← Chapters

ရွေးချယ်မှုက ဘာလဲ

Vol. 72 Ch. 996

ရွေးချယ်မှုက ဘာလဲ

Vol. 72 Ch. 996

ဝမ်ဝေ့က ကောင်းကင်ခုံရုံးအတွင်း မျက်လုံးပြန်ဖွင့်လာသည်။

“မဟာမိတ်ရဲ့ ပထမခြေလှမ်းကိုတော့ အစပြုပြီးသွားပြီ။ နောက်တစ်ခုက ရှစ်ချီအန်းနဲ့ ရှီရှန်းယန်လိုလူမျိုးတွေက ကောင်းမွန်တဲ့ မဟာမိတ်တွေ ဖြစ်လာနိုင်တယ်” သူက သူ့ဘာသာသူ ရေရွတ်လိုက်ပြီးသည့်နောက်တွင် လက်ဝှေ့လိုက်ပြီး ပိတ်ကားချပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။

ထိုပိတ်ကားချပ်က စက္ကန့်ပိုင်းကြာ မှောင်မဲနေပြီးနောက်တွင် လူငယ်လေးတစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာသည်။

“ အပေးအယူအကြောင်း မေ့နေပြီလို့ထင်နေတာ”

“ငါက စကားတည်တဲ့သူပါ။ ကူညီမယ်ပြောထားမှတော့ စကားကို ပြန်မရုတ်သိမ်းပါဘူး”

ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် လျန့်ရှစ်ရှန်းအား ကြည့်လိုက်သည်။

ထိုသူက ကုရွှမ်း၏ လှည့်ဖျားရေးစစ်ဆေးမှုအတွင်း တွေ့ဆုံစဉ်အခါကတည်းက များများစားစား ပြောင်းလဲသွားခြင်းရှိဟန် မပေါ်ပေ။ သို့သော်လည်း သူက ထိုသူ၏ ခန္ဓာကိုယ်အမူအရာနှင့် မျက်နှာအသွင်အပြင်အောက်တွင် ဖုံးကွယ်ထားသည့် စိုးရိမ်ပူပန်မှုများနှင့် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များကို မြင်တွေ့နိုင်လေ၏။

“လမ်းစဉ်အသစ်ကို ဖန်တီးပြီးသွားပြီလား” သူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဟင့်အင်း ပထမအဆင့်ပဲ အစပြုရသေးတယ်”

“ငါက ပြီးသွားပြီလို့ ထင်နေတာ”

“မဟုတ်ဘူး။ ကတိမဖောက်ဘူးဆိုတာကို လာပြီးတော့ ပြောပြချင်ရုံပဲ”

“ကောင်းပြီလေ။ ပြီးသွားတဲ့အခါ ဆက်သွယ်လိုက်”

ဝမ်ဝေ့က ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်သည်။

နတ်မျိုးနွယ်ကြားမှာ ပြဿနာရှိနေတာလား…

ထိုအကြောင်းကို ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် ထိုအခြေအနေက ရှောင်လွှဲ၍ မရကြောင်း သဘောပေါက်သွားခဲ့သည်။ ဖုန်းဟွမ်က ယုံကြည်မှုနှင့် နတ်မျိုးနွယ်ကို ပစ်မှတ်ထားသည့် အကြွင်းမဲစတင်ခြင်းမှော်စွမ်းအားကို ဖယ်ရှားပြီးသည့်နောက်တွင် သူတို့၏ နောက်တစ်ဆင့်က ကမ္ဘာဆီ ပြန်လည်ပေါ်ထွက်ရောက်ရှိလာဖို့ ဖြစ်၏။

သို့သော်လည်း သူတို့က အချိန်အတော်ကြာ သီးသန့်ပိုင်းခြားခံထားရ၍ မွေးရပ်မြေဟူ၍ မရှိတော့ပေ။ ကမ္ဘာ့အသိုက်အဝန်းများစွာတွင် ပြန့်ကျဲနေထိုင်ခြင်းက သူတို့၏ အာဏာကို လျှော့ကျသွားစေသည့်အတွက် ဝမ်ဝေ့အနေဖြင့် တချို့အကြီးအကဲများနှင့် အာဏာရှိသည့်သူများက ထိုအရာကို မဖြစ်စေလိုကြောင်း ခန့်မှန်းမိသည်။

တကယ်လို့ ငါ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် မျိုးဆက်ဟောင်းနဲ့ မျိုးဆက်အသစ်ကြားမှာ ပဋိပက္ခတွေ ရှိနေတဲ့ပုံပဲ။ ကိစ္စတွေက အခုပိုပြီးတော့ ဆိုးရွားသွားပြီ…

သူက ခေါင်းအသာယမ်းကာ ထိုမျိုးနွယ်၏ ပြဿနာများကို ဂရုမစိုက်တော့ပေ။ ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက် အဆောင်များစွာကို ကမ္ဘာ၏ နေရာအနှံ့နှံ့သို့ ဖြန့်ဝေလိုက်၏။

သူက အခန်းအတွင်းမှ ထွက်လာကာ ဗလာကျင်းနေသည့် ခုံရုံးကို ကြည့်လိုက်သည်။ သူက အထက်တွင် ရှိနေသည့် စကြဝဠာကိုပင် ကြည့်လိုက်၏။ သူက ကြယ်တာရာသားရဲကမ္ဘာကို သွားလည်ပြီးသည့်နောက်တွင် ကြယ်တာရာဝေဟင် စကြဝဠာကို ကောင်းကင်ခုံရုံးအတွက် တန်ဆာဆင်မှုအနေဖြင့် ဖန်တီးထားခဲ့သည့်အတွက် ယခင်ထက် ပိုမိုလှပနေသည်။ ထို့ကြောင့် ညဘက်တွင် ကြယ်များက အတော်လေး လှပနေ၏။

မကြာခင် သူက ခုံရုံးအတွင်းရှိ ရေကန်တစ်ခုဆီ ရောက်ရှိလာကာ ငါးမျှားလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လူ၆ယောက် ပေါ်ထွက်လာ၏။ လင်းဖန်၊ ကျန်းဝူရွှမ်း၊ ကျန်းပိယု၊ ကျင်းဝူဟွား၊ ယန်ကောဝေနှင့် ယင်ကန်းတို့ ဖြစ်သည်။ အားလုံးက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးသည့်နောက်တွင် ဆင့်ခေါ်ခံရသည့် လိုအပ်ချက်ကို ခန့်မှန်းမိလိုက်ကြ၏။

ဝမ်ဝေ့က ခေါင်းမော့ကြည့်ပြီး ထိုသူများကို ကြည့်လိုက်သည်။ အကြည့်တစ်ချက်အောက်တွင် သူတို့တွေ့ကြုံနေသည့် စိတ်ခံစားချက်မျိုးစုံကို ခံစားမိလိုက်၏။ အံ့အားသင့်မှု၊ လေးစားမှု၊ ကြောက်ရွံ့မှု၊ နောင်တနှင့် ရှက်ရွံ့မှုတို့ ဖြစ်သည်။

“အားလုံး မရောက်သေးဘူးဆိုတော့ ခဏစောင့်လိုက်ဦး”

ဝမ်ဝေ့ကအမိန့်ပေးပြီးသည့်နောက်တွင် ရေကန်အထက် အာကာပြင်မုခ်ဝတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ရှောင်စုန့်ရှီရဲ့ ခန္ဓာကိုယ်က ဘယ်မှာလဲ”

အောင်းရှန်က ပထမဦးစွာ အံ့အားသင့်သွားလေ၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ပြိုလဲလုနီးပါးဖြစ်နေသည့် ခန္ဓာကိုယ်တစ်ခုကို ထုတ်ယူလာသည်။

“ပိုင်ရှယ်မျိုးနွယ်က သူ့ကို ဘာမှမလုပ်ချင်ဘူးဆိုတော့ သူ့ကို ဒီအခြေအနေနဲ့ အသက်ရှင်အောင် ထိန်းထားခဲ့တာ”

ဝမ်ဝေ့က အောင်းရှန်၏ စကားများနှင့် ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေ။ ထိုသူ၏ စွမ်းအားအရ ရှောင်စုန့်ရှီကို ကုသပေးဖို့ရာ ပြဿနာ မဟုတ်ပေ။ သို့သော်လည်း သူ့အမိန့်က ထိုသူ့ကို အသက်ရှင်အောင်ထားဖို့သာ ဖြစ်သည့်အတွက် သူ့ကတိစကားကို တည်ခဲ့သည်ဟုသာ ဆိုရမည်။

ရှောင်စုန့်ရှီ၏ ခန္ဓာကိုယ်က အာကာပြင်မုခ်ဝမှ ထွက်ပေါ်လာလေသည်။ ဝမ်ဝေ့က သူ့ကို လက်ညှိုးထိုးလိုက်သည့်အခါ သေခြင်းရှင်ခြင်းတာအိုက စတင်အလုပ်ဖြစ်လာသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က ပျက်စီးနေသည့် သွေးမျိုးဆက် အရင်းအမြစ်အပါအဝင် အထွတ်အထိပ် အနေအထားသို့ ပြန်လည်ရောက်ရှိသွားလေ၏။

ရှောင်စုန့်ရှီက မှုန်မှိုင်းမှိုင်းဖြင့် ပတ်ဝန်းကျင်ကို သေချာမသိသေးပေ။ သို့သော်လည်း သူက နေသားတကျမဖြစ်ခင် ကမ္ဘာ့အပြောင်းအလဲများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များစွာက သူ့စိတ်ထဲ ဝင်ရောက်လာ၏။

ဝမ်ဝေ့က အားလုံး၏ ဘေးမှထွက်လာကာ သူ့အလုပ်ကို ဆက်လုပ်လိုက်သည်။ သူက လေထဲ လက်ညှိုးထိုးပြီးသည့်နောက်တွင် လူ ၈ယောက်၏ ပုံရိပ်ယောင်က ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် သတ်ဖြတ်ငွေ့ကို ခံစားမိ၍ အရင်းအမြစ်ကို လှမ်းကြည့်လိုက်သည်။ ထိုအရာက အံ့ဖွယ်ပလ္လင်အဆင့်ဖြင့် အားအနည်းဆုံးဖြစ်သည့် လင်းဖန် ဖြစ်ကာ စုယာအား ကမ္ဘာ လောင်မြိုက်တော့မည့် အကြည့်မျိုးဖြင့် ကြည့်နေလေ၏။

“ကျွန်မက ဘယ်ရောက်နေတာလဲ” စုယာက ဘေးပတ်လည်ကို ကြည့်ကာ မေးလိုက်၏။ သူမ၏ အနက်ရောင်ဆံပင်များက လေထဲတွင် မြောလွင့်နေ၏။

“မင်းက စည်းပိတ်ထားရက် ရှိသေးတယ်။ ဒါပေမဲ့ မင်းရဲ့ အသိစိတ်ကို ဆင့်ခေါ်လိုက်တာ”

သူမက သူ့ကိုကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ပေါ်သည်။

“အဲဒါဆိုတော့ ရှင်က နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်လာတာကိုး”

“ဟုတ်တယ်။ အဲဒီကတည်းက ကိစ္စတွေ အများကြီး ဖြစ်သွားတယ်လေ”

ဝမ်ဝေ့က လတ်တလော အဖြစ်အပျက်များအကြောင်းကို သူမ၏ စိတ်ထဲ ပို့ဆောင်ကာ ရှင်းပြလိုက်သည်။

“အဲ့လိုကိုး” သူမက ရေရွတ်လိုက်ပြီးသည့်နောက်တွင် သူမ၏ ဆံပင်များက လှပသည့် သက်တံအဖြစ် ပြောင်းလဲသွားလေသည်။ သူမက လင်းဖန်ကို ကြည့်လိုက်ပြီး အကြည့်များက မထူးမခြားနားဖြင့် တည်ငြိမ်နေလေသည်။ နောက်ဆုံးတွင် သူမက ဝမ်ဝေ့ကို ကြည့်ကာ စကားပြောဖို့ ဆက်စောင့်နေ၏။

“မင်းတို့အားလုံးကို ခေါ်လိုက်ရတာက အခွင့်အရေးတစ်ခုကို ပေးချင်လို့ပဲ။ ပြောရမယ်ဆိုရင်တော့ ရွေးချယ်မှုလို့ ပြောရမှာပေါ့”

သူက အားလုံး၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်ကို ခံစားမိလိုက်ကာ ရပ်တန့်လိုက်သည်။ တချို့သူများက သူ့အနေဖြင့် သူ့တို့ကို ဆင့်ခေါ်လိုက်ရသည့်အချက်က တာအိုအခွင့်အလမ်းဂိုဏ်းအတွက် နောင်အနာဂတ် ပြိုင်ဘက်များကို ဖယ်ရှားပစ်ဖို့ ဖြစ်ကြောင်း တွေးနေကြမှန်း ခန့်မှန်းမိလေ၏။

“မင်းတို့ကို ဒီမျိုးဆက်မှာ တာအိုကို သက်သေပြဖို့ အခွင့်အရေးပေးမယ်”

အားလုံးက တိတ်ဆိတ်သွားကာ ထိုအရာသည် ဟာသလား၊ တကယ်လား မသိတော့ပေ။ သဘောတရားအရ ကောင်းကင်ဧကရာဇ်လိုလူက ဤသို့ဟာသမျိုး လုပ်မည် မဟုတ်ပေ။ သို့သော်လည်း သူတို့က အမှန်ဟု မခံစားရပေ။

“အရှင် တကယ်ပဲလား” ကျန့်ဝူရွှမ်းက ပထမဦးစွာ တုံ့ပြန်လိုက်သည်။ သူက ဤမျိုးဆက်အတွင်း အခွင့်အရေး ရလာနိုင်ကြောင်း သူ့ဘိုးဘေး၏ ပြောစကားကို အမှတ်ရနေ၏။ နောက်ဆုံးတွင် သူက ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

“ဟုတ်တယ်”

“ဒါပေမဲ့ ရွေးချယ်မှုလို့ ပြောတယ်ဆိုတော့ ဘာကို ပြောချင်တာပါလဲ” လင်းဖန်က မေးလိုက်သည်။

“ကမ္ဘာကြီးမှာ အလကားရတဲ့ အရာဆိုပြီးတော့ မရှိဘူး။ မင်းတို့တွေ ဒီနည်းလမ်းကို အသုံးပြုချင်ရင် တန်ကြေးတစ်ခုတော့ ပေးရလိမ့်မယ်”

အားလုံးက သတိလက်လွတ်ဖြစ်ရာမှ ပြန်လည် သတိကြီးကြီး ဖြစ်လာကြသည်။ ဤစကားက သူ့ဆီမှ ထွက်လာသည့်အခါ နိမိတ်ဆိုးလို့ ခံစားနေရ၏။

“လူအိုကြီးတွေလို ပြုမူမနေဘဲနဲ့ တိုက်ရိုက်သာ ပြောလိုက်ပါတော့လား” စုယာက မျက်လုံးဝှေ့ကာ ပြောလိုက်သည်။

ဝမ်ဝေ့က ပြုံးလိုက်၏။ တစ်စုံတစ်ယောက်က သူ့အဆင့်အတန်းကို ဂရုမစိုက်ဘဲ ဤသို့ပြောရဲသည်မှာ ရှားပါးလှသည်။ သူမက သူ့အဆင့်အတန်းကို လက်ခံသေးဟန်မပေါ်ဘဲ သူမ၏ စိတ်က ငယ်ရွယ်ကာ အကျိုးအကြောင်း မဆင်ခြင်နိုင်သေးဟန် ဖြစ်နေသည်။

“ဒိုင်မေးရှင်းအမြင့်အကြောင်း သိထားလား”

မည်သူကမှ ဘာမှမပြောကြပေ။ သူတို့က သတင်းအချက်အလက်တချို့ကိုသာ သိထား၍ များစွာ သိသည်ဟု ပြောဆိုဖို့ရာ မလုံလောက်သေးပေ။

“မင်းတို့ထင်ထားတဲ့အတိုင်း ကျင့်ကြံရေးရဲ့ ကန့်သတ်ချက်က ဧကရာဇ်အဆင့် မဟုတ်ဘူး။ ဒါပေမဲ့ လူ ၉ယောက်က အရာအားလုံးကို ထိန်းချုပ်ထားပြီးတော့ တခြားသူတွေ မြင့်မားတဲ့အဆင့် မရောက်အောင် တားဆီးထားကြတယ်”

လူတချို့က ထိုအရာသည် သူတို့အတွက် သတင်းဆိုးဖြစ်ကြောင်း သိ၍ မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့၏ ကျင့်ကြံရေး ခရီးလမ်းတွင် သူတို့က ပိုမိုမြင့်မားသည့်အဆင့်ကို ရှာဖွေကာ ပိုမိုများပြားသည့် အောင်မြင်မှုမျိုးကို ရရှိလိုကြသည်။

“အခြေအနေက ရှုပ်ထွေးတယ်။ ဒါပေမဲ့ အဲဒီထဲက ၇ယောက်က အဓိက ရန်သူတွေဆိုတာကိုတော့ သိရမယ်။ သူတို့က အားလုံးရဲ့ လမ်းစဉ်ကို ပိတ်ဆို့ထားတဲ့အတွက် တာဝန်ရှိတဲ့သူတွေပဲ”

“တစိတ်လောက် အရှင်…” လင်းဖန်က ပြောလိုက်သည်။

“အရှင်းဆုံးပြောရရင် သတင်းအချက်အလက်က သိပ်ပြီးတော့ မလုံလောက်သေးဘူး။ တက်လှမ်းသွားတဲ့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေကရော ဘယ်မှာလဲ။ သူတို့က အဲဒီလူတွေကို တစ်ကမ္ဘာလုံး အုပ်စိုးခွင့်ပြုထားတာလား”

“ကံဆိုးတာက ဖြစ်ရပ်တစ်ခုက သူတို့အားလုံးကို သူတို့ကိုယ်သူတို့ အသက်ပြန်သွင်းဖို့ မဖြစ်နိုင်ဘဲ မပြီးမပြတ်အခြေအနေမှာ ရှိနေစေတယ်”

သူတို့၏ အမူအရာက ပြောင်းလဲသွားကြ၏။ ဒိုင်မေးရှင်းအမြင့် ဘိုးဘေးများက သူတို့တက်လှမ်းသွားသည့်အခါ သူတို့၏ နောက်ခံများ ဖြစ်လာသင့်သည်။ သူတို့က ကျင့်ကြံရေးလောကတွင် အားကောင်းသည့် နောက်ခံရှိထားခြင်း၏ အရေးပါမှုကို ကောင်းစွာ သိထားကြ၏။

“ငါ ပြောတဲ့အတိုင်း အခြေအနေက ရှုပ်ထွေးတယ်။ အဲဒါကြောင့် အများကြီးတော့ မသိရသေးဘူး” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“အဲဒါဆိုရင် ဒီအခြေအနေ ဘယ်လိုလုပ်ဖြစ်လာတာလဲ” ကျန်းပိယုက မေးလိုက်သည်။

“ငါ့စကားတွေအရ ဒိုင်မေးရှင်းအမြင့်ရဲ့ ရှုပ်ထွေးမှုတွေကို သိမှာပါ။ အဲဒါဆိုတော့ သူတို့ကိုယ်သူတို့ ဖိနှိပ်တာကို လက်မခံဘဲနဲ့ ပြန်လည်တိုက်ခိုက်ချင်တဲ့သူတွေလည်း ရှိမှာပဲ”

“တော်လှန်ရေးအဖွဲ့ရှိတာလား” စုယာက မေးလိုက်သည်။

“ဟုတ်တယ်။ ငါက သူတို့နဲ့ သဘောတူညီချက်တစ်ခု ရထားတယ်။ မင်းတို့တွေ တက်လှမ်းရင် သူတို့တွေက ကောင်းကင်အလိုဆန္ဒကို ထောက်ပံ့ပေးလိမ့်မယ်။ အပြန်အလှန်အနေနဲ့ မင်းတို့က သူတို့ဘက်ကနေ တိုက်ခိုက်ပေးရမယ်။”

မည်သူကမှ ဘာမှမပြောကြပေ။ ထိုသတင်းက နားလည်သုံးသပ်ဖို့ရာအတွက် အချိန်တစ်ခု လိုအပ်နေလေ၏။ ၅မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် ကျန်းပိယုက ပထမဦးဆုံး ထုတ်မေးလာခဲ့သည်။

“ဒိုင်မေးရှင်းအမြင့်မှာ လဲလှယ်နိုင်တဲ့ ကောင်းကင်အလိုဆန္ဒက ပုံမှန်ပဲလား”

“ဟုတ်တယ်။ ဒီမှာထက် ဟိုမှာတာအိုသက်သေပြဖို့ ပိုလွယ်ကူတယ်”

“အဲဒါဆိုရင် ကျုပ်တို့ရဲ့ အင်အားစုတွေကရော။ သူတို့ကို ဘယ်လိုလုပ်ပေးရမှာလဲ” လင်းဖန်က မေးလိုက်သည်။

“ဒီမှာ ပြောတာလား၊ ဟိုမှာပြောတာလား”

“နှစ်ခုလုံးပဲ”

“အဲဒီလူတွေက ငါတို့ဘိုးဘေးတွေရဲ့ ပြန်လည်ရှင်သန်မှုကို ကြောက်ရွံ့နေတာဆိုတော့ အဲဒီမှာရှိနေတဲ့ ငါတို့အင်အားစုတွေရဲ့ အခြေအနေက သိပ်မကောင်းလှဘူး။ အဲဒါကြောင့် သူတို့ကို တိတ်တဆိတ် ဆက်သွယ်တာမျိုး ဒါမှမဟုတ်ဘူးဆိုရင် ရှောင်ရှားတာက အကောင်းဆုံးပဲ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“အစစ်အမှန်ကောင်းကင်တာအိုနဲ့ အပေးအယူ တစ်ခု လုပ်ထားတယ်။ မင်းတို့တွေက ယာယီ ဟောပြောပို့ချပြီးတော့ ဧကရာဇ်အသုံးအဆောင်ပစ္စည်းတွေနဲ့ အစီအရင်တွေကို မင်းတို့ရဲ့ သက်ဆိုင်ရာအင်အားစုအတွက် ချန်ထားပေးနိုင်တယ်။ မသေမျိုးနန်းဆောင်နဲ့ မဟာတာအိုအရင်းအမြစ် မျိုးစေ့တွေလို အရာမျိုးတွေက နောက်ပိုင်းမှာ ပို့ဆောင်နိုင်ပေမဲ့ ကန့်သတ်ချက်တစ်ခုတော့ ရှိလိမ့်မယ်”

အားလုံးက အခြေအနေကို နားလည်သွားသည့်အခါ အတွေးမျိုးစုံ ရှိနေကြသည်။ အများစုကမူ ထိုရလဒ်ကို ကျေနပ်နေကြ၏။ လူတချို့က သူတို့၏ ရွယ်တူများမြင့်တက်လာစဉ် သူတို့ကမူ ကျရှုံးမှုနှင့် အားနည်းချက်ကို လက်ခံရုံမှအပ ရွေးချယ်စရာမရှိသည်က မည်မျှနာကျင်ဖို့ကောင်းကြောင်း သိကြ၏။

“အဲဒါဆိုရင် ရှင့်အတွက်က ဘယ်လိုလဲဆိုတာ သိချင်တယ်” စုယာက မေးလိုက်သည်။

“အဲဒီလူတွေက ငါ့ရဲ့ တာအိုလမ်းစဉ်ကို ပိတ်ဆို့နေကြတာ။ ငါ တက်လှမ်းလာတဲ့အခါ လမ်းခင်းထားဖို့အတွက် မင်းတို့တွေကို စောစောစီးစီး ပို့ပေးတာပဲ။ မင်းတို့ရဲ့ ပါရမီနဲ့ဆိုရင် အခွင့်အရေးရလာတာနဲ့ ပြဿနာ မဟုတ်တော့ဘူး။ အဲဒီအခါ ငါ တက်လှမ်းလာတဲ့အခါကျရင် မင်းတို့တွေ တည်ဆောက်ထားတဲ့ အရာတွေကို သုံးပြီးတော့ သူတို့ရဲ့ အုပ်စိုးမှုကို အဆုံးသတ်ပစ်နိုင်တယ်”

စုယာက ထိုစကားများကို အပြည့်အဝ မယုံပေ။ သူက ထိုသူသည် အကျိုးအမြတ်တချို့ ရရှိလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းမိ၏။ အများဆုံးအနေဖြင့် သူက သူတို့ကို ရောင်းချလိုက်ခြင်းသာ ဖြစ်ရမည်။

သူမက မျက်လုံးဝှေ့ကာ “အဲဒါဆိုတော့ ကျွန်မတို့ကတော့ ဖွင့်ပွဲ၊ ရှင်ကတော့ အဓိကပြပွဲပေါ့”

“တကယ်လို့ မင်းတို့က သူတို့နဲ့ ရင်ဆိုင်နိုင်ပြီး ငါ ဘာမှလုပ်စရာ မလိုရင် ပိုတောင်ပျော်သေးတယ်။”

မည်သူကမှ ဘာမှမပြောကြပေ။ သူတို့၏ ရှုံးနိမ့်မှုနှင့် လက်ရှိ ဝမ်ဝေ့ထက် နိမ့်ကျနေမှုကို လက်ခံထားသော်လည်း အခွင့်အရေး လွဲချော်သွား၍အတွက်သာ ဖြစ်၏။ အကယ်၍ သူတို့သာ ထွန်းလင်းတောက်ပဖို့ အခွင့်အရေး ရလာပါက သူတို့ထက် နောက်ကောက်ကျကျန်လိမ့်မည်ဟု မည်သူကမှ ဝန်ခံကြလိမ့်မည် မဟုတ်ပေ။

သူတို့က ရှုံးနိမ့်မှုတစ်ခုသည် အရာအားလုံး မဟုတ်ကြောင်း နားလည်ထားကြသည်မှာ ကြာမြင့်လာပြီဖြစ်၍ ကစားပွဲတွင် ရှေ့ရောက်နေခြင်းက အပြီးသတ်သွားပြီဟုဆိုလိုခြင်း မဟုတ်ပေ။

ဝမ်ဝေ့က သူတို့၏ တုံ့ပြန်မှုကို မြင်သည့်အခါ တိတ်တဆိတ် ပြုံးလိုက်မိသည်။ ပါရမီရှင်များက မာနကြီးကြသည့်အတွက် ရှုံးနိမ့်မှုကို မည်သို့အလွယ်တကူ လက်ခံနိုင်မည်နည်း။

ဒီလိုစိတ်သဘောထားနဲ့ဆိုရင် သူတို့တွေ ဒိုင်မေးရှင်းအမြင့်က အခြေအနေတွေကို ပြောင်းလဲဖို့ ကြိုးစားသင့်တယ်…

သူက ထိုလူများသည် တော်လှန်ရေးအဖွဲ့အပေါ် သစ္စာရှိလျက် နေလိမ့်မည်ဟု မယုံပေ။ သို့သော်လည်း ထိုသူများသာ ကပ်ပါးများကို ရန်သူအဖြစ် မြင်နေသရွေ့ သူ့ရည်မှန်းချက် အောင်မြင်မည် ဖြစ်၏။

“အဲဒါဆိုတော့ မင်းတို့ရဲ့ ရွေးချယ်မှုက ဘာလဲ”

All Chapters