စမ်းသပ်ချက်
Vol. 72 Ch. 1000
ယဲ့လောင်က ခပ်မှောင်မှောင်အခန်းအတွင်း ဝင်ရောက်လာသည်။ သူက သူ့တပည့်ဖြစ်သူ လန်လင်းက အခန်းတစ်ခု၏ အဝင်ဝတွင် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။
“သူ ဘယ်လိုနေလဲ” သူက ခြေလှမ်း ခပ်သုတ်သုတ် လျှောက်ကာ သွားလိုက်သည်။
“သူ ပိုပြီးတော့ ဆိုးရွားလာတယ်” သူမက စိုးရိမ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“သူက ဒီလိုဖြစ်နေတာ တစ်ပတ် ကျော်နေပြီ။ ကျွန်မကို တွေ့ဖို့ ငြင်းဆန်နေတုန်းပဲ”
ယဲ့လောင်က ကောင်းကင်ဧကရာဇ် တာအိုကို သက်သေပြပြီးကတည်းက သူ့တပည့်ဖြစ်သူ၏ စိတ်ဓာတ်ကျမှုကို သတိထားမိခဲ့သည်။ ထိုနေ့ကတည်းက သူသည် တစ်ယောက်တည်း ပိုဖြစ်လာကာ ဂိုဏ်း၏ ကိစ္စများကို ဂရုမစိုက်တော့ဘဲ ဆေးလုံးဖော်စပ်ရေးကိုသာ အာရုံစိုက်ထားခဲ့၏။
ပထမဦးစွာ ယဲ့လောင်က ထိုအပြုအမူနှင့်ပတ်သက်ပြီး များများစားစား အာရုံမစိုက်ခဲ့ပေ။ သူက လော့ချန်၏ ရည်ရွယ်ချက်ကို သိထားလေ၏။ သူက ထိုဆေးလုံးကို ဖော်စပ်မှုအပေါ် ရာနှုန်းပြည့် အာရုံစိုက်ထားသည်က ကိစ္စဆိုး မဟုတ်ပေ။
သို့သော်လည်း အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ထိုသူက အပြင်ဘက်မှ သတင်းစကားများကို လက်ခံရရှိစဉ်အချိန်တိုင်း အခြေအနေ မျက်စိနှင့် မြင်ရလောက်အောင် ပိုမိုဆိုးရွားလာခဲ့သည်။
ထို့နောက် သူက ယန်းလီလင်း၏ အင်မော်တယ်သင်္ကေတ စနစ်ဖန်တီးမှုအကြောင်းကို ကြားပြီးသည့်နောက်တွင် အခြေအနေက ပိုမိုဆိုးရွားသွားခဲ့၏။
“သူ့ကို ဒီသတင်းပြောတာ သိပ်တော့ မကောင်းဘူးပဲ” ယဲ့လောင်က နှမြောတသဖြစ်စွာ သက်ပြင်းချလိုက်သည်။ သူက လော့ချန်သည် ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထိလွယ်ရှလွယ် ဖြစ်ကြောင်း သတိထားမိကြသည်။ ထို့ကြောင့် နောက်ဆုံးသတင်းများကို ပြောပြရမည်လား တုံ့ဆိုင်းနေကြ၏။
သို့သော်လည်း ယဲ့လောင်က ဖူချိုက်ယွင်၏ ကိစ္စကို စိုးရိမ်နေပြီး သူ့တပည့်အား ပါရမီပြသကာ ထိုသူ၏ အာဏာလွှမ်းမိုးမှုကို ဖိနှိပ်ထားစေလိုသည်။ နှမြောစရာကောင်းလှသည်က သူ့ရည်မှန်းချက်သည် သူ့တပည့်၏ အခြေအနေထက် လွန်ကဲနေသည်။
ယဲ့လောင်က သက်ပြင်းချကာ အခန်းအတွင်း လျှောက်လှမ်းသွားလိုက်၏။ သူက လော့ချန်၏ အခြေအနေကို မြင်သည့်အခါ ဘယ်လိုပြောပြရမှန်းပင် မသိတော့ပေ။
လူငယ်လေးက အင်မတန် ပိန်ပါးနေပြီး ဆံပင်များရှုပ်ပွနေကာ လောင်ကျွမ်းထားသည့် အဝတ်များကို ဝတ်ဆင်ထားသည်။
သူ့မျက်ဝန်းက သွေးဆာနေလျက်ရှိပြီး ဆံပင်အဖြူများ ရှိနေသည့် သူ့ဆံပင်ကို သူ ဆောင့်ဆွဲနေလေသည်။ ယဲ့လောင်က ကျင့်ကြံသူ၏ သွင်ပြင်သည် သူတို့၏ စိတ်အခြေအနေနှင့် သက်ဆိုင်နေကြောင်း နားလည်ထား၏။ တချို့သူများက နှစ်သန်းချီ သက်တမ်း ကျန်ရှိသော်လည်း ဆိုးဆိုးရွားရွားဖြစ်ရပ်အပြီးတွင် သက်တမ်း ကြီးရင့်သွားတတ်ကြသည်။
သိပ်မကောင်းဘူး။ သူ့ရဲ့ တာအိုနှလုံးသားက ပြိုလဲလုနီးပါး ဖြစ်နေပြီ။ သူက ရူးသွပ်တော့မယ်…
ယဲ့လောင်က အပြေးအလွား ဝင်သွားလိုက်သည်။ သူက လော့ချန်၏ ပါးစပ်အတွင်း ဆေးလုံးတချို့ ထည့်ပေးလိုက်သော်လည်း ထိုသူက စကားကိုသာ ဆက်တိုက်ရွတ်ဆိုနေသည်။
“ဘာလို့ ငါလဲ” သူက ကျိုးပျက်လုနီးပါး ဖြစ်နေ၏။
ယဲ့လောင်က သူ့ဂုဏ်အယူရဆုံး တပည့်ကို ကြည့်ကာ ထိုသူက မည်မျှ မတုံ့ပြန်ကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် နှလုံးသား နာကျင်လာမိသည်။ သူက လော့ချန်ကို လှုပ်ကာ ထိုလူငယ်လေး အသိပြန်ဝင်လာဖို့ မျှော်လင့်နေ၏။ သို့သော် သူ့အားစိုက်ထုတ်မှုက အသုံးမဝင်ခဲ့ပေ။
“ဒါတွေအားလုံးက ငါ့အမှားပဲ” ယဲ့လောင်က ရေရွတ်လိုက်သည်။ သူ့ရည်ရွယ်ချက်နှင့် အာဏာတပ်မက်မှုတို့က သူ့တပည့်ကို အဆုံးစွန်ထိ တွန်းပို့ခဲ့သည်။
“ဆရာရဲ့ အပြစ် မဟုတ်ပါဘူး”
ယဲ့လောင်က သူ့တပည့်လန်လင်းအား လှည့်ကြည့်လိုက်သည်။ ထိုသူက မျက်ရည်များ စီးကျလျက် ငိုကြွေးနေလေ၏။
သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူမက ဤအခြေအနေတွင်ပင် သူမထက် သူကို ဦးစားပေးစဉ်းစားနေသည့်အတွက် မည်မျှကြင်နာကြောင်း သိသာလေသည်။
ယဲ့လောင်က လော့ချန်အား အိပ်ဆေးတချို့ကို ကျွေးပြီး လန်လင်းကို ခေါ်ကာ အခန်းအတွင်းမှ ထွက်လာလိုက်သည်။
“ဆရာ ကျွန်မတို့ ဘာလုပ်ရမလဲ”
“ငါလည်း မသိဘူး” ယဲ့လောင်က လိမ်ညာကာ ပြောလိုက်သည်။ ဤအခြေအနေတွင် သူ့တပည့်ကို ကူညီပေးနိုင်သည့်သူ တစ်ဦးတည်းသာ ရှိပြီး ထိုသူက သူ့ကျရှုံးမှုကို ဖြစ်စေသည့် အကြောင်းအရင်းလည်း ဖြစ်နေသည်။ သို့သော်လည်း သူ့တည်ရှိမှုက အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည့် အနေအထားပင် ရှိနေလေ၏။
“ဆရာ တကယ်လို့ နည်းလမ်းရှိရင် တုံ့ဆိုင်းမနေပါနဲ့”
ယဲ့လောင်က သူမကို ကြည့်လိုက်၏။ သူမက အမြဲလိုလို တိတ်ဆိတ်နေတတ်သော်လည်း သူ့တပည့်များအနက် အတော်ဆုံးဖြစ်ကာ သူမ၏ အကျင့်စရိုက်က ထိုထူးကဲမှုကို ဖုံးကွယ်ထားခြင်းသာ ဖြစ်၏။
“လန်းအာ ကိစ္စတွေက ဒီလိုမရိုးရှင်းဘူးဆိုတာကို သိသင့်တယ်”
လန်လင်းက ထိုစကားကိုကြားက ငိုရှိုက်လိုက်သည်။ ယဲ့လောင်က သူမကို ဖျောင်းဖျပေးခဲ့၏။
“ကျွန်မ သူ့ကို စောင့်ကြည့်ထားသင့်တာ” သူမက ရေရွတ်လိုက်သည်။
“မလိုပါဘူး”
………………………………
ကမ္ဘာဦးဟွင်သွမ်း၊ ကမ္ဘာဦးနတ်ဘုရားကမ္ဘာ
မီးတောက်သဏ္ဌာန် ပန်းထိုးထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးက ခရမ်းရောင်မျက်ဝန်းများကို ဖွင့်လှစ်လာသည်။ သူ့အပြုအမူက သာမန်ဟွင်သွမ်းကမ္ဘာတစ်ခုလုံး၏ အပူချိန်ကို အနည်းငယ် မြင့်တက်သွားစေ၏။
ထိုကမ္ဘာရှိသက်ရှိများက ထိုအမျိုးသားသည် အကြောင်းအရင်းတချို့ကြောင့် နိုးထလာကြောင်း ချက်ချင်းသိလိုက်ကြသည်။ ထိုအတွေးက သူတို့ကို ထိတ်လန့်သွားစေ၏။
သူတို့က တစ်စုံတစ်ယောက်သည် သူနှင့် ရင်ဆိုင်ဖို့ရာ မတုံးအဖို့ ဆုတောင်းနေကြသည်။
“တစ်ခုခုဖြစ်သွားတာလား” မီးတောက်ဧကရာဇ်က ရေရွတ်လိုက်သည်။ သူ့အလိုလိုသိစိတ်က သူ့အစီအစဉ်နှင့် အောင်မြင်မှုအပေါ် ဟန့်တားသည့် တစ်စုံတစ်ခု ဖြစ်ပျက်သွားကြောင်း ညွှန်ပြနေသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့မျက်ဝန်းအထက် ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည့် မီးခိုးရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
“ဟမ်” မီးတောက်ဧကရာဇ်က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားကာ ရေရွတ်လိုက်သည်။
အိမ်ကို ပြန်ရမဲ့အန္တရာယ်က သိသိသာသာ လျော့ကျသွားပြီ။ အဲဒီနှစ်ယောက်က တစ်ခုခုများ ဖြစ်သွားလို့လား…
သူက အိမ်ကို မပြန်ရဲသည်မှာ သူအမြဲတမ်းလိုလို ခံစားခဲ့ရသည့် အန္တရာယ်ကြောင့် ဖြစ်၏။ သို့သော် ယခုတွင် သူ့တွက်ချက်မှုများက သူသာ သိုသိုသိပ်သိပ်နေသရွေ့ ပြဿနာရှိမည် မဟုတ်ကြောင်း ပြောပြနေသည်။
အိမ်သို့ ပြန်မည့်အတွေးက မီးတောက်ဧကရာဇ်ကို ယာယီ စိတ်လှုပ်ရှားသွားစေသည်။ သို့သော် သူက စက္ကန့်ပိုင်းကြာပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်၏။
ဖရိုဖရဲဖြစ်နေတဲ့ နေရာကို ခုန်ဆင်းလို့ အကျိုးမရှိဘူး။ ငါ့မှာ လျှောက်လှမ်းရမဲ့ လမ်းစဉ်ရှိပြီးသား။ ဒါပေမဲ့ လော့ချန်ကို ဆက်သွယ်ဖို့ လိုအပ်နေတဲ့ပုံပဲ…
သူက သူ့အပြုအမူ၏ အန္တရာယ်ကြီးမှုကို သတိထားမိသည်။ ဒိုင်မေးရှင်းအနိမ့်က ပိတ်ဆို့ထားသည့်အတွက် ထိုသူကို ဆက်သွယ်ခြင်းက အမြောက်အများ ကုန်ကျလိမ့်မည်။ ပို၍အရေးကြီးသည်က ထိုအပြုအမူသည် သူ့အနေဖြင့် သူ့တည်ရှိမှုကို မသိစေလိုသည့်လူများထံ သတိပေးသလို ဖြစ်သွားနိုင်သည်။
သူက ထိုက်တန်ရဲ့လား…
သို့သော်လည်း သူက ဆယ်စက္ကန့်ကြာ စဉ်းစားပြီးသည့်နောက်တွင် ဆုံးဖြတ်လိုက်၏။ သူ့မျက်ဝန်းအထက် မီးခိုရောင်မီးတောက်က ကခုန်နေပြီး ဖြူစွတ်စွတ် ဆေးလုံးတစ်လုံးကို ထုတ်ကာ မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူ့ဝန်းကျင်တွင် အချိန်မြစ်ကြောင်းတစ်စင်း ထွက်ပေါ်လာ၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုဆေးလုံးက ပျောက်ကွယ်သွားခဲ့သည်။
………………………………………………………………………….
အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာ၊ ဒိုင်မေးရှင်းအနိမ့်၊ အသင်္ချေအင်ပါယာကမ္ဘာ၊ မူလဆေးလုံး တာအိုဂိုဏ်း
လော့ချန်၏ အိမ်အတွင်း မီးတောက်ဧကရာဇ်၏ ပုံရိပ်ယောင် ထွက်ပေါ်လာခဲ့သည်။ သူက ထိုသူ၏ အခြေအနေကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ သူက အိပ်စက်နေသည့် လော့ချန်ကို နိုးထစေလိုက်သည်။
“ခင်ဗျားကိုး” လော့ချန်က ရူးသွပ်စွာ အော်ပြောလိုက်သည်။ သို့သော်လည်း နောက်ထပ် အရှိန်အဝါတစ်ခုက သူ့စိတ်အခြေအနေကို ဖြေဖျောက်ပေးနေသည်။
“မင်း တည်ငြိမ်သွားပြီလား” မီးတောက်ဧကရာဇ်က မေးလိုက်၏။
“နည်းနည်းပါ” လော့ချန်က အံကြိတ်ကာ ပြောလိုက်သည်။ မီးတောက်ဧကရာဇ်က ဘာမှမပြောပေ။ ထိုအစား သူက ဘေးပတ်လည်ကို ကြည့်ကာ ရပ်တန့်လိုက်၏။ ထို့နောက် သူက သဘောပေါက်သွားသည်။
“မင်းက သူ့ကြောင့် ဒီလိုဆိုးရွားတဲ့ အခြေအနေဖြစ်နေတာလား”
လော့ချန်က စက္ကန့်ပိုင်းကြာ ဘာမှမပြောပေ။
“ဘာလို့ သူ့ကို မရွေးခဲ့တာလဲ။ ပြောရရင် သူ့ညီမ … အဲဒီအမျိုးသမီးကို ဘာလို့ မရွေးခဲ့ရတာလဲ”
“သူက ဆေးဝါးပညာရှင်သက်သက် မဟုတ်ဘူး။ သူ့ကို ဖယ်ခဲ့တာ။ သူမအတွက်ကတော့…” မီးတောက်ဧကရာဇ်က ကမ္ဘာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မြင်ခဲ့ရသည့် မိန်းကလေးကို အမှတ်ရသွားသည်။
“သူမက တကယ့်ကို ပါရမီထူးတယ်။ ငါ့ဘဝမှာ အကြိမ်ရေတချို့ပဲ မြင်တွေ့ဖူးသလောက်ထိကို ပါရမီ ထူးကဲတယ်။ ဒါပေမဲ့ သူမရဲ့ နောက်ခံက အရမ်းကို ရှုပ်ထွေးလွန်းတယ်။ ငါက ရှုပ်ထွေးမှုကို သဘောမကျဘူး”
“ဟုတ်တာပေါ့။ ခင်ဗျားက ကျုပ်ကို ရွေးခဲ့တာက ထိန်းချုပ်ရလွယ်ကူတဲ့သူ တစ်ယောက်ဖြစ်နေလို့လေ” လော့ချန်က လှောင်ပြောင်ကာ ပြောလိုက်သည်။ သူက ထိုအမျိုးသားကို ဤသို့ပြောရဲသည့် သတ္တိဘယ်နေရာမှ ရလာမှန်း မသိသော်လည်း သူက ဂရုမစိုက်ပေ။
သူ့ဘဝက ပြိုလဲနေပြီဖြစ်သည့်အတွက် နောက်ဆုံးသော အခိုက်အတန့်တွင် အကြောက်အလန့် ကင်းမဲ့နေလေသည်။
မီးတောက်ဧကရာဇ်ကို သူ့ကို ကြည့်ကာ ရိုင်းပြသည့် အပြုအမူနှင့် စကားများကို လျစ်လျူရှုထားလေသည်။
“မင်းက အတွေးလွန်နေတာ”
“ဘာကို ပြောတာလဲ”
“ မင်းအနေနဲ့ ငါ ဘာရဖို့ ကြိုးစားနေတယ်လို့ ထင်လဲ”
“ကျုပ်ကို ထိန်းချုပ်ပြီး ရုပ်သေးရုပ်လုပ်ပြီးတော့ ခင်ဗျားအတွက် ဆေးလုံးဖော်စပ်ပြီးရင် ကျုပ်ကို သတ်ပစ်ဖို့လေ”
“ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲ” မီးတောက်ဧကရာဇ်က ပြောလိုက်သည်။
“အဲဒါက…”
“ငါက တာအိုကို သက်သေပြပြီးသွားပြီဆိုတော့ ဒီဆေးလုံးက ငါ့အတွက် အသုံးမဝင်ဘူး”
“ခင်ဗျားက တကယ့်ရည်ရွယ်ချက်ကို လိမ်ညာနေတာလည်း ဖြစ်မှာပေါ့”
“ငါ ပြောသလိုပဲ မင်းက အတွေးလွန်နေပြီ” မီးတောက်ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။
“ငါက ဆေးလုံးကို ဂရုမစိုက်ဘူး။ ငါ့ရဲ့ ရည်ရွယ်ချက်က ဆေးလုံးဖော်စပ်ပြီးတဲ့ နောက်ဆက်တွဲပဲ”
“ခင်ဗျား ပြောတာကို ကျုပ်နားမလည်ဘူး”
“ငါ တဲ့တိုးပဲ ပြောမယ်။ ငါက တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ကို စုဆောင်းနေတယ်။ အဲဒါက ဘာလဲဆိုတာကိုတော့ မမေးနဲ့။ ငါ ပြောရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး။ မင်းက ငါ့ကို ကူညီဖို့ ရွေးချယ်ထားတဲ့သူတွေထဲက တစ်ယောက်ပဲ။ မင်း အောင်မြင်သွားတာနဲ့ အကျိုးအမြတ်အပြင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး”
လော့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး “အဲဒါဆိုရင် ကျုပ်က ခင်ဗျားရဲ့ စမ်းသပ်ချက်မှာ နယ်ရုပ်တစ်ရုပ်ပဲ မဟုတ်ဘူးလား”
“မင်းက အဲ့လိုလည်း မြင်လို့ရတယ်။ ဒါမှမဟုတ်ဘူးဆိုရင် အပေးအယူအဖြစ်လည်း မြင်လို့ရတယ်။ ငါက မင်းကို ငါ့ရဲ့ အမွေအနှစ်ပေးပြီးတော့ မင်းက အဲဒါကြောင့် တိုးတက်လာတယ်။ ဒီစမ်းသပ်ချက်မှာ ပါဝင်လိုက်တာက ငါ့အပေါ် တင်နေတဲ့ ကံကြွေး ပြန်လည်ပေးဆပ်တာပဲ”
လော့ချန်၏ မျက်မှောင်ကြုတ်မှုက အနည်းငယ် ပြေလျော့သွားလေသည်။
“ဆေးလုံးကို ဘာလို့ ခင်ဗျားဘာသာ ခင်ဗျားမဖော်စပ်ရတာလဲ”
“ငါက သေမျိုးတစ်ယောက် ဆေးလုံးဖော်စပ်ထားတဲ့ သတင်းအချက်အလက်ကို လိုအပ်တာ” မီးတောက်ဧကရာဇ်က တဲ့တိုးသာ ပြောလိုက်သည်။
“ကျုပ် သိပြီ” လော့ချန်က ရေရွတ်လိုက်သည်။
“ခင်ဗျားက သူ ဒါမှမဟုတ် တခြားတစ်ယောက်ကို ရွေးသင့်တယ်လို့ ခံစားမိနေတုန်းပဲ”
မီးတောက်ဧကရာဇ်က ခေါင်းအသာယမ်းပြီး ဘာမှမပြောပေ။ သူက ဝမ်ဝေ့သည် သူ့အစီအစဉ်ကို သိသွားနိုင်ချေရှိမှန်း သိထားလေသည်။ ထိုသူ သိသွားသည်နှင့် ဒိုင်မေးရှင်းအမြင့်ရှိ တာအိုအခွင့်အလမ်းဂိုဏ်းကလည်း မကြာခင် သိသွားလိမ့်မည်။
သူက ထိုအရာကို ဘယ်သူ့ထံမှ မထုတ်ဖော်လိုပေ။ လော့ချန်ကို ရွေးချယ်မှုကပင် ဆေးလုံးဘိုးဘေးနှင့် ဆက်နွယ်မှုကြောင့် စွန့်စားလွန်းရာကျနေပြီ ဖြစ်၏။
“နောက်ထပ် မေးစရာ ရှိသေးလား”