← Chapters

ကောင်းကင်ယင်ကို အသက်သွင်းခြင်း

Vol. 51 Ch. 687

ကောင်းကင်ယင်ကို အသက်သွင်းခြင်း

Vol. 51 Ch. 687

ချင်မူ အသက်ပြင်းပြင်းရှူ၍ စိုးရိမ်ထိတ်လန့်မှုများအား ဖိနှိပ်လိုက်သည်။

ကောင်းကင်ယင်နတ်ဘုရား၏ ဝိညာဉ်အတွက် ဝိညာဉ်လမ်းညွှန်တစ်ခုတည်းဖြင့် မဖြစ်နိုင်ပေ။

ဝိညာဉ်လမ်းညွှန်သည် ယိုတုမှ ဝိညာဉ်ကို ရုပ်ခန္ဓာကိုယ်ထဲသို့ လမ်းညွှန်၍ အသက်ပြန်သွင်းပေးနိုင်သော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။

ကောင်းကင်နတ်ဘုရားမမှာမူ အရေခွံသာ ကျန်တော့သည့်တိုင်အောင် အစားခံထားရသည်။ ဝိညာဉ်လည်း အစားခံထားရပြီး ကောင်းကင်ယင်ကမ္ဘာရှိ အနက်ရောင်အမှုန်များအဖြစ် ပြိုကွဲသွားလောက်သည်။

သူမ၏ ဝိညာဉ်ကို ပြန်စုဝေးချင်လည်း ဝိညာဉ်လမ်းညွှန်အား အနည်းငယ် ပြောင်းလဲရလိမ့်မည်။

ချင်မူမှာ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားကြောင့် ‘အကြံရ’လိုက်သဖြင့် ဝိညာဉ်လမ်းညွှန်ကို ပြောင်းလဲလိုက်လျှင် ကောင်းကင်ယင်နတ်ဘုရား၏ ဝိညာဉ်ကို စုဝေးနိုင်ကောင်း စုဝေးနိုင်လိမ့်မည်။

ကောင်းကင်ယင်နတ်ဘုရားမ၏ ဝိညာဉ် ပြန်လာသည်နှင့် မဟာမြို့ပျက်၏အမှောင်ထုအား မင်တု ထိန်းချုပ်နေသည်ကို ဟန့်တားပေးနိုင်မည်။

ထို့အပြင် ကောင်းကင်ယင်နတ်ဘုရားမသည် လူအတော်များများ မသိထားသည့် လျှို့ဝှက်ချက်များကိုလည်း သိထား၍ မဟာမြို့ပျက်၏ လျှို့ဝှက်များကို ဖော်ထုတ်ရန် ချင်မူ့အတွက် အကူအညီရလိမ့်မည်။ ထိုတင်မကသေး၊ ကောင်းကင်ယင်နတ်ဘုရားက သဘာဝအလျောက် မွေးဖွားလာ‌သော ရှေးနတ်ဘုရားတစ်ပါး ဖြစ်ချေရာ ထိုမျှအင်အားကြီးမားသည့် အထောက်အပံ့ဖြင့်ဆိုလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဖိအား လျော့နည်းသွားလိမ့်မည်။

မှန်သည်၊ ထိုအရာအားလုံးက သူ ဝိညာဉ်လမ်းညွှန်ကို အောင်မြင်စွာ ပြောင်းလဲ၍ သူမ၏ဝိညာဉ်အား စုဝေးနိုင်မည်မလား၊ မစုဝေးနိုင်ဘူးလား အပေါ် မူတည်သည်။ အလုပ်မဖြစ်လျှင် ကောင်းကင်ယင်နတ်ဘုရားမ၏ လက်ထဲ လွတ်အောင် မပြေးနိုင်ဘဲ သေရလိမ့်မည်။

ခြေသံများက တစတစ နီးကပ်လာသည်။ မြူထဲ၌ ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်ကြီးကို ခပ်ရေးရေး မြင်နေရချေပြီ။

သူမက ချင်မူ့အသံလာရာသို့ ခပ်သွက်သွက် လာနေသည်။ ဆာလောင်‌နေသော သရဲများက သူမခန္ဓာကိုယ် ထိန်းချုပ်ထားပြီး ကောင်းကင်ယင်နတ်ဘုရားမ အစစ်မဟုတ်သောကြောင့် ထူးခြားသော အစွမ်းအစများ သူမတွင် မရှိပေ။ အမှောင်ထုထဲ၌ မည်သည့်အရာ ရှိနေမှန်း မမြင်ရသဖြင့် သူ၏အသံကို အားပြု၍သာ နေရာမှန်းဆနေရသည်။

ချင်မူ အာရုံစူးစိုက်လိုက်ပြီး ကောင်းကင်အလိုတော်မုခ်ဝက သူ့အနောက်၌ ဖျတ်ခနဲ ဖွဲ့တည်လာသည်။ စာအုပ်တစ်အုပ်သည် သူ့လက်ထဲ၌ ထင်ရှားသည်ထက် ထင်ရှားလာသည်။

သူက မျှော်စင်ထက်၌ ရပ်လျက် ရှေးဟောင်းစာအုပ်ကို ဖွင့်ကာ ယိုတုဘာသာစကားဖြင့် ရွတ်နေသည်။ ထူးဆန်းသော ယိုတုစကားက သူ့နှုတ်မှ ထွက်လာနေပြီး လေသံအနေအထားက အေးအေးဆေးဆေး ရှိနေ၏။

သူ့အနောက်ရှိ ကောင်းကင်အလိုတော်မုခ်ဝက ရုတ်တရက် လည်လာသည်။ တံခါး၏အောက်ခြေက အပေါ် ဖြစ်သွားပြီး အပေါ်က အောက်သို့ ရောက်သွားသည်။

ကောင်းကင်အလိုတော်မုခ်ဝသည် နာမည်အတိုင်း ကောင်းကင်နှင့်မြေပြင်၏ အလိုတော်ကို လက်ခံထမ်းရွက်ရသော မုခ်ဝတစ်ခု ဖြစ်သည်။ ကောင်းကင်က ရွှမ်တု၊ မြေပြင်က ယိုတုအဖြစ် ပြုမူသည်။ တံခါးထုတ်တန်း၏အပေါ်က ရွှမ်တု ဖြစ်ကာ အောက်ကမူ ယိုတု၏ပိုင်နက် ဖြစ်ခဲ့၏။

အတိတ်တုန်းက ကောင်းကင်နှင့်မြေပြင်၏အလယ်နေရာက မည်သည့်နေရာကို ကိုယ်စားပြုမှန်း ချင်မူ မတွေးခဲ့ဖူးပေ။ ထိုနေရာက လူ့ပြည်ဖြစ်ကြောင်း သိသာခဲ့သော်လည်း ကောင်းကင်အရိပ်ကျနေသော နေရာတစ်နေရာလည်း ရှိနေခဲ့သည်။

ကောင်းကင်အလိုတော်မုခ်ဝ ပြောင်းပြန်လည်သွားသည့်အခါ ကောင်းကင်နှင့်မြေပြင်လည်း ပြောင်းပြန်ဖြစ်သွားသည်။ ထိုအခါ ကောင်းကင်၏အရိပ်က ကောင်းကင်၏အောက်တွင် ရှိနေရာမှ ကောင်းကင်အ‌ပေါ် ရောက်သွားချေပြီ။

‌မှန်သည်၊ ချင်မူက ကောင်းကင်ယင်ကမ္ဘာကို ပြောင်းပြန်လှန်ကာ မင်တုအပေါ်၌ ရှိစေလိုက်ခြင်းမဟုတ်ပေ။ ကောင်းကင်အလိုတော်မုခ်ဝ၏ ဖွဲ့စည်းပုံကိုသာ ပြောင်းလဲနေခြင်း ဖြစ်၏။

ကောင်းကင်နတ်သိုင်း၏ ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်လျှင် ကောင်းကင်နတ်သိုင်း၏ သက်ရောက်မှုလည်း ကွဲပြားသွားလိမ့်မည်။ သူ့လက်ထဲရှိ စာအုပ်မှာ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်ပေးသော ကိရိယာတစ်ခု မဟုတ်ဘဲ သူ ဖတ်လိုက်သော စာလုံးတိုင်း မှန်ကန်ကြောင်း အတည်ပြုသေးသည့် ကိရိယာတစ်ခု ဖြစ်သည်။ ယိုတုစာလုံးအဘိဓာန်ဟု ဆိုရလိမ့်မည်။

ချင်မူ့အသံ၏ ဌာန်နေဌာန်ထားနှင့် အနိမ့်အမြင့်က သိသာသထက် သိသာလာပြီး အားမာန်လည်း ပိုပါလာသည်။ ကောင်းကင်အလိုတော်မုခ်ဝတွင် အန္တရာယ်များသော အငွေ့အသက်တို့ တိုက်ခတ်နေခြင်းမရှိတော့ပေ။ အလင်းရောင်သည် တစတစ ပေါ်လွင်လာ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယင်နတ်ဘုရားမက သူ့နေရာကို ခန့်မှန်းပြီးသွား၍ လမ်းလျှောက်လာနေသည်။ သူမခန္ဓာကိုယ်က တစတစ ထင်ရှားလာနေသည်။

သူမအရှေ့ရှိ အနက်ရောင်မြူများ လွင့်ပျယ်သွားသည့်အခါ သူမကား မျှော်စင်အရှေ့သို့ ရောက်နေချေပြီ။

ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားက မည်သည်ကိုမျှ မစဉ်းစားနေဘဲ သေခြင်းရှင်ခြင်းစာအုပ်အား အလျင်အမြန် ဖွင့်လိုက်သည်။ သေခြင်းရှင်ခြင်းစာအုပ်၏ အလင်းရောင်က ကောင်းကင်ယင်နတ်ဘုရားမ၏ မျက်နှာအပေါ် တမုဟုတ်ချင်း ဖြာကျသွား၏။

ကောင်းကင်ယင်နတ်ဘုရားမ၏ မျက်နှာတစ်ပြင်လုံး တွန့်လိမ်သွားပြီး သူမက သွေးပျက်ချောက်ချားစွာ အော်ဟစ်သည်။ အနက်ရောင်အခိုးအငွေ့များက သူမ၏မျက်လုံး၊ နှာခေါင်း၊ နားရွက်နှင့် ပါးစပ်တို့မှ ထွက်လာသည်။

သူမက လက်ဝါးမြှောက်ကာ မျက်နှာအရှေ့သို့ ကာလိုက်သော်လည်း လက်ချောင်းများလည်း ပုံပျက်ကုန်သည်။ သူမ၏လက်ချောင်းများသည် လျင်မြန်စွာ ရှုံ့တွကုန်ကြ၏။

ကျန်လက်တစ်ဖက်က မြောက်တက်လာပြီး မျှော်စင်အပေါ်ရှိ နတ်ဘုရားဆီသို့ လှမ်းဆွဲလိုက်သည်။ သို့သော် သေခြင်းရှင်ခြင်းစာအုပ်၏ အလင်းရောင်ကြောင့် လက်ဝါးမှာ ကျုံ့သွားသည်။ မျှော်စင်အပေါ် ရောက်လာသည့်အခါ ၎င်းသည် အရေခွံ့သာ ကျန်တော့သည်။ ချင်မူတို့ကို အနည်းငယ်မျှ အန္တရာယ်မပြုနိုင်လိုက်ပေ။

ချင်မူက မည်သည်ကိုမှ မတွေးဘဲ ယိုတုစကားကိုသာ ဆက်တိုက်ရွတ်နေသည်။ မုခ်ဝမှ အလင်းရောင်သည် အားကောင်းသထက် အားကောင်းလာနေ၏။ ပြိုင်ဘက်ကင်း‌သော အလင်းရောင် ဖြာထွက်လာသည့်အခါ အလွန်ကျယ်‌လောင်သည့် အသံတစ်သံက ၎င်းကို အဖော်ပြု၍ တစ်ကမ္ဘာလုံးအား လှုပ်ခါသွားစေသည်။

အသံသည် ချင်မူ့အသံနှင် ထပ်သွားပြီး တစ်သံတည်းပမာ ဖြစ်လာ၏။ ၎င်း ကောင်းကင်အလိုတော်မုခ်ဝမှ ဖြတ်ကျော်လာသည်နှင့် အဆများစွာ ကျယ်လောင်လာပြီး လောကတစ်ခွင် ပဲ့တင်ရိုက်ခတ်နေသည်။

ကောင်းကင်အလိုတော်မုခ်ဝမှ အလင်းရောင်သည် ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွားပြီး သူမ၏အော်ဟစ်သံများလည်း နားကွဲလုအောင် စူးရှကျယ်လောင်လာ၏။ ၎င်းက ချင်မူနှင့် ကောင်းကင်အလိုတော်မုခ်ဝဆီမှ အသံကိုပင် လွှမ်းမိုးနိုင်တော့ပေမည်။

ရုတ်တရက် သူမခန္ဓာကိုယ်က ကောင်းကင်အလိုတ်ောမုခ်ဝမှ အလင်းရောင်ကို ရှောင်လိုက်ပြီး သူမ၏လက်ဝါးကြီးက လျင်မြန်စွာ ပြန်ဖောင်းလာသည်။

သဘာဝတရားမှ မွေးဖွားလာသော နတ်ဘုရားမသည် အလွန်မြင့်မားလှသော မျှော်စင်ကို ဆွဲမြှောက်လိုက်၏။ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက သေခြင်းရှင်ခြင်းစာအုပ်ကို ကပျာကယာ ရွှေ့လိုက်သဖြင့် စာအုပ်၏အလင်းရောင်က သူမမျက်နှာအပေါ် ဖြာကျသွားပြန်သည်။ အနက်ရောင်အခိုးအငွေ့များသည် သူမမျက်နှာမှ တဝေါဝေါ ဖြာထွက်လာ၍ မျက်နှာတစ်ပြင်လုံး ရှုံ့တွ‌‌နေတော့သည်။

ချင်မူ၏ကောင်းကင်အလိုတော်မုခ်ဝကလည်း သူမ ရွေ့လျားရာအတိုင်း ရွေ့လျားနေသည့်အတွက် ကောင်းကင်အလိုတ်ောမုခ်ဝ၏ အလင်းရောင်က သူမမျက်နှာမှ မခွာသွားပေ။

မုခ်ဝ၏အလင်းရောင်သည် တောက်ပသထက် တောက်ပလာပြီး မုခ်ဝဆီမှ အသံအနိမ့်အမြင့်သည်လည်း ပြတ်သားလာ၏။ အသံက အားလုံး၏နားထဲသို့ ထိုးဖောက်ဝင်လာကာ ရင်ခေါင်းထဲတွင်ပင် တုန်ခါနေစေသည်။

အနက်ရောင်အမှုန်များက ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်ထဲ တသဲသဲ ဝင်ရောက်နေသော်လည်း သူမမျက်နှာမှ အခိုးအငွေ့များကလည်း ကြောက်စရာကောင်းလောက်အောင် တဝေါဝေါ ထွက်နေသည်။

ကောင်းကင်ယင်နတ်ဘုရားမသည် ရုန်းကန်အော်ဟစ်ရင်း မျှော်စင်ကို လွှဲယမ်းလိုက်သည်။ သဘာဝအလျောက် မွေးဖွားလာသော နတ်ဘုရားဆိုသည့်အတိုင်း သူမ၏ခွန်အားကား ရင်သပ်ရှုမောဖွယ်ကောင်းချေ၏။

ချင်မူ့ခြေထောက်က မျှော်စင်ကို မြဲမြံစွာ ကုပ်ထားသဖြင့် သူမ မည်မျှလွှဲခါစေကာမူ ချင်မူက တုတ်တုပ်မျှ ရွေ့မသွားဘဲ ဆက်လက်ရွတ်ဖတ်နေသည်။

ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားလည်း ခန္ဓာကိုယ်ကို အကောင်းဆုံးထိန်း၍ သေခြင်းရှင်ခြင်းစာအုပ်ဆီမှ အလင်းရောင်ကို ကောင်းကင်ယင်နတ်ဘုရားမ၏ မျက်နှာအပေါ် ဖြန့်ကျက်နေသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်အမှုန်တို့သည် နဂါးတစ်ကောင်ပမာ လူးလွန်ရွေ့လျားလျက် ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းဖြင့် ဝင်နေကြ၏။

ယင်းက ဝိညာဉ်ဆင့်ခေါ်နေခြင်းဖြစ်သည်။

ချင်မူ ပြောင်းလဲထားသော ဝိညာည်လမ်းညွှန်က ကောင်းကင်ယင်ကမ္ဘာထဲရှိ ကောင်းကင်ယင်နတ်ဘုရားမ၏ ဝိညာဉ်အမှုန်များကို ပြန်လည်ဆင့်ခေါ်နေသည်။ ကောင်းကင်ယင်နတ်ဘုရားမ၏ ပြိုကွဲနေသော ဝိညာဉ်မှန်သမျှ သူ၏ကောင်းကင်နတ်သိုင်းမှတစ်ဆင့် လမ်းညွှန်ပေးခံရလိမ့်မည်။ အသေးငယ်ဆုံး အမှုန်များပင် ဖြစ်လင့်ကစား ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်ဆီ ပျံသန်းလာလိမ့်မည်။

ထို့အပြင် သူ၏ကောင်းကင်နတ်သိုင်းသည် မဟာမြို့ပျက်သာမက ကောင်းကင်ယင်ကမ္ဘာနှင့် ဆက်သွယ်နေသော ကမ္ဘာတိုင်းဆီသို့ပင် သွားရောက်နိုင်၏။

ဝိညာဉ်လမ်းညွှန်က ယိုတုမှ မှော်အစီအရင်တစ်ခု ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက ယိုတုဘာသာစကားကို မလေ့လာခဲ့၍သာ ယိုတုဘာသာစကားမှာ မိစ္ဆာဘာသာစကားဖြင့် အစားထိုးခံခဲ့ရခြင်း ဖြစ်ချေသည်။

ဝိညာဉ်လမ်းညွှန်သည် ကောင်းကင်နတ်သိုင်းစွမ်းအားဖြင့် ယိုတုကို ရှာဖွေ၍ သေလူတို့၏ ဝိညာဉ်များအား ပြန်ခေါ်ပေးနိုင်၏။ ဤအခြင်းအရာမှတစ်ဆင့် ကောင်းကင်နတ်သိုင်းက မည်မျှကြီးကျယ်ခမ်းနားကြောင်း မြင်နိုင်ပေသည်။

ယိုတုဘာသာစကား တတ်မြောက်ထားသော ချင်မူ့လက်အောက်တွင်မှ ကောင်းကင်နတ်သိုင်း၏ မူလရုပ်လုံး ပြန်ပေါ်လာခဲ့သည်။ ချင်မူ ကောင်းကင်နတ်သိုင်းကို ပထမဆုံး သုံးခဲ့သည့်အချိန်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အပမြေတွင် ဖြစ်သည်။ ကောင်းကင်နတ်သိုင်းတစ်ခုတည်းဖြင့် သူက တိုက်ပွဲကျသွားခဲ့သော နတ်ဘုရားထောင်ပေါင်းများစွာကို နှိုးပေးနိုင်ခဲ့၏။

ထိုအချိန်က မြေအောက်ဘုံအရှင်သခင်ဆီမှ ဝိညာဉ်များနှင့် မူလဝိညာဉ်များကို ပြန်ယူခဲ့သော အချိန်လည်း ဖြစ်ခဲ့၍ မရဏတမန်တော်က ဒေါကြီးမောကြီး ရောက်လာခဲ့သေးသည်။

ချင်မူ၏ အဆင့်မြှင့်ထားသော ဝိညာဉ်လမ်းညွှန်သည် ကောင်းကင်ယင်ကမ္ဘာ၊ မဟာမြို့ပျက်နှင့် ဤကမ္ဘာနှင့် ဆက်သွယ်နေသော ကမ္ဘာအရပ်ရပ်ရှိ ကောင်းကင်ယင်နတ်ဘုရားမ၏ ဝိညာဉ်အမှုန်အားလုံးကို လမ်းညွှန်ပေးနေ၏။

သို့သော် ချင်မူ လုပ်မည့်အရာက ထိုအရာတင်မဟုတ်ပေ။

ဝိညာဉ်အမှုန်တို့ကို ပြန်ဆင့်ခေါ်ခြင်းအပြင် သူမဝိညာဉ်ကို ပြန်တည်ဆောက်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ သေဆုံးသွားခဲ့သော အထွတ်အမြတ်နတ်ဘုရားမအား သူ အသက်ပြန်သွင်းချင်သည်။

တတိယမျက်လုံးထဲရှိ ချင်စာလုံးမြေပြင်တွင် ချင်မူ၏အသံက ကောင်းကင်နယ်စားမင်၊ ချိဧကရာဇ်နှင့် ကလေးကြီးချင်ဖုန်းကျင့်ကို စိတ်ဝင်စားလာစေသည်။ သူတို့အားလုံး ဂရုတစိုက် နားထောင်နေကြ၏။

“ညီဆိုးလေးက အသံထွက်မဆိုးဘူးပဲ”

ကလေးကြီးက ခြေမကို ပါးစပ်ထဲမှ ထုတ်ပြီး ကလေးဆန်ဆန် ရယ်နေသည်။ “မိလို့ကတော့ ခေါင်းဖြုတ်ပြီး စားပစ်မယ်”

ကောင်းကင်နယ်စားမင်းက တင်းမာခက်ထန်သော အမူအရာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူတော့ ငါ့ဆီက အခွင့်အကောင်းယူနေပြီ”

ချိဧကရာဇ်မှာ ချင်မူ၏ယိုတုစကားက အလွန်နက်နဲလွန်း၍ နားလည်ရခက်ကြောင်း ခံစားနေရသည်။ သူက မေးလိုက်၏။ “သူက မင်းကို ဘယ်လို အခွင့်အကောင်းယူလိုက်တာလဲ”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက သက်ပြင်းချလိုက်သည်။ “သူက ကောင်းကင်အလို‌တော်မုခ်ဝကို ပြောင်းပြန်လှန်ပြီး ငါ့အလင်းရောင်နဲ့ တခြားတစ်ယောက်ရဲ့ ဝိညာဉ်ကို ပြန်တည်ဆောက်ပေးနေတာပဲ”

ချိဧကရာဇ် တအံ့တဩ ထခုန်မိပြီး‌ အော်ဟစ်လိုက်၏။ “မင်းရဲ့စွမ်းအားကို ခိုးရဲတယ်ပေါ့... ဒီကောင်လေး ကောင်းကင်ဘုံကို အာခံနေတာလား”

ကောင်းကင်နယ်စားမင်း၏ကိုယ်ပွား ပြောမိသည်။ “သူက မခိုးရဲဘဲ နေမယ့်သူလား... မင်းနဲ့ငါ့ကိုတောင် ဒီမှာ ပိတ်ထားတာလေ... ငါ့စွမ်းအားကို မခိုးရဲဘဲ နေလိမ့်မယ် အားကြီးကြီး.. အများကြီး မခိုးတာပဲ ကံကောင်းတယ်... သူ ကောင်းကင်အလိုတော်မုခ်ဝကို ပြောင်းပြန်လှန်လိုက်ပြီး ငါ့အလင်းရောင်နဲ့ ကောင်းကင်ယင်ကမ္ဘာအပေါ် ဖြန့်ကျက်လိုက်တဲ့ အကြောင်းရင်းက ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းဖို့ပဲ”

ချိဧကရာဇ်၏အမူအရာ လေးနက်သွားသည်။ “ကောင်းကင်ယင်နတ်ဘုရားမက သေသွားပြီလား”

“မင်း မသေခင်ကတည်းက သေနေပြီ”

ကောင်းကင်နယ်စားမင်းက မထူးခြားသည့်အလား ပြောသည်။ “အဲဒီတုန်းက သူ သေသွားတာကို ငါ ခံစားခဲ့ရပေမယ့် ကောင်းကင်ယင်ကမ္ဘာကို ငါမှ မမြင်နိုင်တာလေ... ဒါကြောင့် သက်ပြင်းချရုံအပြင် ဘယ်တတ်နိုင်မလဲ ... ငါ့ရွေ့ရင် ကောင်းကင်ယင်ကမ္ဘာကလည်း လိုက်ရွေ့တယ်... ဒီကမ္ဘာက ငါ့ခြေထောက်အောက်မှာ ပုန်းနေတော့ သူ့ကို ငါ မကယ်နိုင်ခဲ့ဘူး”

ချိဧကရာဇ်၏အကြည့် လှုပ်ခတ်သွားသည်။ “ကောင်းကင်ယင်နတ်ဘုရားမက ငါ့အရင် သေသွားတာပေါ့... ဒါဆို နဂါးဟန်ခေတ်မှာ သေသွားတာပဲ ဖြစ်မယ်... ချိမင်ခေတ်မှာ သူ သေရင် ငါ သိမှာပဲ... နဂါးဟန်ရဲ့ ကောင်းကင်ဘုံသုံးခု၊ အဲဒီ ကောင်းကင်နတ်ဘုံသုံးခုက တစ်ခုနဲ့ တစ်ခု မတည့်ကြဘူး... ကောင်းကင်နယ်စားမင်း၊ ဘယ်ကောင်းကင်နတ်ဘုံက ကောင်းကင်ယင်နတ်ဘုရားမကို သတ်လိုက်တာလဲ”

ကောင်းကင်ယင်နယ်စားမင်းက သူ့ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ “မင်းက သေနေပြီပဲ အများကြီး သိစရာမလိုဘူး... ချင်သားတော်ကိုတော့ ငါ စိတ်ဝင်စားမိတယ်... ဒီကလေးက ပြန့်ကြဲနေတဲ့ ဝိညာဉ်တွေကို ပြန်တည်ဆောက်ပေးနိုင်တဲ့ ဒီလိုကောင်းကင်နတ်သိုင်းကိုတောင် ဖန်တီးနိုင်တယ်.... သူသာ အောင်မြင်သွားရင် ကမ္ဘာပေါ်မှာ အပြောင်းအလဲတစ်ခု နိဒါန်းပျိုးလာလိမ့်မယ်... ဒီလောက်ထက်မြက်တဲ့လူတစ်ယောက် လောကကြီးမှာ ရှိနိုင်သေးတယ်တဲ့လား”

ချိဧကရာဇ်က သက်ပြင်းချကာ ပြောလေသည်။ “သူက ထက်မြက်တာမဟုတ်ဘူး.. တခြားသူတွေ မတွေးရဲတဲ့အရာ၊ မတွေးမိတဲ့အရာတွေကို တွေးမိရုံသက်သက်ပဲ... သူများတွေ စိတ်ကူးတောင် မကြည့်နိုင်တာတွေကို သူ တွေးနိုင်တယ်... လုပ်လည်း လုပ်ရဲတယ်... အခြားသူတွေကတော့ အကြောင်းအကျိုးနဲ့ စည်းမျဉ်းတွေကို ထည့်တွက်တတ်ပေမယ့် သူ့ရင်ထဲမှာတော့ အကြောင်းအကျိုးတွေ၊ စည်းမျဉ်းတွေ ရှိမနေဘူး... ဒါကြောင့် သူက ကောင်းကင်နယ်စားမင်းတောင် အံ့အားသင့်ရတဲ့ ကောင်းကင်နတ်သိုင်းတွေ ဖန်တီးနိုင်တာပဲ”

ကောင်းကင်နယ်စားမင်း၏ကိုယ်ပွားက အပြုံးတစ်ခုဖြင့် ပြော၏။ “စိတ်ကူးစိတ်သန်းကောင်းပေမယ့် အောင်မြင်ပါ့မလား ပြောရခက်တယ်”

ထိုအချိန်တွင် ချင်စာလုံးမြေပြင်ထဲ ဝင်ရောက်လာနေသော ချင်မူ၏အသံသည် တိုပြတ်ပြတ်ဖြစ်လာ၏။ စာလုံးတစ်လုံးပြီးမှ တစ်လုံး ထွက်လာနေသကဲ့သို့ ထင်ရသည်။

ကောင်းကင်နယ်စားမင်း၏အမူအရာ လေးနက်သွားပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “သူ အောင်မြင်သွားရင် ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအို ပြောင်းလဲသွားလိမ့်မယ်... ချိဧကရာဇ် မင်းလည်း မဟာတာအိုအပြောင်းအလဲကို ခံစားရလား”

ထိုအချိန်တွင် ချင်စာလုံးမြေပြင်ထက်၌ လဲလျောင်းနေတော်မူသော ဗုဒ္ဓသည် နိုးထလာကာ မျက်လုံးဖွင့်လိုက်၏။ သူက တအံ့တဩ ပြောလေသည်။ “မဟာတာအို ပြောင်းလဲသွားတယ်။ ဘယ်သူ လုပ်... တာအိုနောင်တော် ကောင်းကင်နယ်စားမင်းနဲ့ ချိဧကရာဇ်တို့ပါလား.. ဘယ်တုန်းက ဒီရောက်နေတာတုန်း”

“ဗုဒ္ဓအိုကြီး ဆင်းမလာနဲ့ ဆင်းမလာနဲ့”

ချိဧကရာဇ်က ကပျာကယာ လက်ခါပြပြီး ဆင်းလာတော့မည့် ဗုဒ္ဓကို တားနေသည်။ “ကိုယ်တော်ဆင်းလာရင် ကျုပ်တို့ဘဝ ‌ရောက်သွားလိမ့်မယ်... ခေါင်းကြီးကြီးနဲ့ ကလေးကြီးက ကိုယ်တော်ကို သေအောင် ရိုက်လိမ့်မယ်”

All Chapters