အာဏာပြခြင်း
Vol. 51 Ch. 684
အမှန်တရားနှင့် နီးကပ်လာသည်နှင့်အမျှ အန္တရာယ်ကလည်း နောက်မှ လိုက်လာလိမ့်မည်။
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားသည် အမှောင်ထု၏ အမှန်တရားကို ရှာတွေ့ခဲ့သော်လည်း မထုတ်ဖော်နိုင်ခဲ့ဘဲ ကောင်းကင်ယင်ကမ္ဘာ၏ နယ်နိမိတ်ကျောက်တုံးအရှေ့တွင် သေဆုံးခဲ့ရ၏။ ချင်မူ ရောက်လာမှသာ သူ နိုးလာခဲ့သည်။
ချင်မူ သူ့နောက်သို့ ဆက်လိုက်နေစဉ် တံတားအောက်ရှိ ရေပြင်သည် ပင်လယ်နှင့် ပိုမိုတူလာ၏။ မြေပြင်ကို မမြင်ရတော့ပေ။
တံတားအောက် ငုံ့ကြည့်သည့်အခါ ဧရာမငါးကြီးများ မြင်ရသည်။ မည်းနက်နေသော ငါးနက်ကြီးတို့သည် ပင်လယ်ထဲ၌ ကူးခတ်သွားလာလျက် တစ်ကောင်နှင့်တစ်ကောင် ရက်ရက်စက်စက် ကိုက်စားနေကြ၏။ သို့သော် မည်မျှစားစား၊ ဗိုက်ပြည့်ပုံမရပေ။
‘ဒီပင်လယ်သတ္တဝါတွေလည်း ဆာလောင်နေတဲ့ အလောင်းတွေ ဖြစ်နေကြပြီ... မနားတမ်း စားနေကြပေမယ့် မဝကြတော့ဘူး’
နောက်ဆုံးတော့ တံတား၏အဆုံးကို ချင်မူ လှမ်းမြင်ရသည်။ တံတားသည် အဆုံးတစ်ဖက်သို့ ရောက်လာခဲ့သော်လည်း ပင်လယ်ကမူ အဆုံးမသတ်သေးပေ။ မီးခိုးရောင်ပင်လယ်ပြင်ထက်၌ ကြည်လဲ့နေသော ဧရာမသဲနာရီကြီးတစ်လုံး လွင့်မျောနေသည်။ သဲနာရီကြီးကား ဖန်သားဖြင့် ဖန်ဆင်းထားသကဲ့သို့ ထိုးဖောက်မြင်နေရ၏။
သဲနာရီအတွင်းတွင် အနက်ရောင်သဲများ ရှိပြီး သဲနာရီ၏အပေါ်ခြမ်းရှိ သဲတို့က အောက်သို့ ကျဆင်းနေသည်။ သဲတစ်ဝက်ကျော် ကျရောက်ခဲ့ပြီးဖြစ်သည့်အတွက် အောက်အခြမ်းရှိ သဲတို့မှာ အဝနားနှင့် နီးကပ်နေချေပြီ။
ချင်မူ အဝေးမှ လှမ်းကြည့်သည့်အခါ သဲနာရီဘေးတွင် နန်းဆောင်အသေးလေးများ မြင်ရသည်။ ၎င်းတို့ သေးငယ်နေသော အကြောင်းရင်းမှာ သဲနာရီကြီး၏အရွယ်အစားကြောင့် သေးငယ်နေသယောင် ထင်ရခြင်း ဖြစ်၏။ ချင်မူ တွက်ချက်ကြည့်ရသလောက် နန်းဆောင်အစုအဝေးသည် အလျားနှင့်အနံ ဆယ်မိုင်ကျော် ရှည်လျားလိမ့်မည်။ ထို့ကြောင့် မည်သည့်နည်းနှင့်မျှ မသေးငယ်နိုင်ပေ။ ပင်လယ်ပြင်ထက်တွင်မူ ကျွန်းအသေးလေးသဖွယ် ထင်ရ၏။
နန်းဆောင်အစုအဝေးက တံတားရှည်နှင့် ဆက်နေသည်။ ချင်မူ နန်းဆောင်တို့၏ အနောက်သို့ လှမ်းကြည့်လိုက်ရာတွင် နောက်ထပ် တံတားတစ်စင်း တွေ့ရသည်။ ၎င်း မည်သည့်နေရာနှင့် ဆက်သွယ်နေမှန်းတော့ မသိပေ။
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက ခြေလှမ်းများကို ရပ်ကာ နန်းဆောင်အစုအဝေးဆီသို့ လက်ညှိုးထိုးပြသည်။
ကောင်းကင်ဖန်ဆင်းပညာက ချိတ်ပိတ်ထားသောကြောင့် ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ စကားမပြောနိုင်သလို၊ ကျင့်စဉ်စွမ်းအင်ကိုလည်း အသုံးမပြုနိုင်ပေ။
ချင်မူ တွေးကြည့်ပြီးနောက် စာရွက်တစ်ရွက်၊ စုတ်တံတစ်လက် ထုတ်သည်။ “ဆရာကြီး၊ ပြောချင်တာ ရှိရှင် ချရေးကြည့်ပါလား”
ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားက စုတ်တံမြှောက်ကာ အလျင်အမြန် ချရေးလိုက်သည်။ သူ၏လက်ရေးသည် ရှေးဟောင်းထင်းရှူးပင်များသဖွယ် ရှည်ရှည်မျောမျောဖြင့် အားမာန်ပါ၏။
“အဲဒီနေရာက မင်တုရဲ့ တပည့်တွေ စုဝေးနေတဲ့ နေရာလား”
ချင်မူက စာရွက်ပေါ်ရှိ စာလုံးများကြည့်၍ တအံ့တဩ ပြောလိုက်၏။ “အဲဒီမှာ လူဘယ်လောက် ရှိလဲ... သိုင်းအဆင့်တွေက ဘာတွေလဲ... မင်တုရဲ့ နတ်ဘုရားတွေလား... နတ်ဘုရားတွေဆို မလွယ်ဘူး... လူသေတွေလား အရှင်တွေလား.... လူရှင်ဆိုရင်တော့...”
ချင်မူ မျက်လုံးများ မှေးကျဉ်းရင်း တခဏ စဉ်းစားနေမိသည်။ “သေသေရှင်ရှင် သူတို့ကို ကိုင်တွယ်ရ မခက်ပါဘူး... ခက်တာက သူတို့ ဘယ်ကနေဘယ်လို ကောင်းကင်ယင်ကမ္ဘာထဲ ဝင်လာတာလဲ ဆိုတာပဲ... နန်းတော်ထဲက မင်တုရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ကျွန်တော် သတ်လိုက်ရင်တောင် ပိုပြီး သန်မာအားကောင်းတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရောက်လာလောက်တယ်... ဒါ့ကြောင့် မင်တုနဲ့ ကောင်းကင်ယင်ကမ္ဘာကို ဆက်သွယ်ထားတဲ့ လမ်းကို ဖြတ်တောက်ပစ်ရမယ်”
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက စုတ်တံမြှောက်ကာ ဆက်ရေးသည်။
ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး အော်လိုက်မိ၏။ “ကောင်းကင်ယင်နတ်ဘုရားမတဲ့လား.. ဘာလို့ သူ့နာမည်ကို ချရေးတာလဲ.... ဆာလောင်နေတဲ့ သရဲတွေ သူ့ကို စားလိုက်ပြီမဟုတ်ဘူးလား.... ခဏလေး၊ ကျွန်တော် ဆရာကြီးဆိုလိုတာကို နားလည်ပြီ”
သူက ခေါင်းပြန်မော့၍ သဲနာရီအောက်ရှိ နန်းတော်များကို လေ့လာနေသည်။ ထို့နောက် ခပ်တိုးတိုး ပြောလိုက်၏။ “ဆရာကြီး မှန်တယ်... ကျွန်တော်တို့ ဒီကိစ္စကို ဖြေရှင်းဖို့ ကောင်းကင်ယင်နတ်ဘုရားမကို လိုအပ်တယ်.. ဆရာကြီးရဲ့ အကြံက သိပ်ကောင်းတာပဲဗျ... ကျွန်တော် ဘာလို့ အဲဒီလို မတွေးမိတာပါလိမ့်... ဆရာကြီးက ခိုင်ဧကရာဇ်ခေတ်တုန်းက သိပ်တော်တဲ့လူတစ်ယောက် ဖြစ်မယ်”
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ အူကြောင်ကြောင်ဖြင့် စုတ်တံကို ကိုင်ထား၏။ ချင်မူ ဘာပြောနေမှန်း သူ မသိပေ။
ချင်မူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ကောင်းကင်ယင်နတ်ဘုရားမက အစားခံလိုက်ရပေမယ့် သူ့အရေခွံက တစ်နေရာရာမှာ ပုန်းနေဦးမှာပဲ... ဒါမျိုး တစ်ခါမှ မလုပ်ဖူးတော့ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလား မပြောတတ်ဘူး...”
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားသည် သူ့ကို ကြောင်ကြည့်နေ၏။ သူ ပြောလိုသည့်အကြောင်းအရာက ချင်မူ ပြောနေသောအကြောင်းအရာနှင့် မတူကြောင်း ထင်ရှားသည်။ ချင်မူ သူ့စကားကို အထအနကောက် မှားသွားချေပြီ။
ချင်မူက သူ့ပခုံးကို ပုတ်၍ အပြုံးတစ်ခုဖြင့် ပြောသည်။ “ဆရာကြီး၊ စိတ်အေးအေးထားလို့ ရပြီ.. ကျွန်တော် အရင်တုန်းက မင်တုရဲ့ တပည့်တွေနဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်... သူတို့ ကောင်းကင်နတ်သိုင်းတွေက မဆိုးပေမယ့် အနိုင်ယူမရတာတော့ မဟုတ်ဘူး... ဒီနေရာက မင်တုတပည့်တွေကြားမှာ ကောင်းကင်ယင်သားတော်ရဲ့ တပည့်အစစ် များများစားစား မပါတာ သေချာတယ်... ကျွန်တော်က ကောင်းကင်ယင်သားတော်ရဲ့ တပည့်အစစ်တွေကိုတောင် မကြောက်တာ ဒီက ကောင်တွေကိုတော့ စကားထဲတောင် ထည့်ပြောမနေဘူး... ဆရာကြီးရဲ့အကြံက သိပ်ကောင်းတယ်ဗျ... အမှောင်ထုရဲ့ အမှန်တရားကိုတောင် ဖော်ထုတ်နိုင်မယ့်အပြင် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း တစ်ခါတည်း ရှင်းထုတ်နိုင်လောက်တယ်”
ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားမှာ ပို၍ပင် ကြောင်အသွားသည်။ သူက စုတ်တံကို မြှောက်ထားရင်း ဆက်ရေးသင့်လား မဆုံးဖြတ်တတ်တော့ပေ။
ချင်မူက ယုံကြည်ချက်အပြည့်ဖြင့် ဓားစက်လုံးတစ်လုံး ထုတ်သည်။ ဓားစက်လုံးသည် သူ့ရင်ဘတ်အရှေ့သို့ ပျံဝဲသွား၏။ ချင်မူ လက်ငါးချောင်း ဖြန့်လိုက်သည့်အခါ ဓားအလက်ရှစ်ထောင်က သေးမျှင်လှသော အပ်များသဖွယ် ဓားစက်လုံးအတွင်းမှ ဖြာထွက်လာပြီး အပ်ထိပ်တိုင်းက စက်လုံး၏ အလယ်ဗဟိုသို့ ဦးတည်ထားကြသည်။
ထို့နောက် ဓားပျံများက ပင်လယ်ထဲသို့ ဝင်ရောက်သွား၏။
ချင်မူက ရှေ့ဆက်လျှောက်သွားပြီး တည်ကြည်လေးနက်နေသောအသံဖြင့် ပြောသည်။ “ဆရာကြီး၊ ဒီကောင်တွေက ရက်စက်ပြီး အကြင်နာတရား ခေါင်းပါးကြတယ်... ဆရာကြီးအနေနဲ့ အရေခွံရှိသေးပေမယ့် မှော်စွမ်းအင်နဲ့ ကျင့်စဉ်စွမ်းအင် မထုတ်ဖော်နိုင်ဘူး.... ဒီတော့ ကျွန်တော် ဒီကိစ္စကို ကိုင်တွယ်ပါရစေ... ဒီမှာ တိတ်တိတ်လေး စောင့်နေ... ကျွန်တော် မင်တုနတ်ဘုရားတွေကို အာဏာသွားပြဦးမယ်”
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားခမျာ ပြောစရာစကား ရှာမရအောင် ဆွံ့အသွားသည်။ သူ သတိပြန်ကပ်သွား၍ စာကြောင်းတစ်ကြောင်း ရေးပြီးသည့်အချိန်တွင်မူ ချင်မူကား အဝေးသို့ ရောက်သွားချေပြီ။
ခိုင်ဧကရာဇ်ခေတ်မှာ စာရွက်လေးကို ကိုင်လျက် ရပ်ကျန်ခဲ့ပြီး မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။
စာရွက်ပေါ်တွင် သူ ရေးထားသည်မှာ
‘ကောင်းကင်ယင်နတ်ဘုရားမကို မျှားခေါ်ပြီး သူတို့ကို တိုက်ခိုက်ခိုင်းလိုက်’
သူ၏ဆိုလိုရင်းက ချင်မူ ချီးကျူးသွားခဲ့သော အစီအစဉ်နှင့် မိုင်တစ်သောင်းမက ကွာဝေးနေသည်မဟုတ်ပါ၏လော။
ချင်မူက မျက်ခုံးနှစ်ဖက်အကြားရှိ မိုးမခသစ်ရွက်ကို ခွာ၍ အေးအေးလူလူ လမ်းလျှောက်သွားသည်။ ပင်လယ်အောက်တွင် မရေမတွက်နိုင်သော ဓားပျံများသည် သူနှင့်အတူ လျင်မြန်စွာ ရွေ့လျားနေ၏။
ထိုစဉ် သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးတွင် ချင်ဖုန်းကျင့်၏ မျက်လုံးကြီး ပေါ်လာကာ ပတ်ဝန်းကျင်ကို စပ်စုနေသည်။ ဤမှောင်ရီအုံ့ဆိုင်းနေသော ကမ္ဘာကို သူ အလွန်စိတ်ဝင်စားနေချေသည်။
“စားလို့ သိပ်ကောင်းမှာပဲ...”
ချင်မူ နတ်ဘုရားစီရင်ရာဓားမကို ထုတ်ကာ ဘူးလေးအား ဆုပ်ကိုင်ထားသည်။ သူကား နန်းဆောင်အစုအဝေး၏ အရှေ့မုခ်ဝသို့ ရောက်လာခဲ့ချေပြီ။
မုခ်ဝတွင် တာအိုရသေ့ငယ်နှစ်ယောက် စကားလက်ဆုံကျနေသည်။ တစ်ယောက်က ပြောသည်။ “ဒီကောင်းကင်ယင်ကမ္ဘာက မှောင်မှိုင်းပြီး အုံ့ဆိုင်းနေတာပဲ... ဒီနေရာမှာ တာဝန်ကျရင် အနည်းဆုံး နှစ်တစ်ရာ၊ နှစ်တစ်ထောင်လောက်နေမှ နေရာပြောင်းလို့ရမှာ... တော်တော်ပျင်းစရာကောင်းတယ်ကွာ”
ကျန်တစ်ယောက်က ပြောသည်။ “ပျင်းရင် ရွှင်လန်းလန်းကျေးရွာဆီ သွားပေါ့... ကြိုက်တဲ့အလှလေး ခေါင်းခေါက် ရွေးပြီး စိတ်တိုင်းကျ ပျော်စမ်းပါလေ့... သူတို့အစွမ်းလေးတွေက သိပ်နိပ်တယ်နော်.... မင်တုမှာ ဒီလိုရွှင်လန်းစရာ နေရာမျိုး ဘယ်မှာရှိလို့လဲ... ဒါတောင် ပျင်းသေးရင် ဆာလောင်နေတဲ့ အလောင်းတွေကို သတ်ပေါ့... နေတတ်ရင် ဒီကမ္ဘာက ပျော်စရာကြီးပါကွာ”
“နောင်တော် မှန်တယ်... မင်တုမှာ အခုလို စည်းစိမ်ချမ်းသာမျိုး မခံစားရပေမယ့် ကောင်းကင်ယင်ကမ္ဘာမှာ အနေကြာလွန်းသွားရင် လူသားတွေနဲ့ ထိတွေ့မဆက်ဆံနိုင်တော့ဘူးလေ... အမ်”
မုခ်ဝကို စောင့်ကြပ်နေသည့် တာအိုရသေ့ငယ်နှစ်ယောက်မှာ ချင်မူ့ကို ဘွားခနဲ မြင်လိုက်ရသဖြင့် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိကြသည်။
ထိုအခိုက်အတန့်တွင် ဓားပျံနှစ်ဖက်က ပင်လယ်ထဲမှ ရွှစ်ခနဲ ထွက်လာကာ သူတို့ကို နားထင်ကို ထုတ်ချင်းဖောက်ထွက်သွား၏။
တာအိုရသေ့ငယ်နှစ်ယောက် အသိနှင့်သတိ ပြန်မကပ်ခင်မှာပင် ဓားနှစ်ဖက်က သူတို့၏မူလဝိညာဉ်များကို သုတ်သင်ပစ်လိုက်သည်။
ဓားအလက်ရှစ်ထောင်က ပင်လယ်ထဲမှ တိတ်ဆိတ်စွာ မြောက်တက်လာကြပြီး ချင်မူ့ကို ဝန်းရံကာ မြေပြင်ပေါ် ကပ်သွားကြသည်။ ချင်မူ၏ခြေလှမ်းများအတိုင်း ဓားပျံများလည်း လိုက်ပါရွေ့လျားနေ၏။
ချင်မူ့အနောက်၌ ကိုက်သုံးဆယ်မြင့်မားသော မူလဝိညာဉ်တစ်ခုလည်း အသံမထွက်ဘဲ ဖွဲ့တည်လာကာ ရပ်နေသည်။ ၎င်းလည်း ချင်မူနှင့်အတူ လွင့်မျောလိုက်ပါလာသည်။
ချင်မူ၏ မူလဝိညာဉ်၏ ပတ်ပတ်လည်တွင် ချီစွမ်းအင်ကြိုးမျှင်များ ဖြာထွက်နေပြီး ဓားအလက်ရှစ်ထောင်နှင့် ချိတ်ဆက်နေသည်။ သူက မူလဝိညာဉ်မှတစ်ဆင့် ဓားများအား ထိန်းချုပ်နေသည်။
“ဒေါင် ဒေါင် ဒေါင်...”
သာယာနာပျော်ဖွယ် ခေါင်းလောင်းသံ ပျံ့လွင့်လာပြီး လူတစ်ယောက်၏ အော်သံလည်း ပဲ့တင်ထပ်လာသည်။ “နေ့တာ ကုန်ပြီ၊ နေဝင်သွားပြီ၊ ကောင်းကင် လဲမယ်”
နန်းဆောင်တို့၏အထက်ရှိ ဧရာမသဲနာရီကြီးအတွင်းတွင် နောက်ဆုံးသော အနက်ရောင်သဲမှုန်များ အောက်ကျသွားသည်နှင့် နတ်ဘုရားနှစ်ပါး နန်းဆောင်များထဲမှ ပျံထွက်လာကြသည်။ သူတို့က မှော်စွမ်းအင်ဖြင့် သဲနာရီကို ပြောင်းပြန်လှန်နေကြ၏။
ချင်မူ ခေါင်းမော့၍ ဘူးလေးအား ဖွင့်လိုက်သည်။ ဧကရာဇ်ပလ္လင်အဆင့် ခေါင်းပြတ်က စိတ်လှုပ်တရှား တုန်ခါလာပြီး ဂျောက်ဂျောက်ဂျက်ဂျက် မြည်သံများ ထုတ်လွှတ်လိုက်သည်။
ထွမ်
သွေးရောင်အလင်းတန်းနှစ်တန်းက ကောင်းကင်ယံသို့ တရှိန်ထိုး တက်သွားပြီး လေအလယ်ရှိ မင်တုနတ်ဘုရားများ မတုံ့ပြန်နိုင်ခင် သွေးရောင်အလင်းတန်းတို့က သူတို့၏လည်တိုင်များကို ဖြတ်တောက်ပြီးချေပြီ။
သွေးရောင်အလင်းတန်းနှစ်တန်းက နတ်ဘုရားတို့၏ ချီနှင့်သွေးအငွေ့အသက်တို့အား သယ်ဆောင်လျက် ဘူးထဲ ပြန်ဝင်လာသည်။ ကောင်းကင်ထက်မှ သွေးတစ်စက်မှ ကျမလာ။ နတ်ဘုရားအလောင်းနှစ်လောင်းသာ ပြုတ်ကျလာ၏။
နတ်ဘုရားအလောင်းတို့ မြေပြင်ပင် မကျသေးခင် အားလုံး ရုတ်ရုတ်သဲသဲ ဆူညံသွားပြီး မင်တု၏တပည့်များ နန်းဆောင်များအတွင်းမှ အပြေးအလွှား ထွက်လာကြသည်။ “ဘယ်သူလဲ”
“ရန်သူ ဝင်တိုက်နေပြီ”
“ဘယ်သကောင့်သားက ငါတို့မင်တုပိုင်မြေမှာ လာသောင်းကျန်းရဲတာလဲ”
ရွှပ် ရွှပ် ရွှပ်
မြေပြင်ထက်မှ ဓားရောင်များ ဖြာထွက်လာပြီး ဓားရောင်ပင်လယ်ပမာ ဖွဲ့တည်သွားသည်။ မင်တု၏ တပည့်များမှာ ပြေးထွက်လာသည်နှင့် အတုံးအရုန်း လဲကျကုန်ကြ၏။ သူတို့ခြေထောက်အားလုံး ခြေချင်းဝတ်မှစ၍ ပြတ်တောက်သွားသည်။ ထို့အပြင် မြေပေါ် မလဲကျသေးမီ ဓားရောင်များက သူတို့၏မျက်ခုံးနှစ်ဖက်ကြားသို့ ဖောက်ဝင်သွားကြသည်။
အခြေအနေမကောင်းမှန်း မြင်လျှင်ချင်း ဓားရောင်ကို ရှောင်လိုက်နိုင်သည့် အစွမ်းထက်သိုင်းသမားများ ရှိသော်လည်း သောင်းကျန်းနေသော လေဆင်နှာမောင်း၊ မိုးသက်လေပြင်းတို့သဖွယ် ဓားရောင်များကြား၌ အသက်ပျောက်ကုန်ကြသေး၏။
ဓားပျံတို့သည် ငွေရောင်ငါးပေါက်လေးများပမာ ကောင်းကင်နှင့်မြေပြင်၌ ကူးခတ်နေကြသည်။ ဓားရောင်တစ်ချက်နှင့်တစ်ချက် လမ်းကြောင်း မတူညီသည်သာမက လှုပ်ရှားမှုများသည်လည်း ဆန်းပြားနေသည်။ ချင်မူ၏ ဓားပျံထိန်းချုပ်ပညာရပ်အောက်၌ အခြေခံဓားချက် ဆယ့်ရှစ်ချက်သည် တစ်ကွက်နှင့်တစ်ကွက် ရောစပ်ကာ အဆုံးမဲ့သော ဓားချက်များအား ဖော်ထုတ်နေတော့၏။
ထိုမျှသာမကသေး။ ဓားအလက်ရှစ်ထောင်က တစ်ချက်တစ်ချက် ကြီးလာတတ်သည်၊ တစ်ချက်တစ်ချက် သေးသွားတတ်သည်။ တစ်ချက်တစ်ချက် ရှည်လာနိုင်ပြီး တစ်ချက်တစ်ချက် တိုနိုင်ပြန်၏။ ကွေးညွတ်ကာ ပုံသဏ္ဍာန်ပြောင်းလဲနိုင်သော ဓားများပင် ရှိနေသည်။ မတူညီသော ဓားပျံတို့သည် ဒယ်အိုး၊ မီးဖို၊ ခေါင်းလောင်း၊ လှံ၊ စေတီ၊ ဓားမ၊ ပုဆိန် အစရှိသည့် ဝိညာဉ်လက်နက်အသွင်ပင် ဖွဲ့တည်နိုင်ကြ၏။ တစ်ခါတရံ နဂါးသဏ္ဍာန်၊ ဖုန့်ဟွမ်သဏ္ဍာန်များပင် ဖွဲ့တည်သွားတတ်သည်။
ဓားအလက်ရှစ်ထောင်ဟု ဆိုသော်ငြား အဆုံးအစမဲ့နေသကဲ့သို့ ထင်ယောင်မှားစေနိုင်သည်။
တစ်ဖက်လူ၏ ကောင်းကင်နတ်သိုင်းက မည်မျှပင် ထူးခြားစေကာမူ၊ မင်တုထဲ၌ ပုန်းအောင်းနေစေကာမူ ... ဓားရောင်သည် မင်တုအထိပင် လိုက်လာပြီး အသက်နုတ်နိုင်၏။
ချင်မူက ကောင်းကင်နတ်အသွင်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ကောင်းကင်နတ်အသွင်အဆင့်တွင် မည်သည့်ကောင်းကင်နတ်သိုင်းပညာရှင်မဆို ခုန်ပျံကျော်လွှား တိုးတက်နိုင်သည်။ တိုးတက်မှုက မူလဝိညာဉ်ကို အပြင်၌ ထုတ်ဖော်နိုင်စွမ်းအပေါ် မူတည်သည်။
ချင်မူအနေဖြင့် မူလဝိညာဉ်ကို ထုတ်ဖော်နိုင်ခဲ့သည်မှာ ကြာပြီမဟုတ်ပါလော။ သူ၏မူလဝိညာဉ်က ရုပ်နှင့်နာမ်ပါ ဖွဲ့တည်စပြုလာသည်အထိပင် ပေါက်မြောက်နေချေပြီ။
မူလဝိညာဉ်တွင် ရုပ်နှင့်နာမ်ပါ ဖွဲ့တည်လာစေလိုလျှင် မူလဝိညာဉ်အား အကောင်အထည် ရှိလာသည်အထိ ကျင့်ကြံပေးရန် လိုအပ်သည်။ ချင်မူ၏ မူလဝိညာဉ်က ထိုအခြေအနေ၏ အစတွင်သာ ရှိသေးသော်လည်း ကျန်ကောင်းကင်နတ်အသွင်အဆင့်သိုင်းပညာရှင်များထက် များစွာသန်မာအားကောင်းနေပြီ ဖြစ်သည်။
ချင်မူ ရှေ့ဆက်လျှောက်နေစဉ် ကိုယ်သုံးဆယ်အမြင့် မူလဝိညာဉ်သည်လည်း တိတ်ဆိတ်စွာ လိုက်လာ၏။ မူလဝိညာဉ်က ဓားအလက်ရှစ်ထောင်ကို ထိန်းချုပ်ကာ မြက်ဖြတ်နေသကဲ့သို့ ခေါင်းများအား ဖြတ်တောက်ပစ်နေသည်။
“ရာရာစစ”
နန်းဆောင်ခန်းမကြီးတစ်ခု ပေါက်ကွဲသွားပြီး မင်တုနတ်ဘုရားတစ်ပါး ခုန်ထွက်လာသည်။ သူ လေပေါ် ပျံတက်လိုက်သည့်အချိန်မှာပဲ ချင်မူ့လက်ထဲရှိ ဘူးလေးက ပွင့်သွားပြီး သွေးရောင်အလင်းတန်းနှစ်တန်းက မင်တုနတ်ဘုရား၏ လည်ပင်းဆီ ပြေးဝင်သွားသည်။ ထို့နောက် နတ်ဘုရား၏ ခေါင်းသည် လည်ပင်းမှာ တိတိရိရိ လျှောကျသွား၏။
ချင်မူ အလယ်ရှိ နန်းဆောင်သို့ လျှောက်နေစဉ် သူ ဖြတ်လာသည့်နေရာတိုင်းတွင် နတ်ဘုရားများဖြစ်စေ၊ ကောင်းကင်နတ်သိုင်းပညာရှင်များဖြစ်စေ အလိုလို သေကုန်ကြသည်။ သူက အနိုင်ယူနိုင်သော သိုင်းပညာရှင်များကို သူ့ဓားကွက်များဖြင့် သတ်ပြီး သူ အနိုင်မယူနိုင်သော လူတို့မှာမူ နတ်ဘုရားစီရင်ရာဓားမအောက်တွင် သေကြရ၏။
မင်တု၏ တပည့်များမှာ ထိတ်လန့်ကြောက်ရွံ့လာကြသည်။ သူတို့က အလျင်အမြန် နောက်ဆုတ်သွားကြပြီး အယောက်တစ်ရာကျော် စုဝေးနေကြ၏။ ထို့နောက် အမိုး၌ ချိတ်ဆွဲထားသော ခေါင်းလောင်းကြီးကို ဖြုတ်ယူလိုက်ကြသည်။
“ကောင်းကင်အသုဘခေါင်းလောင်းနဲ့ သူ့ကို သတ်မယ်”
မင်တုတပည့်အားလုံး ပြိုင်တူ အော်ဟစ်လိုက်၍ ခေါင်းလောင်းကြီး ပျံတက်သွားသည်။ ခေါင်းလောင်း၏အဝသည် ချင်မူ့ဆီသို့ ချိန်ရွယ်ထားပြီး ကွင်းဆယ့်ရှစ်ကွင်းက အတူတကွ ချိတ်ဆက်၍ ခေါင်းလောင်းသဏ္ဍာန် ဖွဲ့တည်ထားကြောင်း ချင်မူ မြင်လိုက်ရသည်။ ကွင်းတစ်ကွင်းစီတွင် မင်တု၏ သင်္ကေတအမှတ်အသားများ ရေးထွင်းထား၏။
ကောင်းကင်အသုဘခေါင်းလောင်း အသက်ဝင်လာသည့်အချိန် ကွင်းများက လည်သွားပြီး သင်္ကေတအမှတ်အသားများ တောက်ပလာသည်။ ကွင်းနှစ်ကွင်းက မတူညီသော ထောင့်ဒီဂရီ လှည့်လိုက်လျှင် ထိုကွင်းနှစ်ကွင်း၏ သင်္ကေတအမှတ်အသားများက ချိတ်ဆက်သွားကာ မတူကွဲပြားသော သင်္ကေတအမှတ်အသားတစ်ခုအဖြစ် ပေါင်းစပ်သွားမည်။ ထိုအခါ မတူကွဲပြားသော စွမ်းအားများ ထွက်ပေါ်လာမည်။
လည်နေသော ကောင်းကင်အသုဘခေါင်းလောင်း၏ စွမ်းအားသည် အသက်ဝင်လာပြီး ခေါင်းလောင်းအဝက ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ အသွင်သဏ္ဍာန်မဲ့စွမ်းအားက ချင်မူ့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာချေသည်။