ကောင်းကင်ယင်ကမ္ဘာ
Vol. 51 Ch. 682
ချင်မူ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ မီးခိုးရောင်တောင်တန်း၊ မြစ်ပြင်များကို မြင်လိုက်ရသည်။ မြေပြင်မှာလည်း မီးခိုးရောင် ဖြစ်နေသည့်အပြင် အဝေး၌ ပေါ်ချင်တိုင်း ပေါ်၊ ပျောက်ချင်တိုင်း ပျောက်နေသော အနက်ရောင်အရိပ်များ ရှိနေ၏။ မကောင်းဆိုးဝါးများ မီးခိုးငွေ့များသဖွယ် အမှောင်ထဲသို့ ရောက်လာလိုက်၊ ထွက်သွားလိုက်ဖြစ်နေသည့်အလားပင်။
မကောင်းဆိုးဝါးတချို့က မီးခိုးရောင်သစ်ပင်တစ်ပင်၏အနောက်မှ သူ့ကို ချောင်းကြည့်နေကြသည်။
ချင်မူ ဘေးမှ တရှဲရှဲမြည်သံများ ကြားလိုက်ရသည်။ ထိုမကောင်းဆိုးဝါးများ ရောက်လာသည့်အခါ အမှောင်ထုသည် စီးဆင်းသွား၍ တရှဲရှဲ မြည်သံများ ထွက်လာတတ်၏။
သူ ရှေ့ဆက်လျှောက်သွားသည်။ ဤနေရာတွင် ထိုမကောင်းဆိုးဝါးများကဲ့သို့ သက်ရှိသတ္တဝါများ ရှိသော်လည်း တိတ်ဆိတ်ခြောက်ကပ်လွန်းသည်။ သို့သော် သစ်ပင်များ၊ ပန်းပွင့်များနှင့် အမျိုးအမည်မသိ မကောင်းဆိုးဝါးများလည်း ရှိနေသည့်အတွက် အလင်းရောင်အနည်းငယ်သာ ရှိလျှင် မြင်ကွင်းက တမူထူးခြားနိုင်ပေသည်။။
မကောင်းဆိုးဝါးများက သူ့နောက် လိုက်နေကြသော်လည်း အနားမကပ်ရဲကြပေ။ ခပ်ခွာခွာမှသာ လိုက်နေကြသည့်အပြင် ပတ်ဝန်းကျင်ကလည်း မှောင်ရီမှုန်ဝါးလွန်း၍ မကောင်းဆိုးဝါးတို့၏ မျက်နှာအစစ်များအား သဲသဲကွဲကွဲ မြင်နိုင်ရန် ခဲယဉ်းနေသည်။
ရုတ်တရက် ချင်မူ ရင်ထဲ လှုပ်ရှားသွား၏။ သူ ထောင်ကျယ်အိတ်ထဲမှ အမဲသားတစ်တုံး ထုတ်လိုက်သည်။
ဝှစ် —
သူ့လက်ထဲရှိ အသားမှာ တစ်ယောက်ယောက် စားပစ်လိုက်သကဲ့သို့ တမုဟုတ်ချင်း ပျောက်သွား၏။ အရိပ်မည်းမည်းကြီးတစ်ခုက သူ့လက်ထဲရှိ အမဲသားအား ခုန်အုပ်လိုက်သည်ကို ဖျတ်ခနဲ မြင်လိုက်ရသဖြင့် ချင်မူ အလန့်တကြား ထခုန်မိလိုက်သည်။
‘ဒီကောင်တွေက ထူးဆန်းပြီး သိပ်မြန်တာပဲ... ကောင်းကင်ယင်ကမ္ဘာမှာ ဘယ်လိုသက်ရှိတွေ နေ,နေတာပါလိမ့်’
ဤကမ္ဘာ၏အမှောင်ထုထဲတွင် မဆင်မခြင် လျှောက်သွား၍မဖြစ်တော့ပေ။ နေရာအနှံ့ ရှိနေသော ဤမကောင်းဆိုးဝါးများက အသားစားပစ်လိမ့်မည်။
အဝေးမှ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်လာသည်။ ချင်မူ အသံလာရာဆီသို့ ကြည့်လိုက်သည့်အခါ ကျောက်တုံးတစ်တုံးအနောက်၌ မကောင်းဆိုးဝါးတချို့ တစ်စုံတစ်ခုအား စားနေသည်ကို ခပ်ရေးရေး မြင်နေရ၏။
သူ သူတို့ဆီ လျှောက်သွားသည့်အခါ ထိုမကောင်းဆိုးဝါးများ ထိတ်ထိတ်ပျာပျာ ထွက်ပြေးကုန်ကြသည်။ သူတို့၏ ရုပ်သွင်ကို မမြင်လိုက်ရပေ။
ကောင်းကင်သည် မှိန်ပျပျနှင့် မှောင်မှိုင်းအုံ့ဆိုင်းနေ၏။ ချင်မူ နောက်လှည့်ကြည့်ပြီး လာခဲ့သော အရပ်မျက်နှာကို မှတ်ထားလိုက်သည်။ ပြီးမှ ရှေ့ဆက်လျှောက်သွားသည်။
အမှောင်ထဲမှ တီးတိုးပြောသံများ ထွက်လာပြီး မကောင်းဆိုးဝါးတို့ စုဝေးနေကြသည်။ သူတို့က ဆွေးနွေးနေကြပုံရပြီး ချင်မူ အနားကပ်သွားလျှင် လေသယ်ရာနောက် လွင့်မျောသွားသော အနက်ရောင်သဲမှုန်များလို ပြန့်ကြဲသွားကြ၏။
‘ကောင်းကင်ယင်ကမ္ဘာတစ်ကမ္ဘာလုံးက အခုလို မီးခိုးရောင်ဖြစ်နေတာလား... တခြားအရာတွေ မရှိတော့ဘူးလား... အမှောင်ထုက တကယ်ပဲ ဒီနေရာကလား’
ချင်မူ ပတ်ရှာကြည့်သော်လည်း အသုံးတည့်သည့် သဲလွန်စတစ်စုံတရာ မတွေ့ရပေ။ နောက်ဆုံးတော့ မချုပ်တည်းနိုင်တော့ဘဲ သေခြင်းရှင်ခြင်းစာအုပ် ထုတ်၍ မကောင်းဆိုးဝါးတစ်ကောင်အား ချိန်ကြည့်လိုက်သည်။
မကောင်းဆိုးဝါးမှာ သွေးပျက်ချောက်ချားစွာ အော်ဟစ်ပြီး သူ့ကိုယ်ထဲမှ အနက်ရောင်အခိုးအငွေ့များ ထွက်လာ၏။ ထို့နောက် မကောင်းဆိုးဝါးကား လေလျော့သွားသော ပူဖောင်းသဖွယ် ကျုံ့သွားပြီး မြေပြင်ပေါ် လဲကျသွားသည်။
“ဒါက...”
ချင်မူ၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ အလျင်အမြန် သွားကြည့်လိုက်သည့်အခါ မကောင်းဆိုးဝါးက လူ့အရေခွံဖြစ်နေကြောင်း မြင်လိုက်ရ၏။
ကောင်းကင်ယင်နယ်နိမိတ်ကျောက်တုံးအရှေ့၌ မြင်ခဲ့ရသော နတ်ဘုရားအတိုင်း အရေပြားသာ ကျန်ခဲ့လေသည်။
ချင်မူ စိတ်ရှုပ်ထွေးသွားပြီး ခပ်တိုးတိုး ရေရွတ်မိသည်။ “ဒီမကောင်းဆိုးဝါးအားလုံး အရေခွံတွေပဲလား... မကောင်းဆိုးဝါးအစစ် မရှိဘူးလား”
ချင်မူ့ရင်ခုန်သံများ ဗြောင်းဆန်နေသည်။ အခြေအနေက အဘယ်သို့ပြု၍ ဤသို့မယုံနိုင်စရာကောင်းနေသနည်း။ တခဏတွေးပြီးသော် သူက တမုဟုတ်ချင်း အဝေးသို့ ဆုတ်လိုက်ပြီး စောင့်ကြည့်လိုက်သည်။
အချိန်အနည်းကြာသည့်အခါ အမှောင်ထုက သဲမှုန်များလို ရွေ့လျားလာကာ အရေခွံထဲ ဝင်ရောက်သွား၏။ မကောင်းဆိုးဝါးက ကပျာကယာ ထရပ်ပြီး အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။
ချင်မူ စိတ်ပြန်ထိန်း၍ လာရာလမ်းအတိုင်း လှည့်ပြန်လိုက်သည်။ နယ်နိမိတ်ကျောက်တုံးဆီ ပြန်သွားပြီး အရိုအသေပေးလိုက်၏။ “ဆရာကြီး၊ နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်”
သူက အရေခွံကို မ,ပြီး ကောင်းကင်ယင်ကမ္ဘာထဲသို့ ပြန်လျှောက်သွား၏။
ကောင်းကင်ယင်ကမ္ဘာသို့ ရောက်သည်နှင့် သူ မ,ထားသော လူ့အရေခွံသည် ရုတ်တရက် ထွက်ပြေးသွားချေသည်။ တခဏအတွင်း အရိပ်အယောင်ပင် ရှာမရအောင် ပျောက်ကွယ်သွား၏။
‘ထင်ထားတဲ့အတိုင်းပဲ’
ချင်မူ့ရင်ထဲ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ မကောင်းဆိုးဝါးသည် မကောင်းဆိုးဝါးအစစ်မဟုတ်၊ လူ့အရေခွံများသာ ဖြစ်သည်။
အရေခွံတို့တွင် အသွေးအသားမရှိ၍ အမှောင်ဒြပ်များ ပူးကပ်လိုက်သည်နှင့် မယုံနိုင်အောင် လျင်မြန်လာကြမည်။ သေခြင်းရှင်ခြင်းစာအုပ်ဖြင့် ကြည့်လိုက်လျှင် အမှောင်ဒြပ်များ ပြန်ထွက်သွားပြီး အရေခွံအလွတ်များသာ ကျန်မည်။
‘သူတို့က ဘာလို့ အသွေးအသားကို စားကြတာလဲ’
အမှန်တရားနှင့် နီးလာသည့်အလား ခံစားရပါသော်လည်း တစ်ခုလုံးကို ဖော်ထုတ်ရန် ဝေးကွာနေသေးသည်။ ‘အမှောင်ထုရဲ့ အမှန်တရားကို ငါ ဖော်ထုတ်ချင်ရင် ကောင်းကင်ယင်ကမ္ဘာရဲ့ လျှို့ဝှက်ချက်ကို ရှာရလိမ့်မယ်’
သူ ရှေ့ဆက်သွားပြီး တရှဲရှဲမြည်သံ ကြားလိုက်ရ၏။ မကောင်းဆိုးဝါးတစ်ကောင်က သူ့အနားကပ်လာသဖြင့် ချင်မူ အနည်းငယ် မှင်သက်သွားသည်။ ဤမကောင်းဆိုးဝါးကို သူ ရင်းနှီးနေသည်။
‘စောစောက မီးအိမ်နဲ့ နတ်ဘုရားပဲ’
နတ်ဘုရားမှ ပြောင်းလဲသွားခဲ့သော မကောင်းဆိုးဝါးသည် သူ့အနား တိုးလာကာ ရပ်လိုက်၏။ ချင်မူ သူ့အနားသွားလိုက်လျှင် အလျင်အမြန် ထွက်ပြေးသည်။ သို့သော် ဝေးဝေးမသွားဘဲ ရပ်၍ နောက်ပြန်လှည့်ကြည့်သည်။
‘သူက ငါ့ထက် မြန်မြန်ပြေးနိုင်တယ်... အခုလို သွားလိုက်၊ ရပ်လိုက် လုပ်နေတာက ငါ့ကို သူ့နောက် လိုက်စေချင်လို့ပဲ’
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး မကောင်းဆိုးဝါးနောက် ပြေးလိုက်တော့သည်။
လူတစ်ယောက်နှင့် မကောင်းဆိုးဝါးတစ်ကောင် အမှောင်မြေထဲ၌ ပြေးနေကြသည်။ ချင်မူ မောလာတိုင်း မကောင်းဆိုးဝါးက အရှိန်လျှော့ပေးတတ်သည်။ တစ်ခါတရံ ရပ်ပင် ရပ်ပေးတတ်၏။ လူတစ်ယောက်နှင့် မကောင်းဆိုးဝါးတစ်ကောင် တစ်ယောက်ဆီမှ တစ်ယောက် ကိုက်သုံးရာသာ ခြားသည်။ မကောင်းဆိုးဝါးက ချင်မူ အမောဖြေနေသည်ကို တိတ်ဆိတ်စွာ စောင့်ပေးတတ်သည်။
ဤအတိုင်း မိုင်ပေါင်းမရေမတွက်နိုင်အောင် ပြေးပြီးနောက်တွင် အရောင်တချို့ မြင်လိုက်ရ၍ ချင်မူ့မျက်လုံးများ အရောင်တောက်သွားသည်။
စိမ်းစိုနေသော တောင်တန်းများ၊ ကြည်လဲ့နေသော ရေပြင်များ၊ ငှက်တေးသီသံများ၊ မွှေးပျံ့သင်းကြိုင်လှသည့် ပန်းရနံ့များ၊ မိုးပြာရောင်ရေကန်များ ... လေပင်လျှင် များစွာလတ်ဆတ်လာသယောင် ထင်ရသည်။
ခံ့ညားတင့်တယ်သော အဆောက်အအုံများ၊ လှပသော ရှုခင်းများဖြင့် မြို့တစ်မြို့လည်း ရှိနေ၏။ လူရိပ်များကိုလည်း အဝေးမှ လှမ်းမြင်နေရသည်။ ကောင်းကင်ယင်ကမ္ဘာတွင် ယခုလို နေရာတစ်နေရာ ရှိလိမ့်မည်ဟု ချင်မူ မထင်ထားခဲ့ပေ။
ထိုမကောင်းဆိုးဝါး ထိုမြို့ထဲ ဝင်လိုက်သည်နှင့် သူ့ကိုယ်ပေါ်ရှိ မီးခိုးအရောင်သည် တမုဟုတ်ချင်း ပျောက်ကွယ်သွားပြီး အရောင်အသွေး တောက်ပခမ်းနားနေသော နတ်ဘုရားတစ်ပါး ဖြစ်လာ၏။
ချင်မူ ကပျာကယာ လိုက်သွားသော်လည်း မြို့ထဲသို့ ရုတ်ခြည်း မဝင်ပေ။ ပတ်ဝန်းကျင်ကို ဦးစွာ စစ်ဆေးပြီး အန္တရာယ်မရှိကြောင်း သေချာမှ ဝင်လိုက်၏။
လမ်းများအပေါ်တွင် နတ်ဘုရားများ ရယ်ကာမောကာ၊ အော်ကာ ဟစ်ကာဖြင့် လမ်းလျှောက်သွားလာနေကြသည်။ တချို့က သီချင်းများပင် သီဆိုနေကြသေး၏။
“မိတ်ဆွေလေး အဝေးကနေ လာခဲ့ရတာတောင် ကျုပ်တို့ မကြိုခဲ့မိဘူး... ခွင့်လွှတ်ပါ”
စာပေသမားအသွင်အပြင် ဝတ်ထားသော အသက်ကြီးကြီးနတ်ဘုရားတစ်ပါးက အဝေးမှ လျှောက်လာပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။ သူက ချင်မူ့ကို ကြိုဆိုရင်း အပြုံးတစ်ခုဖြင့် ပြောလေ၏။ “ကျုပ်တို့ မြို့လေးကို ဧည့်သည်တွေ ရောက်လေ့ရောက်ထ မရှိလို့ပါ... အထဲ ကြွပါ”
သူ့ရုပ်သွင် အိုမင်းနေသော်လည်း အားအင်တက်ကြွနေသည့်အပြင် မျက်နှာမှာလည်း ဝင်းလက်ကြည်လင်နေ၏။ အသက်အရွယ် ကြီးရင့်နေသည်နှင့် မတူပေ။
ချင်မူ စိတ်ငြိမ်အောင် ထားကာ ပြုံးလိုက်သည်။ “အကြီးအကဲက ယဉ်ကျေးလွန်းနေပါပြီ... အကြီးအကဲ၊ ဒီနေရာက ဘယ်နေရာလဲဗျ... ကောင်းကင်ယင်ကမ္ဘာက တစ်ကမ္ဘာလုံး မီးခိုးရောင်ဖြစ်နေပေမယ့် ဒီနေရာကတော့ အရောင်အသွေးစုံလင်နေတယ်... တစ်ခုခု ထူးခြားတယ်ဖြစ်မယ်”
“ဒါက ကောင်းကင်ယင်ကမ္ဘာရဲ့ ရွှင်လန်းလန်းကျေးရွာပါ... နတ်ဝိဇ္ဇာတွေ ပျော်ရွှင်မှုကို ဇိမ်အပြည့်နဲ့ စံမြန်းရတဲ့ နေရာပေါ့”
အသက်ကြီးကြီးနတ်ဘုရား၏အသံက ကျယ်လောင်စွာ ဟိန်းထွက်နေသည်။ “ကျုပ်တို့နေရာမှာ မိတ်ဆွေလေးရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးနိုင်တဲ့ အလှလေးတွေ အပြည့်ပဲလေ... ဒါကြောင့် ဒီကိုရောက်ရင် အိမ်ပြန်ဖို့ မေ့ပြီး ဒီမှာပဲ ဆက်နေကြတော့တယ်... ရွှင်လန်းလန်းကျေးရွာလို့ ခေါ်တာ မလွန်ပါဘူး”
သူတို့ စကားပြောနေကြစဉ် နတ်ဘုရားမများသည် မည်သည့်နေရာကမှန်းမသိ ထွက်လာကြပြီး သီဆိုကခုန်ကြ၏။ နတ်သက်ကြွေလာသကဲ့သို့ လှသူက လှကြသည်၊ ရှိုက်ကြီးရှိုက်ဖိုအသွယ်သွယ်ဖြင့် ကလူမြူဆွယ်တတ်သူက ကလူမြူဆွယ်နေကြသည်။ ချိုသာသော အပြုံးလေးများဖြင့် ချစ်စဖွယ်ကောင်းသူများလည်း ပါ၏။ ခပ်တည်တည်မျက်နှာထားဖြင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိသူများလည်း တွေ့ရသည်။ လျှပ်ပေါ်လျှပ်လီ ဝတ်ဆင်ကာ ဟော့ဟော့ရမ်းရမ်း နေတတ်သူများလည်း ရှိသည်။ ရေခဲတုံးသဖွယ် အေးစက်သော အလှလေးများသည်လည်း ကခုန်နေကြ၏။ သူတို့အားလုံး၏အကြည့်က သူ့ဆီ ရောက်နေကြလေသည်။ သူတို့က ပြုံးရယ်ကာ ပြောကြသည်။ “အဝေးက မိတ်ဆွေလေး၊ ရွှင်လန်းလန်းကျေးရွာကို လာရင် ရွှင်လန်းလန်း နေရမှာနော်”
ချင်မူ တဟားဟား ရယ်မောပြီး ဘယ်တစ်ယောက်၊ ညာတစ်ယောက် ဖက်လိုက်၏။ “ကောင်းကင်ယင်ကမ္ဘာက သိပ်ဇိမ်ကျတဲ့ နေရာဖြစ်နေမှတော့ ကျုပ်လည်း ရွှင်လန်းလန်း နေရမှာပေါ့ဗျာ... လက်နှစ်ဖက်ပဲ ရှိတာ ဆိုးတယ်.... ဟားဟားဟား”
နတ်ဘုရားမများလည်း တခစ်ခစ် ရယ်ကြသည်။ အသက်ကြီးကြီးနတ်ဘုရားက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဧည့်သည်တော်လေး သူတို့အားလုံးကို ဖက်ချင်ရင် ရိုးရိုးလေးပါ... ကျုပ်တို့လို ဒီမှာနေလိုက်ပေါ့ မဟုတ်ဘူးလား... ဒီမှာ ကြာကြာနေရင် သူတို့အားလုံးကို ဖက်နိုင်ရုံတင်မကဘူး.. တူတူလည်း အိပ်လို့ရမှာနော်”
ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “ခင်ဗျားတို့လိုတဲ့လား... ဒါဆို ကျွန်တော် ဆာလောင်နေတဲ့ အလောင်းတစ်လောင်း ဖြစ်မသွားဘူးလား”
“ဆာလောင်နေတဲ့ အလောင်း ဟုတ်လား”
အသက်ကြီးကြီးနတ်ဘုရား၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ချင်မူ့အနားရှိ နတ်ဘုရားမများလည်း မျက်နှာတည်သွားကြသည်။ “ဘာက ဆာလောင်နေတဲ့အလောင်းလဲ... နင် ဘာသိထားလဲ”
“ဆာလောင်ပြီး သေသွားတဲ့ သရဲတွေက ဆာလောင်နေတဲ့ အလောင်းတွေပဲမဟုတ်လား” ချင်မူက အပြုံးမပျက် ပြောလိုက်သည်။
သူ့ဘေးရှိ နတ်ဘုရားများက သူ့လက်များကို ချုပ်လိုက်၍ သူ လှုပ်မရတော့ပေ။ အသက်ကြီးကြီးနတ်ဘုရားက သရော်တော်တော် ပြော၏။ “မင်း သိထားတယ်ပေါ့လေ... ဒါပေမဲ့ နောက်ကျသွားပြီ... ငါတို့ သိပ်ဆာလောင်နေတယ်”
နတ်ဘုရားမများကလည်း တခစ်ခစ် ရယ်ကြသည်။ “ငါတို့ကိုယ်ပေါ်က အသွေးအသားအားလုံး အစားခံထားရတော့ သိပ်ဆာနေပြီ”
“ဒီတော့ မိတ်ဆွေလေးကိုပဲ စားရတော့မှာပေါ့”
“သူ့ကို ခေါ်သွားကြ”
ချင်မူမှာ နတ်ဘုရားမ၏ ပင့်မြှောက်ခံလိုက်ရပြီး သူတို့က မြို့အလယ်သို့ ဦးတည်သွားကြသည်။ နတ်ဘုရားများစွာ စုပြုံရောက်လာကြကာ အလွန်ပျော်ရွှင်စွာဖြင့် စားရရန် စောင့်နေကြ၏။
မြို့အလယ်သို့ ရောက်သည့်အခါ ချင်မူ စိတ်ငြိမ်အောင် ထားလိုက်သည်။ အသက်ကြီးကြီးနတ်ဘုရားက ခန်းမအရှေ့ရှိ ပလ္လင်တစ်ခုအပေါ်၌ ထိုင်၏။ နတ်ဘုရားမနှစ်ပါးက ချင်မူ့လက်ကို ဖမ်းဆုပ်ထားကြပြီး သူ့အောက်တွင်မူ ဆာလောင်နေကြဟန်တူသော နတ်ဘုရားများစွာ ရှိနေသည်။
အသက်ကြီးကြီးနတ်ဘုရားက ဟက်ခနဲ ရယ်ကာ ပြောသည်။ “ငါတို့ဒီမှာ ပိတ်မိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... ဗိုက်ဆာရင် ငါတို့ကိုယ်ပဲ ငါတို့ ပြန်စားခဲ့ကြရတယ်... နောက်ဆုံး အရိုးတွေတောင် စားခဲ့ရလို့ အရေခွံပဲ ကျန်ခဲ့တယ်... အခုတော့ သက်ရှိတစ်ကောင် ရောက်လာပြီ... အသားပြန်စားရတော့မယ်”
အောက်ရှိ နတ်ဘုရားများသည် လက်ခုပ်လက်ဝါးတီးရင်း ပျော်ရွှင်စွာ ကခုန်နေကြ၏။ စားရဖို့ သူတို့ မစောင့်နိုင်ကြတော့ပေ။
အသက်ကြီးကြီးနတ်ဘုရားက ချင်မူ့ကို ပြုံးပြပြီး ပြောသည်။ “မိတ်ဆွေလေး၊ စိတ်မပူပါနဲ့... အစားခံရပြီးရင် မင်း ငါတို့ထဲတစ်ယောက် ဖြစ်လာမှာပါ... ဒါပေမဲ့ ဒီနေ့ကစပြီး မင်းလည်း ဆာလောင်ရလိမ့်မယ်”
ချင်မူကလည်း ပြုံးလျက် ပြန်ပြောလိုက်၏။ “ဒါက ရွှင်လန်းလန်းကျေးရွာပေါ့... ဧည့်သည်ကို ဒီလိုဆက်ဆံတာပေါ့... ခင်ဗျားတို့ မဖြစ်ထွန်းတာလည်း အံ့ဩစရာမရှိပါဘူး”
“ဟော ဧည့်သည်လေးက စိတ်မပူတဲ့အပြင် နောက်တောင် နောက်နိုင်သေးတယ်ပေါ့.... အားကိုးစရာများ ရှိနေလို့လား”
အသက်ကြီးကြီးနတ်ဘုရားက ပြုံးရယ်ရင်း ဆက်ပြောသည်။ “ဒါပေမဲ့ ကောင်းကင်ယင်ကမ္ဘာကို ရောက်လာရင် မင့်နောက်မှာ ကောင်းကင်နယ်စားမင်း ရှိနေရင်တောင်မှ ဘာမှလုပ်ပေးလို့မရဘူး... ကောင်းကင်နယ်စားမင်း ဒီနေရာကို မထိနိုင်သလို၊ မြေအောက်ဘုံအရှင်သခင်လည်း မလာနိုင်ဘူး... သေမှာကို လိမ်လိမ်မာမာလေး စောင့်နေလိုက်”
ချင်မူ ပြောလိုက်သည်။ “ကောင်းကင်ယင်ကမ္ဘာထဲက အမှောင်ထုက ဘာဖြစ်နေတာလဲ... ဘာလို့ အမှောင်ထုက ကောင်းကင်ယင်ကမ္ဘာကနေ စိမ့်ထွက်လာတာလဲ... လူဆိုတာ သေခါနီးရင် စပ်စုတတ်တယ်မဟုတ်လား... သေရတော့မယ့် လူတစ်ယောက်ရဲ့ ဆန္ဒကို အကြီးအကဲတို့ ဖြည့်ဆည်းပေးလို့ရမလား”
အသက်ကြီးကြီးနတ်ဘုရားက အပြုံးတစ်ခုဖြင့် ပြော၏။ “ကောင်းကင်ယင်ဘုရင်မပဲ မင်းရဲ့ မေးခွန်းကို ဖြေနိုင်တယ်... ဒါပေမဲ့ မင်း သူ့ကို မကြာခင် တွေ့ရတော့မှာပါ... ကောင်းကင်ယင်ဘုရင်မ၊ ဟီးဟီးဟီး...”
“ခင်ဗျားတို့ ဆာလောင်နေတဲ့အလောင်းတွေ မဖြေချင်မှတော့...”
ချင်မူ့ချိုင်းအောက်မှ လက်လေးဖက် ထွက်လာပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ထား၏။ သူက စာလိပ်ကို လျင်မြန်စွာ ဖြေချကာ အရပ်လေးမျက်နှာသို့ အလင်းရောင်ဖြန့်ကျက်လိုက်သည်။ “ကျုပ်ဘာသာပဲ ကောင်းကင်ယင်ဘုရင်မကို သွားတွေ့တော့မယ်”
“အ အား အားးးးးး”
သွေးပျက်ချောက်ချားဖွယ် အသံကြီးများ ဆူညံပွက်လောရိုက်သွားသည်။ နတ်ဘုရားအားလုံး သူတို့မျက်နှာများသူတို့ ဆုပ်ကိုင်ဖြစ်ညစ်ရင်း အော်ဟစ်နေကြ၏။ အနက်ရောင်အခိုးအငွေ့များက သူတို့၏ဒွါရပေါက်များမှ တရှိန်ထိုး ထွက်လာနေကြပြီး တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းသော နတ်ဘုရားတို့သည် ပိန်ရှုံ့သွားကြကာ အရေခွံများအဖြစ် မြေပေါ်၌ ပုံကုန်ကြ၏။
ချင်မူ့လက်မောင်းကို ဆုပ်ကိုင်ထားသော နတ်ဘုရားမနှစ်ပါးလည်း အရေခွံကြီးနှစ်ပုံ ဖြစ်သွားသည်။
ချင်မူက နောက်လှည့်၍ ပလ္လင်ထက်ရှိ အသက်ကြီးကြီးနတ်ဘုရားဆီသို့ ကြည့်လိုက်သည်။ သူ သူ့ဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး နတ်ဘုရားမှာ တဆတ်ဆတ် တုန်နေ၏။ သူက ပလ္လင်ထက်မှ အလျင်အမြန် ထကာ သူ့လက်ထဲရှိ သေခြင်းရှင်ခြင်းစာအုပ်အား စိုက်ကြည့်နေသည်။
“မင်တုရဲ့ သေခြင်းရှင်ခြင်းစာအုပ်... ဒါ မင်တုရဲ့ သေခြင်းရှင်ခြင်းစာအုပ်ပဲ”
သူက နောက်ဆုတ်ရင်း တစ်ယောက်တည်း ရေရွတ်နေသည်။ “မင်း သုံးလိုက်တာက ချိမင်ခေတ်ရဲ့ ကောင်းကင်နတ်သိုင်း... မင့်လက်ခြောက်ဖက်က....”
ချင်မူ ရှေ့သို့ လျှောက်သွားပြီး ပလ္လင်ပေါ် တက်ထိုင်ကာ ပြုံးလိုက်၏။ “မဆိုးဘူး... ခင်ဗျားက ခွဲခြားတတ်သေးတာပဲ... ကြည့်ရတာ ဆာလောင်နေတဲ့ အလောင်းဖြစ်လာပြီးနောက်ပိုင်း မှတ်ဉာဏ်တချို့ ကျန်သေးတဲ့ပုံပဲ... ဒါဆို ကောင်းကင်ယင်ကမ္ဘာက ဘယ်လိုလုပ် အခုလိုအခြေအနေ ဖြစ်သွားတာလဲ ကျုပ်ကို ပြောပြနိုင်မလား... ပြီးတော့ ကောင်းကင်ယင်ဘုရင်မကရော ဘာလဲ... ဒီကောင်းကင်ယင်ကမ္ဘာက မင်တုနဲ့ ပတ်သက်မှုတစ်ခုခု ရှိနေသလား”
၎
င
၎
၎