ဝူချန်း
Vol. 5 Ch. 68
“ဟူး... ဟူး...”
ပိုင်လင်သည် ဝေ့ဝူယင်၏ အမိန့်ပေးမှုကြောင့် တောင်ပံများကို ခပ်ရင်း မြေကြီးပေါ် ဆင်းသက်လိုက်သည်။ ဝေ့ဝူယင်က အသက်ပြင်းပြင်းရှူရင်း သွေးအစောင့်တပ်ဖွဲ့ကို ကြည့်လိုက်သည်။ သူတို့ တစ်ယောက်ချင်းစီကား အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်နှစ်တွင် ရှိနေကြပေသည်။ သူတို့၏ အသက်များမှာ ငါးဆယ်ကျော်နေပြီ ဖြစ်သည့်တိုင် ကျင့်ကြံခြင်း လောက၌ အစွမ်းထက်သူများဟု သတ်မှတ်နိုင်ပေသည်။ မည်သူမျှ သူတို့အား အထင်မသေးရဲကြချေ။
“ဂီး...”
ကျယ်လောင်သော အော်ဟစ်သံနှင့် အတူ သိမ်းငှက်ကြီး တစ်ကောင် ပေါ်လာခဲ့၏။ ၎င်း၏ အပေါ်၌ ချပ်ဝတ်ဝန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ယောက် ရှိသည်။ သူမ၏ ချပ်ဝတ်များကား အလွန်ပင် အရည်အသွေး မြင့်မားလှကာ သွေးရောင် အလင်းများကို ထုတ်လွှတ်နေသည်။
ထိုအမျိုးသမီး၏ ကျင့်ကြံခြင်း အဆင့်သည် အားလုံးထဲ၌ အမြင့်မားဆုံး ဖြစ်ပြီး ချီပျစ်ခဲခြင်း အဆင့်လေးတွင် ရှိနေသည်။ သူမ ဝတ်ဆင်ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာသည် သူမ၏ အရေးပါမှုနှင့် အဆင့်အတန်းကို ဖော်ညွှန်းနေ၏။
သူမကား သွေးအစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ပင်...။
ဝေ့ဝူယင်သည် အမျိုးသမီးကို ကြည့်ရင်း ရင်းနှီးသလိုလို ခံစားလိုက်ရသည်။ သံခေါင်းစွပ်မှ ပေါ်နေသည့် မျက်လုံး နှစ်လုံးကို သူ သေချာစွာ ကြည့်လိုက်၏။
အေးစက်ပြီး ကြည်လင် ပြတ်သားသည့် ထိုမျက်လုံးများ...
“နင်က...”
ဝေ့ဝူယင် ရေရွတ်ရန် ဟန်ပြင်လိုက်စဥ်တွင်ပင် အစောင့်ခေါင်းဆောင်မှာ သူမ၏ သံခေါင်းဆောင်းကို ချွတ်လိုက်သည်။ အနက်ရောင် ဆံပင်များမှာ ဖြာကျလာကာ ကျောက်စိမ်းကဲ့သို့ အသားအရောင်မှာ ထင်းခနဲ ပေါ်လွင်လာခဲ့၏။ ဆံပင်များ လေတိုက်၍ မြောလွင့်သွားသော အခိုက်၌ သူမ၏ မျက်ဝန်းတွင် မျက်ရည်စများ ဝေ့သီနေသည်ကို ဝေ့ဝူယင် တွေ့လိုက်ရလေသည်။
“စုမေ့...”
ဝေ့ဝူယင်က ပိန်ပါးသည့် ဆံပင်တိုတို မိန်းမငယ်လေးကို ပြန်လည် မြင်ယောင်ရင်း ညင်သာစွာ ခေါ်လိုက်သည်။ ပုံရိပ်နှစ်ခုမှာ မတူတော့သော်လည်း တစ်ယောက်တည်းသာ ဖြစ်ကြောင်း သူ သိရှိထားပေသည်။
“အရှင်ဝူယင်...”
သူမ၏ အသံက စိတ်ခံစားချက် မျိုးစုံကြောင့် တုန်ယင်နေ၏။ ဝေ့ဝူယင်က ပြုံးလိုက်သည်။
ဆယ်နှစ်...
ထိုဆယ်နှစ်အတွင်း စုမေ့သည် အခက်အခဲများကို ဖြတ်ကျော်ကာ မူလယင် မရှိတော့သည့် အခြေအနေဖြင့်ပင် ယင်ဖွဲ့စည်းခြင်း အဆင့်ကို ခြေချနိုင်ခဲ့သည်။ သူမ၏ ပါရမီက ဘယ်တုန်းကမှ သာမန် မဟုတ်ခဲ့ချေ။ ထို့ကြောင့်ပင် ဝေ့ဝူယင် ကိုယ်တိုင် သူမအား ကယ်တင်ကာ လက်သပ် မွေးထားခဲ့ခြင်း ဖြစ်သည်။
(မူလယင် မရှိတော့ခြင်းမှာ အပျိုစင် မဟုတ်တော့ဟု ဆိုလိုခြင်း ဖြစ်သည်။)
စုမေ့သည် လူလားမြောက်ကာ ပိုမို အစွမ်းထက်လာခဲ့သည်။ သံချပ်ကာများ ဖုံးကွယ်ထားသည့်တိုင် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ဖွံ့ဖြိုးလာကြောင်း ဝေ့ဝူယင် ပြောနိုင်ပေသည်။ သူမ၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေကာ ထွက်ပေါ်နေသာ အရှိန်အဝါများက သာမန် ကောင်မလေး တစ်ယောက် မဟုတ်တော့ကြောင်း ဖော်ပြနေ၏။
“အရှင် အသက်ရှင်နေတုန်းပေါ့...”
စုမေ့က ရှိုက်ကာ ငိုယိုလိုက်၏။ သူမအတွက်တော့ ဝေ့ဝူယင်မှာ ကယ်တင်ရှင် တစ်ယောက်သာမက အချစ်ရဆုံးလူ တစ်ယောက်လည်း ဖြစ်သည်။ လူတစ်ယောက်၏ အရေးမပါသည့် ကိုယ်လုပ်တော် ဘဝဖြင့် သူမ အနိုင်ကျင့်ခံနေရစဥ်တွင် ဝေ့ဝူယင်သည် သူမအား ကယ်တင်ခဲ့သည်။ သူမအား အစစ အရာရာ ထောက်ပံ့ပေးကာ ကြီးပြင်းစေခဲ့သည်။
အစောင့်များသည် ငိုယိုနေသည့် စုမေ့အား ကြည့်ကာ ဆွံ့အ နေကြ၏။ လမ်းသွားလမ်းလာများမှာလည်း ရပ်ကာ ကြည့်နေကြသည်။ အမြဲလိုလို အေးစက်ကာ ပြတ်သားလှသည့် သွေးအစောင့်တပ်ဖွဲ့ ခေါင်းဆောင်က အဘယ်ကြောင့် ရှိုက်ကြီးတငင်ငင် ငိုနေရသနည်း။
သူတို့အားလုံးသည် ဝေ့ဝူယင်ကို လှမ်းကာ ကြည့်လိုက်ကြ၏။ ဝေ့ဝူယင်မှာ ထိုအရာကို စိတ်မရှိပါချေ။ သူက စုမေ့ အနားသို့ သွားကာ ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“သွားကြစို့...”
ဝေ့ဝူယင်၏ နွေးထွေးသော အပြုံးကို ကြည့်ရင်း စုမေ့ကာ ခေါင်းညိတ်လိုက်သည်။ သူမသည် မည်သည့် အကြောင်းအရာကိုမျှ ဝေ့ဝူယင်အား မမေးချေ။ သူ အသက်ရှင်လျက် ပြန်လာသည်ကိုပင် သူမ ကျေနပ်နေခဲ့ပြီ ဖြစ်သည်။
“ကျွန်မတို့ ဂိုဏ်းချုပ်ဆီကို အရင်ဆုံး သွားပြီး အစီရင်ခံကြမယ်”
စုမေ့က သူမ၏ သိမ်းငှက်ပေါ် ပြန်လည်တက်ကာ နေသွေးနီနီ နန်းတော်ရှိရာသို့ ဦးတည်လိုက်တော့သည်။ ဝေ့ဝူယင်ကလည်း သူမ နောက်မှ လိုက်လာခဲ့၏။
သူတို့ ထွက်ခွာသွားပြီးနောက်...
အသက်လတ် အရွယ် နာမည်ခံ တပည့် တစ်ဦးသည် တစ်စုံတစ်ခုကို သတိရသွားသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော် နေသွေးနီနီဂိုဏ်းသို့ ရောက်ခါစ လူငယ်လေး ဘဝ၌ သူသည် နာမည်ခံ တပည့် ဘဝမှ အဓိက တပည့် ဖြစ်သည် အထိ တက်လှမ်းနိုင်ခဲ့သော ဒဏ္ဍာရီ တစ်ပုဒ်ကို ကြားသိခဲ့ရဖူးသည်။
“ဝေ့ဝူယင်... ဟုတ်တယ်... သူက ဂိုဏ်းတူ အကိုကြီး ဝေ့ဝူယင်ပဲ... သူ အသက်ရှင်နေသေးတယ်”
အသက်လတ် တပည့်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေ၏။ သူ၏ အသံကား လှိုင်းများ အဖြစ်ဖြင့် နေသွေးနီနီဂိုဏ်း တစ်ခုလုံးကို ပျံ့နှံ့သွားလေတော့သည်။
...
နေသွေးနီနီတောင်ထိပ်၌ အလွန်တရာ ခမ်းနား ကြီးကျယ်လှသော နန်းတော်ကြီး တစ်ခု တည်ရှိနေချေသည်။ အလွန်ထူထပ်သော သွေးရောင်ချီများသည် လေတိုက်သည့် အလား လွင့်လူး ထူးမြူးနေ၏။ မည်သူမဆို ထိုနေရာသို့ ရောက်သည်နှင့် နတ်ဘုံနတ်နန်းသို့ ရောက်ရှိသည့်အလား ထင်မှတ်မှား မိလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်သည် နန်းတော် အပေါက်ဝ၌ ရပ်နေသော အစောင့်နှစ်ယောက်ကို လှမ်းမြင်လိုက်ရ၏။ ထိုနှစ်ယောက်ကား လွန်ခဲ့သော ဆယ်နှစ်က အတိုင်း ကျင့်ကြံခြင်း အဆင့် မတိုးမတက်ပဲ တည်မြဲနေဆဲ ဖြစ်သည်။
ဝေ့ဝူယင်က ပိုင်လင်ကို မြေပြင်ပေါ်ဆင်းရန် ညွှန်ကြားလိုက်သည်။ စုမေ့သည်လည်း သိမ်းငှက်ကြီးထက်မှ ဆင်းသက်ကာ ဝေ့ဝူယင်တို့ အနား လျှောက်လာ၏။ သူမက ဝေ့ဝူယင်ကို တစ်ချက်ကြည့်ကာ ပိုင်လင်အား အနည်းငယ် ပွတ်သပ်ပေးလိုက်၏။ သူမ၏ မျက်လုံးများက ချစ်ခင်မှုများနှင့် ပြည့်နှက်နေသည်။
ဝေ့ဝူယင်က အကြောတစ်ချက် ဆန့်လိုက်သည်။
“ငါ ပြန်လာမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
ဝေ့ဝူယင် စုမေ့တို့အား ကျောခိုင်းကာ နန်းတော် တံခါးပေါက်နားသို့ လျှောက်လာခဲ့သည်။ အစောင့်များသည် ဝိညာဥ်အာရုံများကို ဖြန့်ကျက်ကာ ဝေ့ဝူယင်ကို စစ်ဆေးလိုက်ကြသည်။ မကြာမီတွင်ပင် သူတို့၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ဝိုင်းစက်သွားတော့၏။
“ဝေ့ဝူယင်လား...”
ဂိုဏ်း၏ အဆိုအရဆိုလျှင် ဝေ့ဝူယင် သေဆုံးသွားပြီ ဖြစ်သည်။ ထိုအရာက အလောင်းကို မြင်ရသကဲ့သို့ တိကျပေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ အဘယ်ကြောင့် ဝေ့ဝူယင် ပြန်ပေါ်လာရသနည်း။
“ကျုပ် ဂိုဏ်းချုပ်နဲ့ တွေ့ဖို့ လာတာပါ...”
ဝေ့ဝူယင်က တည်ငြိမ်စွာ ပြောလိုက်သည်။
အစောင့်များမှာ ဆယ်စုနှစ်ချီ လုပ်ငန်းအတွေ့အကြုံကြောင့် ကိုယ့်ကိုယ်ကို လျှင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်နိုင်ကြ၏။
“ခဏစောင့်... ကျုပ် ဂိုဏ်းချုပ်ကို ခုချက်ချင်း သွားအစီရင်ခံလိုက်ပါမယ်...”
အစောင့်တစ်ယောက်က ပြောကာ ချက်ချင်းပင် အထဲသို့ ဝင်သွားခဲ့သည်။ မိနစ် အနည်းငယ် ကြာပြီးသည့်နောက်၌ သူသည် ပြန်လည် ထွက်လာခဲ့၏။
“ဝင်သွားလိုက်ပါ...”
ဝေ့ဝူယင်က ခေါင်းညိတ်ကာ အထဲသို့ ဦးတည်လိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်နေကာ သူ၏ ခြေလှမ်းများမှာ စီးချက် ကျနလှ၏။ သူ၏ ငွေရောင်မျက်လုံးများမှာလည်း တလက်လက် တောက်ပနေခဲ့လေသည်။
နောက်ဆုံးအကြိမ် ဤနန်းတော်ထဲကို ရောက်ရှိစဥ်က သူ သေမျိုး နတ်ဘုရား ပေါက်စ တစ်ပါးသာ ဖြစ်နေခဲ့သေးသည်။
ယခုတွင်မူ သူကား ပိုမို အစွမ်းထက်သော လူတစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကမ္ဘာတိုက်တန်ဂိုဏ်း၏ သေမျိုး နတ်ဘုရား ဂူဖုတုသည် သူ၏ လက်တွင် သေခဲ့ရသည်။ ထို့နောက်တွင် သူ ချော်ရည်ပူချီကို မွေးဖွားကာ ဒြပ်စင်ချီ ဆန်းကြယ်နှလုံးသားနှင့် ဆေဘာ ဆန်းကြယ် နှလုံးသား နှစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ ထို့နောက်တွင် ဆန်းကြယ်သော အဖြစ်အပျက်များနှင့် ထပ်မံ ကြုံတွေ့ခဲ့ရပြီး အဂ္ဂိရတ် ဧဒင်ချီနှလုံးသားကိုပါ တည်ဆောက်နိုင်ခဲ့သည်။
ထို့ကြောင့်ပင်... ဝေ့ဝူယင်သည် ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့လေသည်။
နန်းတော်အတွင်းပိုင်းသို့ ရောက်ရှိပြီးနောက်... ပထမဆုံး မြင်တွေ့လိုက်ရသည့် ပုဂ္ဂိုလ်ကြောင့် ဝေ့ဝူယင်၏ မျက်ခုံးများမှာ မြင့်တက်သွား၏။
သွေးရောင်ဆံပင်၊ သွေးရောင် မျက်လုံးများနှင့် လူငယ်တစ်ဦး...
ထိုလူငယ်သည် ထူထဲသော မျက်ခုံးမွေးများ၊ လေးထောင့်ကျကျ မေးရိုးတို့နှင့် အလွန်ပင် ချောမောလှသည်။ သူ၏ ကြွက်သားများသည် သွေးရောင်ဝတ်စုံကို ဖောက်ထွက်ကာ ပေါ်လွင်နေ၏။ သို့သော်လည်း... သူကား ဝေ့စီတို့ကဲ့သို့ ဗလကြီးတော့ မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ် အချိုးအစားမှာလည်း အနည်းငယ် ပိုပုသည်မှ လွဲ၍ ဝေ့ဝူယင်နှင့် ယှဥ်နိုင်ပေသည်။ ပုသည်ဆိုသော်လည်း သူ ဝေ့ဝူယင်ထက်သာ ပိုပုခြင်း ဖြစ်သည်။ အခြား ယောက်ျားအများစုထက်မူ ရှည်နေဆဲ ဖြစ်သည်။
သူ၏ နဖူးထက်တွင်မူ... ကျောက်မျက် ရတနာများ စီခြယ်ထားသည့် သရဖူ တစ်ခုကို ဆောင်းထား၏။ ဝေ့ဝူယင် လူငယ်ကို မြင်မြင်ချင်းပင် မှတ်မိလိုက်သည်။
“သခင်လေး ဝူချန်း...”
သူက လက်နှစ်ဖက်ကို ယှက်ကာ လေးစားသော အမူအရာနှင့် နှုတ်ဆက်လိုက်၏။ မည်သို့ပင် ဆိုစေ... ထိုလူငယ်မှာ နေသွေးနီနီဂိုဏ်း၏ သခင်လေး ဖြစ်သည်။ ဂိုဏ်းသား တစ်ယောက်အနေဖြင့် တလေးတစား ဆက်ဆံရမည်မှာ ဝတ္တရား တစ်ခုပင် ဖြစ်သည်။
ဝူချန်းကာ ချောမော ခန့်ညားစွာပင် ပြုံးပြလိုက်သည်။ ဝေ့ဝူယင်အား အကဲခတ်ရင်း သူ၏ မျက်လုံးများက တလက်လက် တောက်ပလာခဲ့၏။
“မင်း တကယ် အသက်ရှင်နေသေးတာပဲ...”
“ဟုတ်တယ်...”
ဝေ့ဝူယင်က ရိုးရိုးရှင်းရှင်းပင် အဖြေပေးလိုက်သည်။
ဝူချန်းက ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူ ဝေ့ဝူယင်ကို လွန်ခဲ့သော ဆယ်နှစ်မတိုင်ခင် ကတည်းက သတိထားမိနေခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ် ရရှိခဲ့သော အောင်မြင်မှုများက သတိပြုမိရန် ထိုက်တန်ပေသည်။
အချို့ကောလဟာလများက ဝေ့ဝူယင်တွင် ကျင့်ကြံခြင်း ရတနာ အချို့ ရှိသည်ဟုပင် ဆိုကြသည်။ သို့သော်လည်း သူ၏ မိခင်နှင့် ဖခင်တို့သည် ကိုယ်တိုင် စုံစမ်းကာ ထိုလူငယ်တွင် မည်သည့် ရတနာမျှ မရှိကြောင်း အတည်ပြုခဲ့ကြသည်။ အရာအားလုံးက သူ၏ မြင့်မားသော ကျင့်ကြံခြင်း ပါရမီကြောင့် ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူနှင့် ကျူးလန်တို့ အကြားရှိ ဆက်ဆံရေးကြောင့်သာ မဟုတ်လျှင် ဝေ့ဝူယင်ကို သူ၏ အဖွဲ့ထဲ ဆွဲသွင်းခဲ့လောက်ပြီး ဖြစ်သည်။ ကံဆိုးစွာပင် ကျူးလန်သည် ဝေ့ဝူယင်ကို သတ်ဖြတ်ချင်နေခဲ့သည်။ သူမ သာလျှင် မကချေ။ ကျူးလန်အား အယ်ဗန်မျိုးနွယ်တို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်၌... လမ့်ရသည် သူ့ထံသို့ ချည်းကပ်ကာ ဝေ့ဝူယင်ကို သတ်ဖြတ်ပေးရန် တောင်းဆိုခဲ့သေးသည်။ သူမ၏ လုပ်ရပ်များကြောင့် ဝေ့ဝူယင်က ပြန်လည် လက်စားချေမည်ကို ကြောက်လန့်နေဟန် ရသည်။
ထို့နောက်တွင် ဝေ့ဝူယင် ပျောက်သွားကာ မေ့မေ့မှာ နေကျီးကန်း စုန်းမနှင့် အတူ ပြန်လည် ရောက်ရှိလာသည်။ သူမသည် တိုက်ရိုက်ပင် လမ့်ရထံသို့ သွားကာ ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်။ ကံကြမ္မာကား ရယ်စရာ ကောင်းလွန်းလှ၏။
“ဝေ့ဝူယင်...”
သြဇာတိက္ကမနှင့် ပြည့်စုံသည့် အသံတစ်ခုမှာ အခန်းထဲ ပျံ့နှံ့လာ၏။ စုလင်းယာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ = သွေးရောင် ဝတ်စုံ ဝတ်ဆင်ထားသော သူမကား ဖီးနစ်မျက်လုံးများ၊ ချယ်ရီနှုတ်ခမ်းများနှင့် လှပမြဲ လှပနေဆဲ ဖြစ်ပေသည်။
***