အလားအလာ
Vol. 72 Ch. 955
ကြီးကြပ်ရေးမှူးက အကြည့်များစွာရှိနေသည့် အခန်းအတွင်း လျှောက်လှမ်းလာသည်။ သူက နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်ထံ ရိုရိုကျိုးကျိုး ဦးညွှတ်လိုက်ပြီး သင့်တော်သည့် လောကဝတ်တို့ကို ပြသလိုက်သည်။ သူ့အပြုအမူက အခန်းအတွင်းရှိ အားလုံးနီးပါးဆီမှ အပြုံးကို ရယူနိုင်ခဲ့၏။
ကြီးကြပ်ရေးမှူးက ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း တည်ငြိမ်နေလျက် ရှိသည်။ သူက ဤကမ္ဘာ၏ သမိုင်းကြောင်းကြောင့် သူတို့သည် လေးစားမှုနှင့် ဂုဏ်သိက္ခာများကို တခြားသူများထက် ပို၍ အလေးထားကြောင်း သိထားခဲ့၏။ ထို့ကြောင့် သူ့အပြုအမူက အခြေအနေကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဖို့ လုပ်နိုင်လျှင် အဘယ်ကြောင့် မလုပ်ဆောင်ရမည်နည်း။
“ရောင်းရင်း သံတမန်ကို ကြိုဆိုပါတယ်” နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်က ပြောလိုက်သည်။
“အရှင်ဝမ်ဝေ့က ကျွန်မတို့အတွက် လုပ်ပေးခဲ့တဲ့ အရာတွေကြောင့် တကယ်ကို လေးစားရတဲ့ ကျေးဇူးရှင်တစ်ယောက်ပါ။ ရှင်က သူ့ကိုယ်စား ရောက်နေတာဆိုတော့ လေးစားသမှုနဲ့ ဆက်ဆံပါ့မယ်”
“အရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်” ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။
“အဆင်ပြေဖို့ အဓိကပါပဲ” သူမက ခေါင်းညိတ်လိုက်၏။
“အခု လိုရင်းကိစ္စကို ပြောရအောင်။ ရောက်လာတဲ့ အကြောင်းအရင်းကို ပြောပြလို့ရမလား။ ကျွန်မတို့ရဲ့ ကျေးဇူးရှင်က ပြဿနာတစ်ခုခုတွေ့ပြီးတော့ ကျွန်မတို့ အကူအညီကို လိုအပ်နေလို့လား။ ဒီလိုဆိုရင် ကျွန်မတို့ဆီ ပြောဖို့ တုံ့ဆိုင်းမနေပါနဲ့။ ကျွန်မတို့လူသားတွေက ရက်ရောမှုနဲ့ သမာသမတ်ကျမှုအပေါ် အမြဲတမ်း ဂုဏ်ယူကြတယ်။ တစ်ခုခု လိုအပ်တာရှိရင် စိတ်ကြိုက်ပြောလိုက်ပါ”
“အရှင့်ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကြိုတင်အကြောင်းမကြားဘဲ ရောက်လာတဲ့ အကြောင်းအရင်းတော့ မဟုတ်သေးပါဘူး” ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။
“ကျုပ်ရဲ့ ဂိုဏ်းချုပ်က အရှင်တို့နဲ့ တွေ့ချင်လို့ပါ”
ယမန်နေ့ညက ကြီးကြပ်ရေးမှူးသည် ဤကမ္ဘာရှိ ဝမ်ဝေ့၏ ဂုဏ်သတင်းနှင့် ကျော်ကြားမှုကို သဘောပေါက်သွားသည့်အတွက် ထိုသူ ပေါ်ထွက်လာသည်က ညှိနှိုင်းဖို့ရာအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
“ကျွန်မတို့ ကျေးဇူးရှင်က ဒီရောက်လာမှာလား။ ဘယ်တော့လဲ”
“အခုဆိုရင် အဆင်ပြေပါတယ်”
နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ သူမက အံ့ဖွယ်အသိစိတ်ဖြင့် တစ်ကမ္ဘာလုံးနှင့် ကမ္ဘာ့အပြင်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှမခံစားမိပေ။ ထို့နောက် သူမက အကြံပေးအမတ်ခယ်ကို တိတ်တဆိတ် ဆက်သွယ်လိုက်၏။
“ဒီလိုဆိုရင် သူ့ကို ဧည့်ခံရအောင် ပြင်ဆင်ဖို့ အချိန်ပေးပါဦး”
နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်က လက်ဝှေ့လိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင်တွင် ဒုတိယမြောက် ပလ္လင်ကို ဖန်တီးလိုက်သည်။ အမတ်တချို့က ထိုအပြုအမူကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောကြပေ။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အရာအားလုံးက အဆင်သင့်ဖြစ်သွား၏။
“ကျွန်မတို့ အဆင်သင့်ဖြစ်ပါပြီ”
ကြီးကြပ်ရေးမှူးက ခေါင်းညိတ်ကာ ရေရွတ်လိုက်၏။
“ဂိုဏ်းချုပ် ထွက်လာလို့ရပြီ”
သူ့စကားအဆုံးတွင် တစ်စုံတစ်ယောက်က အခန်းအတွင်း မတ်တပ်ရပ်လျက်ရှိနေသည်။ သူ ဘယ်လိုပေါ်ထွက်လာလဲ မည်သူကမှ မသိကြပေ။ သူက ဤနေရာတွင် ရှိနေသည်မှာ ကြာမြင့်နေသကဲ့သို့ ဖြစ်၏။ အမတ်အားလုံးက အသက်အောင့်ထားလိုက်ပြီး သူတို့၏ ဖြစ်တည်မှုတိုင်းက ထိုသူ့နာမည်ပြောသည့်အခါပင် လေးစားသမှုကို ပြရမည့် ကြောက်မက်ဖွယ် သက်ရှိတစ်ယောက်ဖြစ်ကြောင်း သတိပေးနေသည်။
ဝမ်ဝေ့က အားလုံး၏ အာရုံကို ဖမ်းစားလိုက်နိုင်၏။ သို့သော် သူ့အကြည့်က အခန်းအတွင်းရှိ လူများစွာပေါ်တွင် မရှိဘဲ တာအိုဆရာအမြဲစိမ်းနှလုံးသားကိုသာ ကြည့်လိုက်သည်။
“တာအိုရောင်းရင်း မတွေ့ရတာ ကြာပြီနော်”
“သခင် အဲလေ အရှင် ဟုတ်ပါရဲ့”
“တခြားသူတွေရော ဘယ်လိုလဲ”
“ကျုပ် … ကျုပ် တစ်ယောက်တည်းကျန်တော့တာပါ”
“စိတ်မကောင်းလိုက်တာ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်ကို ကြည့်လိုက်၏။
“ကံကောင်းတာက ငါ ကြိုးစားခဲ့ရတာတွေက အလကားတော့ ဖြစ်မသွားဘူးပဲ”
“ကျေးဇူးရှင် တွေ့ရတာ ဝမ်းသာပါတယ်” လူသားဧကရာဇ်က သူမ၏ စိတ်ထဲမှ တုန်လှုပ်မှုနှင့် အကြောက်တရားကို ဖိနှိပ်ထားရင်း နှုတ်ဆက်လိုက်သည်။
“အတူတူပါပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“မင်းကို ဘယ်လိုခေါ်ရမလဲ”
“ကျွန်မရဲ့ ဂုဏ်ပုဒ်က နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်ပါ။ ဒါပေမဲ့ ကျွန်မနာမည် ဟုန်ဝါလို့ ခေါ်လို့ရပါတယ်”
“ဟုန်လား။ နာမည်လှလှလေးပဲ”
“ကျေးဇူးပါ” ဟုန်ဝါက ဝမ်ဝေ့ကို သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ ထိုသူက ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသည့် ခံစားချက်မျိုးကို ပေးစွမ်း၏။
မဟုတ်သေးဘူး။ သူက ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်တာ မဟုတ်ပဲနဲ့ ပတ်ဝန်းကျင်က သူနဲ့ သင့်တော်အောင် ပြောင်းလဲသွားတာပဲ…
ဟုန်ဝါက သုံးသပ်လိုက်သည်။ သူမက ဝမ်ဝေ့ကို လေ့လာကာ အကဲခတ်နေစဉ် ထိုသူကလည်း တူညီစွာ လုပ်ဆောင်နေသည်။
ထာဝရဧကရာဇ်၊ ဒါပေမဲ့ ဧကရာဇ်ခုံနဲ့ နည်းနည်းတော့ ဆင်တယ်။ သူမက ကောင်းကင်တာအိုဆီကနေ အားဖြည့်မှုကို လက်ခံရရှိခဲ့ပြီးတော့ လူသားကြမ္မာနဲ့ ဒုက္ခတွေရဲ့ သဏ္ဌာန်ပြမှုတစ်ခုပဲ…
သူ့အကြည့်က စကြဝဠာ၏ အမှန်တရားအားလုံး ပါဝင်နေသည့်အတွက် ဟုန်ဝါက သူမ၏ လျှို့ဝှက်ချက်အားလုံး ထိုးဖောက်မြင်ခံရသလိုမျိုး ခံစားလိုက်ရသည်။
ကျင့်ကြံရေးလောကက ရှေးရိုးဆန်တယ်။ သူမအနေနဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပြီး လူသားမျိုးနွယ်ကို ဦးဆောင်ဖို့က လွယ်ကူမှာတော့ မဟုတ်ဘူး။ သူမရဲ့ ဂုဏ်ပုဒ်က အားလုံးကို ညွှန်ပြနေတာပဲ …
ဝမ်ဝေ့က သူမအနားမှ လက်နက်နှစ်ခုကို ကြည့်လိုက်သည်။
သူမရဲ့ တစ်ဆတိုက်ခိုက်ရေးနယ်ပယ်အဆင့် စွမ်းအားက ဒီလက်နက်နှစ်ခုကြောင့် ဖြစ်နိုင်တယ်။ နတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်တဲ့အခါ သူမက နှစ်ဆတိုက်ခိုက်ရေးအဆင့် ရှိထားတဲ့သူကို ရင်ဆိုင်ဖို့ရာ ပြဿနာမရှိလောက်ဘူး…
နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်က မည်မျှပင် အားနည်းစေကာမူ ဝမ်ဝေ့က သူမ၏ အခြေအနေကို နားလည်ထားသည့်အတွက် အကဲဖြတ်မည် မဟုတ်ပေ။ ယခင် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာက အားကောင်းသည့် ထာဝရဧကရာဇ်များကို ပြုစုပျိုးထောင်မည့် အနေအထား မရှိခဲ့ပေ။ သူမက ထာဝရဧကရာဇ် ဖြစ်နေသည်ကိုက ဆန်းကြယ်လှပြီ ဖြစ်၏။ ပြောရလျှင် ကောင်းကင်တာအိုက ကမ္ဘာကို ပြောင်းလဲပြီး နတ်ဆိုးမျိုးနွယ် အုပ်စိုးစဉ်အခါက အချိန်လို ပြန်မဖြစ်အောင် လုပ်ဆောင်ခဲ့သည့် နောက်ဆုံးအားစိုက်မှု ဖြစ်ဟန်ပေါ်သည်။
ပြီးတော့ သူမက အလားအလာ ရှိတယ်…
သူက သုံးသပ်လိုက်၏။ ဟုန်ဝါက လူသားဧကရာဇ်၏ ကံရာထူးကို ကိုင်စွဲထားသည်။
လူသားမျိုးနွယ်ကို ကမ္ဘာ၏ ဇာတ်လိုက်ဖြစ်အောင် လုပ်ပြီးသည့်နောက်တွင် ထိုရာထူးကို ရယူပြီး ကမ္ဘာ၏ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝစည်ပင်မှုကို လုပ်ဆောင်ဖို့ ပြီးပြည့်စုံသည့် အချိန်အခါတစ်ခု ဖြစ်၏။ သူမ၏ အခြေအနေက အသင်္ချေအင်ပါယာကမ္ဘာမှ လူသားဧကရာဇ်နှင့် ဆင်တူလေသည်။ သူမက ထိုအခြေအနေကို ဖန်တီးကာ ထိုရာထူးကို ရယူခဲ့ခြင်း မဟုတ်ဘဲ အချိန်မှန် နေရာမှန်တွင် မွေးဖွားလာရုံသာ ဖြစ်၏။
သူမက ကောင်းကင်ဧကရာဇ်ရဲ့ ရာထူးကိုလည်း ရယူနိုင်ရင် သူမရဲ့ အလားအလာက ဒီကံရာထူးနှစ်ခုနဲ့ဆိုရင် မြင့်တက်သွားမှာပဲ။ သူမက ချင်ဧကရာဇ်ရဲ့ ပြိုင်ဘက်ဖြစ်လာမလား..
ဝမ်ဝေ့က တိတ်တဆိတ် ပြုံးလိုက်သည်။ ထိုအရာက မဖြစ်နိုင်ကြောင်း သိထား၏။ လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်ဧကရာဇ်ကံရာထူးသုံးခုက မျိုးနွယ်စုတစ်ခုထဲတွင် မပိုင်ဆိုင်ဘဲ လူတစ်ယောက်ကသာ ဆုပ်ကိုင်ထားနိုင်သည်။
ချင်ဧကရာဇ်က လူသားဧကရာဇ်ရာထူးအတွက် တရားဝင် ပိုင်ရှင်ဖြစ်ပြီး ဟုန်ဝါ၏ ရာထူးကမူ ဒိုင်မေးရှင်းအနိမ့်တွင် အခွဲမျှသာ ဖြစ်ပြီး ပင်မတစ်ခု မဟုတ်ပေ။ ထိုအရာက ဝမ်ဝေ့၏ ကောင်းကင်ဧကရာဇ် ရာထူးအတွက်လည်း အတူတူသာ ဖြစ်ပြီး သူသာ ထိုအရာကို ဒိုင်မေးရှင်းအမြင့်တွင် ရယူပြီး အစစ်အမှန်ကောင်းကင်တာအိုဆီမှ အသိအမှတ်ပြုမခံရသရွေ့ဖြစ်သည်။
“အရှင့်ကို တွေ့ရတဲ့အတွက် ဘယ်လောက်ဂုဏ်ယူရတယ်ဆိုတာကို ထပ်ပြီးတော့ ပြောချင်ပါတယ်” ဟုန်ဝါက သူမ၏ ဧည့်သည် ထိုင်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“မင်းရဲ့ ချီးကျူးမှုကို လက်ခံတယ်။ ဒါပေမဲ့ အဲ့လောက်ကြီး ဖျာလိုလိပ် ဦးထိပ်တင်ထားဖို့ မလိုဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“အရင်တုန်းက ငရဲကျားမျိုးနွယ်ရဲ့ သခင်လေးက ငါ့ကို ရန်စခဲ့လို့ သူ့ကို သုတ်သင်ဖို့ ရောက်လာခဲ့တာ။ ငါ့ရဲ့ အပြုအမူက လူသားမျိုးနွယ်ရဲ့ ကပ်ဘေးကို ဖယ်ရှားနိုင်ခဲ့တယ်ဆိုပေမဲ့ ငါ့ရဲ့ အဓိကရည်ရွယ်ချက်က လက်စားချေဖို့နဲ့ အလားအလာရှိတဲ အန္တရာယ်ကို ရှင်းထုတ်ပစ်ဖို့ပဲ”
ဟုန်ဝါက ခေါင်းညိတ်လိုက်၏။ သူမ၏ ဆရာက အမှန်အတိုင်း ပြောပြဖူးသည့်အတွက် အံ့အားသင့်ခြင်း မရှိပေ။
“အရှင့်ရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကို ဆိုးရွားတဲ့ ကံကြမ္မာကနေ ကယ်တင်ခဲ့တယ်ဆိုတဲ့အချက်က မပြောင်းလဲသွားပါဘူး”
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ကြည့်ကာ ကျေးဇူးတင်မှုကို လက်ခံလိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့ ရောက်လာတာက အဆုံးမဲ့လေဟာနယ်ထဲမှာ ဖြစ်ပျက်တော့မဲ့ အပြောင်းအလဲတွေကြောင့်ပဲ။ ဖရိုဖရဲအခြေအနေတွေ မစခင် ယုံကြည်ရတဲ့ မဟာမိတ်တွေကို စုဆောင်းချင်တယ်။”
ဝမ်ဝေ့က ကောင်းကင်ဧကရာဇ် ဖန်ဆင်းမှုနှင့် ဖြန့်ဝေမှုအပါအဝင် သူတို့၏ မဟာမိတ် လိုအပ်ပုံကြောင်း အခြေအနေတစ်ခုလုံးကို ရှင်းပြခဲ့သည်။
ဟုန်ဝါက ထိုအရာကို ကြားပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာမိ၏။
သူမ၏ အလိုလိုသိစိတ်က ကောင်းကင်ဧကရာဇ် ရာထူးသည် သူမအတွက် အလွန်တရာ အရေးကြီးကြောင်း သတိပေးနေသည်။
သူမက ထိုမဟာမိတ် တောင်းဆိုချက်ကို ချက်ချင်း သဘောတူလုနီးပါး ဖြစ်သွားလေ၏။ ကံကောင်းစွာဖြင့် အကြံပေးအမတ်ခယ်က အချိန်မီ ဝင်ဟန့်နိုင်ခဲ့သည်။
“တကယ်လို့ ပြောစရာရှိရင် လွတ်လွတ်လပ်လပ် ပြောပါ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မတို့ဆီမှာ မေးခွန်းတချို့ ရှိပါတယ်။ ဘယ်လိုပြောရမလဲ မသိဘူး” ဟုန်ဝါက အနည်းငယ် နေရခက်နေမိသည်။ ပုံမှန်အားဖြင့် သူမက သတ္တိကောင်းသူတစ်ဦး ဖြစ်သော်လည်း ယခင် စိတ်လှုပ်ရှားမှုနှင့် ဝမ်ဝေ့၏ စွမ်းအားတို့က သူမ၏ စိတ်ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည်။
“တကယ်လို့ မင်းတို့ရဲ့ ခုံရုံးကို ငါ လွှမ်းမိုးမှာ စိတ်ပူနေတာဆိုရင် မစိုးရိမ်နဲ့။ ဒီရာထူးတွေအကုန်လုံးကို မင်းတို့ ဆုံးဖြတ်ရမှာ။ ဒါပေမဲ့ ငါ့ရဲ့ သံတမန်အတွက်တော့ ရာထူးသေးတစ်ခုကို တောင်းရမယ်။ မင်းတို့အတွက်လည်း အတူတူ လုပ်ပေးမှာပါ”
“အဲ့လိုဆိုကောင်းပါပြီ” သူမက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
“နောက်တစ်ခုက ကျွန်မတို့ကမ္ဘာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ပါ”
သူမအနေဖြင့် ခုံရုံး တည်ထောင်ပြီးသည့်နောက်တွင် ကမ္ဘာကြီးက ပိုမိုအဖိုးတန်လာမည်မှန်း သိထား၏။ လူအားလုံးက ထာဝရဦးသျှောင်၊ ဆန့်ကျင်ကျင့်ကြံသူ၊ ထာဝရအရှင်၊ တာအိုဘိုးဘေးများ မရှိသည့် ကမ္ဘာတစ်ခုကို အနည်းနှင့်အများ လိုချင်ကြလိမ့်မည်။
“မင်းရဲ့ အခြေအနေကို သိတယ်။ ငါ ကူညီပေးမယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့ ဒီမဟာမိတ်မှာ မင်းရဲ့ တန်ဖိုးကို ပြသဖို့ လိုတယ်ဆိုတာကိုတော့ နားလည်ထားသင့်တယ်”
“ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ လူသားမျိုးနွယ်က အမြဲတမ်း ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကိုယ်ပိုင်မှီခိုမှုကို အားကိုးခဲ့ကြတာပါ။ အခွင့်အရေးပဲ လိုတာပါ” ဟုန်ဝါက အလျင်အမြန် ပြောလိုက်သည်။
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုရင် ဒါက ငါ လုပ်မဲ့အရာပဲ။ ငါက ဒီကမ္ဘာကို စည်းပိတ်ပေးပြီးတော့ အပြင်လူတွေ မဝင်နိုင်အောင် တားဆီးပေးမယ်။ ပြီးတော့ တစ်ကမ္ဘာလုံးဝန်းကျင်မှာ အချိန်မြှင့်တင်ရေး အစီအရင်တစ်ခုကို ထားရှိပြီးတော့ မင်းတို့ ပိုအားကောင်းလာပြီး ကမ္ဘာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အချိန်ဆွဲပေးထားနိုင်လိမ့်မယ်။ ဒီစည်းတံဆိပ်က ကြာရှည်ခံမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဖယ်ရှားလိုက်တဲ့အချိန်ကျရင် မင်းတို့တွေက မဟာမိတ်ရဲ့ ထိုက်တန်တဲ့ ပါတနာတွေဖြစ်ဖို့ မျှော်လင့်တယ်”
ဟုန်ဝါက အံ့အားသင့်နေပြီး သူမ တွေးနေသည့်အရာက သူ လုပ်နိုင်သည်လားဟူ၍သာ ဖြစ်၏။
“ဝင်ပြောတဲ့အတွက် ခွင့်ပြုပါ” အကြံပေးအမတ်ခယ်က ရှေ့တိုးကာ ပြောလိုက်သည်။
“ကျုပ်က ရိုင်းပြဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒီစည်းတံဆိပ်ကနေ ဘယ်လောက် အာမခံချက် ရှိမှာပါလဲ။”
“ဘယ်သူမှ မဝင်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီဒိုင်မေးရှင်းအနိမ့်မှာ ဒီဟာကို ချိုးဖောက်ဝင်ရောက်နိုင်တဲ့ လူအရေအတွက်က လက်တစ်ဖက်စာပဲ ရှိလိမ့်မယ်”
အကြံပေးအမတ်ခယ်က ထိုသူကို လူလိမ်တစ်ဦးဟုပင် ပြောချင်မိသွားသည်။ သို့သော်လည်း သူ့အလိုလိုသိစိတ်နှင့် ဝမ်ဝေ့ဆီမှ ခံစားရသည့် အရှိန်အဝါတို့က ထိုအရာသည် အမှန်တရားဖြစ်ကြောင်း ပြောပြနေလေ၏။
“ဒါက သတင်းကောင်းပဲ။ အဲဒါဆိုရင် သက်တမ်း မကုန်ခင် ကျုပ်တို့က စည်းတံဆိပ်ကနေ ထွက်သွားလို့ရမှာလား”
“အင်း မင်းတို့တွေ အပြင်ဘက်မှာဆိုရင်တော့ ကာကွယ်ပေးခံရမှာ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ အကြံပေးအမတ်ခယ်က ထိုရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ အလွှာနိမ့်က အချိန်တိုအတွင်း ဒုက္ခတွေ့နိုင်သော်လည်း လူသားဧကရာဇ်က သူမ၏ စွမ်းအားကို တိုးမြှင့်နိုင်သည်နှင့် ပြဿနာ ဖြစ်တော့မည် မဟုတ်ပေ။
“အရင်းအမြစ်ချီ နေရာလွတ်ကို ဝင်ရောက်တာနဲ့ ပတ်သက်ပြီး ပြဿနာ ရှိမလား” သူက နောက်ထပ် အတည်ပြုလိုက်သည်။
“ပြဿနာ မရှိဘူး”
“အဲဒါဆို ကျုပ် သိချင်တာ ဒီလောက်ပါပဲ” သူက ရိုရိုကျိုးကျိုးဦးညွတ်ကာ အမတ်များကြား နောက်ပြန်ဆုတ်သွားသည်။
ဉာဏ်ပညာတာအိုလား။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ တာအိုတစ်ခုပဲ…
ဝမ်ဝေ့က ထိုအကြံပေးအမတ်ကို ကြည့်ကာ တွေးလိုက်သည်။
သူက ဟုန်ဝါကို ကြည့်ကာ ပြောလိုက်သည်။
“ကမ္ဘာကြီးက ဖရိုဖရဲအခြေအနေနဲ့ စည်ပင်ကြွယ်ဝမဲ့ အနေအထားကို ရောက်တော့မှာဆိုတော့ မင်းတို့ကမ္ဘာက အားနည်းနေတယ်။ အဲဒါက ဆိုးကျိုးတစ်ခုဖြစ်သလို အခွင့်အရေးတစ်ခုလည်း ဟုတ်တယ်” ဝမ်ဝေ့က ကြေညာလိုက်သည်။ အကယ်၍ ကမ္ဘာက အားမနည်းပါက ဟုန်ဝါ၏ အင်အားဖြင့် ကောင်းကင်ခုံရုံးကို တည်ထောင်ဖို့ရာ မလွယ်လှပေ။
“ကျွန်မ နားလည်ပါပြီ” သူမက ပြောလိုက်သည်။ ဝမ်ဝေ့က သူမနှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ နောက်ထပ်တစ်ခုက မဟာမိတ်နှင့် အသေးစိတ်အချက်အလက်ကို စာချုပ်ချုပ်ဆိုဖို့သာ ဖြစ်၏။ ထိုအရာအားလုံး ပြီးမြောက်သွားသည်နှင့် ချန်ရစ်ထားခဲ့သည့် ဝမ်ဝေ့၏ စွမ်းအားက စည်းတံဆိပ်နှင့် အစီအရင်ကို အသက်ဝင်လာစေလိမ့်မည်။