← Chapters

ကောင်းကင်ယင်၏ သားတော်

Vol. 51 Ch. 683

ကောင်းကင်ယင်၏ သားတော်

Vol. 51 Ch. 683

အသက်ကြီးကြီးနတ်ဘုရားမှာ ထွက်ပြေးချင်နေသော်လည်း ချင်မူ လက်ထဲရှိ သေခြင်းရှင်ခြင်းစာအုပ်အား လှုပ်ခါလိုက်သည်ကို မြင်လျှင် တမုဟုတ်ချင်း ရပ်သွားသည်။ သူ မဆင်မခြင် မလှုပ်ရှားဝံ့တော့ပေ။

သေခြင်းရှင်ခြင်းစာအုပ်က ဆာလောင်နေသော အလောင်းတို့၏ အားနည်းချက်ဖြစ်ကြောင်း ချင်မူ ပို၍ပင် သေချာသွားသည်။

“မင်းက ငါတို့ကို ဆာလောင်နေတဲ့ အလောင်းတွေလို့ ခေါ်ခဲ့တယ်... မင်း မမှားဘူး”

အသက်ကြီးကြီးနတ်ဘုရားဆီမှ အသံထွက်လာသည်။ “ကောင်းကင်ယင်ကမ္ဘာရဲ့ မူလဇစ်မြစ်က အင်မတန်မှ ရှေးကျတယ်... ကောင်းကင်နဲ့မြေကြီးရဲ့ ဖြစ်တည်မှုအစ ကတည်းက တည်ရှိခဲ့တာပဲ... ယိုတုနဲ့ ရွှမ်တု မွေးလာတဲ့အချိန်မှာ ကောင်းကင်ယင်ကမ္ဘာလည်း‌ မွေးဖွားလာခဲ့တယ်... လူသားတွေဆိုတဲ့ ဖြစ်တည်မှု ရှိမလာခင် ရှေးဟောင်းနတ်ဘုရားတွေက စကြဝဠာကို အုပ်စိုးကြတယ်... ကောင်းကင်နတ်ဘုံတွေကို ဖန်ဆင်းကြတယ်... ကောင်းကင်ယင်နတ်ဘုရားမကလည်း ရှေးဟောင်းနတ်ဘုရားတွေထဲက တစ်ယောက်ပဲ”

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသော်လည်း တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “အဲဒါဆို ကောင်းကင်ယင်နတ်ဘုရားမက မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းလို ကောင်းကင်နဲ့မြေကြီးကနေ မွေးဖွားလာတဲ့ နတ်ဘုရားပေါ့”

အသက်ကြီးကြီးနတ်ဘုရားက ခေါင်းယမ်းကာ ပြော၏။ “ကောင်းကင်ယင်နတ်ဘုရားမက အဲဒီနှစ်ယောက်ထက် အများကြီးနိမ့်ကျတယ်... ကောင်းကင်ယင်ကမ္ဘာဆိုတာက ကောင်းကင်နယ်စားမင်းရဲ့ ခြေထောက်အောက်က အမှောင်ထုလေးပဲလေ.... ဒါပေမဲ့ ကောင်းကင်ယင်ကမ္ဘာအတွက် အားသာချက်လည်း ရှိတယ်... အဲဒါက ကောင်းကင်နယ်စားမင်းရဲ့ ဥပဒေအောက်မှာ မရှိတော့တဲ့ အချက်ပဲ.... ကောင်းကင်နယ်စားမင်းရော၊ မြေအောက်ဘုံအရှင်သခင်ရော ဒီနေရာကို မလာနိုင်ဘူး... ဒါကြောင့်...”

ချင်မူ ဆက်ပြောလိုက်သည်။ “အဲဒါကြောင့် ကောင်းကင်ယင်ကမ္ဘာမှာ နေထိုင်တဲ့ သက်ရှိသတ္တဝါတွေအနေနဲ့ ယိုတုဆီ သွားဖို့ မလိုတာမလို့ မသေမျိုးတွေ ဖြစ်လာကြတယ်... မှန်လား”

အသက်ကြီးကြီးနတ်ဘုရားက ကျယ်လောင်စွာ အော်ရယ်လိုက်သော်လည်း ရယ်သံသည် သူ့နှလုံးသားထဲမှ မလာပေ။ သူက ခေါင်းယမ်းပြီး ပြော၏။ “မသေမျိုးဟုတ်လား.... ဟီးဟီး ဆုတောင်းလေ.... ကောင်းကင်ယင်ကမ္ဘာက မင်း ထင်ထားသလို မဟုတ်ဘူး.... ငါတို့ဝိညာဉ်တွေက မသေနိုင်တာမှန်တယ်... ဒါပေမဲ့ အဲဒါကြောင့်ပဲ ရုပ်ခန္ဓာတွေ သေဆုံးတာနဲ့ ဝိညာဉ်တွေ စုဝေးသထက် စုဝေးလာကြတယ်... နတ်ဘုရားဆိုရင် ရုပ်ခန္ဓာကို ထိန်းသိမ်းထားနိုင်လို့ ထားဦး.. ဒါပေမဲ့ တခြားသက်ရှိသတ္တဝါတွေရော ဘယ်လိုလုပ်မလဲ... သူတို့အများကြီး သေခဲ့ကြတယ်”

ချင်မူ စပ်စုကြည့်သည်။ “ဒါဆို သတ္တဝါတွေ သေတာနဲ့အမျှ ဒီနေရာက ယိုတု နောက်တစ်ခု ဖြစ်မလာဘူးလား”

“ငါ ပြောခဲ့သလို ကောင်းကင်ယင်ကမ္ဘာက မြေအောက်ဘုံအရှင်သခင်ရဲ့ ဥပဒေအောက်မှာ မရှိပါဘူး.... မြေအောက်ဘုံအရှင်သခင် ဒီနေရာကို မထိန်းချုပ်နိုင်မှတော့ ဘယ်လိုလုပ် ယိုတုဖြစ်လာနိုင်မှာလဲ”

အသက်ကြီးကြီးနတ်ဘုရားသည် ခေါင်းတယမ်းယမ်းဖြင့် ပြောသည်။ “ဒီနေရာက ဘယ်တော့မှ ယိုတု ဖြစ်မလာနိုင်ဘူး.. ရွှမ်တုလည်း ဖြစ်မလာနိုင်ဘူး... မြေအောက်ဘုံအရှင်သခင်ဖြစ်ဖြစ်၊ ကောင်းကင်နယ်စားမင်းဖြစ်ဖြစ် ဒီနေရာက သူတို့ မမြင်နိုင်တဲ့နေရာ၊ သူတို့ ဝင်လာလို့မရတဲ့နေရာပဲ... ဒါပေမဲ့ ကောင်းကင်ယင်ကမ္ဘာမှာ ဝိညာဉ်တွေစုပြုံလာတဲ့အခါ ဝိညာဉ်တွေက သောင်းကျန်းကြတယ်... သေလူတွေက အသက်ရှင်နေတဲ့လူတွေ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြတာကို ဘယ်ကြည့်နိုင်ပါ့မလဲ... ဒါကြောင့် ဝိညာဉ်တွေနဲ့ သက်ရှိတွေအကြား စစ်ဖြစ်တယ်”

ချင်မူ နားမလည်တော့ပေ။ “ဝိညာဉ်က ဘယ်လိုလုပ် လူနဲ့ တိုက်ခိုက်နိုင်မှာလဲ... ရုပ်ခန္ဓာနဲ့ ဝိညာဉ် တွဲရက်ရှိတဲ့လူက ဝိညာဉ်တစ်ခုတည်းထက် အများကြီး သန်မာအားကောင်းတယ်လေ... သေသွားတဲ့ ဝိညာဉ်က သက်ရှိလူသားတစ်ယောက်ကို ဘယ်တော့မှ အနိုင်ယူမနိုင်ဘူး”

အသက်ကြီးကြီးနတ်ဘုရားက ပြုံးလိုက်သည်။ “ဒါပေမဲ့ ရုပ်ခန္ဓာကတော့ တစ်နေ့ သေရပေမယ့် ကောင်းကင်ယင်ကမ္ဘာမှာ ဝိညာဉ်တွေက မသေမျိုးတွေလေ... နတ်ဘုရားတွေတောင်မှ ကောင်းကင်ယင်ကမ္ဘာရဲ့ ဝိညာဉ်တွေကို မရှင်းပစ်နိုင်ဘူး... ဝိညာဉ်တွေက ဖယ်ရှားခံလိုက်ရရင်တောင်မှ ပျောက်ကွယ်သွားတာမဟုတ်ဘူး... လူနဲ့သရဲ စစ်ပွဲမှာ ဝိညာဉ်တွေအများကြီး ပြိုကွဲကုန်ပြီး အဲဒီဝိညာဉ်တွေက အနက်ရောင်အမှုန်တွေ ဖြစ်လာကြတယ်”

သူ့မျက်လုံးများက ရုတ်တရက် မည်းနက်သွားပြီး အနက်ရောင်သဲမှုန်များသဖွယ် ဖြစ်နေ၏။

သူသည် သက်ရှိလူသားမဟုတ်ဘဲ အနက်ရောင်အမှုန်များ လူအရေခွံထဲ ပူးကပ်ထားသည့်အချိန် ဖြစ်ပေါ်လာသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ချေသည်။

“အနက်ရောင်အမှုန်တွေက ပြိုကွဲသွားတဲ့ ငါတို့ဝိညာဉ်တွေပဲ”

အသက်ကြီးကြီးနတ်ဘုရားက ထူးဆန်းစွာ ပြုံးလိုက်သည်။ “ငါတို့ဟာ အမှုန်လေးတွေ ဖြစ်တဲ့အထိ ပြိုကွဲနေတာကြောင့် ဘယ်သူမှ ငါတို့ကို သဲသဲကွဲကွဲ မမြင်နိုင်သလို မထိတွေ့နိုင်ဘူး... မင်းက ရှားမှရှားတဲ့ တစ်ယောက်ပဲ.... ငါတို့ ရုပ်ခန္ဓာကိုယ်ကို ပြန်ပူးကပ်လိုက်ရင် ဆာလောင်လာကြတယ်... အငမ်းမတက် စားချင်တဲ့အထိ ဆာလာကြတာ... ဒါကြောင့် ငါတို့ စားကြတယ်”

သူက အကျယ်တဝင့်မပြောတော့ဘဲ လိုရင်းသာ ပြောလိုက်၏။ “မကြာခင်မှာပဲ ကောင်းကင်ယင်ကမ္ဘာမှာရှိတဲ့ သက်ရှိလူသားအားလုံး ငါတို့စားတာ ခံလိုက်ရတယ်”

ချင်မူ ခေါင်းမွှေးများ ထောင်သွားသည်။ ဤနတ်ဘုရားက အကျယ်တဝင့် မပြောခဲ့သော်လည်း မည်မျှထိတ်လန့်ချောက်ချားဖွယ် ကောင်းခဲ့မည်ကို ကောင်းကောင်းစိတ်ကူးကြည့်နိုင်သည်။

“အဲဒါဆို ကောင်းကင်ယင်နတ်ဘုရားမက ဘယ်မှာလဲ”

ချင်မူ အလေးအနက် မေးမိသည်။ “ကောင်းကင်ယင်နတ်ဘုရားမက ခင်ဗျားတို့ကို ဘာကြောင့် မတားခဲ့တာလဲ”

နတ်ဘုရားက ပြန်မဖြေဘဲ ဆက်ပြောသည်။ “ငါတို့ စားရင်း စားရင်း ကောင်းကင်ယင်ကမ္ဘာမှာ လူတစ်ယောက်မှ မရှိတော့ဘူး... ဒီတော့ ကိုယ့်ကိုယ်ကို ပြန်စားကြတယ်... ငါတို့အသား၊ ငါတို့သွေး၊ ငါတို့အရိုး၊ ငါတို့ကောင်းကင်နတ်သိုင်း၊ ငါတို့မူလဝိညာဉ် အကုန်စားတယ်... နောက်ဆုံးတော့ အားလုံး အရေခွံပဲ ကျန်တော့တာပေါ့.... စားစရာမရှိတော့ သိပ်ဆာလာကြတာနဲ့ ကောင်းကင်ယင်နတ်ဘုရားမကို စားချင်လာကြတယ်....”

ချင်မူ ကြက်သီးတဖြန်းဖြန်း ထသွားသည်။ အသက်ကြီးကြီးနတ်ဘုရားသည် ပုံမှန်အတိုင်း ပြောနေသော်လည်း သူ့အသံထဲရှိ မိစ္ဆာစရိုက်သည် ချင်မူ့အား ကြောက်လန့်မိစေ၏။

အသက်ကြီးကြီးနတ်ဘုရားက ပြောသည်။ “ငါတို့က ကောင်းကင်ယင်နတ်ဘုရားကို မယှဉ်နိုင်ပေမယ့် အင်အားများတယ်... ဒါပေမဲ့ ဒီလောက်အများကြီးနဲ့တောင် ကောင်းကင်ယင်နတ်ဘုရားမကို ဘယ်သူမှ မကိုက်နိုင်ခဲ့ဘူး... သူက ငါတို့ကို ရိုက်နှက်ပေမယ့် ငါတို့ကလည်း သေမှမသေနိုင်တာ... သူ ရိုက်လေ၊ ငါတို့ ပြိုကွဲလေ.. အဲဒီလိုနဲ့ ထပ်မပြိုကွဲနိုင်တော့တဲ့အထိ ငါတို့ အမှုန်ဖြစ်ကြတယ်... သူကလည်း ငါတို့ကို မသတ်နိုင်သလို၊ ငါတို့လည်း သူ့ကို မစားနိုင်ခဲ့ဘူး... နောက်ဆုံးတော့ အပြင်က ဧည့်သည်တစ်ယောက် ရောက်လာတယ်... ငါတို့ကို မြင်နိုင်၊ ကြားနိုင်၊ ထိတွေ့နိုင်တဲ့ ဧည့်သည်ပေါ့... သူတို့က ငါတို့ကို နာကျင်အောင်တောင် လုပ်နိုင်တယ်”

နတ်ဘုရားက ဟက်ခနဲ ရယ်ကာ ပြောလိုက်၏။ “ငါတို့ သူနဲ့ ပေါင်းပြီး ကောင်းကင်ယင်နတ်ဘုရားမကို စားနိုင်သွားကြတယ်... သူ့ကို စားပြီးတော့ ကောင်းကင်ယင်ကမ္ဘာမှာ စားစရာမကျန်တော့ဘူး... ဒါပေမဲ့ ငါတို့ ဆာလောင်နေတုန်းပဲ”

သူက အရသာရှိသော အတိတ်ကို ပြန်တွေးနေသကဲ့သို့ နှုတ်ခမ်းသပ်နေသည်။

“ကောင်းကင်ယင်နတ်ဘုရားမကို စားလိုက်တယ်တဲ့လား”

ချင်မူ တုန်လှုပ်သွားပြီး မျက်လုံးများ မှေးကျဉ်းသွား၏။ “ဧည့်သည်ဆိုတဲ့လူက မင်တုရဲ့ မဟူရာနတ်မင်းများလား”

“သူ့ကို မင်တုရဲ့ မဟူရာနတ်မင်းလို့ ခေါ်ကြတာလား”

အသက်ကြီးကြီးနတ်ဘုရားက ခေါင်းယမ်းပြီး ပြောသည်။ “ငါတို့ကတော့ သူ့ကို အဲဒီလိုမခေါ်ဘူး.. ကောင်းကင်ယင်ရဲ့ သားတော်လို့ ခေါ်ကြတာ”

ချင်မူ အတန်ငယ် မှင်သက်သွား၏။ ‌”ကောင်းကင်ယင်ရဲ့ သားတော်ဟုတ်လား... ကောင်းကင်ယင်ကမ္ဘာရဲ့ ကောင်းကင်သားတော်လား”

အသက်ကြီးကြီးနတ်ဘုရား ခေါင်းညိတ်လိုက်၏။ “ကောင်းကင်ယင်နတ်ဘုရားမက ကောင်းကင်ယင်ကမ္ဘာကနေ မွေးဖွားလာတဲ့ ‌ရှေးဟောင်းနတ်ဘုရားတစ်ပါး ဆိုပေမယ့် မဟာတာအိုရဲ့ ကန့်သတ်မှုတွေကြောင့် သူ ငါတို့ကို မနှိမ်နင်းနိုင်ခဲ့ဘူး... ဒါပေမဲ့ ကောင်းကင်ယင်ရဲ့သားတော်ကတော့ ထူးဆန်းတဲ့ အစီအရင်တွေနဲ့ ငါတို့ကို ဖိနှိပ်နိုင်တယ်... ဒါကြောင့် ငါတို့ သူ့နောက်လိုက်ပြီး ခေတ်တစ်ခေတ်ပြီး တစ်ခေတ် စစ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်... နောက်တော့ သူက မင်တုကို တည်ဆောင်ပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ဖန်တီးခဲ့တာပဲ... သူ့စာအုပ်ကြောင့် မင်း ငါတို့ကို ရင်ဆိုင်နိုင်တာ... မင်း ငါတို့ထဲက တစ်ယောက်ဆိုမှတော့....”

“ခင်ဗျားတို့ထဲက တစ်ယောက် ဟုတ်လား”

ချင်မူက ခပ်တိုးတိုး တစ်ချက် ရယ်၍ သေခြင်းရှင်ခြင်းစာအုပ်ကို မြှောက်လိုက်သည်။

အသက်ကြီးကြီးနတ်ဘုရား၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သွေးပျက်စွာ အော်ဟစ်နေ၏။ အနက်ရောင်အခိုးအငွေ့များက သူ၏ဒွါရပေါက်များမှ ထွက်လာသဖြင့် သူ့ခန္ဓာကိုယ်ကား လျင်မြန်စွာ ပိန်ချုံးသွားချေသည်။

ချင်မူ ပလ္လင်‌ပေါ်တွင် ထိုင်၍ ပေါင်ပေါ် လက်ထောက်ကာ မေးတင်ထားသည်။ သူ အတွေးထဲ နစ်မျောနေ၏။

‘မင်တုရဲ့ မဟူရာနတ်မင်း... ကောင်းကင်ယင်ရဲ့ သားတော်.... အမှောင်ထုက ပြိုကွဲသွားတဲ့ ဝိညာဉ်တွေရဲ့ အမှုန်တွေပဲ... အမှောင်ထုထဲက မကောင်းဆိုးဝါးတွေကကျ လူ့အရေခွံတွေ... ပြိုကွဲသွားတဲ့ ဝိညာဉ်သရဲအမှုန်တွေက လူ့အရေခွံထဲ ဝင်ထားကြတယ်’

‘ကောင်းကင်ယင်သားတော်က ကောင်းကင်ယင်ကမ္ဘာနဲ့ မဟာမြို့ပျက်ကို ဆက်လိုက်ပြီး ကောင်းကင်ယင်ကမ္ဘာထဲက အနက်ရောင်အမှုန်တွေကို မဟာမြို့ပျက်ထဲ ပျံ့နှံ့စေခဲ့တယ်... ဒီမကောင်းဆိုးဝါးတွေနဲ့ အနက်ရောင်အမှုန်တွေက နတ်ဘုရားတွေဆီက အလင်းရောင်ကို ကြောက်ကြတယ်... ဒါကြောင့် နတ်ဘုရားတွေ မဟာမြို့ပျက်ထဲ ဝင်လာရင် အမှောင်ထုက အနားမကပ်ရဲတာပဲ’

‘ဒါပေမဲ့ တစ်ခုတော့ လွဲနေတယ်... အမှောင်ထုထဲမှာ မျက်နှာတွေ ရှိတယ်လေ... နတ်သမီးဝင်ပေါက်ရဲ့ အမှောင်ထုထဲမှာ မိစ္ဆာနတ်ဘုရားမျက်နှာတွေ ငါ မြင်ခဲ့ဖူးတယ်... အသက်ဝင်လာတဲ့ နတ်ဘုရားမတွေရဲ့ နတ်ဘုရားလက်နက်တွေက အဲဒီမိစ္ဆာနတ်ဘုရားတွေကို တားခဲ့တာ... မဟာမြို့ပျက်ထဲမှာ အဲဒီလိုအဖြစ်အပျက်တွေ ပြည့်နေတာဆိုတော့ အမှောင်ထုထဲက မိစ္ဆာနတ်ဘုရားတွေက ဘယ်ကလာတာလဲ”

အရေခွံများ ပြည့်နှက်နေသည့် မြို့အား ချင်မူ ကြည့်လိုက်သည်။ ဆာလောင်နေသော အလောင်းတို့သည် အမှောင်ထုထဲ၌ လျှပ်စီးသဖွယ် ရွေ့လျားနိုင်သော်လည်း အစွမ်းအစ သိပ်မရှိပေ။ ထို့ကြောင့် အမှောင်ထုထဲက မိစ္ဆာနတ်ဘုရားများ မဖြစ်နိုင်။

ထူးဆန်းသည်မှာ အမှောင်ထုထဲက မိစ္ဆာနတ်ဘုရားများလည်း အမှောင်ထုနှင့်အတူ ရောက်လာပြီး ထွက်သွားကြ၏။ နေထွက်လျှင် သူတို့၏အရိပ်အယောင်ကိုပင် မမြင်ရပေ။

အသက်ကြီးကြီးနတ်ဘုရားများသည် ဤမေးခွန်းများကို မဖြေသွားခဲ့။

ချင်မူ ပလ္လင်ထက်တွင် ထိုင်နေမိသည်။ ကောင်းကင်ယင်ကမ္ဘာတွင် အသက်ကြီးကြီးနတ်ဘုရား၏ အဆင့်သည် နိမ့်ပါးလိမ့်မည်မဟုတ်။ ကောင်းကင်ယင်ကမ္ဘာ၏ သမိုင်းကို ရှင်းပြနိုင်ခဲ့သည့်အတွက် ကောင်းကင်ယင်သားတော်နှင့် ကောင်းကင်ယင်နတ်ဘုရားမ၏ တိုက်ပွဲတွင် ဝင်ပါခဲ့လိမ့်မည်။

ချင်မူ သေခြင်းရှင်ခြင်းစာအုပ်ကို သုံးခဲ့တုန်းက ထိုနတ်ဘုရားသည် ဝိညာဉ်အမှုန်များဖြင့် ဖွဲ့စည်းထားသော်လည်း သူ့အရေခွံတွင် နာမည်ရှိနေခဲ့၏။ ထို့အပြင် ဝိညာဉ်အမှုန်တို့သည် အရေခွံ၏ မူလဝိညာဉ်မဟုတ်ပေ။ သေခြင်းရှင်ခြင်း၏အလင်း‌ရောင်နှင့် ထိတွေ့သွားလျှင် အလိုအလျောက် ထွက်ခွာသွားရ၍ ချင်မူ့အတွက် သူတို့ကို နောက်တစ်ကြိမ် သတ်လိုက်သည်နှင့် ညီမျှသည်။

အနက်ရောင်အမှုန်များက အရေခွံထဲ ပြန်ဝင်လာတတ်သော်လည်း စောစောက လူ မဟုတ်တော့ပေ။

‘သေခြင်းရှင်ခြင်းစာအုပ်ရဲ့ အစွမ်းက အမှန်တကယ် အံ့ဩစရာကောင်းတယ်... မင်တုရဲ့ မဟူရာနတ်မင်း၊ ကောင်းကင်ယင်ရဲ့ သားတော်... ဒီလိုရတနာမျိုးကို ဖန်တီးနိုင်ခဲ့ပုံထောက်ရင် သူက ပြိုင်ဘက်ကင်းလောက်အောင် ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်’

ဤသို့တွေးနေစဉ် တရှဲရှဲ မြည်သံများ ကြားလိုက်ရ၍ ချင်မူ ရင်ထဲ ထိတ်သွားသည်။ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့ကို ခေါ်လာခဲ့သော ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားအား တွေ့လိုက်ရ၏။ သူက တံတားတစ်စင်းအပေါ်၌ ရပ်ကာ သူ့ကို လှမ်းခေါ်နေသည်။

ချင်မူ ရင်ထဲ လှုပ်ရှားသွားပြီး ပြန်တွေးကြည့်မိသည်။ ဤနတ်ဘုရားသည် သူ့ကို စားရန် ကြွေးကြော်နေသော နတ်ဘုရားထဲ၌ မပါခဲ့ပေ။

‘သူ့မှာ မှတ်ဉာဏ်တွေ ရှိနေသေးတာလား... ဒါ မဖြစ်နိုင်ဘူးမဟုတ်လား’

ချင်မူ ကပျာကယာ ထကာ တံတားဆီ သွားလိုက်၏။ တံတားအောက်တွင် ရေများ တသွင်သွင် စီးဆင်းနေသည်။ တံတားသည် မြစ်ကို ဖြတ်လျက် သွယ်တန်းနေပြီး တံတား၏အဆုံးသည် တစ်ဖက်ကမ်းရှိ မီးခိုရောင်ထုထဲ၌ ပျောက်ကွယ်သွားလေသည်။

ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားက သူ လိုက်လာသည်ကို မြင်လိုက် ရှေ့ဆက်သွားသည်။ ချင်မူလည်း တံတားကို ခပ်သွက်သွက် ဖြတ်သွားလိုက်သည်။

သူတို့ ထွက်သွားသည့်အခါ မြို့ထဲ၌ အနက်ရောင်အမှုန်များ ပြန်လည်စုဝေးလာပြီး အရေခွံများအတွင်းသို့ ပြန်ဝင်သွားကြသည်။ မကြာမီ နတ်ဘုရားများ ပြန်ထရပ်ကြကာ သာမန်အတိုင်း ပျော်ပျော်ရွှင်ရွှင် သွားလာနေကြ၏။ သူတို့အားလုံး မည်သည်ကိုမျှ မမှတ်မိကြပေ။

တံတား၏အရှည်က ချင်မူ့ကို ထိတ်လန့်နေစေသည်။ တံတားသည် နိမ့်ချည်၊ မြင့်ချည် ရှိပြီး အမှောင်ထုထဲ ရောက်လာသည့်အချိန်တွင်ပင် မရပ်တန့်သွားဘဲ မြစ်ပြင်ထက်၌ ဆက်လက် သွယ်တန်းနေ၏။

အောက်ရှိ ရေပြင်အား မြစ်ဟု ဆိုမည့်အစား ပင်လယ်ဟု ခေါ်လျှင် ပိုမို သင့်တော်လိမ့်မည်။ ၎င်း၏အရောင်မှာလည်း မည်းနက်ပြီး အုံ့ဆိုင်းနေ၏။

ချင်မူ ခိုင်ဧကရာဇ်ခေတ်နတ်ဘုရား၏နောက်မှ အတန်ကြာ ပြေးလိုက်နေသော်လည်း အဆုံးထိ မရောက်သေးပေ။ သူက ရုတ်တရက် ရပ်ကာ အနိမ့်အမြင့်မရှိသော လေသံဖြင့် မေးလိုက်သည်။ “ဆရာကြီး ၊ ကျွန်တော့်ကို ဘာလို့ ‌ခေါ်သွားနေတာလဲ... ပြောလိုက်လို့ မရဘူး... စောစောက အသက်ကြီးကြီးနတ်ဘုရားတောင် စကားပြောနိုင်သေးတာပဲ... ဆရာကြီးလည်း ပြောနိုင်မှာပါ ဟုတ်တယ်မလား”

မှောင်ရိပ်သမ်းနေသော မီးခိုရောင်ထုထဲတွင် ထိုနတ်ဘုရားက ရပ်လိုက်ပြီး ငေးကြောင်နေသော မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်သည်။ တခဏကြာသော် ကိုယ်အပေါ်ပိုင်းရှိ အဝတ်များကို ချွတ်လိုက်၏။

ချင်မူ အတန်ငယ် မှင်သက်သွားပြီး ရှေ့တိုးကာ သူ့ရင်ဘတ်အား ကြည့်လိုက်၏။ နတ်ဘုရား၏ ကိုယ်ပေါ်တွင် ထူးဆန်းသည့် အမှတ်အသားတချို့ ခတ်နှိပ်ခံထားရကြောင်း မြင်လိုက်ရသည်။

တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သေးငယ်ရှုပ်ထွေးသော သင်္ကေတများသည် အမှတ်အသားများကို ဖွဲ့တည်ထားပြီး ထိုအမှတ်အသားများမှ စာလုံးတစ်လုံး ဖြစ်ပေါ်နေ၏။

စာလုံးက ‘ပိတ်’ ဟူ၍ပင်။

သူ့ရင်ဘတ်နှင့် နောက်ကျောတွင် ‘ပိတ်’ ဟူသော စာလုံး ရှိနေသည်။

‘ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာ၊ ဒါ တန်ခိုးရှင်သစ်ခုတ်သမားရဲ့ လက်ရာပဲ’

ချင်မူ မှင်သက်သွားပြီး ရုတ်တရက် မျက်ရည်တစ်ပေါက် ကျသွားသည်။ သူက ပြုံးကာ ပြောလိုက်၏။ “ဆရာကြီး ၊ ရပါပြီ... ဆက်သွားကြစို့”

ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက အဝတ်ပြန်ဝတ်ကာ ရှေ့ဆက်သွားသည်။

‘ပိတ်’ ဟူသည် စာလုံးမှာ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာ၏ လက်ရာ ဖြစ်သည့်အတွက် တန်ခိုးရှင်သစ်ခုတ်သမားက ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာဖြင့် သူ၏ဝိညာဉ်ကို အရေခွံထဲ၌ ချိတ်ပိတ်ထားခြင်း ဖြစ်လိမ့်မည်။ ထိုနည်းဖြင့် ဆာနေသော အလောင်းများက အရေခွံကို မစားသောကြောင့် သူ၏ကိုယ်ပိုင် ဝိညာဉ်နှင့် မှတ်ဉာဏ်တို့ကို ထိန်းသိမ်းထားနိုင်သွားသည်။

သို့သော် ရုပ်ခန္ဓာကိုမူ မကာကွယ်နိုင်ခဲ့သောကြောင့် ဆာနေသော အလောင်းများ၏ စားခြင်း ခံခဲ့ရလိမ့်မည်။

ချင်မူ မျက်ရည်ကျမိခြင်းမှာ လေးစားမိ၍ဖြစ်သည်။ သူ့ရင်ထဲ လှုပ်ခတ်သွားပြီး ကျေးဇူးလည်း တင်မိ၏။

ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားသည် ကောင်းကင်ယင်ကမ္ဘာသို့ ဝင်ရောက်လျှင် သေရမည်မှန်း သိထားသော်လည်း အမှောင်ထု၏အမှန်တရားကို ရှာဖွေရန် နှစ်ခါမစဉ်းစားဘဲ ဝင်ခဲ့သေးချေသည်။

All Chapters