အားလုံး၏ အတွေးနှင့် တုံ့ပြန်မှုများ အပိုင်း(၂)
Vol. 72 Ch. 999
ယန်ကောဝေက သူ့မျိုးနွယ်သူ ပြန်ရောက်လာပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအမြင့်ဆီ ထွက်သွားမည့်အကြောင်းကို အမှန်အတိုင်း မပြောခဲ့ပေ။ သူက သူ့အနာဂတ်ကို မသေချာသေးသည့်အတွက် သူ့မျိုးနွယ်အား မျှော်လင့်ချက်အတုအယောင် မပေးလိုပေ။ ထို့ကြောင့် သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အသေးစားအကြောင်း ပြောပြခဲ့ပြီး ကောင်းကင်ဧကရာဇ်အတွက် လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်ရမည်ဟုသာ ပြောဆိုခဲ့သည်။
ထို့နောက် သူက တိုက်ပွဲအတွက် ပြင်ဆင်လိုက်၏။ ယခင်တိုက်ပွဲအတွင်း သူ ဘာလုပ်နိုင်သည်ကို ပြသဖို့ရာအတွက် အခွင့်အရေးပင် မရခဲ့ပေ။ သစ္စာဖောက်များဖြင့် ကြာရှည်စွာ ပတ်သက်ပြီးသည့်နောက် ယခုတိုက်ပွဲကား လူများ၏ အမြင်ကို ပြောင်းလဲနိုင်ဖို့ရာ မျှော်လင့်နေမိ၏။
ယန်ကောဝေနှင့် တူညီသည့် တုံ့ပြန်မှုမျိုး ရှိသည့်သူက ကျင်းဝူဟွား ဖြစ်သည်။ သူမက မျိုးနွယ်သို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ထိုအပေးအယူကိစ္စနှင့် ပတ်သက်ပြီး ဘာမှမပြောခဲ့ပေ။ ဧကရာဇ်အရိုး ကိစ္စအပြီးတွင် သူမက ထိုသူများကို ဘယ်သောအခါမှ အမှန်တကယ် မယုံနိုင်တော့ပေ။
ထို့ကြောင့် သူမက တိုက်ပွဲအကြောင်း ပြောပြပြီး အကြောင်းပြချက်တချို့ကို အသုံးပြုခဲ့သည်။ ထိုစဉ် ကျင်းဝူဟွားက သူမ တက်လှမ်းဖို့အတွက် ပြင်ဆင်ဖို့ရာ အာရုံစိုက်ထားလေ၏။ နောက်ဆုံးတွင် သူမအဖေကို တွေ့ရတော့မည် ဖြစ်ကာ သူ့ကို ကူညီဖို့ အခွင့်အရေးပင် ရလာနိုင်သည်။ ထို့ကြောင့် သူမ၏ လုပ်ဆောင်ချက်များက ယခင်တိုက်ပွဲလိုမျိုး ဆိုးရွားနေ၍ မဖြစ်ပေ။
ငါ တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ်တစ်ယောက်ဖြစ်လာရမယ်…
ဒီနည်းနဲ့သာ အဖေ ဂုဏ်ယူအောင် လုပ်ပေးနိုင်ပြီးတော့ သူ့ကို ကူညီပေးနိုင်လိမ့်မယ်…
ကျင်းဝူဟွားက အခိုင်အမာ တွေးလိုက်သည်။
………………………………………………………….
မဟာယဲ့တိုင်းပြည်
ရှောင်စုန့်ရှီက သူ့မိသားစုနှင့် ပြန်လည်ဆုံစည်းသွား၏။ သူက သူ့အမေ၏ ဆံပင်ဖြူဖြူနှင့် သူ့ညီမဖြစ်သူ၏ ပိန်ပါးနေသည့် ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ သူက သူတို့ကို ပြုံးကာ ဖက်ပြီး ဟာသများ နှောကာ စနောက်ခဲ့၏။ သို့သော်လည်း မည်သူကမှ သူ ဖုံးကွယ်ထားသည့် တုန်ယင်နေသော သူ့ခန္ဓာကိုယ်ကို မမြင်ခဲ့ကြပေ။
ထိုနေ့တွင် နန်းတော်အစေခံ မိန်းမပျိုများ၏ စကားအရ ရှောင်စုန့်ရှီသည် သူ့အမေမယ်တော်ကြီးက ရာစုနှစ်အတွင်း အကောင်းဆုံး အိပ်စက်မှု ရခဲ့ကြောင်း သိခဲ့ရ၏။ ထိုစဉ် မင်းသမီးလေးက စိတ်တည်ငြိမ်အောင် ဆေးလုံးများ သောက်စရာ မလိုတော့ဘဲ ကျင့်ကြံနိုင်သွားသည်။
ရှောင်စုန့်ရှီက သူ့ကျင့်ကြံရေးအခန်းအတွင်း လျှောက်လှမ်းလာ၏။ သူ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် မဟာယဲ့တိုင်းပြည်က ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ အကယ်၍ ကောင်းကင်ခုံရုံး မြင့်တက်လာမှုနှင့် ငြိမ်းချမ်းရေးအသစ် ဖော်ဆောင်လာမှုကြောင့်သာ မဟုတ်လျှင် သူတို့က အသက်ရှင်ကျန်မည် မဟုတ်ပေ။
ဤသို့သော အခြေအနေမျိုးအောက်တွင် သူက သူ့အမတ်များကို ခေါ်ကာ ပြဿနာများစွာကို ဖြေရှင်းသင့်သည်။ သို့သော် သူက ဂရုမစိုက်ပေ။ တစ်ယောက်တည်း ဖြစ်ပြီးသည့်နောက်တွင် ရှောင်စုန့်ရှီက သူ့ဒေါသကို ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ အခန်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့၏။ ကံကောင်းစွာဖြင့် သူက သူ့စွမ်းအား သို့မဟုတ် အသံပေါက်ကြားသွားခြင်းကို တားဆီးဖို့ အစီအရင်များ ခင်းကျင်းထားခဲ့သည်။
“ပိုင်ရှယ်မျိုးနွယ် စောင့်နေလိုက်။ မင်းတို့ကို ဒီကမ္ဘာကနေ သုတ်သင်ပစ်မယ်” သူက အံကြိတ်ကာ ရေရွတ်လိုက်၏။ ထိုအဖြစ်အပျက်အပြီးတွင် ထိုသူများက သူ့ကို သူတို့၏ ကိုယ်ပိုင်မျိုးနွယ်ဝင်တစ်ယောက်အဖြစ် မသတ်မှတ်ခဲ့ကြောင်း သဘောပေါက်သွားခဲ့၏။ သူ့သွေးမျိုးဆက်က သူတို့ထဲက ၉၉ ရာခိုင်နှုန်းထက်ပင် ပို၍ သန့်စင်နေသေးသည်။
သူ ရှုံးနိမ့်မှုအပြီးတွင် သူက သူတို့၏ ခေါင်းဆောင်ဖြစ်ခဲ့သည်က အရေးမကြီးတော့ပေ။ သူက သူတို့ထံ အကျိုးအမြတ် မပေးနိုင်တော့သည့်အတွက် အသုံးမဝင် ဖြစ်သွားရသည်။
“အကြောင်းသိခဲ့ရတာပေါ့” သူက လှောင်ပြောင်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ကိစ္စမရှိဘူး။ ဒီအခွင့်အရေးပြီးရင် ခင်ဗျားတို့အားလုံး ပြန်လည်ပေးဆပ်စေရမယ်”
သူက မျက်လုံးမှိတ်ကာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်လိုက်သည်။ သူ့တွင် အချိန်များစွာ မရှိသည့်အတွက် စိတ်လွတ်လက်လွတ် ဒေါသဖြစ်နေခြင်းက အသုံးမဝင်ပေ။
…………………………………………………….
ဓာတ်ငါးပါးမျှခြေညီ နန်းဆောင်
“ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သေချာရဲ့လား” သန့်စင်(၁)က မေးလိုက်သည်။ ထိုသူက နန်းဆောင်အတွင်း အားအကောင်းဆုံးဆန့်ကျင် ကျင့်ကြံသူထဲမှ တစ်ယောက် ဖြစ်၏။ သူက အစိမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင်းမြီးတုတ်ကို ကိုင်ထားကာ သူ့မုတ်ဆိတ်ရှည်ကြီးကို သပ်နေလေသည်။
“ဟုတ်တယ်။ သူမက ကျွန်မရဲ့ စိတ်ကို အရမ်းကြီးကို လွှမ်းမိုးလွန်းတယ်။ သူမကို မြန်မြန် ဖယ်ရှားနိုင်လေလေ ကျွန်မ ပိုပြီးတော့ စိတ်အေးသွားရလေလေပဲ”
“အဲဒါဆိုလည်း ကောင်းပြီလေ”
“ကျွန်မတို့က ကောင်းကင်ဧကရာဇ် ရာထူးကို မယူနိုင်တာကိုတော့ စိတ်မကောင်းပါဘူး” ကျန်းပိယုက ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ သဘာဝအတိုင်းပဲပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ထဲက တစ်ယောက်ကတော့ ဖြည်းဖြည်းချင်း အောင်မြင်သွားမှာပါ” သန့်စင်(၁)က ပြန်ဖြေလိုက်သည်။
“ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“သွားပြီး ပြင်ဆင်တော့။ လိုအပ်တာရှိရင် လာပြောလှည့်”
ကျန်းပိယုက ရောက်ရှိလာမည့်ဖြစ်ရပ်အတွက် သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့သည်။ သူမ ထွက်သွားပြီးနောက် ချက်ချင်းဆိုသလို သန့်စင်(၁)၏ နောက်တွင် နောက်ထပ်တာအိုသူတော်စင် တချို့ ပေါ်ထွက်လာသည်။
“သူမက ယုံရတယ်ဆိုတာ သေချာရဲ့လား” တစ်ယောက်က မေးလိုက်သည်။
“ငါတို့အားလုံး စစ်ဆေးကြည့်ပြီးသွားပြီ။ ပြဿနာ မရှိဘူး”
“အဲ့လိုဆိုရင်တောင်”
“ငါတို့က သူမကို ယုံကြည်ဖို့ ရွေးချယ်ထားမှတော့ တုံ့ဆိုင်းနေဖို့ အကျိုးမရှိဘူး” ကြယ်တာရာ(၁)က ဝင်ပြောလိုက်သည်။
“ပြီးတော့ သူမ အောင်မြင်သွားရင် ငါတို့တွေက အလယ်ပိုင်းကုန်းမြေကို ပြန်သွားနိုင်လိမ့်မယ်”
အားလုံး၏ အကြည့်များက တောက်ပလာလေ၏။ သူတို့၏ ၇ယောက်မြောက် ဧကရာဇ်နှင့် ထာဝရဧကရာဇ် တစ်ယောက် ရှိခြင်းဖြင့် ထိုက်ယီနက်နဲမုခ်၏ ဖိအားကို လျစ်လျူရှုကာ အလယ်ပိုင်းကုန်းမြေသို့ ပြန်သွားပြီး တာအိုဘာသာ၏ ဦးဆောင်သူ ရာထူးကို တိုက်ခိုက်နိုင်လိမ့်မည်။ သူတို့၏ အင်အားစုက ထိုအခိုက်အတန့်အတွက် စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
“ငါတို့တွေ ပိုပြီးတော့ သတိထားသင့်တယ်လို့တော့ ထင်တယ်” ယခင် ဆန့်ကျင်ကျင့်ကြံသူက သတိပေးလိုက်သည်။
“သူမရဲ့ အဓိကစရိုက်က အရမ်းဉာဏ်ကောင်းတယ်” သန့်စင်(၁)က ထပ်ပြောလိုက်သည်။
“တကယ်လို့ ဒိုင်မေးရှင်းအမြင့်က သတင်းတွေကသာ မှန်နေမယ်ဆိုရင် သူမက အားကောင်းတဲ့ နောက်ခံရှိဖို့ လိုတာကို ငါတို့ထက် ပိုပြီးတော့ နားလည်မှာပဲ။ သူမက ဒီလိုမျိုး အပြောင်းအလဲများတဲ့ ခေတ်ကာလမှာ လေလွင့်ကျင့်ကြံသူ မဖြစ်လာချင်သရွေ့ အပိုကိစ္စတွေကို စိုးရိမ်နေဖို့ မလိုဘူး”
“သူမရဲ့ သစ္စာရှိမှုအတွက် ဒီလိုအရာမျိုးကို မှီခိုတာ တကယ်ကောင်းပါ့မလား”
“ဘာလို့ မကောင်းရမှာလဲ။ ဒီလောကမှာ အကျိုးအမြတ် မျှဝေတာအပေါ် မူတည်ထားတာထက် အားကောင်းတဲ့ ဆက်နွယ်မှုဆိုတာ မရှိဘူး။”
…………………………………………..
မူလဆေးလုံး တာအိုဂိုဏ်း
ယဲ့လောင်က နားထင်ပွတ်ရင်း အကြီးအကဲအားလုံးကို ပြန်လွှတ်လိုက်သည်။ ထိုပြပွဲအပြီးတွင် သူက တစ်ခါမှ အနားမယူရသေးပေ။ သူ့ဂိုဏ်းနှင့် ဆေးဝါးမဟာမိတ်မှ ဆေးဝါးပညာရှင်များစွာက ဆေးပြင်းမီးဖိုအသစ်အကြောင်း လာရောက်ညည်းတွားနေကြသည်။
အားလုံးက ပြဿနာတစ်ခုရှိကြပြီး သူတို့၏ အဆင့်အတန်းနှင့် အာဏာက လျှော့ချခံမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ သူက သူတို့အား ထိုကိစ္စသည် ဆေးပြင်းမီးဖိုအနေဖြင့် ထူးကဲသည့် ဆေးလုံးဖော်စပ်နည်းကို မရနိုင်သရွေ့ လွှမ်းမိုးသွားမည် မဟုတ်ကြောင်း ဖျောင်းဖျဖို့ ကြိုးစားခဲ့၏။
သူက သူတို့အား အချိန်နှင့် အလိုက် ပြောင်းလဲပြီး နေသားကျဖို့ရာ ပြောခဲ့ပြီး ထုတ်လုပ်ရေးအစား ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ထားသင့်သည်။ သို့သော်လည်း ထိုဆေးဝါးပညာရှင်များက ထိုဆေးပြင်းမီးဖို၏ ပျက်သုဉ်းမှု သို့မဟုတ် ပျက်စီးသွားမှုကိုသာ လိုချင်နေကြသည်။ သို့သော် ယဲ့လောင်က ဘာတတ်နိုင်မည်နည်း။ သူက ကောင်းကင်ဧကရာဇ်ဆီ သွားကာ ထိုသူကို ထိုအရာလုပ်ဖို့ တောင်းဆိုရမည်လား။
ဤအခြေအနေနှင့် ပတ်သက်ပြီး အဆိုးဆုံးအနေအထားက သူ့ဂိုဏ်းမှ လူတချို့က ထိုဖြစ်ရပ်ကြောင့် တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မဟာမိတ်ကို အဆုံးသတ်ဖို့ တောင်းဆိုနေကြခြင်း ဖြစ်သည်။
ယဲ့လောင်က သူ့ဘဝတွင် ဤမျှ ဒေါသမထွက်ခဲ့ဖူးဘဲ ထိုသူအားလုံးကို ကြာပွတ်နှင့်သာ ရိုက်ပစ်ချင်တော့သည်။
ဒီလူတွေအားလုံးက အခြေအနေကို မမြင်နိုင်ဘူးလား…
ကောင်းကင်ဧကရာဇ်နဲ့ ပတ်သက်နေတဲ့သူကပဲ စည်ပင်ကြွယ်ဝလာလိမ့်မယ်။ သူ့လမ်းမှာ ပိတ်ဆို့နေတဲ့သူတွေအတွက်ကတော့ ဆိုးရွားတဲ့ ကံကြမ္မာနဲ့ပဲ တွေ့ကြုံရလိမ့်မယ်…
“ငါက ဒီအတွက် အရမ်းကို အသက်ကြီးလွန်းနေပြီ” ယဲ့လောင်က ညည်းတွားလိုက်သည်။
“ငါ အနားယူသင့်ပြီ”
သူကအသက်ပြင်းပြင်းရှူကာ တခြားတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူ့မျက်ဝန်းအထက် ဝမ်းနည်းမှု၊ နှမြောတသဖြစ်မှုနှင့် မျှော်လင့်ချက်တို့ ကိန်းအောင်းနေသည်။
သူက ခေါင်းအသာယမ်းကာ သူ့ရှေ့တွင် ရှိနေသည့် အဆောင်စာရွက်ရာချီထဲမှ တစ်ခုမှ သတင်းအချက်အလက်များကို အာရုံစိုက်လိုက်၏။
ယဲ့လောင်က ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်သည်။
“နောက်ထပ် သတင်းဆိုးတစ်ခုပဲ” သူက ရေရွတ်လိုက်သည်။ ဖူချိုက်ယွင်က သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားပြီး ကမ္ဘာတွင် ဒုတိယမြောက် အင်မော်တယ်သင်္ကေတများကို ကျွမ်းကျင်ပြီး အင်မော်တယ်ဆေးလုံး ဖော်စပ်နိုင်မည့်သူ ဖြစ်လာဖို့ရာ ကျိန်ဆိုခဲ့သည်။ ယဲ့လောင်အနေဖြင့် ထိုသူသာ အောင်မြင်သွားပါက အကျိုးဆက်ကို သိထားလေ၏။
သူ အားများစွာ စိုက်ထုတ်ပြီး ရယူခဲ့ရသည့်အာဏာက သိသိသာသာ အားပျော့သွားလိမ့်မည်။ တခြားနည်းဖြင့် ပြောရလျှင် ဖူချိုက်ယွင်က ပြန်လည်အားကောင်းလာလိမ့်မည်။
သူ့ရဲ့ ပါရမီနဲ့ဆိုရင် အောင်မြင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး…
ယဲ့လောင်က တွေးလိုက်မိပြီး မီးပူပူ ဖင်ခုထိုင်ထားရသလို ခံစားနေရ၏။ နှမြောစရာကောင်းလှသည်က သူ့ဆေးဝါးပါရမီသည် ဖူချိုက်ယွင်နှင့် မယှဉ်နိုင်ဘဲ ဂိုဏ်းရေးကိစ္စများကို ဖြေရှင်းရင်းဖြင့်သာ အချိန်ကုန်ဆုံးနေရသည်။
“ချန်းအာသာ…”
သူက တစ်နေရာကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်၏။ သူက သူ့ကိစ္စကို အာရုံစိုက်ထားပြီး မည်သို့ လှုပ်ရှားရမည်ကို စဉ်းစားလိုက်သည်။ သူ့ပထမဆုံး အသိစိတ်က ဖူချိုက်ယွင်၏ သီးသန့်ကျင့်ကြံမှုကို ဝင်ရောက်စွက်ဖက်ဖို့ ဖြစ်သော်လည်း ထိုအရာက အဆိုးရွားဆုံး နည်းလမ်းဖြစ်ကြောင်း သိလေသည်။
ထိုသူက ဘိုးဘေးများကြားတွင် ထောက်ခံမှု အမြောက်အများရှိပြီး သူ့အပြုအမူက ပြင်းထန်သည့် အကျိုးဆက် ဖြစ်ပေါ်လာနိုင်၏။ ထို့အပြင် ဖူချိုက်ယွင်က သီးသန့်ကျင့်ကြံဖို့ရာအတွက် အိပ်မက်လောကကို အသုံးပြုနေလောက်သည်။
ငါ သူ့ရဲ့ ထောက်ပံ့ကြေးကို ဖြတ်တောက်လိုက်ရမလား…
အင်မော်တယ် ဆေးလုံးသရုပ်ဖော်လှုံ့ဆော်မှုက အိပ်မက်ဒင်္ဂါးပြား အမြောက်အများ လိုအပ်လေသည်။ ဖူချိုက်ယွင် တစ်ယောက်တည်းဖြင့် ထိုအရင်းအမြစ်များကို ပေးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် ယဲ့လောင်က ထိုနည်းဗျူဟာသည် မေးခွန်းထုတ်စရာ မဟုတ်ကြောင်း ဆုံးဖြတ်လိုက်၏။
ဖူချိုက်ယွင်က ကမ္ဘာပေါ်တွင် အကောင်းဆုံးဧကရာဇ် တစ်ပိုင်းအဆင့် ဆေးဝါးပညာရှင်ထဲမှ တစ်ယောက်ဖြစ်သည့်အတွက် သူ စုဆောင်းထားသည့် ချမ်းသာကြွယ်ဝမှု၊ ဘိုးဘေးတချို့၏ ထောက်ခံမှု၊ တခြားသူများအတွက် ဆေးလုံးဖော်စပ်ခြင်းတို့ဖြင့် အိပ်မက်ဒင်္ဂါးပြားများကို စုဆောင်းဖို့ရာအတွက် ပြဿနာ မဟုတ်ပေ။
ပို၍အရေးကြီးသည်က သူသည် ဂိုဏ်းအတွင်း ဖြစ်ပျက်လာမည့် အတွင်းရေးပဋိပက္ခများကြောင့် သူတို့၏ ဂုဏ်သတင်းနှင့် ချီကံကောင်းမှုအပေါ် သက်ရောက်မှု မရှိစေလိုပေ။
ဒီအခြေအနေအတွက် အကောင်းဆုံးအနေအထားက ဖူချိုက်ယွင် မတိုင်ခင် ဆေးလုံးကို ဖော်စပ်နိုင်မဲ့သူရှိဖို့ပဲ…
ဤအခြေအနေနှင့် ကိုက်ညီနေသည့် တစ်ဦးတည်းသောသူက သူ့တပည့် လော့ချန်သာ ဖြစ်၏။
ဒါပေမဲ့ သူက …
ယဲ့လောင်က အတွေးနက်နေမိသည်။
ငါ သူ့ကို သွားပြောသင့်တယ်…
သူက အလုပ်ကို အာရုံစိုက်ထားလိုက်၏။ ကံကောင်းစွာဖြင့် သတင်းအားလုံးက ဆိုးရွားနေခြင်း မဟုတ်ပေ။ ဟို့ရှုနှင့် အနှစ်သာရ ဆေးဝါးမြင့်တက်လာမှုက သူတို့ဂိုဏ်းထံ အကျိုးအမြတ်မြောက်များစွာ ယူဆောင်လာပြီး သူတို့က မှန်မှန်ကန်ကန် ကစားနိုင်ပါက ဆက်လက်ကြွယ်ဝလာလိမ့်မည်။
ထို့ကြောင့် သူက သူမထံ အရင်းအမြစ်များစွာ ချပေးဖို့ တုံ့ဆိုင်းမနေဘဲ ဂိုဏ်း၏ ဧကရာဇ်ကျမ်းများ၊ လျှို့ဝှက်ဆေးဖော်စပ်နည်းများ၊ လျှို့ဝှက်စစ်ဆေးမှုနှင့် အားကောင်းသည့် ဆေးဝါးပညာရှင်များမှ သင်ခန်းစာများပင် အပါအဝင် ပေးအပ်ခဲ့သည်။
သူက ဂိုဏ်းရေးကိစ္စများကို ဖြေရှင်းပြီးသည်နှင့် သူ့တပည့်နှင့် စကားပြောနိုင်မလား သိဖို့ရာ သူ့တပည့်၏ တောင်ဆီ သွားခဲ့၏။