← Chapters

တွေ့ဆုံမှု

Vol. 5 Ch. 69

တွေ့ဆုံမှု

Vol. 5 Ch. 69

ဝူချန်းက ပြုံးရင်း မိခင်ဘက်သို့ လှည့်လိုက်၏။

“အမေ...”

စုလင်းယာက သူအား အသိအမှတ်ပြုလိုက်ပြီးနောက် ဝေ့ဝူယင်ဘက်ကို အာရုံစိုက်လိုက်သည်။

“နင် ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ...”

သူမက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“ ... “

ဝေ့ဝူယင်မှာ ဘာပြန်ဖြေရမှန်း မသိချေ။ သူ မည်ကဲ့သို့ အသက်ရှင် နေ‌သေးသနည်း။ ထိုမေးခွန်းက ဖြေရကြပ်လှသည်။ အဘယ်ကြောင့် သူတို့က သူအား ကျိန်းသေသေပြီဟု ယူဆထားကြသနည်း။

“ဂိုဏ်းချုပ်က ဘာကို ဆိုလိုချင်တာလဲ...”

ဝေ့ဝူယင်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။

စုလင်းယာ ပြန်မဖြေရသေးခင်မှာပင် ရုတ်တရက်...

“မင်းသေပြီလို့ ကြားထားလို့ပါ...”

ထည်ဝါသော အသံနှင့် အတူ မြူမှုန် အလင်းများမှာ စုလင်းယာ၏ နံဘေးတွင် စုဝေးလာခဲ့၏။ ယင်းတို့က အလျှင်အမြန်ပင် ပုဂ္ဂိုလ် တစ်ဦး အဖြစ် ဖွဲ့စည်းထားသည်။ ထိုပုဂ္ဂိုလ်ကား နေသွေးနီနီဂိုဏ်း၏ ဘိုးဘေး အကြီးအကဲ ဝူရှင်းဟောင်ပင် ဖြစ်လေသည်။

“ဘယ်သူက ‌ပြောတာလဲ...”

ဝေ့ဝူယင် ဝူရှင်းဟောင်အား ကြည့်လိုက်၏။ ကြည့်ရသည်က သူ၏ ပြန်လည် ရောက်ရှိလာမှုမှာ နတ်ဘုရား အရှင်ကိုပင် ဆွဲဆောင်နိုင်ခဲ့ဟန် တူသည်။

"ဟောကိန်းတစ်ခုက ပြောတာ...”

အခြားအသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအသံက နူးညံ့ ချိုသာကာ လှပမှုများဖြင့် ပြည့်ရွှမ်းနေ၏။ သာမန် စကားလုံး တစ်ခုဖြစ်သည့်တိုင် ဝေ့ဝူယင်သည် ဂီတသံစဥ် တစ်ခုကို နားထောင်လိုက်ရသလို ခံစားလိုက်ရ၏။

အသံပိုင်ရှင်မှာ မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမသည် ရွှေရောင်နေနှင့် နွယ်ပင်များ ရောနှောကာ ခြယ်သထားသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ရှည်လျားသော ဆံပင်ဖြူများနှင့် ယင်းတို့ အကြား ဖောက်ထားသည့် ရွှေရောင် လှိုင်းများမှာ သူမ ဝတ်ဆင်ထားသည့် ဝတ်စုံနှင့် လိုက်လျောညီထွေ ရှိလှ၏။

ထို့အပြင် နူးညံ့လှသည့် ရွှေရောင် မျက်ဝန်းများ၊ ပန်းနုရောင် သမ်းနေသော နှုတ်ခမ်းတစ်စုံ၊ ကျောက်စိမ်းကဲ့သို့ ကြည်လင်လှသည့် အသားအရေ...

သူမကား အခြားကမ္ဘာတစ်ခုမှ ဆင်းသက်လာသည့် နတ်မိမယ်လေး တစ်ပါး အလားပင်...။

ဝူချန်းကလည်း မိန်းကလေးကို လှမ်းကြည့်လိုက်၏။ ထူးဆန်းစွာပင်... ပန်းစားဘီလူးဟု ကျော်ကြားသည့် သူ၏ မျက်ဝန်းများ၌ လေးစားမှုများက စိုးမိုးနေရာယူနေသည်။

ဝေ့ဝူယင် မိန်းကလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ အခန်းထဲ၌ ဝူရှင်းဟောင်နှင့် စုလင်းယာတို့ ပင်လျှင် သူမလောက် လွှမ်းမိုးနိုင်စွမ်း ရှိဟန် မရချေ။ သူတို့သည် သူမအား စကားဝိုင်းကို ဦးဆောင်ရန် ခွင့်ပြုထားကြဟန် ရသည်။

မရေမတွက်နိုင်သည့် မေးခွန်းများ စိတ်ထဲတွင် အစီအရီ ပေါ်လာသော်လည်း အရာအားလုံးကို သူပြန်လည် မြိုချလိုက်၏။

“ဟောကိန်းတစ်ခု...”

ထိုစကားလုံးကို ကြားသောအခိုက်၌ ဝေ့ဝူယင်သည် အရှင်မလင်းနှင့် အတူ တွဲ၍ တွေ့မြင်ခဲ့ရသော အပြာရောင် မျက်လုံးများ ပိုင်ရှင် မိန်းကလေးကို ပြန်လည် အမှတ်ရလိုက်သည်။ သူသည် သူမကို မေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။ ဝေ့ဝူယင် လက်သီးကို တင်းတင်း ဆုပ်လိုက်မိ၏။ ထိုမိန်းမသည် လောင်းကြေးထပ်ပြီးနောက် အရှက်မဲ့စွာ ထွက်ပြေးသွားခဲ့သည်။

မည်သို့ပင် ဆိုစေ... ဝိညာဥ်ဖြင့် ကတိပြုထားခြင်း ဖြစ်ရာ ရှောင်လွှဲ၍ မရနိုင်ချေ။ ပြန်လည် ဆုံတွေ့သော တစ်နေ့တွင် သူမ ကျိန်းသေ ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

လိုရင်းသို့ ပြန်သွားရလျှင်... ယုံကြည်ရသော ဟောကိန်းတစ်ခုက သူသေပြီဟု ဟောထားခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် အခြားလူများ အားလုံးမှာ သူပြန်လည် ရောက်ရှိလာခြင်းကို အံ့အားသင့်နေခြင်း ဖြစ်သည်။ ထိုအရာက ကံကြမ္မာကို အံတုနိုင်ခဲ့သလိုပင်...။

“ဒါပေမဲ့ ဟောကိန်းက မှားနေပုံ ရတယ်... နင်က အသက်ရှင်ရုံတင် မဟုတ်ဘူး... ပိုပြီးတော့တောင် တိုးတက် လာသေးတယ်... ငါသိချင်တာ တစ်ခုက လွန်ခဲ့တဲ့ ဆယ်နှစ်လုံး နင်ဘာလို့ ဂိုဏ်းကို ပြန်မလာခဲ့တာလဲ”

မိန်းကလေးက မေးလိုက်၏။

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်ရင်း အမှန်အတိုင်းသာ ပြောပြရန် ဆုံးဖြတ်လိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျုပ်ညီဝမ်းကွဲ ဝေ့စီထံကနေ သတင်း တစ်ခု ရခဲ့တယ်... ဂိုဏ်းရဲ့ အဓိက တပည့် မေ့မေ့ကို မိစ္ဆာလမ်းစဥ်သား တစ်ယောက်က ဖမ်းဆီးသွားတယ်တဲ့... ဝေ့စီက ထူးခြားတဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားပြီးတော့ သူ့ရဲ့ အနံ့ခံ အာရုံက အရမ်းကောင်းတယ်... မေ့မေ့ကို ဖမ်းသွားတဲ့သူက လျှို့ဝှက်အယ်ဗန် သစ်တောထဲမှာ နေတဲ့ နေကျီးကန်း စုန်းမ ဖြစ်တဲ့အကြောင်း သူ အတိအကျ ပြောခဲ့တယ်”

သူ အစမှ စတင်ကာ ပြောခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံး စာကြောင်း အရောက်၌ ဝူရှင်းဟောင်၊ ဝူချန်းနှင့် စုလင်းယာတို့၏ အမူအရာများက ပြောင်းလဲသွားသည်။ ဝေ့ဝူယင်က ထိုအရာကို အမှုမထားပဲ ဆက်လက် ပြောလိုက်၏။

“သူက ဂိုဏ်းကိုလည်း သတင်းပေးထားတယ်လို့ ပြောတယ်... ဒါပေမဲ့ ဂိုဏ်းက ဘာမှ မလှုပ်ရှားခဲ့ဘူး တဲ့... ဒါကြောင့်ပဲ ကျုပ်ကိုယ်တိုင် လျှို့ဝှက် အယ်ဗန်သစ်တောကို သွားဖို့ ဆုံးဖြတ်လိုက်တယ်... လမ်းမှာ အခြေအနေ တစ်ချို့ကြောင့် နှစ်လလောက် နောက်ကျပြီးမှ ကျုပ် ကောင်းကင်ပြာ တောင်တန်းကို ကျုပ်ရောက်သွားခဲ့တယ်”

“ကျုပ် ရောက်ရောက်ချင်းမှာပဲ ကမ္ဘာမြေကြီးဟာ နတ်ဘုရား တစ်ပါးရဲ့ လက်လို ကြောက်ဖို့ကောင်းတဲ့ အရာကြီး တစ်ခုကို မွေးဖွားပစ်ခဲ့တယ်... အဲဒါကြီးက နောက်ကနေလိုက်ရင်း အရာအားလုံးကို ဖျက်ဆီးပြီး အသက်တွေကို နှုတ်ယူပစ်ခဲ့တယ်... ကံကောင်းထောက်မပြီး ကျုပ်ကတော့ လွတ်မြောက်ခဲ့ပါတယ်”

ဝေ့ဝူယင်၏ စကားအဆုံး၌ နားထောင်နေသူ လေးယောက်စလုံး၏ အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။

ဝူရှင်းဟောင်က ရေရွတ်လိုက်၏။

“ကောင်းကင်တံတိုင်း... မိုင်ရာထောင်ချီကို ပျက်စီးစေခဲ့တဲ့ ဖြစ်စဥ်တစ်ခု... မရေမတွက်နိုင်အောင် များပြားတဲ့ ဂိုဏ်းတွေ၊ မျိုးနွယ်တွေ၊ မြို့ကြီးတွေဟာ တဒင်္ဂအတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ရတယ်”

သူ၏ အသံက ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင် ထိုထိတ်လန့်မှုကို ပို၍ပင် နားလည်သည်။ ထိုတံတိုင်းကြီးမှာ သူ၏ အသက်ကို နှုတ်ယူလုနီးပါးပင် ဖြစ်ခဲ့သည် မဟုတ်ပါလား...။ သို့သော်လည်း ဧဒင်သစ်ပင် လဲပြိုမှုနှင့် နှိုင်းယှဥ် တွေးမိသော အခိုက်၌ ထိုလူသေဆုံးမှုက မဖြစ်စလောက်သာ ဖြစ်ကြောင်း သူ ကောက်ချက်ချလိုက်မိသည်။

“ကျုပ် အသက်ရှင် လွတ်မြောက်ခဲ့တယ် ဆိုပေမဲ့လည်း ပြင်းထန်တဲ့ ခေါင်းဒဏ်ရာ ရရှိပြီး အတိတ်မေ့ သွားခဲ့တယ်... အဲဒီ အခြေအနေနဲ့ပဲ ကျုပ် ရှင်းတိုင်းပြည်က ဧဒင်ကမ္ဘာဂိုဏ်းထဲကို ရောက်ရှိသွားတယ်... နှစ်တွေ ကြာပြီးတဲ့နောက်မှာ ကျုပ်ရဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပြန်လည် ရရှိလာခဲ့တယ်... ပြန်ကောင်းလာတဲ့ ချက်ချင်းပဲ ကျုပ် ဂိုဏ်းကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်... ပြန်လည် ထွက်ခွာပြီး မကြာခင်မှာ ကံဆိုးစွာပဲ...”

ဝေ့ဝူယင် ဆက်ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် မိန်းကလေးက ကြားဝင်ကာ ဖြတ်ပြောလိုက်၏။

“ဧဒင်သစ်ပင် လဲပြိုပြီး သန်းချီတဲ့ လူတွေ သေဆုံးသွားခဲ့တယ်...”

ဝေ့ဝူယင် ထိုလှပသော မိန်းကလေးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမမှာ ဝေ့ဝူယင်ကို ကြည့်ကာ အံ့သြနေပုံ ပေါ်၏။

“နင်က ကောင်းကင်တံတိုင်းကြီးကနေလည်း လွတ်မြောက်ခဲ့တယ်... နောက် လူသန်းချီ သေဆုံးတဲ့ ဧဒင်သစ်ပင် လဲပြိုမှုကနေ အသက်ရှင်ခဲ့ပြန်တယ်... ဟောကိန်းကနေ လွတ်မြောက်ခဲ့တာ မထူးဆန်းတော့ဘူး... နင်က တကယ့်ကို ကံကောင်းတဲ့ လူပဲ”

" ... “

ဝေဝူယင် တိတ်တဆိတ်သာ နေလိုက်၏။

“နင်ပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အမှားတစ်ခုမှ ငါမတွေ့ရဘူး... အသေးစိတ် မဟုတ်ဘူး ဆိုပေမဲ့ ကျင့်ကြံသူတွေ အားလုံးမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ ငါ နားလည်ပါတယ်...”

မိန်းကလေးက ပြောပြီးနောက် စုလင်းယာနှင့် ဝူရှင်းဟောင်တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ရှင်တို့ရော ဘယ်လိုထင်လဲ”

စုလင်းယာနှင့် ဝူရှင်းဟောင်တို့မှာ တိတ်ဆိတ်နေ၏။ သူတို့တွင် သိချင်သည့် အရာများ ရှိသေးသော်လည်း မိန်းကလေးက စကားကုန်ပြောပြီး ဖြစ်ရာ ထပ်မေးရန် မသင့်တော်တော့ချေ။ လိမ်ညာမနေသည့်တိုင် ဝေ့ဝူယင် အဓိကကျသော အချက်အလက်များကို ထိန်ချန်ထားကြောင်း သူတို့သိသည်။

အဆုံး၌ စုလင်းယာက ညင်သာစွာ ခေါင်းညိတ်လိုက်၏။

“ဘာဖြစ်ဖြစ်လေ အရေး အကြီးဆုံးက နင်ပြန်ရောက်လာတာပဲ... ရှေ့ဘယ်လိုဆက်မလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မဟာ အကြီးအကဲ တွေ့ဆုံပွဲမှာ ဆွေးနွေးလိမ့်မယ်... အဓိက တပည့် ရာထူး ပြန်ပေးတာပဲ ဖြစ်ဖြစ် အကြီးအကဲအဖြစ် ခန့်အပ်တာပဲ ဖြစ်ဖြစ် အဲဒီကနေ ဆုံးဖြတ်လိမ့်မယ်... နင် နားလည်တယ်မလား”

ဝေ့ဝူယင် နားလည်ပါသည်။ ထို့ကြောင့်ပင် သူ ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။

ဂိုဏ်းမှ သိထားသလောက် ဆိုလျှင် သူသည် ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်း အဆင့်တွင်သာ ရှိသေးသည်။ ယခုလက်ရှိ သူ၏ အသက်မှာ သုံးဆယ့်ခြောက်နှစ် ဖြစ်သည်။ ထို့ကြောင့်ပင် အကြီးအကဲ တစ်ဦး အဖြစ် အမှုထမ်းရန် ဆယ့်လေးနှစ်တိုင်တိုင် လိုသေးသည်။ သို့သော်လည်း... သူ့အား စောစီးစွာ အကြီးအကဲ တစ်ဦး အဖြစ် ခန့်အပ်မည်လား သို့မဟုတ် တပည့် အဖြစ်သာ ဆက်လက် ထားမည်လား သူတို့ ဆုံးဖြတ်ပေလိမ့်မည်။

“ဂုဏ်ယူပါတယ်...”

ဝူချန်းက ဝေ့ဝူယင်ထံသို့ လျှောက်သွားကာ နွေးထွေးစွာ ပြုံးပြလိုက်၏။ သူက လက်ကို မြှောက်ကာ ဝေ့ဝူယင်၏ ပခုံးကို ပုတ်ရန် ဟန်ပြင်လိုက်စဥ်တွင်ပင် ရုတ်တရက်... မိန်းကလေးက ပြောလိုက်သည်။

“ဪ ဒါနဲ့ ဝေ့ဝူယင်... နင်က မေ့မေ့ရဲ့ ချစ်သူ ဖြစ်ဖူးတယ်... ဟုတ်တယ်မလား”

ဝူချန်းမှာ လက်ကို ပြန်ချလိုက်၏။ တစ်ချိန်တည်း၌ စုလင်းယာနှင့် ဝူရှင်းဟောင်တို့၏ ခန္ဓာကိုယ်များမှာလည်း တောင့်တင်းသွားသည်။ သူတို့၏ ပုံစံများ အရဆိုလျှင်... မိန်းကလေး၏ စကားမှာ သူတို့ကို စိတ်မသက်မသာ ဖြစ်စေနိုင်စွမ်း ရှိသည့် မိုးခြိမ်းသံ တစ်ခုလိုပင်။

ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိကာ အလျှင်အမြန် ကောက်ချက်ချလိုက်၏။ ယခု၌ မေ့မေ့သည် ဂိုဏ်း၏ အနှိုင်းမဲ့ ပါရမီရှင် တစ်ယောက်၊ ရွေးချယ်ခံ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ဝူရှင်းဟောင်တို့မှာ အံ့အားသင့် သွားခြင်း ဖြစ်ရမည်။

သို့သော်လည်း သူနှင့် မေ့မေ့တို့၏ ဆက်ဆံရေးကို မိန်းကလေးက မည်ကဲ့သို့ သိနေသနည်း။ သူတို့ နှစ်ယောက်သည် ညအချို့ကို အတူတကွ ဖြတ်သန်းဖူးကြသည်။ သူမနှင့် လိင်ဆက်ဆံသည့် အချိန်တိုင်း သူ ကျေနပ်မှုကို အပြည့်အဝ ခံစားခဲ့ရသည်။ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက “ကျိုးနင်” နှင့်  ကဲ့သို့ တစ်ညတာ ပျော်ပါးမှုမျိုး မဟုတ်ချေ။

သို့သော်လည်း ဂိုဏ်းပြိုင်ပွဲနေ့၌ ဟန်ယုသည် တိုက်ပွဲစင်မြင့်ပေါ်တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲကာ မေ့မေ့အား သေလုမြောပါး ဒဏ်ရာ အပြင်းအထန် ရစေခဲ့သည်။ ထိုအချိန်မှ စ၍ သူမသည် သူ့အား စတင်ကာ ခပ်ခွာခွာ နေလာခဲ့သည်။

ပထမ၌ ဝေ့ဝူယင် ငြင်းရန် ဟန်ပြင်လိုက်သော်လည်း ထိုမိန်းကလေးမှာ မည်သူဖြစ်နိုင်ကြောင်း စဥ်းစားရင်း ခေါင်းညိတ်လိုက်သည်။

ဝူချန်း၏ လက်က အနည်းငယ် တုန်ရီသွား၏။ သူ၏ မျက်လုံးတွင် သွေးရောင်အလင်း အချို့က ဖျပ်ခနဲ တောက်ပသွားသည်။ သူကား ရုတ်ချည်းပင် ဖိအားတစ်ခု၏ အောက်သို့ ကျရောက်သွားဟန် ရလေသည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ ဝူချန်းကို ကြည့်လိုက်မိ၏။ ထိုသခင်လေး၏ တုန့်ပြန်မှုက လုံးဝ ပုံမှန် မဟုတ်ချေ။

ပြောရလျှင်... သူသည် မေ့မေ့၏ တစ်ဦးတည်းသော ချစ်သူ မဟုတ်ချေ။ အရိုင်းဆုံး ဆိုရလျှင်... သူတို့နှစ်ယောက် အတူ မအိပ်စက်ခင်ကပင် မေ့မေ့မှာ အပျိုရည်ပျက်ခဲ့ပြီးသား ဖြစ်သည်။

သူမတွင် အခြားလူများ ကျိန်းသေ ရှိပေသည်။ ဂိုဏ်း၏ သခင်လေး တစ်ယောက် အနေဖြင့် ဝူချန်းမှာ အစောတည်းကပင် ထိုအချက်အလက်များကို သိထားနိုင်သည်။ အဘယ်ကြောင့် ယခုမှ ထ၍ ထူးထူးဆန်းဆန်း ပြုမူ နေရသနည်း။

တင်းမာနေသော အခန်းထဲ၌ နူးနူးညံ့ညံ့ ရယ်မောသံလေး တစ်ခုက ပျံ့လွင့်လာ၏။

“ဒါဆိုရင် ငါ ကိုယ့်ကိုယ်ကို မိတ်ဆက်သင့်ပြီ ထင်တယ်... ဟုတ်တယ်မလား...”

မိန်းကလေးက ဝေ့ဝူယင်နှင့် ဝူချန်းတို့ အနားသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့၏။ ထို့နောက် သူမက ကြည်လင်သော အသံဖြင့် ပြောလိုက်လေသည်။

“ငါ့နာမည်က မေ့ယန်... ဒါပေမဲ့ လူတွေကတော့ အခြားနာမည် တစ်မျိုးနဲ့ ငါ့ကို ခေါ်ကြတယ်... နေကျီးကန်း စုန်းမတဲ့”

***

All Chapters