← Chapters

အကူးအပြောင်း ပြင်ဆင်မှု

Vol. 72 Ch. 1002

အကူးအပြောင်း ပြင်ဆင်မှု

Vol. 72 Ch. 1002

ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်၏ သုံးသပ်ချက်အရ လော့ချန်၏ စိတ်အခြေအနေသည် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲပြီးကတည်းက အကောင်းဆုံး မဟုတ်ခဲ့ပေ။ ထိုသူက သီးခြားဆန်လာပြီး ဂိုဏ်း၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်ခဲကာ သူ့ဆရာဖြစ်သူထံ အကုန်လုံးကို အပ်နှံထားခဲ့သည်။ ဝမ်ဝေ့က လော့ချန်သည် အိပ်မက်လောကကို တစ်ခါမှ အသုံးမပြုဖူးကြောင်း သိထား၏။

သူ့အခြေအနေက ယန်းလီလင်း၏ ပြပွဲအပြီးတွင် ပိုမိုဆိုးရွားသွားခဲ့ကာ စိတ်ဓာတ်ကျသွားစေသည်။ သို့သော်လည်း သူလျှိုက ဝမ်ဝေ့အား လော့ချန် ထွက်ပေါ်လာသည့်အကြောင်း သတင်းစကား ပို့ဆောင်ထားသည်။ သူက အခြေအနေ ဆိုးရွားနေသော်လည်း သူ့စိတ်ဓာတ်က အာရုံစိုက်ထားကာ အခြေအနေကောင်းတွင် ရှိနေဟန်ပေါ်သည်။

မီးတောက်ဧကရာဇ်က ဝင်စွက်ဖက်ခဲ့တာလား…

သဘောတရားအရ မည်သူကမှ ဒိုင်မေးရှင်းအနိမ့်တွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိသင့်ပေ။ သို့သော်လည်း လတ်တလော အဖြစ်အပျက်များက ဝမ်ဝေ့အား လူတစ်ဦးချင်းစီနှင့်သာ သက်ဆိုင်မှု ရှိကြောင်း ညွှန်ပြနေသည်။ စည်းမျဉ်းများက မှန်ကန်သည့် နည်းလမ်း၊ ထိုက်တန်သည့် တန်ကြေးတို့ဖြင့် ချိုးဖောက်နိုင်လေသည်။

ဝမ်ဝေ့က တုံ့ဆိုင်းခြင်း မရှိဘဲ ငရဲကမ္ဘာကို လက်ညှိုးထိုးကာ စည်းတံဆိပ် တချို့ ထပ်မံချထားလိုက်သည်။

သူက ဒေါသတကြီး အော်သံကို ကြားလိုက်ရသော်လည်း လျစ်လျူရှုထားပြီး အခြေအနေကိုသာ ဆက်လက်သုံးသပ်လိုက်၏။

ငါ သုံးသပ်ထားသလောက် မီးတောက်ဧကရာဇ်က ထိပ်သီးစံပြအဆင့် ဖြစ်လောက်တယ်။ ရှေးဦးစံပြတောင် ဖြစ်နေနိုင်တယ်။ ပြီးတော့ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ထိပ်တန်း သက်ရှိ အင်အားကြီးပုဂ္ဂိုလ်ဆိုပေမဲ့ တစ်ခါမှ မပေါ်ထွက်ခဲ့ဘူး…

ဝမ်ဝေ့က မီးတောက်ဧကရာဇ်၏ ဇာတ်ကောင်စရိုက်ကို ဖန်တီးလိုက်သည်။ အင်မတန် သိုသိုသိပ်သိပ်နေကာ သတိကြီးသည့် တည်ငြိမ်သူတစ်ဦး ဖြစ်ပြီး သူ့ဘက်က ရာနှုန်းပြည့် မသေချာသရွေ့ ဝင်ရောက်လှုပ်ရှားမည့်သူ မဟုတ်ပေ။

သူ့အင်အားနဲ့ဆိုရင် ကပ်ပါးခေတ်ကာလကို အဆုံးသတ်ဖို့ ကြမ္မာ ပါသူထဲက အကောင်းဆုံးသူပဲ။ ဒါပေမဲ့ အစစ်အမှန်ကောင်းကင်တာအိုက ငါ့ကို ရွေးချယ်ခဲ့တယ်။ ဒီအချက်အလက် တစ်ခုတည်းနဲ့တင် သတင်းအချက်အလက် အမြောက်အများ သိနေရပြီ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က မီးတောက်ဧကရာဇ်သည် မဟာမိတ် ဖြစ်နိုင်သော်လည်း ယခု မဟုတ်သေးကြောင်း ကောက်ချက်ချလိုက်၏။ အကောင်းဆုံးအပြုအမူက လော့ချန်နှင့် ဝေးဝေးနေပြီး အဝေးမှ လေ့လာစောင့်ကြည့်နေဖို့သာ ဖြစ်သည်။

ငါက ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို သူ့ကိုလည်း ကူညီပေးမှာ မဟုတ်ဘူး…

သူက သုံးသပ်လိုက်ပြီးသည့်နောက်တွင် သူလျိုဆီ ဆက်လက်စောင့်ကြည့်ဖို့ သတင်းစကား ပို့ဆောင်လိုက်သည်။

ဝမ်ဝေ့က ပင်လယ်ဘက်ကို လှမ်းကြည့်လိုက်၏။

“အခု အဆုံးသတ်တော့မှာလား”

သူက ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် မျက်လုံးမှိတ်လိုက်သည်။ ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက် ပိုင်ရှယ်မျိုးနွယ်ထဲ အောင်းရှန်၏ မျက်နှာအထက် အပြုံးတစ်ပွင့် ရှိနေလေသည်။

သူက ပင်လယ်မျိုးနွယ်နှင့် မဟာမိတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ စာချုပ်က အစောပိုင်းအနေအထားသာ ရှိသေးသည့်အတွက် အစစ်အမှန် ယုံကြည်မှုကို မတည်ဆောက်ရသေးပေ။ သို့သော်နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်အပေါ် လုံးလုံး မှီခိုနေခြင်း မဟုတ်ဘဲ နောက်ထပ် အရောင်းအဝယ် တွဲဖက်အသစ် တစ်ယောက် ရှိနေသည်က လုံလောက်နေပြီ ဖြစ်၏။

ပို၍အရေးကြီးသည်က သူ လိုချင်သည်ကို ရရှိခဲ့သည်။

ကုသိုလ်အကူးအပြောင်း နည်းလမ်း…

အားများစွာစိုက်ထုတ်ပြီး သူ့အရင်းအမြစ်သွေးတချို့ ဆုံးရှုံးပြီးသည့်နောက်တွင် သူက ပိုင်ရှယ်မျိုးနွယ်၏ ကြယ်တာရာဝိဇ္ဇာကို ကြယ်၅လုံးအထိ ယာယီမြှင့်တင်နိုင်ခဲ့ပြီး သူ လိုချင်သည့် အဖြေကို ရရှိခဲ့သည်။

သူ့သွေးမျိုးဆက်ကို မရနိုင်တာ နှမြောစရာပဲ…

အောင်းရှန်က နှမြောတသဖြင့် တွေးလိုက်မိသည်။ သို့သော် သူက ရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်နေလေ၏။ သူ လိုချင်သည်ကို ရရှိပြီးသည့်နောက်တွင် အချိန်မဖြုန်းတော့ဘဲ မြောက်ပိုင်းကုန်းမြေဆီ ဦးတည်နေသည့် အာကာပြင်မုခ်ဝကို ဖွင့်လှစ်လိုက်သည်။

သူက ကြယ်တာရာဝိဇ္ဇာ ပေးထားသည့် သတင်းအချက်အလက်ကို နာရီပိုင်းကြာ ဖတ်ရှုလိုက်ပြီး အခြေအနေကို သုံးသပ်လိုက်သည်။ ထိုနည်းစနစ်ကို ကြားခံနယ်အဖြစ် အသုံးပြုခြင်းက သူ့ဟွင်သွမ်းသွေးမျိုးဆက်ကို အသုံးပြုပြီး သတင်းအချက်အလက် အမြောက်အများကို ရယူနိုင်လိမ့်မည်။

သူ တွက်ဆထားသလောက် သူ့ကူးပြောင်းရာတွင် အဓိကပြဿနာကြီး ရှိနေလေ၏။ ထိုအရာက သူ့ဟွင်သွမ်းစည်းမျဉ်း ဖြစ်သည်။ ဟွင်သွမ်းက အထွတ်အထိပ် တားမြစ်ခံစည်းမျဉ်း ၅ခုထဲမှ တစ်ခုဖြစ်သည့်အတွက် လူအားလုံးက ထိုအရာ၏ စွမ်းအားကို ကိုင်ဆောင်ထားနိုင်ခြင်း မဟုတ်ပေ။

အစစ်အမှန် ကောင်းကင်တာအို၏ စွမ်းအားဖြင့် တားမြစ်ထားသည့် အဆင့်နိမ့်ပုံစံတစ်ခု ဖြစ်သည့် ဟွင်သွမ်းကောင်းကင်စည်းမျဉ်းကို ကိုင်ဆောင်သည်က ကိစ္စတစ်ခုဖြစ်၏။

သို့သော်လည်း ဟွင်သွမ်း မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်ရာတွင် ကွဲပြားသည့် ကိစ္စတစ်ခု ဖြစ်သွားသည်။

ငါ ဟွင်သွမ်း မဟာတာအိုအရင်းအမြစ်ကို ဆုပ်ကိုင်ချင်ရင် ငါ့ရဲ့ အသွင်ပြောင်းမှု၊ ငါ့ရဲ့ အကူးအပြောင်းစမ်းသပ်ချက်က ငါ တောင့်ခံနိုင်မဲ့အရာတော့ မဟုတ်ဘူး…

အောင်းရှန်က အချိန်စွမ်းအားမှတဆင့် သူ့သေဆုံးမှုကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် ကောင်းကင်ဧကရာဇ်ကို လှုပ်ရှားဖို့ မတောင်းဆိုသရွေ့ ထိုစမ်းသပ်ချက်တွင် အသက်ရှင်သန်ဖို့ မဖြစ်နိုင်ကြောင်း သိထား၏။

သို့သော်လည်း ထိုသူက ဝင်ရောက်စွက်ဖက်ရမည့် အကြောင်းအရင်း မရှိပေ။ ပြောရလျှင် ထိုသို့လုပ်ဆောင်သည့်အခါ ပြင်းထန်သည့် အကျိုးဆက် ရှိနေလေ၏။

ငါ့ရဲ့တာအိုကို ဟွင်သွမ်းအငယ်စားအဖြစ် ပြောင်းလဲလိုက်ရင် အခြေအနေက သိပ်ကြီးတော့ ကွဲပြားသွားမှာ မဟုတ်ဘူး…

အဖြေက အောင်းရှန်အတွက် သိသာလှသည်။ သို့သော် သူက လက်မခံလိုပေ။ သူ့သွေးမျိုးဆက်၏ စွမ်းအားက မည်မျှအားကောင်းကြောင်း သိထားပြီး လွယ်လွယ်ကူကူ မစွန့်ပစ်လိုပေ။

သူက ရွေးချယ်စရာ မရှိတော့သည့်အခါ မျက်လုံးမှိတ်ထားပြီး အမွေဆက်ခံထားသည့် မှတ်ဉာဏ်များကို ရယူကာ သူ့ဘိုးဘေးများဆီမှ အဖြေရှာဖို့ ကြိုးစားလိုက်သည်။ ကံကောင်းစွာဖြင့် သူက ဖြေရှင်းနည်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

သူ့တာအိုခန္ဓာ ဖြစ်ပေသည်။

အကူးအပြောင်းအပြီးတွင် သူ့သွေးမျိုးဆက်က သူ့တာအိုခန္ဓာနှင့် ပေါင်းစည်းသွားလိမ့်မည်။ ထို့ကြောင့် ထိုအရာမှ ပေးစွမ်းသည့် အားဖြည့်တင်းမှုက နိုးထအသက်ဝင်ခြင်း ကဏ္ဍအောက်တွင် ရှိနေလိမ့်မည်။

ငါက တာအိုခန္ဓာကနေ သွေးမျိုးဆက်ကို ခွဲထုတ်ထားရမယ်…

ဤအပြုအမူက သိသိသာသာ အပြောင်းအလဲကို ဖြစ်စေလိမ့်မည်။

အောင်းရှန်၏ သုံးသပ်ချက်အရ သူ့နိုးထအသက်ဝင်ခြင်းသည် အကူးအပြောင်းအပြီးတွင် မဟာတာအိုအရင်းအမြစ် ၃ ရာခိုင်နှုန်း တိုးမြင့်သွားစေမည် ဖြစ်၏။ သို့သော် သူက တာအိုခန္ဓာမှ သွေးမျိုးဆက်ကို ဖယ်ရှားလိုက်သည်နှင့် အားမြှင့်တင်မှုက ၂ရာခိုင်နှုန်း သို့မဟုတ် ၁ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်သည်။

ငါ့ရဲ့ သွေးမျိုးဆက်က ခန္ဓာကိုယ် ကဏ္ဍအောက်မှာ ကျရောက်သွားလိမ့်မယ်။ ငါက စည်းမျဉ်းစွမ်းအားကို ဆုံးရှုံးသွားရင်တောင် ငါ့ရဲ့ နည်းစနစ်တွေက ခန္ဓာအံ့ဖွယ်နည်းစနစ် ဖြစ်လာလိမ့်မယ်။

ငါ့ရဲ့ ခန္ဓာကိုယ်က အားကောင်းနေသရွေ့ ဒီနည်းစနစ်တွေက သူတို့ရဲ့ အလားအလာ ပျောက်ဆုံးသွားမှာ မဟုတ်ဘူး။ ငါ သူတို့ကို ဆက်ပြီးတော့ သုံးနိုင်လိမ့်မယ်။ ပြီးတော့ သူတို့က စွမ်းအားနဲ့အလိုက် ဆက်ပြီးတော့ တိုးမြှင့်နိုင်တယ်…

အောင်းရှန်က သူ့အနာဂတ်ကို မြင်နေမိသည်။ အကူးအပြောင်းအပြီးတွင် စွယ်စုံတိုက်ခိုက်နိုင်မည့် နည်းလမ်းကို ဆုံးရှုံးသွားနိုင်ပြီး သူ့နည်းစနစ်များက သိသိသာသာ အားနည်းသွားနိုင်သည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ကို မြှင့်တင်ကာ မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရားနယ်ပယ်အဆင့် မရောက်ရှိသရွေ့ သူ ဆုံးရှုံးသမျှ အရာအားလုံးကို ပြန်လည်ရယူနိုင်လိမ့်မည်။

အောင်းရှန်က စီစဉ်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။

ငါ အားနည်းနေတဲ့အချိန်အတွင်းမှာ တစ်စုံတစ်ခု ဖြစ်လာနိုင်ချေကို ကြိုတင်ပြင်ဆင်ထားရမယ်…

ထိုအခြေအနေ၏ အကောင်းဆုံးဖြေရှင်းနည်းက အကူးအပြောင်းအပြီးတွင် သူသည် အားကောင်းသည့် ထာဝရဧကရာဇ် တစ်ယောက်ဖြစ်လာဖို့ရာ သေချာရန် ဖြစ်၏။ တခြားနည်းဖြင့်ပြောရလျှင် သူက ထာဝရဧကရာဇ်များကြားတွင်ပင် ကောင်းမွန်သည့် တိုက်ခိုက်စွမ်းရည် ရှိရမည်။

ငါ့ရဲ့ စွမ်းအားကို ဘယ်လိုသေချာအောင် လုပ်ရမလဲ…

သူက အရာတချို့သာ ဧကရာဇ် သို့မဟုတ် ထာဝရဧကရာဇ်တစ်ယောက်၏ စွမ်းအားကို မြှင့်တင်နိုင်ကြောင်း သိထားသည်။

လက်နက်ကောင်းကောင်းက အကူအညီ ဖြစ်လောက်တယ်။ ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်က ဒီလိုထိပ်တန်းအဆင့်လက်နက်ကို သန့်စင်ဖို့ နည်းလမ်းမရှိဘူး…

အောင်းရှန်က သူ့လက်ကို ကြည့်လိုက်သည်။

တကယ်လို့ ငါ့ခန္ဓာကိုယ်ကို တာအိုသက်သေပြလက်နက်အဖြစ် သန့်စင်နိုင်တယ်ဆိုရင်တော့ ထိပ်ဆုံးအထိ ရောက်ရှိနိုင်တယ်…

ထိုအရာက အကြံကောင်း ဖြစ်သော်လည်း လုပ်ဆောင်ဖို့ရာ မလွယ်ကူလှပေ။ သူက လက်ရှိခန္ဓာကိုယ်ကို စွန့်ပစ်ဖို့ လိုအပ်ပြီး နောက်တစ်ခု ပြန်လည်ကြီးထွားအောင် လုပ်ရမည်။ သူ့အနေဖြင့် ထိုကိစ္စအတွက် လိုအပ်သည့် အရင်းအမြစ်များကို အလွယ်တကူ မတတ်နိုင်ပေ။

သူက တန်ကြေးကို လျှော့ချဖို့ အရေခွံလဲနိုင်သည့် မြွေသွေးမျိုးဆက် ပါဝင်နေသော်လည်း မလုံလောက်သေးပေ။

မဟုတ်သေးဘူး။ နည်းလမ်းတော့ ရှိရမယ်…

အောင်းရှန်က တစ်စုံတစ်ခုကို တွေးမိသွားကာ လှောင်ပြုံးပြုံးလိုက်သည်။

နောက်နည်းလမ်းက ငါ့တာအိုခန္ဓာနိုးထအသက်ဝင်မှုကို ၂ ရာခိုင်နှုန်းအားဖြည့်ပေးဖို့ သေချာတယ်။ အဲဒါက လက်နက်ထက်တောင် ပိုပြီးတော့ လွယ်ကူသေးတယ်။ ငါ လုပ်ဖို့လိုတာက အကူးအပြောင်း မတိုင်ခင် အမှောင်ကောင်းကင်အလိုဆန္ဒ စည်းမျဉ်းကို နားလည်ဖို့ပဲ…

ဤအပြုအမူက သူ့စမ်းသပ်ချက်၏ စွမ်းအားကို သေချာပေါက် မြှင့်တင်ay;မည် ဖြစ်သော်လည်း စွန့်စားမှုက ထိုက်တန်ပေသည်။ အောင်းရှန်က နောက်ထပ် နာရီပိုင်းကြာ သူ့ထာဝရလမ်းစဉ်အကြောင်း စဉ်းစားနေပြီး သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် အကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်လာအောင် သေချာအောင် လုပ်ဆောင်နေသည်။

ရုတ်တရက်ဆိုသလို အောင်းရှန်က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် ပုံမှန် ပြန်ပြောင်းသွား၏။ သူက ကျင့်စဉ်ကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးသည့်နောက်တွင် နေရာမှ ပျောက်ကွယ်သွားသည်။

သူက မြောက်ပိုင်းကုန်းမြေ၏ ဝေဟင်အထက် ပေါ်ထွက်လာ၏။

“မင်းကို စောင့်နေတာ” သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှင့်ရဲ့ တန်ကြေးကို ပြော” ဟို့ဖုန်းဟွမ်က သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်ရင်း အပြာရောင်ဇာမဏီဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူမက အမြဲလိုလို မြင့်မြတ်ကာ တော်ဝင်ဆန်နေဆဲ ဖြစ်၏။

“အဲဒါကို မရခင် မင်း ငါ့ကို အရင်ဆုံး အနိုင်ယူရမယ်”

“ဘာလို့ အကျိုးမရှိတာတွေ လုပ်နေမှာလဲ”

“ငါ့က အရင်တုန်းကနဲ့ အတူတူများ ထင်နေလား” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ သူက ကြောက်မက်ဖွယ် နဂါးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး သူ့ရည်ရွယ်ချက်က လက်သီးဖြင့်သာ စကားပြောမည့်အကြောင်း ထုတ်ဖော်လိုက်သည်။

“ရလဒ်က အတူတူ ဖြစ်မှာပဲ” ဟို့ဖုန်းဟွမ်ကလည်း သူမ၏ အရှိန်အဝါကို ထုတ်လွှတ်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။ သူမက မည်သူ့ကိုမှ မကြောက်ပေ။

“အခုကစပြီး အင်မော်တယ်အဆင့် တိုက်ပွဲအားလုံးက လေဟာနယ်တိုက်ပွဲကွင်းပြင်မှာ တိုက်ခိုက်ရမယ်”

မိုးမြေကြား အားကောင်းသည့် အသံတစ်သံ ထွက်ပေါ်လာကာ ထိုတိုက်တန်နှစ်ယောက်ကြားမှ ထိပ်တိုက်တွေ့ဆုံမှုကို တားဆီးလိုက်သည်။ သူတို့က ထိုအသံကို ချက်ချင်း သတိထားမိသွားကာ ဘေးပတ်လည်ကို ကြည့်လိုက်၏။ သူတို့၏ မြင်ကွင်းက အသင်္ချေအင်ပါယာကမ္ဘာနှင့် ဆက်နွယ်နေသည့် ဒိုင်မေးရှင်းအသစ်တစ်ခုကို သတိထားမိလိုက်သည်။

အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်က အချင်းချင်း ကြည့်ပြီးသည့်နောက်တွင် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့က ဗလာနတ္ထိစွမ်းအားဖြင့် စွမ်းအား ပါဝင်နေသည့် အဖြူရောင်နေရာလွတ်အတွင်း ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော်လည်း ထိုစွမ်းအားက သူတို့အပေါ် သက်ရောက်မှုမရှိဘဲ ဤဒိုင်မေးရှင်း၏ အာကာပြင်ဖွဲ့စည်းပုံကိုသာ အားဖြည့်ထားလေသည်။

“ကောင်းပြီ။ အခု ငါ ချုပ်တည်းထားစရာ မလိုတော့ဘူး။” အောင်းရှန်က ဧရာမအနက်ရောင် နဂါးအသွင်ပြောင်းလဲကာ ပြောလိုက်သည်။

သူက အသင်္ချေအင်ပါယာကမ္ဘာတွင် တိုက်ခိုက်တိုင်း သူ ဖန်တီးသည့် အပျက်အစီးကို လျှော့ချဖို့အတွက် သူ့ကိုယ်သူ ထိန်းချုပ်ထားရလေ့ရှိသည်။ သို့သော် ယခုတွင် သူက အဟန့်အတားမရှိ အားလုံးထုတ်သုံးနိုင်ပြီ ဖြစ်၏။

ဟွင်သွမ်းအငွေ့အသက်

ပြင်းထန်သည့် ခရမ်းရင့်အလင်းတန်းက အောင်းရှန်၏ ပါးစပ်မှ ထွက်ပေါ်လာကာ တစ်ဖက်လူဆီ ဝင်ရောက်သွားသည်။

စကြဝဠာ၏ မူလဘူတကဲ့သို့ အနေအထားဖြစ်သည့် သဘာဝအခြေအနေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေသလိုမျိုး ဟွင်သွမ်းစွမ်းအားကို ကန့်သတ်ချက် ရောက်အောင် တွန်းပို့ထားလေသည်။

All Chapters