နောက်ထပ်တိုက်ပွဲလား
Vol. 72 Ch. 997
“လက်ခံတယ်” ယင်ကန်းက ပြောလိုက်၍ အားလုံး၏ အကြည့်က သူ့အပေါ် ကျရောက်လာသည်။
“ကျုပ်တော့ အံ့ဩမိသား။ ခင်ဗျားက ဖျောင်းဖျဖို့ လိုတဲ့အထဲက တစ်ယောက် ဖြစ်မယ်လို့ ထင်နေတာ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်က ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီ။ ကြီးထွားပြီး တိုးတက်ဖို့ အခွင့်အရေးကို လိုချင်ရင် ရယူဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”
ဝမ်ဝေ့က ထိုအချက်ကို နားလည်လေသည်။ ယင်ကန်းက သူ့လိုမျိုး ခန္ဓာကိုယ်လေ့ကျင့်ရေးလမ်းစဉ်တွင် တိုးတက်ဖို့ အလားအလာရှိသည့်သူ မဟုတ်တော့ပေ။ ယင်ကန်း၏ လက်ရှိအခြေအနေအရ တိုးတက်ဖို့ရာ အင်မတန် ခက်ခဲသည့်အတွက် ထိုအခွင့်အရေးကို ရရှိပြီးသည့်နောက်တွင် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
အကောင်းဆုံးခန္ဓာကိုယ် လေ့ကျင့်ရေးကျင့်စဉ်ကို ဖန်တီးပြီး ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်ကို အနိုင်ပိုင်းမည့် သူ့စွဲလမ်းမှုအတွက်မူ
ယင်ကန်းအတွက် ဒိုင်မေးရှင်းအမြင့်ဆီ တက်လှမ်းပြီး သူတို့၏ အရင်းအမြစ်များကို ရယူခြင်းက သူ့ရည်မှန်းချက်ကို အောင်မြင်ဖို့ ပြီးပြည့်စုံသည့် ခြေလှမ်းတစ်ခု ဖြစ်၏။
“ဒီဆုံးဖြတ်ချက်ချလို့ ဝမ်းသာတယ်”
“ကျုပ်ဆီမှာ စိုးရိမ်စရာတချို့တော့ ရှိသေးတယ်” ယင်ကန်းက ပြောလိုက်သည်။
“ကျုပ်က ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်ကို လျှောက်လှမ်းမှာဆိုတော့ ပြဿနာ ဖြစ်နေမလား”
“မဖြစ်ဘူး။ ပြောရရင် ခင်ဗျားရဲ့ ပါရမီနဲ့ဆိုရင် ပိုပြီးတော့တောင် အဖိုးတန်လာဦးမယ်”
“အကြောင်းအရင်းကို မေးလို့ရမလား”
“ခန္ဓာကိုယ်လေ့ကျင့်သူတွေက သက်တမ်းတိုတော့ ကျင့်ကြံနှုန်း မြန်ဆန်ကြတယ်။ တကယ်လို့ သန့်စင်တဲ့ ခန္ဓာကိုယ်လေ့ကျင့်သူတွေက ပါရမီထူးကဲပြီး လုံလောက်တဲ့ အရင်းအမြစ် ရှိနေမယ်ဆိုရင် သူတို့က ခွန်အား ဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးတော့ ဧကရာဇ်အဆင့်ရဲ့ နောက်အဆင့်ဖြစ်တဲ့ ကောင်းကင်ဘုံအဆင့်နဲ့ ယှဉ်နိုင်တဲ့ ကျင့်ကြံဆင့်အနေအထားကို ရောက်နိုင်တယ်။
လူတော်တော်များများက ပါရမီ မရှိကြလို့ ခွန်အားဂိတ်ပေါက်ကို မဖွင့်ခင် သက်တမ်းကြောင့် သေဆုံးသွားကြတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ပါရမီနဲ့ဆိုရင် တော်လှန်ရေးအဖွဲ့ကို ခင်ဗျား လိုအပ်တဲ့ အရင်းအမြစ်တွေကို ထောက်ပံ့ပေးဖို့ ဖျောင်းဖျနိုင်သရွေ့ ဒါမှမဟုတ် ဒိုင်မေးရှင်းအမြင့်က ခင်ဗျားဂိုဏ်းဆီကနေ တိတ်တဆိတ် ရယူနိုင်သရွေ့ တော်လှန်ရေးထဲမှာ အားအကောင်းဆုံးလူ တစ်ယောက် ဖြစ်လာလိမ့်မယ်”
“အဲ့လိုလား” ယင်ကန်းက ရေရွတ်လိုက်သည်။ သူ့ဆုံးဖြတ်ချက်က မှန်ကန်သလို ခံစားနေရ၏။ ဝမ်ဝေ့က သူ့တုံ့ပြန်မှုကို မြင်ကာ သတိပေးလိုက်သည်။
“ခင်ဗျား သတိထားသင့်တယ်။ ကျုပ် ပြောတဲ့အတိုင်း ကောင်းကင်ဘုံအဆင့်က ဒီလှုပ်ရှားမှုမှာ အဓိကသော့ချက်ပဲ။ အားလုံးက အပြင်လူ မြန်မြန်ဆန်ဆန် အားကြီးလာမှာကို မြင်ချင်ကြမှာ မဟုတ်ဘူး။ အဲဒါဆိုတော့ အဲဒီအဖွဲ့ရဲ့ အာဏာပိုင်းဆိုင်ရာကိုလည်း ထည့်သွင်းစဉ်းစားရမယ်”
“ကျုပ် သိပြီ” ယင်ကန်းက မတုံးအသည့်အတွက် ထိုသူများကို များစွာ ယုံ၍ မဖြစ်ကြောင်း နားလည်ထားသည်။ သူတို့က ပူးပေါင်းထားသည့် အခြေအနေသာ ရှိလေသည်။ သူ့အနေဖြင့် တစ်ခုတည်းအပေါ် မျှော်လင့်ချက်အကုန် ပုံအောထား၍ မဖြစ်ပေ။
“ကျုပ်လည်း လက်ခံတယ်” ကျန့်ဝူရွှမ်းက ပြောလိုက်သည်။
ဝမ်ဝေ့က သူ မည်မျှစိတ်လှုပ်ရှားနေသည်ကို ကြည့်ကာ တိတ်တဆိတ် ပြုံးလိုက်မိ၏။
သူက ထိုသူ၏ စိတ်လှုပ်ရှားမှု အဓိကအကြောင်းအရင်းကို နားလည်လိုက်သည်။ ထိုအရာက သူ့အဖေ၏ ဓားရေးလမ်းစဉ်အသစ် ဖြစ်၏။
ကျန့်ဝူရွှမ်းက ဝမ်ဝေ့နှင့် ဝမ်ထျန်းတို့ မရှိသည့် အချက်ကို အခွင့်ကောင်းယူကာ ဒိုင်မေးရှင်းအမြင့်တွင် လမ်းစဉ်အသစ်ကို ဖြန့်ဝေပြီး ကြမ္မာကို ရယူနိုင်မည့် အခွင့်ကောင်းရှိသည်ဟု တွေးထင်နေလောက်သည်။
ဒီလူက တုံးလွန်းတာပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ဒိုင်မေးရှင်းအမြင့်၏ လက်ရှိအနေအထားက ဖွံ့ဖြိုးတိုးတက်ဖို့ အနေအထား မရှိပေ။ ထို့အပြင် အကြွင်းမဲ့ဓားရေးလမ်းစဉ်ကို ဒိုင်မေးရှင်းအမြင့်တွင် ဖြန့်ဝေခြင်းက အဆထောင်ချီ ပိုမိုခက်ခဲ၏။
ဓားသမားမြောက်များစွာက အစွန်းရောက်ဓားရေးလမ်းစဉ်ကို ယွမ်ခေတ်ကာလများစွာ လက်ခံကျင့်သုံးခဲ့ကြသည်။ ထိုသူများက သူတို့၏ လမ်းစဉ်ကို မည်သို့အလွယ်တကူ စွန့်ပစ်မည်နည်း။ ထိုလမ်းစဉ်အသစ်က မိုးမြေ၏ ခေတ်ရေစီးကြောင်း ဖြစ်လာပြီး နှစ်ခုထဲမှ အကောင်းဆုံး ဖြစ်နေလျှင်ပင် ထိုစံပြများက သူတို့မှားယွင်းသည်ကို လက်ခံလိုက်မည်ထက် ကမ္ဘာကိုပင် ဖျက်ဆီးပစ်ဖို့ ပိုမိုလိုလားကြလိမ့်မည်။
ထိုသူများ၏ စိတ်အနေအထားအရ သူတို့မှန်ကန်ပြီး မိုးမြေက မှားယွင်းခြင်းသာ ဖြစ်၏။ အကယ်၍ ဤသို့ဖြစ်ပါက သူတို့သည် မိုးမြေကို ပြောင်းလဲပစ်ကြလိမ့်မည်။
သင့်တော်သည့် အင်အားနှင့် ကြောက်မက်ဖွယ်ကောင်းသည့် နောက်ခံမရှိဘဲ ကျန့်ဝူရွှမ်းကို စောင့်ဆိုင်းနေသည့် တစ်ခုတည်းသော ကံကြမ္မာက သေခြင်းတရားသာ ဖြစ်သည်။ ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်ရှိ ဓားရေးစံအိမ်သည် မည်မျှအားကောင်းမှန်း မသိသည့်အတွက် ထိုကဏ္ဍကို မှတ်ချက် မပေးနိုင်သေးပေ။
သို့သော်လည်း လက်ရှိ ကျန့်ဝူရွှမ်းအနေဖြင့် ထိုလမ်းစဉ်အသစ်ကို ဖြန့်ဝေပေးဖို့ရာ မဖြစ်နိုင်ကြောင်း သိ၏။
“ကျွန်မလည်း အပေးအယူကို လက်ခံတယ်” ကျင်းဝူဟွားက ပြောလိုက်သည်။ ထိုအရာက သူမ၏ အဖေကို သွားရောက်တွေ့ဆုံပြီး ကူညီပေးဖို့ရာ အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်၏။
“သေချာလား။ မင်းအဖေက မင်းကို ဒိုင်မေးရှင်းအနိမ့်မှာပဲ နေစေချင်လောက်တယ်” ဝမ်ဝေ့က မေးလိုက်သည်။
“ကျွန်မ သေချာတယ်”
“မင်းရော” ဝမ်ဝေ့က ယန်ကောဝေကို ကြည့်ကာ မေးလိုက်သည်။
“ကျုပ် ဘာလုပ်ရမယ်မှန်း မသိဘူး”
“မင်း အခြေအနေက တကယ်ကို ထူးခြားတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ အထောက်အထားများအရ ယန်ကောဝေ၏ ဖခင်ဖြစ်သူ နေမင်း၉စင်း ဧကရာဇ်သည် ကပ်ပါးများနှင့် ပူးပေါင်းထားလေသည်။ ထိုသူက ဟန်ဆောင်နေခြင်း ဖြစ်နိုင်သော်လည်း သက်သေအခိုင်အမာ မရှိသေးပေ။ ထိုကြောင့် တော်လှန်ရေးဘက်က သူ့ကို လေ့ကျင့်ပေးဖို့ရာ ဝန်လေးနေကြလိမ့်မည်။ ထို့အပြင် သူက ဒိုင်မေးရှင်းအနိမ့်တွင် မြင့်မားသည့် နောက်ခံမရှိသည့်အတွက် အကူအညီ မဖြစ်ပေ။
“သူတို့ကို ဖျောင်းဖျပေးမယ်။ ဒါပေမဲ့ မင်း ငါ့စကားကို ချိုးဖောက်ရင် ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ သိတယ်မလား”
ယန်ကောဝေက တုန်တုန်ယင်ယင်ဖြစ်သွားကာ ချက်ချင်း ဒူးထောက်လိုက်သည်။
“မျက်နှာမပျက်စေရပါဘူးလို့ ကတိပေးပါတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက ကံအရင်းအမြစ်ကို ထိန်းချုပ်ထားသည့်အတွက် ယန်ကောဝေ၏ စကားများက စာချုပ်တစ်ခု ချုပ်ဆိုဖို့အတွက် လုံလောက်ပေသည်။ အကယ်၍ ထိုသူက သူတို့ကို အမှန်တကယ် သစ္စာဖောက်ခဲ့ပါက တော်လှန်ရေးဘက်က ဘာမှလုပ်ဖို့ မလိုဘဲ သူက ထိခိုက်ခံစားရလိမ့်မည်။
“မင်း ထလို့ရပြီ” ဝမ်ဝေ့က ယန်ကောဝေကို အသုံးချကာ သူ့အဖေကို ရှာချင်သည်။ သူ့အဘိုး၏ တာအိုနှလုံးသားက ပြီးမြောက်ဖို့ရာ လိုအပ်နေဆဲ ဖြစ်၏။
“မင်းတို့တွေကရော”
“ကျုပ်လည်း သဘောတူတယ်” ရှောင်စုန့်ရှီက ပြောလိုက်သည်။ သူ့တိုက်ပွဲ ရှုံးနိမ့်ပြီးသည့်နောက်တွင် ပိုင်ရှယ်မျိုးနွယ်က သူ့ကို စွန့်ပစ်ခဲ့သည့်အတွက် သူ့အမေနှင့် ညီမဖြစ်သူက သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။
“ဒါပေမဲ့ ကျုပ်ဆီမှာ တောင်းဆိုချက်တစ်ခု ရှိတယ်”
ဝမ်ဝေ့က သူ့ကို ဆက်ပြောဖို့ လက်ဟန်ပြလိုက်သည်။
“ကျုပ်မိသားစုကို စောင့်ရှောက်ပေးပါ။ ကျုပ် ပြန်လာတဲ့အခါ အရှင့်ကို ကျေးဇူးပြန်ဆပ်ပါ့မယ်”
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
ရှောင်စုန့်ရှီက စိတ်သက်သာရာရသွားမိသည်။ သူ့မျက်ဝန်းအထက် ရူးသွပ်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။
ဝမ်ဝေ့က သူ့ကို ကြည့်ပြီးသည့်နောက်တွင် တခြားသူများကို အာရုံစိုက်လိုက်သည်။
“ကျွန်မလည်း အပေးအယူကို လက်ခံတယ်။” ကျန်းပိယုက ပြောလိုက်သည်။ သူမ၏ ရန်သူက ဒိုင်မေးရှင်းအမြင့်တွင် ရှိသည့်အတွက် နှလုံးသား ၅ခုဧကရာဇ်၏ အရိပ်ကို ဖျက်ဆီးပြီး သူမ၏ တာအိုနှလုံးသားကို မြင့်မားဆုံး အနေအထားတစ်ခုသို့ တွန်းပို့ဖို့ရာ အခွင့်အခါကောင်းတစ်ခု ဖြစ်၏။ ထို့နောက် ထိုသူ၏ လက်ထဲတွင် ထူးကဲသည့် လက်နက်တစ်ခု ရှိနေသည့်အတွက် သူမက လိုချင်မိသည်။
“အဲဒါဆို မင်းပဲ ကျန်တော့တယ်” ဝမ်ဝေ့က ပြောလိုက်စဉ် လင်းဖန်က စုယာကို ကြည့်လိုက်သည်။
“ကျုပ်လည်း အပေးအယူကို လက်ခံတယ်။ ဒါပေမဲ့ မိသားစုနဲ့ အရင်ဆုံး ဆွေးနွေးရဦးမယ်”
“ကောင်းပြီလေ။ ဒါပေမဲ့ အချိန်အများကြီး မရဘူး” ဝမ်ဝေ့က ပြောလိုက်ပြီး စုယာကို ကြည့်လိုက်၏။
“ကျွန်မက ငြင်းပယ်ရလိမ့်မယ်”
“အကြောင်းအရင်းကို မေးလို့ရမလား”
“ကျွန်မက ရှင့်ရဲ့ ပလ္လင်မှာ ထိုင်ပြီးတော့ ကောင်းကင်ဧကရာဇ် တစ်ယောက်အနေနဲ့ သက်ရှိအားလုံးဆီကနေ ကိုးကွယ်မှုကို လက်ခံချင်သေးတယ်” စုယာက အမှန်အတိုင်း ပြောလိုက်သည်။
အားလုံးက သူမကို ကြည့်လိုက်ကြသော်လည်း သူတို့က သူမ၏ ရွေးချယ်မှုကို နားလည်ကြလေသည်။ အများစုက တူညီသည့် အကြောင်းအရင်းအတွက် တုံ့ဆိုင်းနေကြသော်လည်း ကောင်းကင်ဧကရာဇ်ရာထူးက သူတို့၏ ပြိုင်ဖက်ဟောင်းဖြစ်သူ ဝမ်ဝေ့၏ အမွေအနှစ် ဖြစ်လေသည်။
အကယ်၍ သူတို့သာ နောင်အနာဂတ် မျိုးဆက်အတွက် ယှဉ်ပြိုင်ခဲ့ပါက သူ့အောင်မြင်မှု၊ လုပ်ဆောင်ချက်များက သူတို့အပေါ် လွှမ်းမိုးသွားလိမ့်မည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းက ရွယ်တူနှင့် ပြိုင်ဖက်အဖြစ် ကျန်ရှိကာ တခြားနေရာမှ အစပြုပြီး ပြန်လည်ယှဉ်ပြိုင်ဖို့ ဖြစ်၏။
“တကယ်ကို ရဲတင်းတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့ နားလည်လို့ရပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ တခြားအများစုနှင့် မတူဘဲ စုယာက ဤမျိုးဆက်အတွင်း လက်လျှော့ထားပြီးသားဖြစ်သည့်အတွက် သူမက ဤပြိုင်ပွဲအပေါ် သက်ရောက်မှု မရှိပေ။ ထို့ကြောင့် သူက သူမ၏ ရွေးချယ်မှုကို နားလည်လေ၏။
ကျန့်ဝူရွှမ်းကလည်း သူမနှင့် တူညီလေသည်။ သို့သော် သူက စောစီးစွာ နိုးထလာပြီး နောက်ဆုံးတိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ သူ၏ လွဲမှားနေသည့် ရည်မှန်းချက်များကိုပါ ထည့်ပေါင်းလိုက်လျှင် သူက တခြားသူများနှင့် တူညီစွာ ရွေးချယ်ခဲ့လေ၏။
“သေချာရဲ့လား။ မင်းက အခု လင်းဖန်ရဲ့ ရန်သူ ဖြစ်နေပြီ။ မင်း တက်လှမ်းသွားတဲ့အချိန်ကျရင် သူက ဘယ်လောက်အားကောင်းနေမယ်ဆိုတာကို ဘယ်သူက သိမှာလဲ။ သူက လက်စားချေမှာကို မစိုးရိမ်ဘူးလား” ဝမ်ဝေ့က ပြုံးကာ မေးလိုက်၏။
“ကျွန်မ မစိုးရိမ်ပါဘူး”
“ဘာလို့လဲ”
“နောက်ခံကြောင့်လေ” သူမက ပြန်ဖြေလိုက်သည်။
“ဧကရာဇ်ခုံက ပါရမီထူးကဲထူးကဲ ဒိုင်မေးရှင်းအမြင့်က သူ့အုတ်မြစ်က အချိန်တိုအတွင်း ကျွန်မတို့ ယင်စန္ဒာနန်းဆောင်ထက် ကောင်းမယ်လို့ မယုံဘူး။ ကျွန်မ တက်လှမ်းသွားတဲ့အချိန်ကျရင် ကျွန်မရဲ့ စီနီယာတွေကို ကာကွယ်မှုအတွက် မှီခိုလို့ရတယ်လေ”
လင်းဖန်က ထိုအကြောင်းကို ကြားကာ လက်သီးဆုပ်ထားမိသည်။ သို့သော် ဝမ်ဝေ့က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်၏။
“မင်း ပြောတာဟုတ်တယ်။ ဒါပေမဲ့ မင်းက ဧကရာဇ်ခုံရဲ့ စွမ်းရည်ကို လျှော့တွက်မိနေတယ်” ဝမ်ဝေ့က ထူးထူးဆန်းဆန်း ပြုံးကာ ပြောလိုက်၏။
လင်းဖန်က မျှော်လင့်ချက်ကိုမြင်စဉ် စုယာကမူ မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူက တစ်ခုခုကို သိနေတာလား…
သို့သော်လည်း စုယာက ထိုကဏ္ဍကို အာရုံမစိုက်တော့ပေ။ သူမက ရွေးချယ်မှုဖြစ်ပြီး သူမ၏ ဘိုးဘေးများအပေါ် ယုံကြည်ထားသည်။
“ကောင်းပြီလေ။ မင်းရဲ့ ရွေးချယ်မှုကို လေးစားပါတယ်” ဝမ်ဝေ့က ပြောလိုက်ပြီး လက်ဝှေ့ကာ သူမက ပျောက်ကွယ်သွားခဲ့သည်။
“မင်းတို့အားလုံးအတွက် ငါ ခေါ်တာကို စောင့်ပြီး အကောင်းဆုံးအခြေအနေ ဖြစ်အောင် အဆင်သင့်ပြင်ထားကြ”
ဝမ်ဝေ့က အစည်းအဝေး အဆုံးသတ်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။
“အရှင် ကျုပ်ဆီမှာ အကြံပြုစရာ တစ်ခု ရှိတယ်” လင်းဖန်က ရုတ်တရက် ပြောလိုက်၏။
“ဘာလဲ”
“ကျုပ်တို့ မတက်လှမ်းခင် ကျုပ်တို့ကြားက တိုက်ပွဲဆိုရင်ရော ဘယ်လိုလဲ။ ပြောရမယ်ဆိုရင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအငယ်အစားလေးပေါ့”
“အင်း သိပ်မဆိုးပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ပြိုင်ပွဲဆိုတာက ကိုယ့်ကိုယ်ကို ကန့်သတ်ချက်ထက် ကျော်လွန်အောင် တွန်းပို့နိုင်တဲ့ နည်းလမ်းကောင်း တစ်ခုပဲ။ ဒီနည်းလမ်းက မင်းတို့ရဲ့ ကံကောင်းမှုနဲ့ ကြမ္မာကို အသက်သွင်းပြီးတော့ ပိုပြီးတော့ မြင့်မားလာစေလိမ့်မယ်။ ငါတို့တွေ အိပ်မက်လောကကနေ တဆင့် ကမ္ဘာကြီးဆီ တိုက်ပွဲကို ထုတ်လွှင့်ပြသလို့ရတယ်။ မင်းတို့တွေရော ဘယ်လိုထင်လဲ”
ထိုသူများက ချက်ချင်း သဘောတူလိုက်ကြသည်။ ဤတိုက်ပွဲက ကမ္ဘာကြီးထံ ပြီးပြည့်စုံသည့် နှုတ်ဆက်မှုတစ်ခု ဖြစ်ပြီး သူတို့အား အကောင်းဆုံးအခြေအနေတွင် ရှိနိုင်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်၏။
“ကောင်းပြီ။ မင်းတို့တွေ ပြင်ဆင်ဖို့ သွားလို့ရပြီ။ တိုက်ပွဲအဆုံးသတ်တာနဲ့ မင်းတို့တွေကို ဒိုင်မေးရှင်းအမြင့်ဆီ ပို့ပေးမယ်” အားလုံးက ချက်ချင်း ထွက်ခွာသွားကြ၏။ သူတို့က သူတို့၏ အင်အားစုများထံ ဤတိုးတက်မှုအကြောင်းကို ပြောပြဖို့ လိုအပ်နေပြီး ရောက်ရှိလာမည့် တိုက်ပွဲအတွက် ပြင်ဆင်ထားရမည်။