မှော်ဝိဇ္ဇာရှင်
Vol. 51 Ch. 688
“ခေါင်းကြီးကြီးနဲ့ ကလေးကြီးဟုတ်လား”
ကလေးကြီးချင်ဖုန်းကျင့်က တောင်တစ်လုံး၏ အနောက်၌ ဝပ်နေပြီး ဗြဟ္မဗုဒ္ဓ ဆင်းလာမည်ကို ခိုးကြောင်ခိုးဝှက် ချောင်းရင်း စောင့်နေသည်။ ချိဧကရာဇ်၏စကားကို ကြားသည်နှင့် သူ ဒေါကန်သွားသည်။ “ဒီခေါင်းသုံးလုံးကတော့ ရာရာစစ... ငါ့မကောင်းကြောင်း ပြောရဲတယ်ပေါ့... မင်းခြေလက်တွေကို တစ်ချောင်းချင်း ဖြုတ်ပစ်မယ်”
သူသည် သားကောင်ကို အုပ်တော့မည့် ကြောင်ကလေးတစ်ကောင်လို ဖင်တစ်လှုပ်လှုပ်ဖြင့် အသင့်စောင့်နေသည်။ ဗြဟ္မဗုဒ္ဓဆင်းလာသည်နှင့် ဖမ်းအုပ်ရန် သူ ပြင်ထား၏။
သို့သော် ဗြဟ္မဗုဒ္ဓက ဆင်းမလာဘဲ ပြောလေသည်။ “သတိပေးတဲ့အတွက် ကျေးဇူးအနန္တတင်ပါတယ် အရှင်မင်းကြီးချိဧကရာဇ်... ဒါဖြင့် ဒီဘုန်းကြီးအိုကြီး ဆင်းမလာတာ ခွင့်လွှတ်တော်မူပါ... တာအိုနောင်တော် ကောင်းကင်နယ်စားမင်းနဲ့ အရှင်မင်းကြီး ချိဧကရာဇ်တို့ ဘယ်ကနေ ဘယ်လို ဒီထဲ ရောက်လာကြတာလဲ ကိုယ်တော် သိခွင့်ရှိလေမလား”
ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားမှာ သက်ပြင်းချသည်။ “ရှင်းနေရတာ ရှုပ်ပါတယ်... ဒီအကြောင်းတွေ ထပ်မပြောကြရအောင်”
ဗုဒ္ဓအိုကြီးက သူတို့ကို တစ်ချက်ကြည့်ပြီးနောက် သဘောပေါက်သွားသဖြင့် ဆက်မမေးတော့ပေ။ “ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုအပြောင်းအလဲက ဒီနေရာက လာနေသလိုပဲ”
ချိဧကရာဇ် ပြောလိုက်သည်။ “ချင်သားတော် ဖန်တီးနေတဲ့ဟာကြောင့်ပေါ... သူက ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းနေတာလေ”
“ချင်မူကြောင့်လား သူ့အစ်ကိုကြီးကြောင့်လား” ဗုဒ္ဓအိုကြီးက မေးတော်မူသည်။
“ငါ့ညီဆိုးလေးကြောင့်ပေါ့ကွ”
တောင်နောက်၌ ဝပ်နေသော ချင်ဖုန်းကျင့်မှာ မနေနိုင်တော့ဘဲ မေးတော့သည်။ “ခင်ဗျားကြီး ဆင်းလာမှာလား မဆင်းလာဘူးလား”
“မဆင်းလာဘူး”
ဗုဒ္ဓအိုကြီးသည် ဣန္ဒြေသိက္ခာအပြည့်ဖြင့် မိန့်တော်မူ၏။ “ဆင်းလိုက်ရင် ငါလည်း ပိတ်မိသွားလိမ့်မယ်... ချင်ဖုန်းကျင့်၊ ဒကာလေး ကိုယ်တော့်ကို ဘာမှမလုပ်နိုင်ပါဘူး... ကိုယ်တော့်ကို စားလိုက်လို့ ဘယ်လိုဖမ်းချုပ်ခံခဲ့ရလဲ မေ့သွားပြီလား”
ကောင်းကင်နယ်စားမင်း ဝင်ပြောမိသည်။ “သူက ငါတို့ကို မစားဘဲ ခြေလက်တွေ တစစီ ဖြုတ်ပြီး ကစားတာ... ဗုဒ္ဓဆင်းလာရင် ငါတို့လို ဖြစ်လိမ့်မယ်”
ဗုဒ္ဓအိုကြီးက အပြုံးတစ်ခုဖြင့် ပြော၏။ “ဒီ ကလေးမိစ္ဆာလေးက တကယ့်မိစ္ဆာတစ်ကောင်ပေပဲ”
ကောင်းကင်နယ်စားမင်း သက်ပြင်းမိပြန်သည်။ “ဒီမိစ္ဆာလေးက သူ့ညီလောက် ကြောက်စရာမကောင်းပါဘူး... ချိဧကရာဇ်နဲ့ ငါ တစ်ခါက သူ့ညီချင်မူကို ဒီမိစ္ဆာလေးရဲ့ ကျင့်စဉ်စွမ်းအင် ရသွားအောင် ကူညီပေးဖူးတယ်... အဆုံးသတ်မှာ ချင်မူ့ကို ထိန်းလို့ကို မရတော့ဘူး... အမှန်တကယ် ကြောက်စရာကောင်းတယ်... ချင်မူက ဥပဒေမဲ့ ကြမ်းတမ်းရက်စက်တယ်... ငါ့သိုင်းအဆင့်က သူ့ထက် မြင့်မားနေတဲ့အပြင် ကြိုတင် အစီအစဉ်ချထားလို့သာ မဟုတ်ရင်တော့...”
ဗုဒ္ဓအိုကြီး တုန်လှုပ်သွား၏။ “နောင်တော်တို့နှစ်ယောက်က ဘယ်ကစားရမလဲ ကောင်းကောင်းသိတာပဲ... ချင်မူသာ တကယ် လူဆိုးဖြစ်သွားရင် ဘယ်နှယ့်လုပ်မတုံး... ကြည့်တာ အခုလိုကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုအပြောင်းအလဲက ချင်မူ့ကြောင့် ပထမဆုံးအကြိမ် ဖြစ်တာမဟုတ်လောက်ဘူး... လွန်ခဲ့တဲ့နှစ် ရာဂဏန်းလောက်ကတည်းက ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုက မကြာခဏ ပြောင်းလဲလာခဲ့တာပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကလည်း ကျင့်စဉ်တွေကို လမ်းစဉ်အဆင့် တွန်းပို့နိုင်ခဲ့တယ်မဟုတ်လား... အခုဆို လွန်ခဲ့တဲ့နှစ်နှစ်သောင်းနဲ့စာရင် လမ်းစဉ်တွေအများကြီး ပိုလာခဲ့ပြီ... ကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်ဘုံနောက်တစ်ခု ဖြစ်လာမှာ စိုးရိမ်နေတာလည်း အံ့ဩစရာမရှိပါဘူး”
ကောင်းကင်နယ်စားမင်းက ပြောလိုက်သည်။ “ဟိုအရင်နှစ်တွေတုန်းက မဟာတာအိုမှာ အပြောင်းအလဲ သိပ်မများခဲ့ပေမယ့် ချင်သားတော် ထွက်လာတဲ့အချိန်ကစပြီး မကြာခဏ ပြောင်းလဲကုန်တယ်... ငါတို့လို ရှေးဟောင်းနတ်ဘုရားတွေက အပြောင်းအလဲများလာတာနဲ့အမျှ အင်အားကျဆင်းကုန်ရတယ်... ဒါက ငါတို့အတွက် ကောင်းတဲ့အရာတော့ မဟုတ်ဘူး... ငါတို့တွေက သဘာဝကနေ မွေးလာပေမယ့် မဟာတာအိုနဲ့အတူ လိုက်ပါစီးမျောနိုင်တာမှ မဟုတ်တာ... တာအိုပြောင်းလဲတဲ့အချိန် မပြောင်းလဲနိုင်တော့ လမ်းစဉ်၊ ကျင့်စဉ်အပြောင်းအလဲတိုင်းက ငါတို့ကို အားနည်းလာစေတယ်”
ဗုဒ္ဓအိုကြီး ပြောလိုက်၏။ “ကောင်းကင်ယင်နတ်ဘုရားမရဲ့ ဝိညာဉ်က အသေးငယ်ဆုံးအမှုန်အထိ ကွဲကြေသွားပြီမဟုတ်လား... သူ့ကို ဘယ်လိုအသက်ပြန်သွင်းမှာလဲ”
ကောင်းကင်နယ်စားမင်း ရှင်းပြလိုက်သည်။ “သူ့ကောင်းကင်နတ်သိုင်းက အကုန်လုံး ရောသမ မွှေထားတာ... ယိုတုရဲ့ အစီအရင်၊ မင်တုရဲ့ အစီအရင်၊ ရွှမ်တုရဲ့ ကောင်းကင်နတ်သိုင်း၊ ဖန်ဆင်းကောင်းကင်နတ်သိုင်း၊ နတ်ဘုရားလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ ဗုဒ္ဓလမ်းစဉ်၊ တာအိုဂိုဏ်းနဲ့ ဘယ်လိုပြောပြရမှန်းတောင် မသိတဲ့ တခြားအရာတွေလည်း ပါသေးတယ်... သူက သိပ်စိတ်ကူးစိတ်သန်းကောင်းတယ်... ဒါပေမဲ့ ကောင်းကင်ယင်နတ်ဘုရားမကို အသက်ပြန်သွင်းနိုင်ပါ့မလား မသေချာသေးဘူး”
ဗုဒ္ဓအိုကြီးသည် ချင်မူ အစီအရင်ရွတ်ဖတ်နေသော မြင်ကွင်းကို ကြည့်ချင်သော်လည်း သူ ထွက်သွားလျှင် ချင်ဖုန်းကျင့် လွတ်သွားလိမ့်မည်။ ထို့ကြောင့် သိချင်စိတ်အား ချုပ်တည်းလိုက်ရ၏။
ထိုစဉ် အပြင်၌ ကောင်းကင်ယင်နတ်ဘုရားမ၏ ကိုယ်ထဲမှ ဆာလောင်နေသော သရဲများ တဝေါဝေါ ထွက်လာနေဆဲ ဖြစ်သည်။ သူတို့က အနက်ရောင်အခိုးအငွေ့များအသွင်ဖြင့် အဝေးသို့ ထွက်သွားကြ၏။ ဆာလောင်နေသော သရဲအများစု နှင်ထုတ်ခံလိုက်ရပြီဖြစ်၍ သိပ်များများစားစား မကျန်တော့ပေ။
သရဲများထွက်သွားသည်နှင့် ကောင်းကင်ယင်နတ်ဘုရားမလည်း ငြိမ်သက်သွားကာ ချင်မူနှင့် ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားကို မတိုက်ခိုက်တော့ပေ။
ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားက သေခြင်းရှင်ခြင်းစာအုပ်ကို ကောင်းကင်ယင်နတ်ဘုရား၏မျက်နှာဆီ ဆက်လက်ချိန်ရွယ်ထားပြီး စိုးရိမ်ထိတ်လန့်နေသည်။ သူ စိတ်မလျှော့ထားရဲပေ။ ထို့နောက် ချင်မူ၏ ဆင့်ခေါ်မှုကြောင့် ကောင်းကင်ယင်နတ်ဘုရားမ၏ ကြေမွနေသော ဝိညာဉ်အမှုန်များ ပြန်ရောက်လာ၍ ပိန်ရှုံ့သွားသည့် မျက်နှာ ပြန်လည်ဖောင်းကြွလာသည်ကို မြင်လိုက်ရသည်။
နောက်ဆုံးတော့ ကောင်းကင်ယင်နတ်ဘုရားမ၏ ဝိညာဉ်အားလုံး ပြန်ရောက်လာကာ ဆာလောင်နေသော သရဲအားလုံး နှင်ထုတ်ခံလိုက်ရချေပြီ။ သဘာဝမှ မွေးဖွားလာသည့် အထွတ်အမြတ်နတ်ဘုရားမသည် မလှုပ်မယှက် ရပ်နေပြီး လက်နှစ်ဖက်ကို မြှောက်လျက်အတိုင်း ထားထား၏။ ခိုင်ဧကရာဇ်နတ်ဘုရားမှာ မျှော်စင်အပေါ်တွင် ရပ်နေပြီး ချင်မူကမူ ထိပ်ဖျားတွင် ရပ်နေသည်။ သူ့အနောက်၌ ပြောင်းပြန်ဖြစ်နေသော ကောင်းကင်အလိုတော်မုခ်ဝ ရှိနေသည်။
စကားလုံးတို့က တစ်လုံးပြီးတစ်လုံး ထွက်လာနေပြီး သူ၏အသံသည် မိုးခြိမ်းသံကြီးသဖွယ် ဩဇာအပြည့်ဖြင့် ကျယ်လောင်မြည်ဟည်း၏။ ကောင်းကင်အလိုတော်မုခ်ဝဆီမှ အလင်းရောင်က ကောင်းကင်ယင်နတ်ဘုရားမ၏ မျက်နှာအပေါ် ကျရောက်နေသည်။
ချင်မူမှာ ကောင်းကင်နယ်စားမင်း၏ စွမ်းအားကို ခိုး၍ ကောင်းကင်နယ်စားမင်း၏ ဖန်ဆင်းခြင်းတန်ခိုးကို အသုံးချကာ ကောင်းကင်ယင်နတ်ဘုရားမ၏ ဝိညာဉ်အား ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။
ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်ထဲ၌ အနက်ရောင်အမှုန့်လေးများသည် အဆက်မပြတ် ပူးကပ်စုဝေးလျက် ကောင်းကင်ဝိညာဉ်ကို ဖွဲ့တည်နေကြ၏။
ချင်မူ့မျက်နှာ သွေးဆုပ်ဖြူလျော်လာပြီး လည်ချောင်းဝမှ သွေးများ လှိုက်တက်လာသည်။
ကောင်းကင်နယ်စားမင်း၏စွမ်းအားကို ငှားရင်း ကောင်းကင်နတ်သိုင်းအား ထုတ်လွှတ်နေသော်လည်း သူ့ခန္ဓာကိုယ်မှ မှော်စွမ်းအင်များစွာ သုံးစွဲပေးရသည်။ သူ၏မှော်စွမ်းအင်အပြင် ချီစွမ်းအင်နှင့် ရုပ်ခန္ဓာမှာလည်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ ဆက်လက်တောင့်ခံထားရန် ခက်ခဲလေသည်။
ရုတ်တရက် သူက ခန္ဓာကိုယ်ကို လှုပ်ခါ၍ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်သည်။ သူ၏မူလဝိညာဉ်သည်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်သဏ္ဍာန် ဖွဲ့တည်သွားသည်။
ချင်မူ အရှိန်အဝါကို ငြိမ်အောင် ထိန်းနေပြီး အချိန်အနည်းငယ်ကြာသည့်အခါ ကောင်းကင်ယင်နတ်ဘုရားမ၏ ကောင်းကင်ဝိညာဉ်အား တည်ဆောက်ပြီးသွား၏။
သူ့အနောက်ရှိ ကောင်းကင်အလိုတော်မုခ်ဝက တဂျန်းဂျုန်း မြည်ဟည်းလာပြီး ကောင်းကင်နှင့်မြေပြင်မှာ နောက်တစ်ကြိမ် ပြောင်းပြန်လန်ကာ သာမန်ကောင်းကင်အလိုတော်မုခ်ဝ ပြန်ဖြစ်သွားသည်။ ထို့နောက် ယိုတု၏ မိစ္ဆာနတ်ဆိုးချီများ ဖြစ်သည့် အနက်ရောင်ချီများ ဝေါခနဲ ဝေါခနဲ ထွက်လာ၏။ ။ မိစ္ဆာနတ်ဆိုးချီတို့သည် ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်ဆီ ပြေးဝင်ကာ မြေဝိညာဉ် တည်ရှိသော မြီးညှောင့်ရိုးနေရာသို့ ဦးတည်နေကြသည်။
ချင်မူ လက်ရှိ ခိုးယူနေသော စွမ်းအားမှာ မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားဖြစ်သည်။ သူက မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားဖြင့် ကောင်းကင်ယင်နတ်ဘုရားမ၏ မြေဝိညာဉ်အား ပြန်လည်တည်ဆောက်နေ၏။
“ဝေါ့”
ချင်မူ၏ခေါင်းသုံးလုံးမှ သွေးတစ်လုပ်စီ အန်လိုက်ရသည်။ သူ့မှာ ပြိုကွဲတော့မည့် ဝိညာဉ်ကို အတင်းအကြပ် ဖိနှိပ်နေရသည်။
သူက ကောင်းကင်အလိုတော်မုခ်ဝကို ကိုးဆယ်ဒီဂရီ ဆက်လှည့်ကာ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားတို့အား တစ်ပြိုင်တည်း ခိုးယူနေသည်။ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းတို့သည် ကောင်းကင်ယင်နတ်ဘုရားမ၏ ချက်နေရာသို့ တစ်ချိန်တည်း ကျရောက်သွားသည်။
ယင်းက အသက်ဝိညာဉ် ရှိနေသော နေရာပင်။
ဝိညာဉ်သုံးခုအနက် ကောင်းကင်ဝိညာဉ်နှင့် မြေဝိညာဉ်အား ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားဖြင့် ပြန်လည်တည်ဆောက်နိုင်သည်။ သို့သော် အသက်ဝိညာဉ်နှင့်ပတ်သက်၍မူ ချင်မူ သိပ်မလေ့လာထားပေ။
ထိုနယ်ပယ်တွင် သူ၏အသိအမြင်က အဘွားစစ်အောက် နိမ့်ကျသည်။
သို့သော် ကောင်းကင်အလိုတော်မုခ်ဝ၏ အပေါ်က ကောင်းကင်၊ အောက်ခြေက မြေပြင်ဖြစ်လျှင် လူ့ပြည်သည် အလယ်၌ တည်ရှိလိမ့်မည်။ လူ့ပြည်ဆိုသည်မှာ သက်ရှိတို့နေထိုင်ရာ မဟုတ်ပါ၏လော။ သို့ဖြစ်၍ သူက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားကို တစ်ပြိုင်တည်း အသုံးပြုရင်း ကောင်းကင်ယင်နတ်ဘုရားမ၏ မူလဝိညာဉ်ကို ပြန်တည်ဆောက်နိုင်မည်လား စမ်းကြည့်နေခြင်းဖြစ်သည်။
ချင်မူ ဆက်လက်တောင့်ခံရန် ခက်ခဲသည်ထက် ခက်ခဲလာသည်။ သူ၏ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ မှော်စွမ်းအင်နှင့် ဝိညာဉ်တို့မှာ ... နောက်ဆုံး တတ်နိုင်သော အတိုင်းအတာသို့ ရောက်နေချေပြီ။ သို့သော် သူ့ကို အားတက်သွားစေသည်မှာတော့ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအား စုဆုံနေသော နေရာ၌ ကောင်းကင်ယင်နတ်ဘုရား၏ အသက်ဝိညာဉ် စတင်စုဝေးလာလေသည်။
ဆက်လက်တောင့်ခံထားသော်လည်း ချင်မူ့အတွေးများ ကယောက်ကယက် ဖြစ်လာသည်။ သူသည် နတ်ဘုရားမဟုတ်သဖြင့် ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်လွှတ်၍ သဘာဝအလျောက် မွေးဖွားလာသော နတ်ဘုရားတစ်ပါး၏ဘဝကို ပြောင်းလဲပေးနေခြင်းမှာ ... သူ့အသက်နှင့်သူ လောင်းကြေးထပ်နေသည်နှင့် မခြားပေ။
အချိန် တရွေ့ရွေ့ ကုန်လွန်လာသည်။
နောက်ဆုံးတော့ ကောင်းကင်ယင်နတ်ဘုရားမ၏ အသက်ဝိညာဉ် ဖွဲ့တည်သွား၏။ ချင်မူက လက်ကျန်စွမ်းအင်ကို လှုံ့ဆော်ကာ သူမ၏ ယင်ဝိညာဉ်ခုနစ်ခုကို ဆက်လက်တည်ဆောက်ပေးချင်သော်လည်း ရုတ်တရက် သူ့မျက်လုံးများ အမှောင်ဖုံးသွားတော့သည်။ သူ့မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မျှော်စင်ထိပ်မှ ပြုတ်ကျသွားသည်။
“မှော်ဝိဇ္ဇာရှင် ကျွန်မရဲ့ ဝိညာဉ်သုံးခုကို ပြန်တည်ဆောက်ပေးခဲ့တဲ့အတွက် ကျွန်မ ကောင်းကင်ယင် မှော်ဝိဇ္ဇာရှင်ကို ကျေးဇူးတင်လို့ မဆုံးပါဘူးရှင်”
ချင်မူမှာ အလွန်သာယာချိုမြိန်သောအသံကို ကြားရသော်လည်း ပင်ပန်းလွန်း၍ မြင်သည်ကိုမှ မခံစားရသလို၊ မမြင်ရပေ။
ကောင်းကင်ယင်နတ်ဘုရားမက လက်ဆန့်တန်း၍ သူ့အောက်၌ လက်ဝါးခံပေးလိုက်သည်။ “ကျွန်မကို ကယ်တင်ပေးတဲ့အတွက် မှော်ဝိဇ္ဇာရှင်ကို ကျေးဇူးတင်ပါတယ်... ကျွန်မက သဘာဝအလျောက် မွေးဖွားလာတဲ့ နတ်ဘုရားမလို့ ကျွန်မမှာ ယင်ဝိညာဉ်ခုနစ်ခု မရှိပါဘူး”
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက မျှော်စင်ထိပ်တွင် ရပ်ပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ဆက်သုံးရန် ပြင်နေသည်။ ကောင်းကင်ယင်နတ်ဘုရားမ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒါ သုံးစရာမလိုတော့ပါဘူး... ကျေးဇူးတင်ပါတယ် အဆွေတော်”
နတ်ဘုရားက သေခြင်းရှင်ခြင်းစာအုပ်ကို အလျင်အမြန် သိမ်း၍ စုတ်တံနှင့် စာရွက်ထုတ်ကာ စာလုံးတချို့ ကပျာကယာ ရေးပြသည်။ ကောင်းကင်ယင်နတ်ဘုရားမသည် ရှေ့တိုးကြည့်ပြီး ပြုံးလိုက်၏။ “ကျွန်မမှာ ရုပ်ခန္ဓာမရှိပါဘူး.... အရေခွံလေး ရှိရုံနဲ့ ပကတိအတိုင်း ရှင်သန်လာပြီလို့ ပြောလို့မရသေးပါဘူး”
နတ်ဘုရားသည် စာရွက်နောက်တစ်ရွက် ထုတ်၍ ဆက်ရေးပြသည်။ ကောင်းကင်ယင်နတ်ဘုရားမက ပြောသည်။ “သူ ဘာမှမဖြစ်ပါဘူး... ချီစွမ်းအင်ကုန်ခမ်းတာ များသွားလို့ပါ ... ကျွန်မ ကောင်းကင်ယင်ရေစင်နဲ့ ကောင်းကင်ချီတို့နဲ့ သူ့ကို အားဖြည့်ထားပြီးပါပြီ... စိတ်ပူစရာမလိုတော့ပါဘူး”
နတ်ဘုရားက စာရွက်နောက်တစ်ရွက် ထုတ်၍ မြန်မြန်ရေးပြီး မြှောက်ပြသည်။ “ရုပ်ခန္ဓာမရှိတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲတဲ့လား.... ကျွန်မလည်း မပြောတတ်ဘူး... ကျွန်မက ကောင်းကင်နဲ့မြေပြင်ကနေ မွေးဖွားလာတာဆိုတော့ ကောင်းကင်ယင်ရဲ့ မြေဓာတ်နဲ့ ရေဓာတ်ကို သုံးပြီး ရုပ်ခန္ဓာ ပြန်တည်ဆောက်နိုင်လောက်တယ်... ဒါပေမဲ့ ရှင့်မှာ အသွေးအသားမရှိတာတော့ ကျွန်မလည်း မလုပ်တတ်ဘူး... ရှင့်ရုပ်ခန္ဓာကို တည်ဆောက်ပေးလို့ရပေမယ့် ကောင်းကင်ရတနာတွေကိုတော့ မတည်ဆောက်ပေးနိုင်ဘူး”
နတ်ဘုရား မျက်နှာညှိုးငယ်သွားသည်။
ကောင်းကင်ယင်နတ်ဘုရားမသည် မျှော်စင်ကို မြှောက်၍ ပင်လယ်ဆီ လမ်းလျှောက်သွားသည်။ ခြေသုံး၊ လေးလှမ်းမျှဖြင့် ပင်လယ်အလယ်သို့ သူတို့ ရောက်သွားကြ၏။ ကောင်းကင်ယင်နတ်ဘုရားမက ချင်မူ့အား ရေမျက်နှာပြင်ပေါ် တင်ပေးလိုက်သည်။
သူမက လက်ကို ညင်သာစွာ မြှောက်ရင်း လေကို စုစည်းကာ ကောင်းကင်ယင်ချီမျှင်တစ်မျှင် ဖွဲ့တည်လိုက်သည်။ ချီမျှင်သည် ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွား၏။
ကောင်းကင်ယင်နတ်ဘုရားမက ပင်လယ်ရေကို ဆုပ်ကိုင်လိုက်ရာ ရေများသည် သူမ၏လက်ချောင်းကြားမှ စီးကျကုန်သည်။ သူမလက်ဝါးထက်တွင် သလင်းကျောက်သဖွယ် ကြည်လဲ့နေသော ရေစက်တစ်စက်သာ ကျန်ခဲ့သည်။
ကောင်းကင်ယင်နတ်ဘုရားမသည် ရေစက်ကို ချင်မူ့နှုတ်ခမ်းနားသို့ အသာအယာ တိုးကပ်ပေးလိုက်၏။ ရေစက်က ချင်မူ့နှုတ်ခမ်းထဲ စိမ့်ဝင်သွားသည်။ ရေခိုးရေငွေ့များက ချင်မူ့ကို တမုဟုတ်ချင်း လွှမ်းခြုံကာ တိမ်တိုက်သဖွယ် ဖွဲ့တည်နေ၏။
ကောင်းကင်ယင်နတ်ဘုရားမ ပြုံးလိုက်သည်။ “မှော်ဝိဇ္ဇာရှင် နိုးထလော့”
ချင်မူမှာ ပင်ပန်းနွမ်းနယ်မှုတို့ ဆုတ်ခွာသွားသကဲ့သို့ သက်တောင့်သက်သာ ဖြစ်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ပင်လယ်ပြင်ထက်၌ လဲနေကြောင်း သတိထားမိလိုက်သည်။ ကောင်းကင်ယင်နတ်ဘုရားမ၏ မျက်နှာက ကောင်းကင်၏တစ်ဝက်ကျော်ကို အုပ်မိုးထားသည်။
သူ ကမန်းကတန်း ထရပ်လိုက်ပြီး အားအင်ပြည့်ဖြိုးနေကြောင်း ခံစားလိုက်ရသည်။ သူ၏ရုပ်ခန္ဓာတွင်လည်း အတိုင်းအဆမဲ့သော ခွန်အားတို့ ပြည့်နှက်နေရာ ချင်မူ အံ့ဩဝမ်းသာသွားတော့သည်။ သူက ပင်လယ်ပေါ်တွင် ရပ်၍ ကောင်းကင်ယင်နတ်ဘုရားမအား နှုတ်ဆက်သည်။ ”ချင်မိသားစုရဲ့ ချင်မူ ကောင်းကင်ယင်နတ်ဘုရားမကို ဂါဝရပြုပါတယ်”
“မှော်ဝိဇ္ဇာရှင်က ယဉ်ကျေးလွန်းနေပါပြီ”
ကောင်းကင်ယင်နတ်ဘုရားမက ဒူးထောက်၍ သူ့အား သူမလက်ဝါးပေါ် ခုန်တက်စေလိုက်သည်။ သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မှော်ဝိဇ္ဇာရှင်က ကျွန်မရဲ့ ယန်ဝိညာဉ်သုံးခုကို ပြန်စုစည်းပြီး အသက်ပြန်သွင်းပေးတဲ့တဲ့ ကျေးဇူးရှင်ပါ... ကျွန်မ ကောင်းကင်ယင် မှော်ဝိဇ္ဇာရှင်ကို ပြောပြမတတ်အောင် ကျေးဇူးတင်မိပါတယ်... ကောင်းကင်ယင်သားတော်က ကျွန်မကမ္ဘာကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်... ကျွန်မ ရုပ်ခန္ဓာကို ပြန်တည်ဆောက်ပြီးတာနဲ့ အခြေအနေတွေကို ပြန်ပြုပြင်ရမယ်”
ပင်လယ်ရေသည် သူမ၏ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်နေပြီး မြေပြင်သည်လည်း သူမ၏အရိုးများအား ကူညီတည်ဆောက်ပေးနေ၏။ ကောင်းကင်ယင်နတ်ဘုရားမ၏ ရုပ်ခန္ဓာမှာ ပိုမိုအသက်ဝင်လာပြီး သူမအစွမ်းအစများလည်း တရှိန်ထိုး မြင့်တက်လာသည်။ “မှော်ဝိဇ္ဇာရှင် တောင်းဆိုချင်တာ ရှိလေသလား”
ချင်မူ အတန်ငယ် ရှက်သွားပြီး ပြောလိုက်မိသည်။ “နတ်ဘုရားမ၊ ကျွန်တော့်ကို မှော်ဝိဇ္ဇာရှင်လို့ ခေါ်စရာမလိုပါဘူး... ကျွန်တော်က နတ်ဘုရားတောင် မဟုတ်ပါဘူး... ဒီတိုင်း အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ရုံပါ... ယန်ဝိညာဉ်သုံးခုနဲ့ ပတ်သက်ရင် ကျွန်တော့်အသိအမြင်တွေက ဘွားဘွားထက်တောင် နိမ့်ကျသေးတယ်...”
“မှော်ဝိဇ္ဇာရှင်က မှော်ဝိဇ္ဇာရှင်ဘွဲ့နဲ့ ထိုက်တန်ပါတယ်”
ကောင်းကင်ယင်နတ်ဘုရားမသည် အပြုံးတစ်ခုဖြင့် ပြော၏။ “ကောင်းကင်နယ်စားမင်းတောင် မှော်ဝိဇ္ဇာရှင်ရဲ့ ကောင်းကင်နတ်သိုင်းကို မသိဘူး... ဒါကြောင့် မှော်ဝိဇ္ဇာရှင်က ဒီဘွဲ့နဲ့ ဘယ်လိုလုပ် မထိုက်တန်ဘဲ နေပါ့မလဲ”
ချင်မူ ရှက်သွားပြီး သူ့အတွေးတချို့အား ထုတ်ပြောလိုက်သည်။ “ကျွန်တော်က အပြင်မှာရှိတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကပါ... ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ နတ်ဘုရားမနဲ့ မဟာမိတ်ဖွဲ့လို့ ရမလားခင်ဗျာ”
ကောင်းကင်ယင်နတ်ဘုရားမက ပြုံးလျက် ပြောသည်။ “ရတာပေါ့”
ချင်မူ စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။ “မင်တုက ဒီနေရာကို ထိန်းချုပ်ပြီး အနက်ရောင်အမှုန်တွေနဲ့ လူ့ပြည်ကို အန္တရာယ်ပြုထားပါတယ်.... နတ်ဘုရားမ အနက်ရောင်အမှုန်တွေရဲ့ စီးဆင်းမှုကို ထိန်းချုပ်လို့ရလား”
ကောင်းကင်ယင်နတ်ဘုရားမက ခေါင်းယမ်းလိုက်သည်။ “ကျွန်မက အခုမှ အသက်ပြန်ရှင်လာတာဆိုတော့ ကောင်းကင်ယင်ကမ္ဘာတစ်ခုလုံးကို မထိန်းချုပ်နိုင်သေးဘူး... ဒီအနက်ရောင်အမှုန်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ကျွန်မမှာ မရှိဘူး”
သူမအကြည့်က အေးစက်သွားသည်။ “ဝိညာဉ်တစ်ခုဟာ အသေးငယ်အဆုံး အမှုန်အထိ ခြေမွခံလိုက်ရလို့ အနက်ရောင်အမှုန့်တွေ ဖြစ်သွားရင်တောင်မှ အနက်ရောင်အမှုန်တွေက ဝိညာဉ်အစအနတွေ ဖြစ်နေတုန်းပဲ... အခြေခံဓာတ်သတ္တိတွေက ဘယ်တော့မှ မပြောင်းလဲသွားဘူး... အဓိပ္ပါယ်ကို မှော်ဝိဇ္ဇာရှင် နားလည်လား”
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ မရေမတွက်နိုင်သော သရဲများသည် အချင်းချင်း ပူးကပ်၍ ဝိညာဉ်တို့ဖြင့် ဖွဲ့စည်းထားသော ဧရာမကိုယ်ခန္ဓာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကြသည်ကို သူ မြင်ယောင်လိုက်မိ၏။
ကောင်းကင်ယင်ကမ္ဘာတစ်ကမ္ဘာလုံး အမှောင်ထုထဲ၌ တည်ရှိနေရာ ကောင်းကင်ယင်ကမ္ဘာတစ်ကမ္ဘာလုံးသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသည့် ဆာလောင်နေသော သရဲကြီးတစ်ကောင် ဖြစ်မနေဘူးလော။
“ကျွန်မတို့အားလုံး ဒီဆာလောင်နေတဲ့ အလောင်းကောင်ကြီးရဲ့ ဗိုက်ထဲ ရောက်နေတာ”
ကောင်းကင်ယင်နတ်ဘုရားမက ပြောသည်။ “ဒါက ကောင်းကင်ယင်သားတော် သုံးသွားတဲ့ နည်းလမ်းပဲ... သူ မကြာခင် ကျွန်မ ပြန်ရှင်လာတာ သိသွားလိမ့်မယ်... အဲဒီအချိန်ကျရင် ဒီဆာလောင်နေတဲ့ သရဲကြီးက နိုးထလာပြီး ကျွန်မကို ထပ်သတ်ပစ်လိမ့်မယ်... ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ အောင်မြင်မှာမဟုတ်ဘူး... ကျွန်မ သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်မယ်... ကောင်းကင်ရဲ့အရိပ်နေရာဟာ သူ ဝင်လို့ရတဲ့ နေရာမဟုတ်ကြောင်း သိသွားအောင် လုပ်ပြမယ်”