ကောင်းကင်ယင်နတ်ဘုရားမ
Vol. 51 Ch. 686
ခွေ့ဝူချွီ သွေးများ အေးစက်သွားသည်။ ချင်မူ့အရှေ့တွင် သူသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသော်လည်း ဝတုတ်တုတ် ကလေးကြီး၏ မျက်နှာရှေ့၌မူ သနားစဖွယ်ကောင်းလောက်အောင် သေးငယ်နေ၏။
ဝတုတ်တုတ် ကလေးကြီးက ပုပုတိုတို လက်ကြီးဖြင့် သူ့ကို အရုပ်ကလေးလို လှမ်းဆွဲလိုက်သည်။ ခွေ့ဝူချွီမှာ အစွမ်းထက်ပါသော်လည်း ကလေးကြီး၏ လက်ထဲမှ ရုန်းမထွက်နိုင်ပေ။ ကလေးကြီးက သူ့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
“အစ်ကိုကြီးနဲ့ ကျုပ်က နာမည်အတူတူပဲ”
မသေခင် ချင်မူ့အသံ သူ ကြားလိုက်ရသည်။ “ဘာကြောင့်လဲသိလား... ကျုပ်တို့က ဝိညာဉ်တစ်ခုတည်း၊ ရုပ်ခန္ဓာတည်း ဝေမျှထားလို့ပဲ”
ဝတုတ်တုတ် ကလေးကြီးက ခွေ့ဝူချွီကို ပါးစပ်ထဲ ထည့်၍ ရက်ရက်စက်စက် ကိုက်ဝါးနေသည်။ သူက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ချင်မူ့ဆီသို့ လှမ်းဆွဲလိုက်၏။ “ညီဆိုးလေး သေလိုက်စမ်း”
ထိုအခိုက်အတန့်တွင် ချင်မူက မိုးမခသစ်ရွက် ထုတ်ကာ မျက်ခုံးနှစ်ဖက်ကြားအပေါ် ညင်ညင်သာသာ ပြန်ကပ်လိုက်သည်။
ကလေးကြီးမှာ ချင်မူ့ကို မဖမ်းဆုပ်နိုင်ခင် သဏ္ဍာန်မဲ့အားလှိုင်းဖြင့် ဆွဲငင်ခံလိုက်ရပြီး ချောက်နက်ကြီးထဲ ကျသွား၏။
“ညီဆိုးလေး.....”
ဝတုတ်တုတ် ကလေးကြီးက မြေပြင်ပေါ် ပြန်ရောက်သည့်အခါ ဖင်ထိုင်ချပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ ချင်စာလုံးမြေပြင်၏ အတားအဆီးအစီအရင်ထဲ ပြန်ကျသွားမှန်း သဘောပေါက်သွားသည်။ မုတ်ဆိတ်ဖြူအဘိုးကြီးနှင့် ချိဧကရာဇ်က တောင်ကြားထဲ၌ ပုန်းရင်း သူ့ကို ရှောင်နေကြ၏။
“ညီဆိုးလေး... မင်းကို မိတာနဲ့ စားပစ်မယ်”
ဝတုတ်တုတ် ကလေးကြီးက ဒေါကြီးမောကြီးဖြင့် တောင်တန်းများဆီသို့ လေးဖက်ထောက်လာသည်။ သူက ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားနှင့် ချိဧကရာဇ်၏ အသိစိတ်အလျဉ်ကို ဖမ်းပြီး အမျက်ဖြေရန် ပြင်နေသည်။ “အဘိုးကြီးကို အရင်ရိုက်မယ်... ပြီးမှ ခေါင်းသုံးလုံးကို စားမယ်”
နှစ်ယောက်သား သူ့ကို ကပျာကယာ ရှောင်လိုက်ကြပြီး ကောင်းကင်နယ်စားမင်းကိုယ်ပွားက ပြောသည်။ “သူ့ကို ကြောက်စရာမလိုဘူး... မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင်က အဆက်မပြတ် ပြောင်းလဲနေတာ... သူ ငါတို့ကို မမိဘူး”
ချိဧကရာဇ်က မျက်လုံးလှန်ကာ ပြောလိုက်သည်။ “မင်း အရင်တစ်ခေါက်တုန်းကလည်း ဒီစကား ပြောခဲ့တာပဲ... ပြောပြီးမကြာဘူး ဖမ်းခံရတယ်လေ”
“ဒီတစ်ခေါက်တော့ သေချာပေါက် အဲဒီလိုမဖြစ်ဘူး”
ချင်မူ သက်ပြင်းချလိုက်မိသည်။ သူ့အရှေ့ရှိ ခွေ့ဝူချွီ၏ အလောင်းကြီးသည် ကျုံ့သွားပြီး မင်တုလည်း ပျောက်ကွယ်သွား၏။
ချင်မူက ခေါင်းမော့ကာ ပြုံးလိုက်သည်။ “ကောင်းကင်ယင်နတ်ဘုရားမ၊ နောက်ဆုံးတော့ ကျွန်တော်တို့ တွေ့ရပြီနော်... စိတ်မကောင်းမဖြစ်ပါနဲ့... ကျွန်တော့်ကောင်းကင်နတ်သိုင်းက အစားခံလိုက်ရတဲ့ နတ်ဘုရားမရဲ့ ဝိညာဉ်ကို ပြန်စုပေးနိုင်လောက်တယ်...”
သူ ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ ပင်လယ်ထဲ၌ ရပ်နေသော ကောင်းကင်ယင်နတ်ဘုရားမက ခြေကြွကာ လှမ်းလိုက်သည်။
ချင်မူ့ဆံပင်မွှေးများ ထောင်မတ်သွားပြီး ကောင်းကင်နတ်သိုင်းပင် မထုတ်လွှတ်နိုင်တော့ဘဲ တစ်ချိုးတည်း လှည့်ပြေးတော့သည်။ သူက ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားဆီ လျင်မြန်စွာ ရောက်ချသွားကာ မပြောမဆိုဖြင့် သူ့ကို ဆွဲရင်း ပြေးလေသည်။
သူ့အနောက်မှ အဆောက်အအုံများ နင်းချခံလိုက်ရသည့် အသံဗလံများ ကျယ်လောင်စွာ ထွက်လာသည်။ ကောင်းကင်ယင်နတ်ဘုရားမက ချင်မူ့ကို လွတ်သွားသည့်အခါ သူ့နောက် လိုက်လာ၏။
သူမ၏ခန္ဓာကိုယ်ကြီးသည် အာကာသဟင်းလင်းပြင်အထိ ရောက်ရှိနေသည့်အလား မြင့်မားလှသည့်အပြင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မိုင်တစ်ထောင် ရောက်နိုင်၏။ ခြေလှမ်းနေသည့်အမြန်နှုန်းက သိပ်မမြန်သော်လည်း မည်သူမှ သူမကို မယှဉ်နိုင်ပေ။
‘ဆာလောင်နေတဲ့ သရဲတွေက နတ်ဘုရားမရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နေတာပဲ’
ကောင်းကင်ယင်နတ်ဘုရားမ၏ အရေခွံ သူတို့ကို တိုက်ခိုက်နေသည့် အကြောင်းရင်းအား ချင်မူ တမုဟုတ်ချင်း ခန့်မှန်းမိသွားသည်။ သူက ရှည်ရှည်ဝေးဝေး တွေးမနေဘဲ သေခြင်းရှင်ခြင်းစာအုပ် ထုတ်၍ နတ်ဘုရားမဆီသို့ အလင်းရောင်ဖြန့်ကျက်လိုက်၏။ ‘ကောင်းကင်ယင်နတ်ဘုရားမက ဆာလောင်နေတဲ့ သရဲတွေ စားတာ ခံခဲ့ရပြီးပြီဆိုတော့ ဆာလောင်နေတဲ့ သရဲတွေက ကောင်းကင်ယင်နတ်ဘုရားမကို ပူးကပ်သွားတယ်.. သဘောက ကောင်းကင်ယင်နတ်ဘုရားမကိုယ်တိုင်လည်း ဆာလောင်နေတဲ့ သရဲတစ်ကောင် ဖြစ်နေပြီ’
သေခြင်းရှင်ခြင်းစာအုပ်ဆီမှ အလင်းရောင်ဖြင့် ထိတွေ့သွား၍ အနက်ရောင်အခိုးအငွေ့များသည် သူမ၏ မျက်လုံး၊ နှာခေါင်း၊ နားရွက်နှင့် ပါးစပ်တို့မှ ထွက်လာသော်လည်း နတ်ဘုရားမကား တခဏမျှသာ ရပ်သွား၏။ ထို့နောက် ခြေပြန်ကြွကာ သူတို့နောက် လိုက်လာသည်။
‘သူက ကြီးလွန်းတယ်... သေခြင်းရှင်ခြင်းစာအုပ်ရဲ့ အလင်းရောင် သူ့တစ်ကိုယ်လုံးအပေါ် မကျနိုင်ဘူး'
ချင်မူ ချီစွမ်းအင် သုံး၍ သေခြင်းရှင်ခြင်းစာအုပ်ကို သူ့ခေါင်းနောက်တွင် လွင့်မျောနေအောင် ထိန်းချုပ်ထားလိုက်သည်။ သူက ထော့ကျိုး သင်ပေးထားသော ကောင်းကင်ခိုးယူခြေသိုင်းကို အဆုံးစွန်အထိ ထုတ်ဖော်ရင်း အရှိန်ဆက်တိုက် တင်နေသည်။
“ဆရာကြီး၊ ပြေး” ချင်မူမှာ ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားကို တောက်လျှောက် ဆွဲခေါ်နေရသဖြင့် ပင်ပန်းလာသည်။ အားကုန်လည်း မထုတ်လွှတ်နိုင်သောကြောင့် နတ်ဘုရားအား လောဆော်လိုက်၏။
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက သတိကပ်သွားပြီး အရှိန်တင်လိုက်ကာ ချင်မူအား ဖုန်လုံးထဲ၌ ထားရစ်ခဲ့တော့သည်။ ချင်မူ မှင်သက်သွားကာ ဒေါသတကြီး ပြောလိုက်သည်။ “သစ္စာရှိချက်ပဲ... ကျွန်တော့်မှာတော့ ခင်ဗျားအတွက် မျက်ရည်တောင် ကျခဲ့ရတယ်... ပြေးမယ်ဆိုလည်း ကျွန်တော့်ပါ ခေါ်သွားပေါ့”
ရုတ်တရက် ကောင်းကင်ယင်နတ်ဘုရားမက သူ့ဆီသို့ လက်ဆန့်တန်းလိုက်သည်။ အာကာသဟင်းလင်းပြင်မှ လက်ဝါးကြီးသည် ကောင်းကင်ယင်ကမ္ဘာ၏ လေထုကို ပွတ်တိုက်လိုက်သောကြောင့် မီးတောက်များ ပွင့်ထွက်လာ၏။ သို့သော် မီးတောက်များမှာ သူမအား မလောင်မြှိုက်နိုင်ပေ။
သူမ၏လက်ဝါးကြီးက ကြီးမားကျယ်ပြန့်ပြီး ချင်မူ့ကို ဖမ်းဆုပ်လိုက်သည်။
ချင်မူ၏ခေါင်းအနောက်ရှိ သေခြင်းရှင်ခြင်းစာအုပ်က တောက်ပလာပြီး ကောင်းကင်ယင်နတ်ဘုရားမ၏လက်မှာ သူ့ကို မထိခင် လက်ချောင်းတစ်ချောင်းပြီး တစ်ချောင်း လေလျော့သွားသကဲ့သို့ ပိန်ချုံးသွားကြသည်။
သို့တိုင်အောင် ချင်မူ့ကို လွှမ်းခြုံရန် လုံလောက်သေး၏။
သူ့အား လက်ဝါးကြီး အုပ်မိုးတော့မည်ကို မြင်လျှင် သင်္ကေတအမှတ်အသားများက ချင်မူ၏ခန္ဓာကိုယ်ကို ရစ်သိုင်းလှည့်ပတ်သွားပြီး နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထွက်ပေါ်လာသည်။ သင်္ကေတအမှတ်အသားများက ရွှေရောင်စက္ကူများသဖွယ် လူးလွန့်လှုပ်ရှားနေပြီး ၎င်းတို့ ပျောက်ကွယ်သွားသည့်အခါ ချင်မူလည်း မရှိတော့ပေ။
နောက်တခဏတွင် ချင်မူက မိုင်တစ်ထောင်အကွာ၌ ပေါ်လာပြီး သင်္ကေတအမှတ်အသားများ သူ့ကို ရစ်သိုင်းသွားပြန်သည်။ ထို့နောက် ဖျတ်ခနဲ ပျောက်သွားပြန်ကာ နောက်ထပ် မိုင်တစ်ထောင်အကွာတွင် ပေါ်လာပြန်၏။
သူ၏ခန္ဓာကိုယ်မှာ တဖျတ်ဖျတ် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတော့သည်။ ကျင့်စဉ်စွမ်းအင်အားလုံး ကုန်ခမ်းသွားလျှင်ပင် ကောင်းကင်ယင်နတ်ဘုရားမ လိုက်မမှီလာခင် ကောင်းကင်ယင်ကမ္ဘာထဲမှ သူ ထွက်ရလိမ့်မည်။
တံတားမှာ ကောင်းကင်ယင်နတ်ဘုရားမ၏ ခြေလှမ်းများကြောင့် တသိမ့်သိမ့် တုန်ခါနေသည်။ တံတားသည် သဘာဝအလျောက် မွေးဖွားလာသည့် နတ်ဘုရားမတစ်ပါး၏ အလေးချိန်အား တောင့်မခံနိုင်တော့ပေ။
ချင်မူက တံတားအစပ်နှင့် သိပ်မဝေးတော့ပေ။ ထိုစဉ် သူ နေရာရွှေ့ပြောင်းတော့မည့်အချိန် မရေမတွက်နိုင်သော မကောင်းဆိုးဝါးများက သူ့ကို ခုန်အုပ်ကြသည်။
“ဖယ်စမ်း”
ချင်မူ သေခြင်းရှင်ခြင်းစာအုပ် သုံးလိုက်သည်နှင့် မကောင်းဆိုးဝါးအားလုံး အရေခွံ ဖြစ်ကုန်ကြသည်။ ထိုအချိန်မှာပဲ ကောင်းကင်ယင်နတ်ဘုရားမ၏ လက်ဝါးက သူ့အား အားပြင်းပြင်း ရိုက်ချလိုက်ချေပြီ။
ဘုန်း
ကောင်းကင်ယင်ကမ္ဘာ၏ ပင်လယ်ပြင်မှာ ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားပြီး ကမ်းစပ်ရှိ မြေပြင်သည်လည်း တဝုန်းဝုန်း လှုပ်ခတ်သွားသည်။ တုန်လှုပ်ချောက်ချားဖွယ် အက်ကွဲကြောင်းများ အရပ်လေးမျက်နှာသို့ တွန့်လိမ်ကွေးကောက် ဖြာထွက်သွားပြီး ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းသံများ ဆူညံနေ၏။ ချော်ရည်များက အက်ကွဲကြောင်းတို့မှ ပန်းထွက်လာကြသည့်တိုင် ချော်ရည်တို့မှာလည်း မီးခိုးရောင်ဖြစ်နေသည်။
ကောင်းကင်ယင်နတ်ဘုရားမ လက်ဝါးပြန်မြှောက်လိုက်သည့်အခါ တံတားမှာ ကျိုးပဲ့နေချေပြီ။ ပင်လယ်သည်လည်း ခမ်းခြောက်သွားသည့်အပြင် သဲသောင်ပြင်တစ်ခုပင် ပေါ်လာသည်။
သူမ လက်ဝါးမြှောက်လိုက်သည့်အချိန်တွင် သူမလက်ဝါးအောက်၌ မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများ လင်းလက်သွားသည်။ သင်္ကေတအမှတ်အသား၏ အလယ်တွင် သံလုံးကြီးတစ်လုံး ရှိနေသည်။ ချင်မူ၏ ဓားစက်လုံးမှာ တစ်ခြမ်းပြားနေချေ၏။
ဝှစ်
သင်္ကေတအမှတ်အသားများ အရောင်လက်သွားပြီး သံလုံးကြီးက ဖျတ်ခနဲ ပျောက်ကွယ်ကာ ပင်လယ်ဘေးရှိ မြို့ထဲ၌ ပေါ်လာသည်။
ကောင်းကင်ယင်နတ်ဘုရားမမှာ နေရာရွှေ့ပြောင်းသွားခဲ့သော ချင်မူ့ကို မမြင်လိုက်ရသဖြင့် ငေးကြောင်သွားသည်။ သူမက ဘေးဘီဝဲယာကို ပတ်ကြည့်သော်လည်း သူ့ကို ရှာမတွေ့သေးပေ။
မြို့ထဲတွင် ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက ခေါင်းပြူထွက်၍ မြို့ထဲ၌ တချွင်ချွင် မြည်နေသော ဓားစက်လုံးအား ကြည့်နေသည်။ ချင်မူမှာ ခုန်မြှောက်နေသည့် သံလုံးထဲ၌ ကျွမ်းထိုးမှောက်ခုံ လိမ့်နေသည်။
ဓားစက်လုံးအတွင်းတွင် ချင်မူက ရွှင်ပျော်ပျော်ဓားကို ဝင်ရိုးသဖွယ် ထောက်ကန်ထား၏။ ကောင်းကင်ယင်နတ်ဘုရားမကြောင့် သူ့မှာ ဓားစက်လုံးနှင့်အတူ ငါးဖယ်ပြားဘဝ ရောက်ခါနီးဆဲဆဲ၌ ရွှင်ပျော်ပျော်ဓားဖြင့် ထောက်ခဲ့ရခြင်းဖြစ်သည်။
သို့သော် ဓားစက်လုံးမှာတော့ ရိုက်ချက်ကြောင့် ပဲ့ရွဲ့သွားလေသည်။
ဓားစက်လုံး နောက်တစ်ကြိမ် ခုန်မြောက်သွားသည့်အခါ သံလုံးကြီးမှာ ပွင့်ထွက်သွားပြီး ဓားအလက်ရှစ်ထောင်အဖြစ် ကွဲထွက်သွား၏။ ချင်မူ ခုန်ထွက်ကာ ခါးဆန့်လိုက်သည်။ သူ လက်တစ်ဖက်မြှောက်လိုက်သည်နှင့် ဓားအလက်ရှစ်ထောင်က တစ်လက်နှင့်တစ်လက် ပူးကပ်ကာ ဓားစက်လုံးအသေးလေးအသွင် ဖွဲ့တည်ရင်း သူ့လက်ဝါးပေါ် ဆင်းသက်လိုက်သည်။
ရုတ်တရက် ခွပ်ခနဲ အက်ကွဲသံ ထွက်လာပြီး ဓားစက်လုံးအသေးလေးမှာ ပေါက်ကွဲသွားသည်။ ထို့နောက် ကောင်းကင်ထက်မှ ပြာများ ကျဆင်းလာ၏။
ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ သူ့လက်ဝါးအပေါ်တွင် ရွှင်ပျော်ပျော်ဓားအပြင် သတ္ထုအမှုန်များသာ ကျန်ခဲ့ချေပြီ။
သူ့အနေဖြင့် ကောင်းကင်ယင်နတ်ဘုရားမ၏ လက်ဝါးချက်ကို ခုခံနိုင်ခဲ့ပြီး မသေခဲ့သော်လည်း ဓားစက်လုံးမှာတော့ ရိုက်ချက်အား တိုက်ခိုက်ခုခံခဲ့ရကာ အမှုန့်ကြေသွားတော့သည်။
စောစောက ချင်မူ၏ချီစွမ်းအင်ကြောင့် စုစည်းနိုင်ခဲ့သော်လည်း ချင်မူ ချီစွမ်းအင်ကို ပြန်နှုတ်လိုက်သည်နှင့် ဓားစက်လုံးမှာ တောင့်မခံနိုင်တော့ဘဲ အမှုန့်ကြေသွားခြင်း ဖြစ်သည်။
‘အဟောင်း မပျက်စီးသရွေ့ အသစ်တွေ ရောက်မလာပါဘူးလေ...’
ချင်မူ ဖြေသိမ့်နေသော်လည်း ရင်နာနေသေးသည်။ ဓားစက်လုံးသည် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီးနောက် သူနှင့် အတွဲညီဆုံး ဝိညာဉ်လက်နက် ဖြစ်ခဲ့၏။ တစ်ဘဝလုံး သုံးရန် ရည်ရွယ်ထားသော ဝိညာဉ်လက်နက် ဖြစ်သော်လည်း ယခုတော့ အမှုန့်ကြေသွားချေပြီ။
ပိုဆိုးသည်က ဤဓားစက်လုံးကို သွန်းလုပ်ရန် လိုအပ်သော ပစ္စည်းများအတွက် သူ့တွင် ရှိသမျှအရာအားလုံးဖြင့် စစ်ယွင်ရှန်းဆီမှ လဲလှယ်ခဲ့သည်မဟုတ်ပါ၏လော။
ဓားစက်လုံးကို စီးဆင်းနေသော ရေအလျဉ်ပမာ သုံးနိုင်ရန်လည်း မိစ္ဆာနတ်ဆိုးမီးလျှံနှင့် လီမီးလျှံဖြင့် သွန်းလုပ်ခဲ့ရသည်။ ထို့နောက်မှ ဓားစက်လုံးသည် ပြည့်စုံသွားခဲ့၏။ ယခုမူ ရွှင်ပျော်ပျော်ဓားမှ လွဲ၍ ကျန်ဓားအားလုံး တက်တက်ပြောင်သွားချေရာ ချင်မူ မနာကျင်မိဘဲ နေပါမည်လော။
‘ကံကောင်းလို့ သိကြားဗုဒ္ဓဆီက မ,လာတဲ့ ဗုဒ္ဓစွမ်းအင်သတ္ထုနီတွေ ရှိသေးတယ်... ဒီသတ္ထုမျိုးက ဗုဒ္ဓဘုံမှာပဲ ရနိုင်တဲ့ ပစ္စည်းတွေပဲ... ငါ မလိမ့်တပတ် ယူလာတဲ့ ပမာဏက နောက်ဓားစက်လုံးတစ်လုံး သွန်းလုပ်ဖို့ လုံလောက်တယ်’
ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ သူ့ကို ရှာနေဆဲဖြစ်သော ကောင်းကင်ယင်နတ်ဘုရားမဆီသို့ ကြည့်လိုက်သည်။
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက ထွက်လာပြီး ချင်မူ့အရှေ့ ရောက်လာသည်။
ချင်မူ့မျက်နှာ မည်းမှောင်သွား၏။ “သစ္စာကို မရှိဘူး”
နတ်ဘုရားမှာ ရှက်သွားပြီး သူ့ကို လှမ်းဆွဲသည်။ ထို့နောက် ပြေးသော်လည်း သူ့ကို မဆွဲနိုင်ပေ။ သူက မည်သို့မျှမတတ်နိုင်သကဲ့သို့ ချင်မူ့အား ပခုံးတွန့်ပြသည်။
“အဲဒီလိုကိုး”
ချင်မူ သဘောပေါက်သွားသည်။ “ဆရာကြီးမှာ မှော်စွမ်းအင်ရော၊ ရုပ်ခန္ဓာရော မရှိရုံတင်မကဘူး.. မူလဝိညာဉ်တောင် မရှိဘူး... ဒါကြောင့် ကျွန်တော့်ကို ဆွဲ, မပြေးနိုင်တာပဲ... ကဲပါ စိတ်မဆိုးတော့ပါဘူး.. အမြင့်တစ်နေရာ ရှာဖို့ ဆရာကြီးရဲ့ အကူအညီလိုတယ်... ကောင်းကင်ယင်နတ်ဘုရားရဲ့ မျက်နှာအပေါ် သေခြင်းရှင်ခြင်းစာအုပ်ရဲ့အလင်း ဖြန့်ကျက်နိုင်မယ့် အမြင့်မျိုးပေါ့”
ခိုင်ဧကရာဇ်နတ်ဘုရားက တမုဟုတ်ချင်း မြို့ပြင် ပြေးထွက်သွားပြီး ချင်မူ လိုက်မလာမှန်း မမြင်လျှင် ကပျာကယာ ရပ်ကာ လှမ်းခေါ်သည်။
ချင်မူ အလျင်အမြန် လိုက်သွားပြီး နှစ်ယောက်သား အဝေးသို့ ထွက်သွားကြ၏။ များမကြာလိုက်ဘဲ ပင်လယ်ဘေးရှိ မျှော်စင်တစ်ခုဆီ ရောက်လာကြသည်။ ချင်မူမှာ မြင့်မားလှသော မျှော်စင်ကို မော့ကြည့်ရင်း အံ့အားသင့်နေသည်။ ကောင်းကင်ယင်ကမ္ဘာမှာ မှုန်ဝါးမှောင်မိုက်နေသဖြင့် ဝေးဝေးလံလံသို့ မမြင်ရပေ။ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ထုတ်ဖော်ပါက မိုင်များစွာမြင်နိုင်သေးသည်။ သို့တိုင်အောင် ယခု မော့ကြည့်နေသော်လည်း မျှော်စင်၏ ထိပ်အား မမြင်ရသေးပေ။
မီးခိုးမြူများက မျှော်စင်၏ ခါးလယ်၌ ရစ်သိုင်းနေကြသည်။ ဤမျှော်စင် မည်မျှမြင့်မားကြောင်း သူ အမှန်တကယ် မသိပေ။
မျှော်စင်၏ကိုယ်ထည်ကို အနက်ရောင်တောက်နေသော ကောင်းကင်သတ္ထုတစ်မျိုးဖြင့် တည်ဆောက်ထားဟန် တူသည်။
‘ဒီမျှော်စင်က ဘယ်အတွက်လဲ.... ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆောင်ထက်တောင် ပိုမြင့်လောက်တယ်’
သူ တွေးနေစဉ် ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားက မျှော်စင်၏ တံစက်မြိတ်များအပေါ် ခုန်တက်နေကြောင်း မြင်လိုက်ရသည်။ ချင်မူ ကောင်းကင်ခိုးယူခြေသိုင်းကို ထုတ်ဖော်၍ မျှော်စင်အပေါ် ပြေးတက်လိုက်သည်။ တစ်ယောက်က ခုန်နေသည်။ တစ်ယောက်က အသားကုန်ပြေးနေသည်။
ချင်မူ မှော်စင်ထိပ်သို့ ရောက်သည့်အခါ နတ်ဘုရားက သူ့ကို စောင့်နေပြီဖြစ်သည်။ သူက ပိုမြန်၏။
ချင်မူက သေခြင်းရှင်ခြင်းစာအုပ် ထုတ်ကာ နတ်ဘုရား၏လက်ထဲ ထည့်ပေးလိုက်သည်။ “ကျွန်တော် မျှော်စင်ပေါ်မှာ အစီအရင်တစ်ခု လုပ်လိုက်မယ်... ဆရာကြီးက ဒီမှာ စောင့်နေ... ကျွန်တော် ကောင်းကင်ယင်နတ်ဘုရားမကို မျှားခေါ်လာရင် စာအုပ်ဖွင့်ပြီး စာအုပ်အလင်းရောင်နဲ့ ဖြန့်ကျက်လိုက်”
ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားက ခေါင်းတဆတ်ဆတ် ညိတ်ပြီး ချင်မူ မျှော်စင်ထက်မှ ခုန်ချတော့မည့်အချိန် နောက်မှ တဖျပ်ဖျပ် မြည်သံများ ကြားလိုက်ရသည်။ သူ နောက်လှည့်ကြည့်လိုက်ရာတွင် ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားမှာ သေခြင်းရှင်ခြင်းစာအုပ်ကို ဖွင့်လိုက်ပြီး အလင်းရောင်ကြောင့် ကျုံ့သွားသည်ကို မြင်လိုက်ရ၏။
ချင်မူ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ဘဲ သေခြင်းရှင်ခြင်းစာအုပ်အား သူ့လက်ထဲမှ ပြန်ယူလိုက်သည်။
သေခြင်းရှင်ခြင်းစာအုပ်၏ အလင်းရောင် မရှိတော့သည့်အခါ အနက်ရောင်အမှုန်များက သူ့ကိုယ်ထဲ ပြန်ဝင်သွားပြီး နတ်ဘုရားမှာ ပြန်ဖောင်းလာသည်။
ချင်မူ သေခြင်းရှင်ခြင်းစာအုပ်ကို သူ့လက်ထဲ ထည့်ပေးလိုက်ကာ ပြောလိုက်၏။ “ဒါက အရှေ့... ဒါက အနောက်... မရောစေနဲ့... ရောသွားရင် နှစ်ယောက်လုံး သေလိမ့်မယ်”
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက ခေါင်းညိတ်၍ ရင်ဘတ်ပုတ်ပြသည်။
ချင်မူ အသက်ပြင်းပြင်းရှူရင်း အော်ဟစ်လိုက်၏။ “ကောင်းကင်ယင်နတ်ဘုရားမ... ကျွန်တော် ဒီမှာ”
သူ့အသံ ဟိန်းထွက်နေစဉ် ချင်မူက လက်ဝါးနှစ်ဖက် ပွတ်လိုက်သည်။ ချီစွမ်းအင်သည် မီးငှက်ချီစွမ်းအင်အသွင် ပြောင်းလဲသွားပြီး မီးလုံးကြီးတစ်လုံး ဖြစ်တည်လာ၏။ မီးလုံးကြီးက နေလုံးကြီးပမာ ပတ်ဝန်းကျင်အား လင်းထိန်လာစေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားမှာ သေခြင်းရှင်ခြင်းစာအုပ်ကို ရင်တထိတ်ထိတ်ဖြင့် ကိုင်ထားသည်။ သူ သတိလွတ်မသွားရဲပေ။
ထိုအချိန်မှာပဲ မြေပြင်ကား ပြင်းပြင်းထန်ထန် တုန်ခါလာကာ အလွန်လေးလံသော ခြေသံကြီးများ ထွက်ပေါ်လာသည်။