အားလုံး၏ အတွေးနှင့် တုံ့ပြန်မှုများ အပိုင်း(၁)
Vol. 72 Ch. 998
“နောက်ထပ် ရည်မှန်းချက်ကြီးတဲ့သူ တစ်ယောက်ပဲ” ဝမ်ဝေ့က ခေါင်းအသာယမ်းကာ ရေရွတ်လိုက်သည်။ နောက်ဆုံးတိုက်ပွဲပြီးကတည်းက တိထျန်း၏ အိပ်စက်သူအားလုံးက သေဆုံးသွားပြီး တခြားသူများကလည်း လက်လျှော့သွားကြသည်။ တိကျားယင်ကမူ ခြွင်းချက်ဖြစ်ပြီး ထွက်ပြေးသွားခဲ့၏။ သို့သော်လည်း ထိုသူက သူမ၏ ဘုရင်ကို စွန့်ပယ်ကာ ထွက်ပြေးပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေးတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
ဝမ်ဝေ့က သူမ၏ သီးသန့်ကျင့်ကြံမှုကို နှောင့်ယှက်ဖို့ရာ ချက်ချင်း မဆင့်ခေါ်ခဲ့ပေ။ အစည်းအဝေးအပြီးတွင် သူက သူမ၏ အသိစိတ်ကို ကျင့်ကြံရေးအပေါ် သက်ရောက်မှု မရှိစေဘဲ ဆင့်ခေါ်ခဲ့၏။ သို့သော်လည်း သူ ထင်ထားသည့်အတိုင်း တိကျားယင်က သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။ သူ့အကြောင်းပြချက်က စုယာနှင့် အတူတူသာဖြစ်သည့်အတွက် ဝမ်ဝေ့က ဆက်လက် မတိုက်တွန်းခဲ့ပေ။
ထို့နောက် သူက ခုံရုံး၏ လေ့ကျင့်ရေးကွင်းဆီ သွားရောက်ကြည့်လိုက်၏။ သူက မိစ္ဆာတပ်ဖွဲ့ကို မြင်သော်လည်း သူတို့ကို ဂရုမစိုက်ပေ။ သူက ထိုအခွင့်အရေးကို လိုချင်လားဟု မေးဖို့ရာ အလုပ်ရှုပ်နေသည့် ဝူမင်ကို လာရောက်တွေ့ဆုံခြင်း ဖြစ်၏။
“အဲဒါက ကျွန်တော့်အတွက် မဟုတ်ဘူး” ဝူမင်က တိုက်ရိုက်သာ ပြောလိုက်သည်။
“တစ်ခုခုက အဲ့လိုဖြစ်နိုင်တယ်ဆိုတာကို ပြောနေပေမဲ့ ငါက အကြောင်းအရင်းကို သိချင်တုန်းပဲ”
“ကျွန်တော်ရဲ့ ဦးစားပေးက ဝူမျိုးနွယ် တတ်နိုင်သမျှ မြန်မြန် စည်ပင်ကြွယ်ဝလာဖို့ပါ။”
“မင်း တာအိုကို သက်သေပြပြီး လုပ်လို့ရတာပဲ” ဝမ်ဝေ့က ပြန်လည်ပြောလိုက်၏။
“ပုံမှန်ဧကရာဇ် တစ်ယောက်ဆိုရင်တော့ အဆင်ပြေမှာပါ။ ဒါပေမဲ့ မျိုးနွယ်က အနာဂတ်ရဲ့ စည်ပင်ကြွယ်ဝမှုရဲ့ အုတ်မြစ်ကို တည်ထောင်ပေးနိုင်တဲ့သူကို လိုအပ်နေတယ်။ ဧကရာဇ်တစ်ယောက် အုတ်မြစ်ကို ချန်ထားခဲ့တာက မလုံလောက်သေးဘူး”
ဝူမင်က မျိုးနွယ် လိုအပ်နေသည့်အရာကို သိလေ၏။ ဧကရာဇ် တစ်ယောက်တည်းဖြင့် များစွာပြောင်းလဲနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူက သူ့ပါရမီကို သိထားလေ၏။ သူ တွက်ဆထားသလောက် ထာဝရဧကရာဇ်ဖြစ်ဖို့အထိ ကံကောင်းလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် အကောင်းဆုံးအပြုအမူက ဝူမျိုးနွယ်နှင့် မူလသင်္ကေတနန်းဆောင်တို့၏ အုတ်မြစ်ကို ချမှတ်ပြီး သူ့မျိုးဆက်များက အစစ်အမှန် ကောင်းကင်ဧကရာဇ်အဖြစ် ပြုစုပျိုးထောင်နိုင်ဖို့သာ ဖြစ်သည်။
ဝမ်ဝေ့နှင့် တည်ဆောက်ထားသည့် ယုံကြည်မှုနှင့် အဆက်အသွယ်များဖြင့် သူ့မျိုးနွယ်နှင့် အင်အားစုသည် ကာကွယ်ပေးခံထားရပြီး စည်ပင်ကြွယ်ဝဖို့ အခွင့်အရေးများစွာ ရလာလိမ့်မည်။ မဟာဧကရာဇ်တစ်ယောက် ရှိခြင်းထက် သူ ထွက်သွားခဲ့လျှင် ပိုမိုကောင်းမွန်သည့် အခွင့်အရေးကို ဆုံးရှုံးသွားရနိုင်သည်။
“မင်းရဲ့ ဆုံးဖြတ်ချက် ပြတ်သားတာကိုပဲ ချီးကျူးရမလား ဒါမှမဟုတ် ရည်မှန်းချက် မရှိတာကိုပဲ အပြစ်ပြောရမလား မသိတော့ဘူး” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ လူများစွာက ဤမသေမျိုးဘဝကို မည်သို့လက်လျှော့ကြမည်နည်း။ ဝမ်ဝေ့က ဝူမင်ကို အမှန်တကယ် လေးစားမိသွားသည်။
ဝူမင်က ထိုစကားကို ကြားကာ ပြုံးလိုက်မိ၏။ သူက သူ့ဘိုးဘေးထံ ဖြစ်ခဲ့သည့်အရာကို ကြားခဲ့ပြီးကတည်းက ဝူမျိုးနွယ်ကို အသက်ပြန်လည်သွင်းဖို့ရာ တာဝန်ဟု ခံစားခဲ့ရသည်။ သူ့အိပ်မက်နှင့် ရည်ရွယ်ချက်က မျိုးနွယ်အား သူတို့ဘိုးဘေးသည် တာအိုကို သက်သေပြကာ အစီအရင်ဘိုးဘေးအဖြစ် အောင်မြင်ခဲ့သမျှအာဏာနှင့် အလားအလာတို့အထိ ရောက်ရှိစေရန် ဖြစ်၏။
“ဒီလိုဆိုရင် လုပ်စရာရှိတာ ဆက်လုပ်လိုက်ပါ။ ထုံရို့ပင်းက ထူထန်စစ်သည်တော်ကို အဆုံးသတ်ဖို့ ကူညီပေးမယ်လို့ သဘောတူထားတယ်။ ဒါပေမဲ့ အကူအညီတောင်းဖို့တော့ အလျင်လိုမနေနဲ့ဦး”
ဝူမင်က ထိုစီမံကိန်း ပြီးမြောက်သွားသည်နှင့် ထုံရို့ပင်း လက်ခံရရှိသည့် အကျိုးအမြတ်များစွာကို လျှော့ချဖို့ မည်သည့်ကိစ္စမဆို လုပ်ရမည် ဖြစ်ကြောင်း နားလည်လိုက်သည်။
ဝမ်ဝေ့က အခန်းမှထွက်လာပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
“အခု ကောင်းပေါ်ချင်းရဲ့ နယ်ရုပ်ကို အသက်သွင်းရမဲ့အချိန်ပဲ”
ဤအခွင့်အရေးအတွက် ကတိစကားက ထိုသူအား တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာတွင် တာအိုအခွင့်အလမ်းဂိုဏ်း၏ လှေကားအဖြစ် ထမ်းဆောင်စေရန် လှုံ့ဆော်ဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ အကျိုးအမြတ်က ကျင့်ကြံရေးကမ္ဘာ၏ ထာဝရပုံစံတစ်ခု ဖြစ်လိမ့်မည်။
ဟယ်ရှစ်ယင်က ကောင်းကင်ဧကရာဇ်ဖြစ်လာတာနဲ့ ကောင်းပေါ်ချင်းနဲ့ သူ့တိုက်ပွဲအသုံးအဆောင်စံအိမ်က သူ့အာဏာကို နှောင့်ယှက်ရာမှာ အရေးပါလာလိမ့်မယ်…
ဝမ်ဝေ့က ကောင်းပေါ်ချင်းကို လှုပ်ရှားဖို့ သတင်းစကားပေးပို့လိုက်၏။ ထို့နောက် သူက ထာဝရဧကရာဇ်စွမ်းအားရှိထားသည့် ဖျက်ဆီးခြင်းအရှင်ကို တိုက်ပွဲအသုံးအဆောင်စံအိမ်ဆီ စေလွှတ်ခဲ့၏။
အရေးပေါ်အနေနဲ့ ငါ့စွမ်းအား ပါဝင်နေတဲ့ အဆောင်နဲ့ဆိုရင် သူအဆင်ပြေမှာပါ…
ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေးအခန်းအတွင်း ပြန်လည်မဝင်ရောက်ခင် တွေးလိုက်သည်။ သူ့ကမ္ဘာရှိ လူများက အလဲအလှယ်အတွက် ပထမဦးဆုံးစစ်ဆေးခံ ဖြစ်လာလိမ့်မည်။ အကယ်၍ ထိုအရာ အောင်မြင်သွားပြီး အားလုံးက ပျော်ရွှင်နေကြသည်နှင့် သူက တခြားကောင်းကင်အလိုဆန္ဒကမ္ဘာမှ အရှုံးသမားများကို ပစ်မှတ်ထားရမည်။
အသင်္ချေအင်ပါယာကမ္ဘာလောက် ပါရမီရှင်များစွာ ရှိမလား သံသယဖြစ်မိသော်လည်း ဤမျိုးဆက်က အကြွင်းမဲ့ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလဖြစ်သည့်အတွက် ထာဝရပါရမီရှင်များက နေရာအနှံ့ ရှိနေနိုင်သည်။ ထိုသူအားလုံးက သူ့အမြင်တွင် အရင်းအမြစ်များသာ ဖြစ်၏။
……………………………………………………………….
ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်
“အဲဒါဆိုတော့ ဒါက သူ ပေးချင်တဲ့ အခွင့်အရေးပေါ့” ရှုရှစ်က သက်ပြင်းချကာ ပြောလိုက်သည်။
“ရှင် ဆုံးဖြတ်ပြီးသွားပြီလား”
“အင်း”
“ကောင်းကင်ဧကရာဇ်ရာထူးကို မမက်ဘူးလား”
“မမက်ဘူးလို့ပြောရင် ညာနေတာပဲပေါ့။ ဒါပေမဲ့ အဲဒီနေရာမှာထိုင်တာက သူက ငါတို့ထက် သာတယ်ဆိုတာကို လက်ခံလိုက်တယ်လို့ ခံစားနေရမှာ။ သူ့ရဲ့ အလင်းရောင်အောက်က အရိပ်ပဲ ဖြစ်လာလိမ့်မယ်။ သဘောတရားအရ သူ့အနေအထားရောက်နိုင်မဲ့ အခွင့်အရေးက နည်းပါးမှန်း သိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ချေက ဘယ်လောက်ပဲနည်းနည်း လက်မလျှော့ချင်ဘူး”
“အင်း ကျွန်မ သိပြီ” ကောင်းကင်ရွေးချယ်ခံဟု ခေါ်ဆိုသူတိုင်းတွင် မမောက်မာသည့်သူ ဟူ၍ မရှိပေ။ သူတို့က တတ်နိုင်သမျှ အရာအားလုံးကို လုပ်ကြပြီး ရည်မှန်းချက်လည်း ကြီးမားကြ၏။ စိတ်ပျက်မှုအခြေအနေတွင် မဖြစ်နိုင်သည့်အရာများကို စိန်ခေါ်နေဆဲသာ ဖြစ်သည်။
“ကျွန်မ ရှင့်ကို ကူညီပေးမယ်” သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စက ကျွန်မတို့ကြားက ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို နားလည်ထားရမယ်။ ရှင်က ရွေးချယ်ရဦးမှာပဲ”
လင်းဖန်က ပြုံးလိုက်သည်။ ရှင်းနှင့် စကားဝိုင်းအပြီးတွင် သူတို့၏ အခြေအနေက ဆက်ဆံရေးတွင် အာဏာ မညီမျှမှုကြောင့် ဖြစ်ကြောင်း နားလည်သွား၏။ တာအိုကို သက်သေပြကာ ထာဝရဧကရာဇ် ဖြစ်လာခြင်းဖြင့် ထိုအခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ အနည်းဆုံးတော့ သူ့တွင် ရွေးချယ်စရာများ ရှိလာလိမ့်မည်။
“ကိုယ် နားလည်ပါပြီ” လင်းဖန်က ပြောလိုက်သည်။ သူက ဆုံးဖြတ်ချက်ချထားပြီးပြီ ဖြစ်သော်လည်း တုံ့ဆိုင်းနေမိသည်။ သို့သော်လည်း တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူက သူမကို ဖျောင်းဖျနိုင်မည့် အခွင့်အရေး ပိုမိုရလာလိမ့်မည်ဟု ထင်နေမိ၏။
ရှုရှစ်က သူ့ကို ကြည့်ကာ ဘာမှမပြောပေ။
“ရှင့်ဆီမှာ အချိန်သိပ်မရဘူး။ ရှင့်ရဲ့ လူဝင်စားတွေက ကြီးထွားဖို့ အချိန်သိပ်ရမှာ မဟုတ်ဘူး။ ဒီနှုန်းနဲ့ဆိုရင် ကျဆုံးသွားနိုင်တယ်။ ကျဆုံးသွားတဲ့ နဝမအဆုံးစွန်အုတ်မြစ်က တန်ဖိုးရှိတယ်ဆိုပေမဲ့ ရှင် ကျရှုံးသွားနိုင်တယ်”
လင်းဖန်က သတ္တု၈လုံးကို ထုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူ့ဇနီးက သူမ၏ အချိန်တာအိုကို အသုံးပြုကာ ဝမ်ဝေ့ နဝမအဆုံးစွန်အုတ်မြစ်ကို ကျင့်ကြံခဲ့ပုံကို ရှာဖွေပြီး သူ့အတွက် ထူးကဲသည့် ကမ္ဘာများကို ပြန်လည်ဖန်တီးပေးခဲ့သည်။
“အဲဒါဆို ဖြေရှင်းနည်း ရှိလား”
“ကျွန်မတို့တွေ အစွန်းရောက် နည်းလမ်းကို သုံးရလိမ့်မယ်”
ရှုရှစ်က ရှင်းပြလိုက်သည်။
“အရှိန်ကို တတ်နိုင်သမျှအမြန်ဆုံး တိုးမြှင့်ပေးနိုင်တယ်။ ဒါပေမဲ့ ရှင်က သေမျိုးတစ်ယောက်ပဲ ဆိုတော့ ရှင် တောင့်ခံနိုင်မဲ့ ကန့်သတ်ချက် ရှိလိမ့်မယ်။ ကျွန်မရဲ့ ကာကွယ်မှုနဲ့ ဆိုရင်တောင်ပေါ့။ ကောင်းကင်အလိုဆန္ဒကို စုပ်ယူပြီးရင်တော့ ရှင့်ခန္ဓာကိုယ်က ပြဿနာရှိတယ်ဆိုရင်တောင် အဆင်ပြေသွားမှာပါ။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ နဝမအဆုံးစွန်အုတ်မြစ်ကိုတော့ ရရှိဖို့ မျှော်လင့်မထားနဲ့”
“ပြီးပြည့်စုံမှုကို တကယ် ရနိုင်လို့လား”
“သေမျိုးအဆင့်မှာတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ရှင်က ရှင့်အုတ်မြစ်ကို ပြန်လည်တည်ဆောက်နိုင်တယ်။ ဒါပေမဲ့ အဲဒီအပြုအမူက အန္တရာယ်တော့ ကြီးတယ်။ ပြောရမယ်ဆိုရင်တော့ အစစ်အမှန် သေဆုံးသွားနိုင်တယ်”
“ကိုယ်က သေဆုံးမှုကို မကြောက်ဘူး” လင်းဖန်က နည်းလမ်း ရှိလားဟုသာ ဂရုစိုက်သည်။
ရှုရှစ်က သူ့ကို ကြည့်လိုက်၏။
ဟုတ်သားပဲ။ ငါက ဘာလို့ သေခြင်းတရားကို ကြောက်ရွံ့နေပြီးတော့ အုတ်မြစ်ကို ပြန်လည်တည်ဆောက်ဖို့ ဘာလို့ တုံ့ဆိုင်းနေရတာလဲ။ ဒါက သေဆုံးမှုတစ်ခုပဲ မဟုတ်ဘူးလား…
သူ့စကားများကို ကြားကာ သူမက နောက်ဆုံးဝန်လေးမှုကို ဖယ်ရှားနိုင်ခဲ့ပြီး နောင်အနာဂတ်အတွက် အစီအစဉ်ကို ချမှတ်နိုင်ခဲ့သည်။
ဒိုင်မေးရှင်းအမြင့်တွင် ကိစ္စများက မည်မျှပင် ဆိုးရွားနေစေကာမူ တတ်နိုင်သမျှ အားကောင်းဖို့ရာ အကောင်းဆုံး ဖြစ်၏။
ထိုသို့သိထားသော်လည်း ရှုရှစ်က သူမ၏ အုတ်မြစ်ကို ပြန်လည်တည်ဆောက်ရာတွင် မရဏစမ်းသပ်ချက်၌ အသက်ရှင်ဖို့ရာ ပြင်ဆင်မထားပေ။ ဤသို့သော ဖြစ်ရပ်အတွက် စီနီယာတစ်ယောက် ရှိပြီး ပိုမိုအားကောင်းသည့်သူရှိသည်က အကောင်းဆုံး ဖြစ်၏။ နမူနာအနေနှင့် ပြောရလျှင် ဧကရာဇ်ခုံကို သူမ၏ ကာကွယ်သူအနေနှင့် ထားရှိဖို့ ဖြစ်သည်။ ထိုဖြစ်စဉ်အတွက် လိုအပ်သည့် အရင်းအမြစ်များကို ထည့်သွင်းစဉ်းစားကြည့်ပါက ထိုအတွေးက ဖြစ်နိုင်ချေ ရှိသည်။
“အဲလိုဆိုရင် စလိုက်ကြရအောင်” ရှုရှစ်က ကြေညာလိုက်သည်။
…………………………………………………………………………………….
ဓားရေးစံအိမ်
“မင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ။ ဒါပေမဲ့ မင်းရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး သေချာရဲ့လား” ကျန့်ရှားက မေးလိုက်သည်။
“ငါက ဒိုင်မေးရှင်းအမြင့်အကြောင်းကို မသိပေမဲ့ အဲဒီမှာ ဒီထက်စာရင် ကိစ္စတွေက ပိုမိုရှုပ်ထွေးနေမှာကိုတော့ ခန့်မှန်းမိတယ်”
“အခု ကျွန်တော်က တည်ငြိမ်သွားပြီဆိုတော့ အခြေအနေရဲ့ ပြင်းထန်မှုကို သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လက်မလွှတ်ချင်တဲ့ အခွင့်အရေးကောင်း တစ်ခုပဲ” ကျန့်ဝူရွှမ်းက ပြန်ဖြေလိုက်သည်။
“အဲဒါဆိုရင် ကျွန်တော် တက်လှမ်းပြီးတဲ့နောက်မှာ ကိစ္စတွေက ဘယ်လိုအခြေအနေလဲဆိုတာကို ကြည့်ရတာပေါ့”
ကြမ္မာအတွက် တိုက်ခိုက်ရမည် ဖြစ်သော်လည်း ကြမ္မာကို ထမ်းဆောင်ဖို့ရာလည်း လိုအပ်ပေသည်။ ကျန့်ဝူရွှမ်းက သူ တစ်ယောက်တည်းဖြင့် အကြွင်းမဲ့ဓားရေးလမ်းစဉ်၏ ကြမ္မာကို မသယ်ပိုးနိုင်ကြောင်း သိထားသည်။ သို့သော်လည်း သူ့တွင် ဒိုင်မေးရှင်းအမြင့်ရှိ ဓားရေးစံအိမ်၏ ထောက်ပံ့မှုကို ရရှိပါက ကွဲပြားသည့်ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။
“မင်း နားလည်ရင် ပြီးတာပါပဲ” ကျန့်ရှားက ပြောလိုက်၏။
………………………………………
ခန္ဓာတာအိုချိုင့်ဝှမ်း
“ခင်ဗျား ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သေချာရဲ့လား”
“အင်း”
“ဘိုးဘေးရဲ့ စစ်ဆေးမှုကို ဘယ်သူကမှ အောင်အောင်မြင်မြင် မဖြတ်ကျော်ဖူးဘူး။ ခင်ဗျား ကျရှုံးသွားရင် သေခြင်းတရားကပဲ စောင့်ကြိုနေလိမ့်မယ်”
“ငါ အဆင်သင့်ဖြစ်ပြီ” ယင်ကန်းက ပြောလိုက်သည်။ အကယ်၍ သူ့အပေါ်သာ မှီခိုနေပါက စစ်ဆေးမှုကို ကျော်ဖြတ်ပြီးသည်မှာ ကြာမြင့်လှပြီဖြစ်၏။
ကံဆိုးစွာဖြင့် သူက ဤမျိုးဆက်အတွင်း အာဏာ မရှိသလောက် နည်းပါးသည့် ယခင်မျိုးဆက်ဟောင်းမှ ဖြစ်နေသည်။ အကယ်၍ လတ်တလော ဖြစ်ရပ်များနှင့် ဘိုးဘေးတစ်ယောက်၏ ထောက်ပံ့မှုကြောင့်သာမဟုတ်လျှင် ထိုသူများက သူ့အတွက် စစ်ဆေးမှု ဖွင့်ဟပေးဖို့ သဘောတူညီမည် မဟုတ်ပေ။
စစ်ဆေးမှုတွင် အဆင့်များစွာ ရှိလေသည်။ မည်သူကမှ မပြီးမြောက်နိုင်ကြသော်လည်း အောင်မြင်သွားသည့်သူက အကျိုးအမြတ်များစွာ ရှိလိမ့်မည်။ လူများစွာက သူ့ပါရမီဖြင့် ထိုစစ်ဆေးမှုအားလုံးကို ပထမဆုံး အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မည့်သူ ဖြစ်ကြောင်း ယုံကြည်ထားကြသည်။ တချို့ကမူ သူ အောင်မြင်သည်ကို မတွေ့မြင်လိုကြပေ။
“ခင်ဗျား သဘောအတိုင်းပဲ”