည်သို့စီစဉ်ထားသည်ဖြစ်စေ ကြာပန်းနီကမ်းပါး အဖြစ်အပျက်ကတော့ အရင်ဆုံး ဖြေရှင်းနိုင်ရန် လိုအပ်သည်။
လျိုကျန်းကူက သက်ပြင်းချရင်း...
“ချန်ချန်းဟွာက တကယ့်ကို ခန့်မှန်းလို့မရနိုင်ဘူး”
ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ လျိုကျန်းကူ ထပ်ပြောလာမည့်စကားကို စောင့်ဆိုင်းနေသည်။
လျိုကျန်းကူက ထူးဆန်းသည့်မျက်နှာအမူအရာဖြင့်...
“နျဲ့ကျင်းရှန်နဲ့တိုက်ခိုက်ပြီးတဲ့နောက် အထက်ရပ်’ချန်’ က ကြာပန်းနီကမ်းပါးကို ထပ်သွားခဲ့တယ် ၊ သူက သွားတောင်းပန်တာတဲ့...”
ရန်ကျောက်ကဲမှာ ပါးစပ်အဟောင်းသားဖြင့် ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိသည်။ အသံလည်းမထွက်တော့သလို ဘာပြောရမှန်းပင် မသိတော့ပေ။
“ငါက ငါ့ကိုယ်ငါ အရေထူလှပြီထင်နေတာ ၊ ငါ့ထက် အရေထူတဲ့သူနဲ့လာတွေ့နေတယ်”
အတွေးနှင့်အတူ ရန်ကျောက်ကဲ ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။
လျိုကျန်းကူက စကားဆက်ပြောသည်။
“ချန်ချန်းဟွာရဲ့ညီ မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ လည်း သူနဲ့အတူ လိုက်သွားတယ် ၊ သူက ဘယ်သူ့ကိုမှ ရှောင်ဖယ်တာမျိုးမလုပ်ဘဲ မြောက်ဖေးတောင်ထွတ်ကို ဦးချတောင်းပန်တယ်တဲ့ ၊ ပြီးတော့ လွှမ်းခြုံဧကရာဇ် ၊ ချင်းယွမ်ဧကရာဇ် ၊ မိန်းမပျိုဧကရာဇ်နဲ့ ချီလင်ကမ်းပါးက တာအိုရောင်းရင်း ‘ဝမ်ကျန်းချန်’ တို့ကိုလည်း သက်သေခံအနေနဲ့ လက်ဆောင်ပစ္စည်းတွေ အများကြီးပေးတယ်တဲ့ ၊ ပြီးတော့ မြောက်ဖေးတောင်ထွတ်ကလူတွေ သူ့ကို အပြစ်ပေးတဲ့အနေနဲ့ ဓားနဲ့စိတ်ကြိုက်ထိုးကြပါလို့ တောင်းဆိုတယ်တဲ့”
ချန်ချန်းဟွာက မြောက်ဖေးတောင်ထွတ်သို့ သွားရောက်တောင်းပန်ပြီး အပြစ်ခံယူသည့်အနေဖြင့် သူ့ကို ဓားဖြင့်စိတ်ကြိုက်ထိုးနှက်ခိုင်းခဲ့သည်။ သူက တန်ခိုးစွမ်းအားအသုံးပြုကာ ဓားချက်ကို ခုခံခြင်းမရှိဘဲ သာမန်လူတစ်ယောက်ပမာ ခံယူသည်ဖြစ်ရာ သူ၏ သေခြင်းရှင်ခြင်းမှာ မိုးကောင်းကင်၏အလိုအတိုင်းသာ ဖြစ်သည်။
ချန်ချန်းဟွာ၏တိုက်ခိုက်မှုကြောင့် မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများစွာ ဒဏ်ရာရသူ ၊ အသက်သေဆုံးရသူ များစွာရှိသည်ဖြစ်ရာ အားလုံးက မကျေမနပ်ဖြင့် ဓားဖြင့်ဝိုင်းထိုးကြသဖြင့် ဓားချက်ပေါင်းများစွာ ချန်ချန်းဟွာ ခံစားခဲ့ရသည်။
အဆုံးသတ်မှာတော့ သေလုနီးပါး ဒဏ်ရာအပြင်းအထန်ရပြီး သူ၏ညီဖြစ်သူ ချန်ခွန်းဟွာက သူ့ကိုကျောပိုးကာ တောင်အောက်သို့ခေါ်ဆောင်လာရသည်ဟု ဆိုသည်။
ချန်ချန်းဟွာက မူလကောင်းကင်ကျမ်းစာ နှောင်းပိုင်း (၆)စောင်ကို ပေါင်းစပ်ကျင့်ကြံထားသည်ဖြစ်ရာ တုန်လှုပ်ဖွယ်ရာ ခုခံစွမ်းအားနှင့် ပြန်လည်ကုစားနိုင်ခြင်း တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်သည်။
သို့တိုင် ယခုကဲ့သို့ ဓားချက်ပေါင်းများစွာ ထိုးနှက်ခံရသည့်အခါ သူ၏ သွေးစွမ်းအားနှင့် ချီစွမ်းအားများ များစွာယိုယွင်းသွားပြီး ပြန်လည်ကောင်းမွန်လာစေရန် အလွန်တရာ ခက်ခဲပေမည်။
တကယ်တော့ ဤအချက်က အဓိကမကျပေ။
ဤအဖြစ်အပျက်ကို သိရှိသူများအနေဖြင့် ချန်ချန်းဟွာက လုံးဝ တန်ပြန်တိုက်ခိုက်ခြင်းမပြုဘဲ နာခံစွာဖြင့် အရှုံးပေးလိုက်ခြင်းဖြစ်ကြောင်း နားလည်ကြသည်။
အမှန်တော့ ချန်ချန်းဟွာကဲ့သို့ ကိုယ်ရည်ကိုယ်သွေးရှိသူများမှာ အဆုံးအထိ ခုခံနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။
သူတို့က မိမိတို့လုပ်ရပ်အတွက် နောင်တမရဘဲ သူတို့လုပ်ရပ်က အမှားအယွင်းမရှိဟု အရင်းခံ ယုံကြည်သူများလည်း ဖြစ်ကြသည်။
သူတို့လုပ်ရပ်အတွက် အကြောင်းပြချက်မရှိပါက အကြောင်းပြချက် ရှာဖွေမည်ဖြစ်ပြီး ၊ ထိုအကြောင်းပြချက်ကိုလက်မခံလျှင်တော့ လက်သီးနှင့်စကားပြောမည် ဖြစ်သည်။
“ခေါင်းတစ်ချက်ညိတ်လိုက်ရုံဖြင့် သေခြင်းတရားက ရောက်လာမည် ၊ ဘယ်တော့မှ ခေါင်းမညိတ်ပါက လူတစ်ယောက်ကိုရှုံးနိမ့်သည့်တိုင် တိုက်ပွဲမှာတော့ဘယ်တော့မှ ရှုံးနိမ့်မည်မဟုတ်” ဟူသော ဆိုရိုးရှိသည့်အတိုင်းပင် ဖြစ်သည်။
ဤဆိုရိုးက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကျင့်ကြံသူအများစု၏ လက်သုံးစကား ဖြစ်သည်။
သို့ဖြစ်ရာ ချန်ချန်းဟွာ၏အပြုအမူက အတော်လေး ပုံမှန်မဟုတ် ဖြစ်နေပေ၏။
အထူးသဖြင့် သူ၏တန်ခိုးစွမ်းအားက ပိုးသားဧကရာဇ်ကိုပင် ကောင်းစွာ ရင်ဆိုင်နိုင်စွမ်းရှိသည် မဟုတ်ပါလား။
ပိုးသားဧကရာဇ်က အထက်ဘုံကမ္ဘာတွင်မရှိသည်ကို ထည့်ပြောစရာမလိုပေ။ သူ အထက်ဘုံကမ္ဘာတွင် ရှိသည်ဆိုလျှင်လည်း နောက်ထပ်တိုက်ပွဲတစ်ခု ဖြစ်လာမည်သာပင်။
မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့သော နောက်ဆုံးအခြေအနေကြီးကတော့ လူတိုင်းကိုဆွံ့အသွားစေသည်။
လူတိုင်း၏မျက်လုံးထဲတွင် ချန်ချန်းဟွာက အမှန်တကယ်ပင် ပြင်းပြင်းထန်ထန် စတင်ခဲ့သော်လည်း အဆုံးသတ်မှာတော့ အဖျားရှူးသွားခဲ့သည်။
လွှမ်းခြုံဧကရာဇ်နှင့်တိုက်ပွဲတွင် သူ၏အဆင့်အတန်းက သရဖူမရှိသည့် ဧကရာဇ်ပမာ မြင့်မားလာခဲ့ပြီး သူ၏ကျော်ကြားမှုကလည်း ပြိုင်ဘက်ကင်း ဖြစ်သည်။
သို့သော် ယခုမှ လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်လာသည့် နျဲ့ကျင်းရှန်၏ လက်ရည်တူ ဖိနှိပ်ခြင်းကိုခံခဲ့ရပြီး ရုတ်တရက်ပင် နျဲ့ကျင်းရှန်၏ ကျော်ကြားမှုက အားကောင်းလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ချန်ချန်းဟွာက အလွန်မောက်မာပြီး အစောဆုံး နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။ သူလိုလူမျိုးက ကြာပန်းနီကမ်းပါးသို့ တောင်းပန်ရန်သွားရောက်ခဲ့ပြီး ဓားဖြင့်ထိုးနှက်ခံရသည့် အပြစ်ဒဏ်ကိုပင်ခံယူခဲ့ခြင်းက အတော်လေး အရှက်ကွဲသည့်ကိစ်စပင်။
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ပါးချကြပြီးမှ ချက်ချင်းကြီး ဒူးထောက်တောင်းပန်ကာ ကိုယ့်ပါးကိုယ် ပြန်ရိုက်သကဲ့သို့ ရှိသည်။
လျိုကျန်းကူက မယုံကြည်နိုင်စွာဖြင့် ခေါင်းခါယမ်းရင်း...
“ချန်ခွန်းဟွာပြောတာတော့ အထက်ရပ် ‘ချန်’ က ငရဲကိုးထပ်မှာ ပိုးသားဧကရာဇ်နဲ့ ပြဿနာဖြစ်ခဲ့တဲ့အတွက် အရမ်းဒေါသထွက်ပြီး ပိုးသားဧကရာဇ်ရဲ့ တပည့်တွေရှိတဲ့ ကြာပန်းနီကမ်းပါးကို တိုက်ခိုက်တာလို့ ပြောတယ် ၊ နောက်ပိုင်းကျတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ နောင်တရပြီး စိတ်ရင်းနဲ့ ပြန်တောင်းပန်တာတဲ့”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ငါသိသလောက်တော့ အထက်ရပ် ‘ချန်’ က အဲဒီလောက် ရိုးရှင်းပြီး လူကြီးလူကောင်းဆန်တဲ့သူလည်း မဟုတ်ပါဘူး”
သူက ရန်ကျောက်ကဲထံ စုံစမ်းလိုက်သည်။
“မင်း ငရဲကိုးထပ်ကို ပိုးသားဧကရာဇ်နဲ့အတူဝင်သွားတာ မဟုတ်လား ၊ သူတို့ဘာပြဿနာဖြစ်ခဲ့ကြတာလဲ သိလား”
ဤသည်က အလွန်မှ မယုံကြည်နိုင်စရာဖြစ်လေရာ ချန်ချန်းဟွာကို မှားယွင်းစွာ အပြစ်တင်စွပ်စွဲသူများလည်း ရှိကြသည်။ သူက တကယ်ပဲ ဖြောင့်မတ်မှန်ကန်ပြီး နှိမ့်ချသောသူတစ်ယောက် ဖြစ်နိုင်ပါမည်လား။
ရန်ကျောက်ကဲက...
“အထက်ရပ် ‘ချန်’ က ငရဲကိုးထပ်မှာကတည်းက ပြဿနာလိုက်ရှာနေတာ ၊ ကြာပန်းနီကမ်းပါးကိုသွားတာလည်း သူက ဒေါသပုံချဖို့အတွက် မဟုတ်ဘူး”
သူက မျက်နှာကိုမဲ့ရွဲ့လိုက်ရင်း...
“အခု ဖြစ်သွားတဲ့ကိစ္စက ‘ချန်’ ဒုတိယသခင်လေးရဲ့ ကိုယ်ပိုင်အကြံအစည်ပဲ ဖြစ်ရမယ်... ဒါပေမဲ့...”
သို့ပေသိ ‘ချန်’ ဒုတိယသခင်လေးအကြံအစည်ကို ‘ချန်’ ပထမသခင်လေးက ဘာမှမပြောဘူးလား။
ဟုတ်ပေ၏။
ချန်ချန်းဟွာလိုလူမျိုးက လုပ်ချင်ရာလုပ်ပြီး သွားပြန်တောင်းပန်ရမည်ဆိုလျှင်လည်း စိတ်ထဲထားမည့်သူမျိုး မဟုတ်ပေ။
ရန်ကျောက်ကဲ အတွေးလွန်နေရာမှ ပြန်သတိဝင်လာသည်။ သူက ‘ချန်ချန်းဟွာ’ နှင့် အများကြီးပတ်သက်ခဲ့ဖူးပြီဖြစ်ရာ အကြောင်းသိနေပေပြီ။
သူနှင့်ရင်ဆိုင်ရသူက ရန်ကျောက်ကဲဖြစ်နေလျှင် ချန်ချန်းဟွာက ဘယ်တော့မှ ခေါင်းငုံ့မည်မဟုတ်သည်မှာ သေချာသည်။ သို့သော် ကြာပန်းနီကမ်းပါးနှင့် ပိုးသားဧကရာဇ်ကိုလည်း ချန်ချန်းဟွာက စိတ်ထဲထားမည့်သူ မဟုတ်ပေ။
လက်ရှီအဖြစ်အပျက်များက ချန်ချန်းဟွာ အရေးစိုက်သည့်ကိစ္စများ မဟုတ်ပေ။ ထို့ကြောင့် သူက အရှက်မရှိ မျက်နှာပြောင်တိုက်ရလျှင်လည်း ပြဿနာ မရှိပေ။
အခြားသူများအတွက် သေရေး ရှင်ရေး အရေးကြီးသောအချက်များက ချန်ချန်းဟွာအတွက်တော့ ညစာစားပွဲတွင် ခေါက်ဆွဲထိုင်စားရသကဲ့သို့ ဖြစ်သည်။
သူ့လိုလူမျိုးက ဓားဖြင့်အထိုးခံရလျှင်လည်း စိတ်ထဲထားမည့်သူမျိုးမဟုတ်ပေ။
သူ့အတွက် ဓားနှင့်အထိုးခံရသည်က တောင်ပိုင်းထိပ်တန်းအရှင်သခင်အဖြစ် ရာထူးလျှော့ချချင်သည့် အစီအစဉ် ပျက်ဆီးသွားခြင်းလောက် စိတ်မကောင်းဖြစ်စရာ မရှိပေ။
ဟုတ်ပေ၏။
လောလောဆယ်တွင် ချန်ချန်းဟွာ စိတ်မကောင်းအဖြစ်ဆုံးနှင့် မကျေနပ်ဆုံးဖြစ်ရသည့်ကိစ္စမှာ တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူးကို မရယူနိုင်ခြင်း ဖြစ်ပေသည်။
ဤသည်က အတော်လေးရယ်စရာကောင်းသည်ဆိုသော်လည်း ‘ချန်’ ပထမသခင်လေးအတွက်တော့ လုံးဝ ပုံမှန် ဖြစ်သည်။
ခဏမျှတွေးတောနေပြီးနောက် ရန်ကျောက်ကဲမျက်ဝန်းများ စူးရှသွားပြီး နောက်ထပ်ပြဿနာတစ်ခုကို စဉ်းစားလိုက်မိသည်။
“အကြီးအကဲ’လျို’ ... အခု ‘ချန်’ ညီအစ်ကို ဘယ်ရောက်နေလဲ သိလား ၊ သူတို့ ချန်းဟွာတောင်ထွတ်ကို ပြန်သွားကြတာလား”
အခွင့်အရေးရမည်ဆိုလျှင် ချန်ချန်းဟွာလို ခွေးနာတစ်ကောင်ကို ရိုက်နှက်ပစ်ရန်အတွက် သူက ရှက်ကြောက်နေမည် မဟုတ်ပေ။