← Chapters

သွေးမျိုးဆက် ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၁)

Vol. 72 Ch. 1003

သွေးမျိုးဆက် ပြန်လည်ယှဉ်ပြိုင်ခြင်း အပိုင်း(၁)

Vol. 72 Ch. 1003

ဟို့ဖုန်းဟွမ်က ထိုတိုက်ကွက်၏ အရှိန်ကို သတိထားမိသည့်အခါ အမူအရာ ပြောင်းလဲသွားလေသည်။ ထိုအရာက ရှောင်ရှားဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်လည်း တိုက်ပွဲကို တိုက်ခိုက်ဖူးသူ ယခင်ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေဖြင့် သူမက ဤအခြေအနေတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည်။

အချိန်အေးခဲခြင်း

သူမက အုပ်ချုပ်သူ ရေစည်းမျဉ်းကို သူမ၏ သွေးမျိုးဆက်ဖြင့် ချက်ချင်းပေါင်းစည်းခဲ့ပြီး ဒဏ္ဍာရီလာ အပြာရောင်ဇာမဏီကို ပြောင်းလဲပစ်ခဲ့သည်။ ထိုအရာကား ဓာတ်သဘာဝမှာ မီးတောက် မဟုတ်ဘဲ ရေခဲ ဖြစ်သည့် ရှားပါးသက်ရှိ ဖြစ်၏။

ယခုအခိုက်အတန့်တွင် ဟို့ဖုန်းဟွမ်က ရေခဲစွမ်းအားဖြင့် အချိန်ကို အေးခဲရပ်တန့်ထားခဲ့သည်။ သူမက ထိုတိုက်ကွက်ကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သော်လည်း အက်တိုစက္ကန့်မျှသာ ကြာမြင့်ခဲ့၏။ အချိန်စွမ်းအားက ဟွင်သွမ်းရှေ့မှောက်တွင် ဘာမှမဟုတ်ပေ။

ဟို့ဖုန်းဟွမ်က ထိုအခွင့်အရေးကို အရယူကာ ရှောင်ရှားလိုက်ပြီး အထွတ်အထိပ်သားရဲငါးကောင် အသွင်ပြောင်းမှုကို ဝင်ရောက်လိုက်သည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်များက ကွဲပြားသည့် သက်ရှိအစိတ်အပိုင်းအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ပေ။ ထိုအစား သားရဲငါးကောင်၏ အမှတ်အသားများက သူမ၏ နို့နှစ်ရောင် အရေပြားထက် ပေါ်ထွက်လာလေသည်။

သူမ ထုတ်လွှတ်နေသည့် နဂိုမြင့်မြတ်သည့် အငွေ့အသက်က ပိုမိုတိုးပွားလာ၏။ သူမကို ကြည့်သည့်သူတိုင်းက သူမသည် မိုးမြေကြားတွင် ကောင်းချီးပေးခံရဆုံး အမျိုးသမီး မဟုတ်သေးဘူး … ကောင်းချီးပေးခံရဆုံး သက်ရှိ ဖြစ်လိမ့်မည်ဟု တွေးထင်ကြလိမ့်မည်။

အောင်းရှန်က သူမ၏ လှုပ်ရှားမှုကို သိကာ ဆက်လက် တိုက်ခိုက်လိုက်သည်။ သူ့တိုက်ခိုက်မှုမှ လွတ်မြောက်သွားပြီးသည့်နောက်တွင် သူ့ဧရာမနဂါးအမြီးက ကမ္ဘာ့အရင်းအမြစ် မရှိသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာကို ပျက်သုဉ်းပစ်နိုင်သည့် ခွန်အားဖြင့် သူမဆီ ကျရောက်လာသည်။

ဧရာမအရိပ်ကြီးက သူမအထက် လွှမ်းမိုးလာသော်လည်း သူမကမူ တည်တည်ငြိမ်ငြိမ် ကျန်ရှိနေလေ၏။ သူမက လက်ကိုမြှောက်ကာ အမြီးကို တွန်းထုတ်လိုက်သည်။ သူမ ခန္ဓာကိုယ်ရှိ နဂါးအမှတ်အသားက တောက်ပလာကာ သူမ၏ လက်က သာမန် မဟုတ်တော့ဘဲ စွမ်းအားကြီးနဂါးတစ်ကောင်၏ အမြီးသဖွယ် ဖြစ်လာသည်။

ဝုန်း

သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုက သက်ရှိ၊ ဒြပ်ထု၊ စွမ်းအားနှင့် ကာလံဒေသံကိုပင် ပျက်သုဉ်းသွားစေနိုင်သည့် အားပြင်းပြင်း လှိုင်းတစ်ခုကို ထုတ်လွှတ်လာသည်။ ကံကောင်းစွာဖြင့် သူတို့က မြင်ကွင်းတွင် ဘာမှမရှိသည့် ဗလာလေဟာနယ်တွင် ရောက်ရှိနေသည်။

ဟို့ဖုန်းဟွမ်က ထိုလေဟာနယ်ထဲ ခြေလှမ်းရာချီ နောက်ဆုတ်လိုက်ရပြီး ခြေရာအနေဖြင့် အာကာပြင်အက်ကြောင်းများကို ချန်ထားခဲ့သည်။သူမ၏ မျက်ဝန်းအထက် အံ့အားသင့်မှု အရိပ်အယောင် ဖြတ်ပြေးသွား၏။ သူမက တိုက်ပွဲကို ရှုံးနိမ့်မည် မဟုတ်သည့်အတွက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ရေခဲမီးတောက် ကောင်းကင်ဖျက်ဆီးခြင်း

သူမ၏ နောက်ဖက်တွင် အထွတ်အထိပ်သားရဲ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက အပြာရောင်နှင့် အနီရောင် ဇာမဏီ ဖြစ်၏။ ဟို့ဖုန်းဟွမ်က သူမ၏ လက်ချောင်းဖြင့် ကြောက်မက်ဖွယ် မီးတောက်နှင့် ရေခဲကို ထုတ်လွှတ်လိုက်သည်။

အောင်းရှန်က အန္တရာယ်ကို ခံစားမိကာ တုံ့ပြန်လိုက်၏။

ဟွင်သွမ်းကမ္ဘာ

သူက ကြောက်မက်ဖွယ် ဟွင်သွမ်းတိုက်စားစွမ်းအား ပါဝင်နေသည့် ကမ္ဘာ သို့မဟုတ် စကြဝဠာတစ်ခုကို ချက်ချင်းဖန်တီးခဲ့၏။ ထိုနည်းစနစ်က ပိုင်နက်အခြေခံ နည်းစနစ်ဖြစ်သော်လည်း သူက တစ်ဖက်သူကို ပိတ်ဆို့ဖို့ အသုံးပြုခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ ကာကွယ်ဖို့ အသုံးပြုခဲ့သည်။ နှမြောစရာကောင်းလှသည်က သူ့ကြိုးပမ်းမှုသည် အသုံးမဝင်ခဲ့ဘဲ အချိန်အနည်းငယ်မျှသာ ဆွဲထားနိုင်ခဲ့၏။

ဟို့ဖုန်းဟွမ်၏ မီးတောက်နှင့် ရေခဲက အားပြင်းလှသည်။

ရေခဲက ဟွင်သွမ်းကို အေးခဲသွားစေစဉ် မီးတောက်ကမူ အားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။ သူမက အခြေခံတာအိုနှစ်ခုကို အထွတ်အထိပ်ရောက်အောင် မည်သို့တွန်းပို့ခဲ့ကြောင်း ပြသနေ၏။ အချိန်တိုလေးအတွင်း ဟွင်သွမ်းကမ္ဘာက ရေခဲနှင့်မီးတောက် ယင်ယန်လှည့်ပတ်မှုကြောင့် သုတ်သင်ခံလိုက်ရသည်။

အောင်းရှန်၏ ဧရာမခန္ဓာကိုယ်ကြီးက သူ့စကြဝဠာမှ လွင့်ထွက်လာသော်လည်း ဟို့ဖုန်းဟွမ်က ထိုအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။ သူမက သူ့ကို ရေခဲကမ္ဘာအတွင်း ပိတ်ဆို့ဖို့ ပြင်ဆင်ထားပြီး သူ လွတ်မြောက်ဖို့ရာအတွက် အပေးအယူ ညှိနှိုင်းဖို့ ပြင်ဆင်ထားခဲ့သည်။

ယွမ်ထီမှ မဟာဧကရာဇ်ဆီ ကူးပြောင်းမည့် နည်းလမ်းက သူမ လက်လွတ်မခံနိုင်သည့် အရာတစ်ခု ဖြစ်၏။ လများစွာ လေ့လာပြီး တွက်ချက်ပြီးသည့်နောက်တွင် နောက်ဆုံးမှ သိရှိခဲ့ရသည်ဖြစ်ကာ သူမက မည်သို့အလွယ်တကူ လက်လျှော့နိုင်မည်နည်း။

ကံဆိုးစွာဖြင့် သူမ မတုံ့ပြန်နိုင်ခင် သူမ၏ ကောင်းကင်မျက်လုံးနည်းစနစ်က တစ်စုံတစ်ခုကို မြင်တွေ့လိုက်၍ ရပ်တန့်လိုက်သည်။

ထိုအရာက အတုအယောင်သာ ဖြစ်နေသည်။ သို့သော် သူမ၏ အံ့ဖွယ်အသိစိတ်က ဘာလှုပ်ရှားမှုကိုမှ အာရုံမခံနိုင်ခဲ့သည့်အတွက် နောက်ကျလွန်းသွားခဲ့သည်။ ထင်ထားသည့်အတိုင်း အောင်းရှန်က အရိပ်စွမ်းအားဖြင့် သူမ၏ အနောက်ဖက်တွင် ပေါ်ထွက်လာကာ လက်သည်းဖြင့် ရိုက်ချလိုက်သည်။

သူ့တိုက်ကွက်က ရိုးရှင်းသော်လည်း သေစေနိုင်လောက်၏။ သူက ဟွင်သွမ်းစွမ်းအား အမြောက်အများကို စုစည်းပြီး သူ့လက်သည်းထဲ ထည့်သွင်းထားခဲ့ကာ ဦးခေါင်းကို ချိန်ရွယ်ထားခဲ့သည်။ ထို့အပြင် သူက စည်းမျဉ်းဆန္ဒကို အမြင့်ဆုံးသို့ တွန်းပို့ထားခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိအောင် ကြိုးစားနေသည်။

ထိုစဉ် တိုက်ကွက်က ပစ်မှတ်ဆီ မကျရောက်ခင် ဟို့ဖုန်းဟွမ်က သူမ၏ တိုက်ပွဲဉာဏ်ရည်ကို ပြသလာခဲ့၏။ ထိုအရာက ရှောင်ရှားဖို့ မဖြစ်နိုင်သလို ထိုတိုက်ကွက်ကို ပယ်ဖျောက်ဖို့ရာ မဖြစ်နိုင်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူမက ဒဏ်ရာရရှိမည် ဖြစ်သည့်အတွက် သူမကိုယ်သူမ လုပ်ဆောင်သည်က ကုသဖို့ ပိုမိုလွယ်ကူသည့်အတွက် ပို၍ကောင်းပေသည်။

ထို့အပြင် သူမက ထိုဖြစ်စဉ်အတွင်း အပျက်အစီးတချို့ လုပ်ဆောင်နိုင်သေး၏။

ဇာမဏီအမျက်ဒေါသ

ဝုန်း

သူမက သူမကိုယ်သူမ ဖောက်ခွဲပစ်ကာ ဂုဏ်ကျက်သရေဖြင့် သေဆုံးသွားသည်။ သူမ ရပ်နေခဲ့သည့်နေရာတွင် ဧရာမမီးတောက်ဘောလုံးတစ်ခု ထွက်ပေါ်လာကာ လမ်းတွင် ရှိနေသည့် အရာအားလုံးကို လောင်ကျွမ်းပစ်သည့် မီးတောက်လှိုင်းများ ထွက်ပေါ်လာစေသည်။ ထိုတိုက်ကွက်က အောင်းရှန်၏ လက်သည်းကို အက်တိုစက္ကန့်ပိုင်းမျှ ရပ်တန့်ထားနိုင်ခဲ့၏။ ထို့နောက် မီးတောက်အားလုံးက ငြိမ်းသတ်သွားကာ နဂိုဟွင်သွမ်းအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။

သို့သော်လည်း ဟို့ဖုန်းဟွမ်၏ ခန္ဓာကိုယ်အသစ်က အဝေးတစ်နေရာတွင် ထိခိုက်မှုမရှိဘဲ ပြန်လည်ပေါ်ထွက်လာလေသည်။

“မင်းက အရင်တိုက်ပွဲပြီးကတည်းက ပိုပြီးတော့ ကောင်းလာတာပဲ” အောင်းရှန်၏ အားကြီးကာ စိတ်ကြီးဝင်နေသည့် အသံက ဗလာလေဟာနယ်အတွင်း ထွက်ပေါ်လာသည်။

“ရှင့်ကို ပြောရမှာပါ” ဟို့ဖုန်းဟွမ်က ပြန်ဖြေလိုက်သည်။

“အဲဒီတိုက်ပွဲပြီးကတည်းက ဘယ်သူက ပိုပြီး တိုးတက်လာလဲဆိုတာကို ကြည့်ရတာပေါ့”

ဗလာနဂါး

အောင်းရှန်က သူ့ဟွင်သွမ်းသွေးမျိုးဆက်ကို အသုံးပြုကာ ဟွင်သွမ်းသက်ရှိထဲမှ အားအကောင်းဆုံး သက်ရှိဖြစ်သည့် လေဟာနယ်နဂါးကို အတုခိုးလိုက်သည်။ သူ့ခန္ဓာကိုယ်က အာကာပြင်နှင့် ရောနှောသွားလေသည်။ အကောင်းဆုံးအစိတ်အပိုင်းက ဟို့ဖုန်းဟွမ်သည် သူမ၏ ကောင်းကင်မျက်ဝန်းဖြင့်ပင် သူ့ကို မမြင်တွေ့ရတော့ပေ။

ထိုအခြေအနေ ဖြစ်သော်လည်း ဟို့ဖုန်းဟွမ်က တည်ငြိမ်နေလေ၏။ သူမ၏ အာရုံအားလုံးက အသုံးမဝင်ဖြစ်နေသော်လည်း ကိစ္စမရှိပေ။ သူမက မျက်လုံးကို အသာမှိတ်ကာ စောင့်ဆိုင်းနေလိုက်သည်။

နဂါးအမြီးက ကင်းမြီးကောက်အမြီး၏ တိကျသည့် လက်နက်လိုမျိုး တစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက တိကျကာ မြန်ဆန်ပြီး သေစေလောက်၏။ ထူးဆန်းလှစွာဖြင့် ထိုတိုက်ကွက်က အသုံးမဝင်ခဲ့ပေ။ ဟို့ဖုန်းဟွမ်က မျက်လုံးကိုမှိတ်လျက် တည်တည်ငြိမ်ငြိမ် ရှောင်ရှားလိုက်သည်။

ကံကောင်းမှုတာအိုလား ကျစ်…

အောင်းရှန်က သူမ လုပ်ခဲ့သည့်အရာကို သဘောပေါက်သွားကာ တွေးလိုက်မိ၏။ သူမက သူ့ခိုးကြောင်ခိုးဝှက် တိုက်ကွက်ကို ရှောင်ရှားဖို့အတွက် ကံကောင်းမှု သို့မဟုတ် ဖြစ်နိုင်ချေထိန်းချုပ်ရေးကို မှီခိုထားလေသည်။ အောင်းရှန်က အလျင်အမြန် လှုပ်ရှားကာ ဖြစ်နိုင်ချေမဲ့စက်ကွင်းကို သူ့အမြီးဝန်းကျင်တွင် ထားရှိပြီး သူမ၏ တာအိုကို နှောင့်နှေးဖို့ ကြိုးစားလိုက်သည်။

ကံဆိုးစွာဖြင့် သူ့ကြိုးပမ်းမှုက အသုံးမဝင်ခဲ့ပေ။ ဟို့ဖုန်းဟွမ်က ကံကောင်းမှုတာအိုအပေါ် နားလည်နိုင်စွမ်းနှင့် အသုံးပြုမှုတို့က အောင်းရှန်ထက် မြင့်မားနေသည်။

ငါ နည်းဗျူဟာ ပြောင်းဖို့လိုပြီ…

သူက အတွေးတစ်ခု တွေးမိလိုက်သည်။ ဟွင်သွမ်းကိုယ်တိုင်က မူမမှန်မှုတစ်ခု ဖြစ်၏။ ဟွင်သွမ်းက ဗလာနတ္ထိမှ မွေးဖွားလျှင် မည်သို့ဖြစ်လာမည်နည်း။ ဟွင်သွမ်း၏ အစီအစဉ် မကျမှုနှင့် အပျက်အစီးသဘာဝမှ မွေးဖွားလာသည့် သက်ရှိက မည်သို့ဖြစ်မည်နည်း။

ထိုအရာက အလွန့်အလွန် သေးငယ်လှမည်။

ဝုန်း

ထိုအတွေးကို အဓိကအနေဖြင့် အသုံးပြုကာ အောင်းရှန်၏ ဖြစ်နိုင်ချေလှုံ့ဆော်ရေးက အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ သူ့အမြီးက ဟို့ဖုန်းဟွမ်ကို ရိုက်ခတ်ပြီး လေဟာနယ်တိုက်ပွဲကွင်းပြင်အတွင်း လွင့်စင်သွားစေသည်။

နှမြောစရာပဲ…

အောင်းရှန်က တွေးလိုက်မိ၏။ သူက သူမကို ဒဏ်ရာပေးနိုင်ခဲ့သော်လည်း သူ့စည်းမျဉ်းဆန္ဒကို သူမ၏ ခန္ဓာကိုယ်အတွင်း မထည့်သွင်းနိုင်ခဲ့ပေ။ သို့သော်လည်း သူမက ထာဝရဧကရာဇ်တစ်ယောက် မဟုတ်သည့်အတွက် သူမကိုယ်သူမ ကုစားနိုင်စွမ်းက ဇာမဏီသွေးမျိုးဆက်ဖြင့်ပင် အလွန်တရာ နှေးကွေးနေလိမ့်မည်။

အထူးသဖြင့် ယခင် ပြန်လည်မွေးဖွားမှုအပြီးတွင် ဖြစ်၏။

အောင်းရှန်က သူ့လုပ်ကြံသတ်ဖြတ်ရေး အမျိုးအစား တိုက်ခိုက်ရေးနည်းလမ်းကို ဆက်လက်အသုံးပြုပြီး လေဟာနယ်ထဲတွင် ပုန်းအောင်းကာ ဆက်လက်တိုက်ခိုက်နေသည်။ ဟို့ဖုန်းဟွမ်က ပထမဒဏ်ရာအပြီးတွင် အလျင်အမြန် ရှောင်ရှားနေပြီး ယင်ယန်ဒိုင်းကာဖြင့် သူမကိုယ်သူမ လွှမ်းခြုံထားလေသည်။

ဝုန်း

ဟို့ဖုန်းဟွမ်က ဒုတိယအကြိမ်မြောက် လွင့်စင်သွားပြန်သည်။ သူမ၏ ဒိုင်းကာက ပထမတိုက်ကွက်အနည်းငယ်ကို ခုခံထားနိုင်ခဲ့သော်လည်း ထိုအရာက အာရုံလွှဲပြောင်းမှု တစ်ခုမှလွဲ၍ ဘာမှမဟုတ်ပေ။

အောင်းရှန်၏ နောက်တိုက်ကွက်က သူမ၏ ခုခံမှုကို ဖြတ်ကျော်ကာ သူမထံ ရောက်ရှိလာခဲ့သည်။ အကယ်၍ သူမ၏ ခန္ဓာကိုယ်ခွန်အားကြောင့်သာ မဟုတ်ပါက သူမ၏ ဒဏ်ရာသည် ပိုမိုဆိုးရွားသွားနိုင်၏။

ငါ ကုသဖို့ အချိန်ဆွဲဖို့လိုနေပြီ…

ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ သဘာဝကုသနိုင်စွမ်းကို တားဆီးနိုင်သည့် တာအိုဆန္ဒရှိထားသည့် ထာဝရဧကရာဇ်များနှင့်မတူဘဲ ယွမ်ထီ၏ ပြန်လည်ကုစားနိုင်စွမ်းက တူညီသည့်အဆင့်တိုက်ပွဲနှင့် ပတ်သက်သည့်အခါ နိမ့်ကျလှသည်။

ဟို့ဖုန်းဟွမ်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး ရန်သူက သူမ၏ တည်နေရာကို မသိအောင် ဆက်တိုက် ပြောင်းရွှေ့နေသည်။ သို့သော်လည်း ထိုနည်းဗျူဟာက နှစ်စက္ကန့်မျှသာ အလုပ်ဖြစ်ခဲ့၏။

ကံစွမ်းအားလား…

သူမက အောင်းရှန်၏ တိုက်ကွက်သည် အမြဲတမ်း သူမထံ ရောက်ရှိနေသည့် အကြောင်းအရင်းကို သဘောပေါက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ဧရာမဖိအားအောက်တွင် စက္ကန့်အနည်းငယ်က တန်ပြန်တိုက်ခိုက်ရေး နည်းလမ်းကို စီစဉ်ဖို့ရာ လုံလောက်ပြီ ဖြစ်၏။

သူမဝန်းကျင်တွင် ဒိုင်းကာအသစ်တစ်ခု ပေါ်ထွက်လာသော်လည်း ယခင်တစ်ခုနှင့် မယှဉ်နိုင်ပေ။

သိပ်မကြာခင် အောင်းရှန်က တူညီသည့် နည်းဗျူဟာ ကျရှုံးသွားသည်ကို သိရှိလိုက်ရ၏။

အုပ်ချုပ်သူစွမ်းအားလား…

အောင်းရှန်က တစ်ဖက်လူ၏ အရှိန်အဝါနှင့် လေထု ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။

သူမက ရေတာအိုရဲ့ အုပ်ချုပ်သူအစိတ်အပိုင်းကို ယူပြီးတော့ တာအိုအဖြစ် အသုံးပြုခဲ့တာပဲ။ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ သူမက သူမကို ထိခိုက်စေနိုင်တဲ့ ဘာမဆို ငြင်းပယ်ခွင့်ရှိတယ်။ ငါ့ရဲ့ တိုက်ကွက်တွေ အပါအဝင်ပဲ။ ဒါက တော်ပေမဲ့ တားဆီးဖို့ရာအတွက်တော့ မလုံလောက်သေးဘူး…

ယင်ယန်က စကြဝဠာ၏ အဓိက လိုရင်းဖြစ်သည့်အတွက် အုပ်ချုပ်သူတာအိုရှိလျှင် တော်လှန်ရေးတာအိုလည်း ရှိရမည်။ မိုးမြေကြားတွင် အရာအားလုံးက မျှခြေညီနေ၏။

သို့သော်လည်း အောင်းရှန်က သိပ်မကြာခင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဟွင်သွမ်းစည်းမျဉ်းကို တော်လှန်ရေး စည်းမျဉ်းအဖြစ် ပြောင်းလဲသည့်ဖြစ်စဉ်က ဤတိုက်ပွဲ၏ စံနှုန်းအရ အင်မတန် နှေးကွေးလှသည်။ ထိုအချက်က သူသည် အခြေခံအနေဖြင့် သွေးမျိုးဆက်ကို မရှိထားသည့်အတွက် အဓိပ္ပာယ်ရှိလေသည်။ သူ့စွမ်းရည်နှင့် နားလည်နိုင်စွမ်းမှတဆင့် ဆင့်ကဲပြောင်းလဲနေရသည်။

အောင်းရှန်က ထိုနည်းဗျူဟာကို ချက်ချင်းစွန့်ပယ်လိုက်၏။ ထိုအရာက အချိန်များစွာ ကုန်ဆုံးပြီး တိုက်ပွဲအတွက် မသင့်တော်လှပေ။ သို့သော် နောက်ကျလွန်းသွားခဲ့လေပြီ။

ယင်ယန်ပြောင်းပြန်

ဧရာမယင်ယန်သင်္ကေတက တိုက်ပွဲကွင်းပြင်အထက် ပေါ်ထွက်လာခဲ့သည်။ အောင်းရှန်က မတုံ့ပြန်နိုင်ခင် သူက ဗလာ အသားကျမှုအနေအထားမှ ထွက်လာခဲ့၏။ ယင်မှယန်၊ ယန်မှ ယင် ပြောင်းပြန်လှန်မှုဖြင့် သူ၏ ကိုယ်ပျောက်အနေအထားက ပေါ်ထွက်လာလေသည်။

ကျစ်…

အောင်းရှန်က တတ်နိုင်သမျှ မြန်မြန်တုံ့ပြန်လိုက်သည်။ သူက ဤအခြေအနေတွင် အကောင်းဆုံး ရွေးချယ်မှုကို လုပ်ဆောင်ခဲ့သည်။ ဤနေရာတွင် ရှိနေသည့် ဗလာနတ္ထိ စွမ်းအားအနည်းငယ်ကို အသုံးပြုကာ ကိုယ်ထည်မဲ့အနေအထားသို့ ဝင်ရောက်ခဲ့၏။ သူက တိုက်ပွဲမျှော်စင်အတွင်း ဝမ်ဝေ့ မည်သို့လုပ်ဆောင်ခဲ့သည်ကို သိခဲ့ရပြီးသည့်နောက်တွင် သင်ယူခဲ့ခြင်း ဖြစ်သည်။

နှမြောစရာကောင်းလှသည်က နောက်ကျလွန်းသွားခဲ့လေပြီ။

နဂါးသတ်ဖြတ်ခြင်း

ဟို့ဖုန်းဟွမ်၏ ဓားချက်က သူ့စွမ်းအားကြီး ကြေးခွံကို ထိုးဖောက်ပြီး သွေးများ ထွက်လာစေသည်။ အဆိုးဆုံးအနေအထားက သူမ၏ သတ်ဖြတ်ရေး တာအိုနည်းစနစ်သည် နဂါးသဘောတရားကို ပစ်မှတ်ထားသည့်အတွက် သူ့အပေါ် အပြင်းအထန် ထိခိုက်စေသည်။

All Chapters