ကောင်းကင်မီးလျှံ
Vol. 51 Ch. 689
ချင်စာလုံးကမ္ဘာထဲ၌ ကောင်းကင်နယ်စားမင်း၊ ချိဧကရာဇ်နှင့် ဗုဒ္ဓအိုကြီးတို့၏ အမူအရာများ လေးနက်နေကြသည်။ တခဏကြာသော် ဗုဒ္ဓအိုကြီးက သက်ပြင်းချကာ ပြောသည်။ “ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုက ပြောင်းလဲပြီး နောက်တစ်ဆင့် တက်သွားပြီ... ဆင်းရဲဒုက္ခတွေ၊ ကပ်ဘေးတွေ၊ ပြောင်းလဲမှုကြီးတွေ မကြာခင် ရောက်လာတော့မယ်”
သူ့မျက်လုံးက တဖြည်းဖြည်း မှေးမှိန်သွားပြီး ပြန်လည်ကျိန်းစက်သွားသည်။
ကောင်းကင်နယ်စားမင်း၏ကိုယ်ပွား သက်ပြင်းချမိသည်။ “ရောက်လာတာ စောလွန်းတယ်... ငါလည်း ပြင်ဆင်မှုတွေ လုပ်ထားရမယ်ထင်တယ်... ချိဧကရာဇ်ကတော့ သေနေပြီမလို့ အေးအေးဆေးဆေး နှပ်နေနိုင်တာပေါ့”
ချိဧကရာဇ် အင့်ခနဲ ဖြစ်သွားသည်။
“ကျွန်တော်တို့အားလုံး ဆာလောင်နေတဲ့ အလောင်းကြီးရဲ့ ဗိုက်ထဲ ရောက်နေတာလား”
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်ခါလာကာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုအတိုင်း ဟုတ်မှန်လျှင် မဟာမြို့ပျက်ကို လွှမ်းခြုံထားသော အမှောင်ထုသည်လည်း ဆာလောင်နေသော သရဲကြီးဖြစ်လိမ့်မည်။
ဆာလောင်နေသော သရဲကြီး၏ခန္ဓာကိုယ်သည် မဟာမြို့ပျက်တစ်ခုလုံးတွင်သာမက ကမ်းပါးနံရံထဲတွင် ကမ္ဘာများတွင်လည်း အပြည့်နေရာယူထား၏။
အရေးအကြီးဆုံးအချက်က ဆာလောင်နေသော သရဲကြီးတွင် ကိုယ်ပိုင်အသိစိတ်အလျဉ် ရှိနေမည်လား။
ရွှင်လန်းလန်းကျေးရွာမှာတုန်းက ဆာလောင်နေသော သရဲများတွင် ကိုယ်ပိုင်အသိစိတ်အလျဉ်များ ရှိကြောင်း ချင်မူ သဘောပေါက်ခဲ့သည်။ ကောင်းကင်ယင်ကမ္ဘာသာ အမှန်တကယ် ဆာလောင်နေသော သရဲကြီးတစ်ကောင် ဖြစ်သွားခဲ့လျှင် ကောင်းကင်ယင်နတ်ဘုရားမ အသက်ပြန်ရှင်လာလည်း ထူးခြားတော့မည်မဟုတ်ပေ။
‘ကောင်းကင်ယင်ကမ္ဘာက ဆာလောင်နေတဲ့ သရဲကြီးဖြစ်လာရင် ကောင်းကင်ယင်နတ်ဘုရားမအတွက် အင်မတန် အင်အားကြီးတဲ့ ပြိုင်ဘက် ဖြစ်သွားလိမ့်မယ်... ကောင်းကင်ယင်နတ်ဘုရားမအနေနဲ့ သူ့ကိုယ်သူတောင် မကာကွယ်နိုင်ရင် မဟာမြို့ပျက်ကိုလည်း ဘယ်လို ကာကွယ်ပေးနိုင်တော့မှာလဲ’
ချင်မူ သူမအပေါ် ယုံကြည်ချက်သိပ်မရှိပေ။
ကောင်းကင်ယင်နတ်ဘုရားမက သူမလက်ဝါးပေါ်ရှိ ချင်မူ့ကို အကဲခတ်နေသည်။ ချင်မူ့မျက်နှာအမူအရာက တစ်စက္ကန့်အတွင်း ဆက်တိုက်ပြောင်းလဲနေသည်ကို သူ မြင်နေရ၏။
‘ဒီမှော်ဝိဇ္ဇာရှင်က အစွမ်းထက်ပေမယ့် စိတ်အခြေအနေက အားနည်းနေသလိုပဲ... ခဏလေးပဲ ရှိသေးတယ် အမူအရာ ဆယ်ခုကျော် ပြောင်းလဲပြီးပြီ... အရောင်ပြောင်းလဲနိုင်တဲ့ မီးအိမ်တစ်လုံး လည်နေတဲ့အတိုင်းပဲ’
သူမ၏ရုပ်ခန္ဓာသည် တစတစ ပြည့်ဖြိုးလာနေ၏။ မြေဓာတ်နှင့် ရေဓာတ်က သူမအသွေးအသားနှင့် အရိုးတို့အဖြစ် ပြောင်းလဲဖွဲ့တည်နေကြသည်။ ဤသည်မှာ မနာလိုအားကျစရာ စွမ်းရည်တစ်ခု ဖြစ်ချေသည်။
ဥပမာ ချင်မူသည် ချိဧကရာဇ်၏ ထာဝရနတ်ဘုရား အသိစိတ်အလျဉ်နှင့် မင်ဧကရာဇ်၏ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံထားသည့်အပြင် ဖန်ဆင်းပညာတွင်လည်း ထူးချွန်သည့်တိုင် ... အသွေးအသား ခမ်းခြောက်၍ အရေခွံသာ ကျန်တော့သော အခြေအနေမျိုးတွင် မုချသေရလိမ့်မည်။ သူ့ကိုယ်သူ ပြန်တည်ဆောက်နိုင်မည်မဟုတ်ပေ။
ကောင်းကင်ယင်နတ်ဘုရားမ ဤသို့ လုပ်နိုင်သော အကြောင်းရင်းမှာ အင်အားကြီးမားသော တန်ခိုးကို ပိုင်ဆိုင်ထား၍တင်မကဘဲ မွေးရာပါစွမ်းရည်ကြောင့်လည်း ဖြစ်သည်။
“ဒီမျှော်စင်က ဆာလောင်နေတဲ့ သရဲတွေကို ဖိနှိပ်ဖို့ ကျွန်မ ဖန်တီးခဲ့တဲ့ ရတနာ... ဒါပေမဲ့ ဆာလောင်နေတဲ့ သရဲတွေက ကောင်းကင်ယင်သားတော်နဲ့ ပူးပေါင်းပြီး ကျွန်မကို လုပ်ကြံခဲ့ကြတယ်”
ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်သည် မတန်မဆ ကြီးမားလွန်း၍ သူမ ပင်လယ်ထဲ၌ လမ်းလျှောက်နေသည့်အခါ လှိုင်းလုံးကြီးများ ထကြွနေသည်။ “ဆာလောင်နေတဲ့ အလောင်းတွေ ကောင်းကင်ယင်ကမ္ဘာမှာ သောင်းကျန်းကြတုန်းက သူတို့တွေကို တစ်ခါတည်း ရှင်းပစ်ပေးနိုင်မယ့် လက်နက်တစ်ခု ကျွန်မ ဖန်တီးချင်ခဲ့တယ်... ဒါပေမဲ့ ကျွန်မက သဘာဝအလျောက် မွေးဖွားလာတာဆိုတော့ တခြားကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေကို မတတ်မြောက်ဘူး... အဲဒါကြောင့် လက်နက်သွန်းလုပ်ဖို့ အပြင်မထွက်ဘဲ ကြိုးစားခဲ့တယ်... ဒါမဲ့ ဘယ်လောက်ကြိုးစားကြိုးစား မလုပ်နိုင်ခဲ့ဘူး... အဲဒီအချိန်မှာ ကောင်းကင်ယင်သားတော်က ကောင်းကင်ယင်ကမ္ဘာဆီ ရောက်လာပြီး ကျွန်မကို ကူညီပေးမယ် ပြောခဲ့တယ်... သူ့မှော်အစီအရင်တွေက အင်မတန် အံ့အားသင့်စရာကောင်းတဲ့အပြင် သူက ကျွန်မ လိုအပ်နေတဲ့ ယိုတုလမ်းစဉ်ကို လျှောက်လှမ်းတယ်လေ... သူ့အကူအညီနဲ့ မျှော်စင်ကို ကျွန်မ တည်ဆောက်နိုင်ခဲ့တယ်... ဒါပေမဲ့....”
သူမက ပင်လယ်၏အလယ်သို့ ရောက်လာပြီး မျက်နှာညှိုးကျသွားသည်။
“အကုန်လုံးက ထောင်ချောက် ဖြစ်နေခဲ့တယ်... သူက ကျွန်မကို လုပ်ကြံဖို့ အကြံအစည်နဲ့ လက်နက်သွန်းလုပ်ပေးဖို့ ချဉ်းကပ်လာခဲ့တာပဲ... လက်နက်ပြီးမြောက်သွားတော့ အထဲမှာ ကောင်းကင်နတ်သိုင်းတစ်ခု သူ ဖွက်ထားခဲ့တယ်”
ကောင်းကင်ယင်နတ်ဘုရားမ အံတင်းတင်းကြိတ်လိုက်သည်။ “သူက အဲဒီကောင်းကင်နတ်သိုင်းနဲ့ ကျွန်မကို လုပ်ကြံပြီး ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ကျွန်မ ဒဏ်ရာရသွားတာနဲ့ ဆာလောင်နေတဲ့ အလောင်းတွေက ကျွန်မကိုယ်ထဲ ထိုးဖောက်ဝင်လာကြပြီး အသွေးအသားတွေ စားပစ်ကြတယ်... တစ်ဖက်မှာလည်း သူ ခေါ်လာတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက ကျွန်မကို တိုက်ခိုက်ကြပြန်တယ်... ဆာလောင်နေတဲ့အလောင်းတွေကလည်း ခန္ဓာကိုယ်ထဲ တိုးဝင်သထက် တိုးဝင်လာပြီး အနက်ရောင်အမှုန်တွေ ပြည့်နှက်လာခဲ့တာပေါ့လေ....”
ထိုသည်းထိတ်ချောက်ချားဖွယ် မြင်ကွင်းကို ချင်မူ စိတ်ကူးကြည့်နိုင်သည်။
ကောင်းကင်ယင်နတ်ဘုရားမမှာ တစ်ဖက်တွင် ကောင်းကင်ယင်သားတော်၏ တိုက်ခိုက်မှုများ၊ တစ်ဖက်တွင် ကောင်းကင်နတ်သိုင်းပညာရှင်များကို ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်တွင် ဆာလောင်နေသော သရဲအုပ်က သူမ၏ဒဏ်ရာများအတွင်း ထိုးဖောက်ဝင်ကာ သူမ၏အသွေးအသားနှင့် ဝိညာဉ်တို့အား လှိုက်စားခဲ့လိမ့်မည်။
ကောင်းကင်ယင်နတ်ဘုရားမ အတွင်းနှင့်အပြင်မှ ကြားညှပ်တိုက်ခိုက်မှုများအကြား လှိမ့်နေအောင် ခံစားခဲ့ရလိမ့်မည်။ သူမ ကူကယ်ရာမဲ့ကာ စိတ်ဓာတ်ကျခဲ့ရလိမ့်မည်။
“နတ်ဘုရားမက ဘာလို့ သူစိမ်းကို ယုံတာလဲ” ချင်မူ သိချင်မိသည်။
ကောင်းကင်ယင်နတ်ဘုရားမသာ ကောင်းကင်ယင်သားတော်ကို အယုံမလွယ်ခဲ့လျှင် ထိုကဲ့သို့ မရှုမလှ ရှုံးနိမ့်ခဲ့မည်မဟုတ်ပေ။ ကောင်းကင်ယင်သားတော်သည် ကောင်ကင်ယင်နတ်ဘုရားအတွက် သူစိမ်းတစ်ယောက် ဖြစ်ချေရာ သူ့ကို အကြောင်းမဲ့သက်သက် ယုံကြည်စရာမရှိပေ။ ယုံကြည်ခဲ့လျှင်တော့ သူမ သတိပေါ့လွန်းသည်။
ကောင်းကင်ယင်နတ်ဘုရားမ၏မျက်နှာ အနည်းငယ် ရဲသွားသည်။ “သူက အရမ်းချောတာနဲ့... ကျွန်မလည်း သူ့ကို ယုံစားမိလိုက်တာပါ”
ချင်မူ သူမအား အထူးအဆန်းသဖွယ် ကြည့်လိုက်မိသည်။
ကောင်းကင်ယင်နတ်ဘုရားမက အလျင်အမြန် ရှင်းပြသည်။ “စာအုပ်တစ်အုပ်ကို အဖုံးပဲ ကြည့်ပြီး ဆုံးဖြတ်နေတာ မဟုတ်ပါဘူး... သူက တကယ် ချောလွန်းလို့တော့ သူ့အကြံအစည်တွေကို မမြင်နိုင်ဘူး ဖြစ်သွားတာ... သူက လက်နက်သွန်းနိုင်အောင် ကူညီပေးခဲ့သလို ကျွန်မလည်း အကူအညီလိုနေခဲ့တယ်လေ... အဲဒါကြောင့် အညာမိသွားတာပါ... မှော်ဝိဇ္ဇာရှင်နဲ့ တွေ့မှပဲ ရုပ်ချောတိုင်း လူကောင်းမဟုတ်သလို၊ ရွက်ကြမ်းရေကျိုရုပ်ရည်နဲ့ လူတွေလည်း လူကောင်းဖြစ်နိုင်မှန်း သင်ယူလိုက်ရပါတယ်”
နတ်ဘုရားမက သူမလက်ဝါးပြင်ထက်ရှိ ချင်မူ့ကို ကြည့်ကာ အားပေးသလို ပြုံးပြသည်။
ချင်မူမှာတော့ အရှိုက်တည့်တည့်ထိသွား၏။ ရွက်ကြမ်းရေကျို ရုပ်ရည်တဲ့လော...
“ဒါဆို ကောင်းကင်ယင်သားတော်က ဒီမျှော်စင်ပါ ယူပြီး ဘာလို့ထွက်မသွားတာလဲ”
ကောင်းကင်ယင်နတ်ဘုရားမက ဧရာမသဲနာရီကြီးကို လှမ်းယူကာ ပြောသည်။ “သူ ယူချင်ခဲ့တယ်... ဒါပေမဲ့ ကျွန်မမျှော်စင်က ကောင်းကင်ယင်သတ္ထုနဲ့ တည်ဆောက်ထားတာမလို့ ကျွန်မတစ်ယောက်တည်းပဲ ပိုင်တယ်... ကျွန်မက ဒီရတနာကို ကောင်းကင်ယင်ကမ္ဘာနဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစည်းထားတာလေ ... သူ ဒါကို ဘယ် မ,နိုင်ပါ့မလဲ.... ကျွန်မ တစ်ခါ သေခဲ့ရပေမယ့် အဆိုးထဲကနေ အကောင်းတွေလည်း ရခဲ့တယ်... အရင်တုန်းက ဝိညာဉ်အမှုန်အကြောင်း နားမလည်ခဲ့တော့ အနက်ရောင်အမှုန်တွေကို ဘယ်လိုလုပ်ရမှန်း မသိခဲ့ဘူး... ဒါပေမဲ့ ကိုယ်တိုင် ဝိညာဉ်အမှုန်တွေအဖြစ် ပြိုကွဲပြန့်ကြဲသွားတဲ့အချိန်မှာတော့ ကောင်းကောင်းနားလည်လာခဲ့တယ်”
သူမက သဲနာရီကို ယူ၍ ပြောလိုက်သည်။ “ဒီသဲနာရီက ကောင်းကင်ယင်ကမ္ဘာကို ထိန်းချုပ်တဲ့ ရတနာတစ်ခုပဲ... သူ ဖန်ဆင်းထားတဲ့ ရတနာပေါ့... ဒီဟာနဲ့ သူက အနက်ရောင်အမှုန်တွေကို မှော်ဝိဇ္ဇာရှင်ရဲ့ ကမ္ဘာဆီ ပို့နေတာ”
ကောင်းကင်ယင်သားတော် ဖန်တီးခဲ့သော သဲနာရီသည် ဝိညာဉ်နယ်ပယ်၌ ကောင်းကင်ယင်သားတော်၏ သိမြင်နှံ့စပ်မှုကို ကိုယ်စားပြု၏။ သဲနာရီလေးတစ်လုံးဖြင့် သူက ကောင်းကင်ယင်ကမ္ဘာ၏ အနက်ရောင်ဝိညာဉ်အမှုန်တို့ကို ထိန်းချုပ်နိုင်ချေသည်။
ကောင်းကင်ယင်နတ်ဘုရားမက တစ်ခါ သေပြီး ပြန်ရှင်လာသောကြောင့် ဝိညာဉ်အကြောင်း နက်နက်နဲနဲ နားလည်သွားခဲ့သည်။ သို့ဖြစ်၍ သဲနာရီကို ဖြုတ်ချနိုင်ခြင်း ဖြစ်ပေသည်။
သူမသည် သေရွာမှ ပြန်လာသူ ဖြစ်သည့်အတွက် မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားတို့ဖြင့် မတူညီတော့ပေ။ အခြားလမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား လေ့လာသင်ယူနိုင်စွမ်း ရှိလာခဲ့သည်။
ဤပြောင်းလဲမှုမျိုးသည် အလွန်ထူးခြားသဖြင့် လေ့လာသင့်ကြောင်း ချင်မူ ခံစားလိုက်ရသည်။ ချင်မူ စာအုပ်လေးကို အလျင်အမြန် ထုတ်ကာ ချမှတ်ထားလိုက်၏။ သူ သူ့ဘာသာသူ တွေးလိုက်မိသည်။ “ဒီနယ်ပယ်ကို လေ့လာလိုက်ရင် သဘာဝနတ်ဘုရားတွေ တာအိုနဲ့အတူ မပြောင်းလဲနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်လောက်တယ်... ကောင်းကင်ယင်နတ်ဘုရားမအနေနဲ့ သင်္ချာပညာရှင်တွေ သူ့ခန္ဓာကိုယ်ကို သုတေသန လုပ်မှာ လက်ခံချင်ပါ့မလား မသိဘူး... လက်မခံချင်လောက်ဘူး ထင်တယ်’
“ဒီသဲနာရီကို ကောင်းကင်ခုနစ်စဉ်ကြယ် လို့ ခေါ်တယ်”
သဲနာရီမှာ အလွန်ကြီးမားလှသော်လည်း ကောင်းကင်ယင်နတ်ဘုရားမ၏ လက်ထဲတွင်မူ ဆော့ကစားစရာ အရုပ်လေးသဖွယ် ဖြစ်နေသည်။ ကောင်းကင်ယင်နတ်ဘုရားမသည် အပြုံးမဟုတ်သော အပြုံးဖြင့် သဲနာရီကို ဆော့နေသည်။ “ရတနာ ဖန်တီးတဲ့နေရာမှာ သူ့နည်းလမ်းတွေက ပိုမိုနက်နဲသိမ်မွေ့တယ်.. ဒီကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီက သိပ်အနုစိတ်ပေမယ့် ကျွန်မလက်ထဲ ရောက်လာရင် သူ ပြန်မယူနိုင်တော့ဘူး... ကောင်းကင်ယင်ကမ္ဘာထဲက ဆာလောင်နေတဲ့ အလောင်းတွေကို ရင်ဆိုင်ဖို့ ဒီရတနာက ကျွန်မရဲ့ အစွမ်းထက်ဆုံး နည်းလမ်း ဖြစ်လာလိမ့်မယ်”
ယခင်တုန်းက ကောင်းကင်ယင်နတ်ဘုရားမသည် ကမ္ဘာလောကကြီး၏ အရေးကိစ္စကို စိတ်မဝင်စားခဲ့ဘဲ ကောင်းကင်ယင်ကမ္ဘာကိုသာ အုပ်ချုပ်ခဲ့သည်။ အပြင်လောက၏ မာယာပရိယာယ်များနှင့်လည်း အကျွမ်းတဝင် မရှိခဲ့ပေ။
ယခုတွင် အသက်ပြန်ရှင်လာသော ကောင်းကင်နတ်ဘုရားမကား လောကကြီးအကြောင်း နားလည်နေပြီဖြစ်၍ မင်တုမဟူရာနတ်မင်း၏ထောင်ချောက်ထဲ လွယ်လွယ်နှင့် ကျသွားတော့မည်မဟုတ်ပေ။
ချင်မူက ကောင်းကင်ယင်နတ်ဘုရားမ၏ လက်ပေါ်မှ ခုန်ချပြီး ပျက်စီးနေသော နန်းဆောင်များဆီသို့ သွားလိုက်သည်။ ကောင်းသေးသော ယိုတုမိစ္ဆာလက်နက်များကို ကောက်ကာ ကောင်းကင်အသုဘခေါင်းလောင်းကိုလည်း ယူလိုက်သည်။
“မှော်ဝိဇ္ဇာရှင်၊ သွားသင့်ပြီ”
ကောင်းကင်ယင်နတ်ဘုရားမက သဲနာရီကို ကစားရင်း ပြောသည်။ “ကောင်းကင်ယင်သားတော် ကောင်းကင်ခုနစ်စဉ်ကြယ်ထဲကနေ လာနေတာ ခံစားနေရတယ်.... သူ မကြာခင် ဒီရောက်လာတော့မယ်... ကျွန်မကို အကောက်ကြံခဲ့တဲ့အချိန်ကတည်းက သူ့အစွမ်းအစက အားမနည်းဘူး... အခုအချိန်ဆို ပိုလိုတောင် အင်အားကြီးလာလောက်ပြီ... မှော်ဝိဇ္ဇာရှင် ဒီမှာ ဆက်နေရင် ကျွန်မ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”
ချင်မူ အံ့အားသင့်သွားပြီး ခေါင်းမော့ကာ မေးလိုက်သည်။ “နတ်ဘုရားမ သူ့ကို တိုက်ခိုက်နိုင်လား”
ကောင်းကင်ယင်နတ်ဘုရားမက ပြောသည် ။ “ကျွန်မ ရုပ်ခန္ဓာက အခုထိ မတည်ငြိမ်သေးတော့ သူ့ကို အနိုင်မယူနိုင်ဘူး.. ဒါပေမဲ့ သူ့အစွမ်းအစကို ခုခံဖို့ကတော့ ပြဿနာမဟုတ်ပါဘူး... သူ အထဲ ဝင်မလာနိုင်အောင် ကောင်းကင်ယင်ကမ္ဘာရဲ့ အပြင်မှာ သွားတားမယ်... သူ ဝင်မလာသရွေ့ ကျွန်မ အသက်အန္တရာယ်မစိုးရိမ်ရဘူး... ဒါပေမဲ့ သူက ကောင်းကင်ယင်ကမ္ဘာရဲ့ ဆာလောင်နေတဲ့ သရဲတွေကို ထိန်းချုပ်ပြီး ကျွန်မကို တိုက်ခိုက်လိမ့်မယ်... အဲဒီအချိန်ကျ ကောင်းကင်ယင်ကမ္ဘာတစ်ကမ္ဘာလုံး သောင်းကျန်းလိမ့်မယ်... မှော်ဝိဇ္ဇာရှင် ဆက်နေရင် ကိုယ့်ကိုယ်ကို သေချာပေါက် မကာကွယ်နိုင်ဘူး”
ချင်မူ ခေါင်းညိတ်၍ အလေးအနက် ပြောသည်။ “နတ်ဘုရားမ ဂရုစိုက်ပါ”
သူ ခိုင်ဧကရာဇ်နတ်ဘုရားနှင့်အတူ ထွက်သွားတော့မည့်အချိန် တစ်စုံတစ်ခု သတိရလိုက်၍ ရပ်လိုက်သည်။ “နတ်ဘုရားမ၊ ကျွန်တော် စောစောက နတ်ဘုရားမကို ကယ်ဖို့ ကြိုးစားတုန်းက နတ်ဘုရားမကို ပူးကပ်နေတဲ့ သရဲတွေကြောင့် ကျွန်တော့်ဓားစက်လုံး ပျက်စီးသွားတယ်... အခု ကျွန်တော့်မှာ သုံးစရာလက်နက် မရှိတော့လို့ နတ်ဘုရားမမှာ မျှော်စင်ဖန်တီးတုန်းက ကျန်တဲ့ ကောင်းကင်ယင်သတ္ထု နည်းနည်းပါးပါး ရှိသေးလား မသိဘူး”
ကောင်းကင်ယင်နတ်ဘုရားမက ပင်လယ်ကြမ်းပြင်ကို အသာအယာ သဲ့ခပ်လိုက်ပြီး သူမလက်ခုပ်ထဲမှ ပင်လယ်ရေများ ကျသွားသည့်အခါ အစိမ်းရောင်တောက်နေသော သဲမှုန်များအား ချင်မူ မြင်လိုက်ရသည်။ “ဒါက ကောင်းကင်ယင်သတ္ထုပဲ... ထည့်စရာရှိလား”
သူမလက်ဝါးသည် ဧကပေါင်းများစွာ ကျယ်ဝင်းသည့်အတွက် သဲများမှာ အစိမ်းရောင်ကန္တာရတစ်ခုပမာ ဖြစ်နေသည်။
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ကောင်းကင်ယင်နတ်ဘုရားမကို ရက်ရောလှသည့်အတွက် ချီးကျူးမိသည်။ သူက ထောင်ကျယ်အိတ်ထုတ်ကာ ပြောလိုက်သည်။ “ကျွန်တော့်ထောင်ကျယ်အိတ်တွေမှာ ဗုဒ္ဓစွမ်းအင်သတ္ထုအနီတွေနဲ့ ဗုဒ္ဓမိခင်သစ်သားတွေ ပြည့်နေပေမယ့် ဖြည့်လို့ရဦးမယ် ထင်တယ်”
“မှော်ဝိဇ္ဇာရှင်ရဲ့ ထောင်ကျယ်အိတ်တွေက သေးလွန်းတယ်... သိပ်မဖြည့်နိုင်လောက်ဘူးနော်”
ကောင်းကင်ယင်နတ်ဘုရားမက ခေါင်းယမ်းလျက် ကောင်းကင်ယင်သတ္ထုများ သိမ်းဆည်းရန် သူ့ကို သူမလက်ဝါးပေါ် တက်လာစေသည်။ ချင်မူ ထောင်ကျယ်အိတ်များ ထုတ်၍ ကောင်းကင်ယင်သတ္ထုမများအား ထောင်ကျယ်အိတ်ထဲ သိပ်ထည့်လိုက်၏။ များစွာမကြာလိုက်ဘဲ အိတ်နှစ်လုံးစလုံး ပြည့်သွားသည်။
ကောင်းကင်ယင်နတ်ဘုရားမ၏ လက်ထဲတွင် သူ မထည့်နိုင်သော သတ္ထုတစ်ဝက်ကျော် ကျန်သေးသည်။
ချင်မူ သက်ပြင်းချလိုက်ပြီး ထောင်ကျယ်အိတ်နှစ်လုံးကို ခါး၌ ခက်ခက်ခဲခဲ ချည်လိုက်သည်။ သို့သော် အိတ်အလေးချိန်ကြောင့် ခါးပတ်ပင် ပြတ်ထွက်တော့မလို ဖြစ်သွားသဖြင့် လက်ဖြင့်သာ သယ်ထားရသည်။
“ဒီသတ္ထုတွေကို အရည်ဖျော်နိုင်တဲ့ နည်းတစ်နည်းတော့ ရှိမှာပဲ... နတ်ဘုရား ရတနာဖန်တီးခဲ့တုန်းက ဘယ်မီးလျှံ သုံးခဲ့တာလဲ” ချင်မူ မေးလိုက်ပြန်သည်။
“ကောင်းကင်နယ်စားမင်းဆီက ခိုးခဲ့တဲ့ ကောင်းကင်မီးလျှံကို သုံးခဲ့တာ”
ကောင်းကင်ယင်နတ်ဘုရားမက ကျန်လက်တစ်ဖက်ကို လှန်လိုက်ရာ သူမ၏လက်ဝါးထဲ၌ မီးလျှံတစ်ခု ပေါ်လာသည်။ “ဒါက ကောင်းကင်နယ်စားမင်း အာရုံမရှိတုန်း ခိုးခဲ့တဲ့ မီးလျှံပါ... အခု ကျွန်မအတွက် အသုံးမဝင်တော့ဘူး... မှော်ဝိဇ္ဇာရှင်ကိုပဲ ပေးလိုက်ပါ့မယ်”
ချင်မူ သူမလက်ဝါးထဲရှိ မီးလျှံအား ကြည့်လိုက်သည်။ မီးလျှံသည် တိတိရိရိ ဖြတ်တောက်ခံထားရသော သလင်းကျောက်ကဲ့သို့ အရာတစ်ခုကို စွဲလောင်နေပုံရ၏။ သို့သော် ၎င်းကား ကြီးမားလွန်းလေသည်။ သူ့အတွက် သလင်းကျောက်များ စုဝေးနေသော မီးပင်လယ်ပမာ ဖြစ်နေသည်။
“နတ်ဘုရားမ ကျွန်တော် ဒီလောက်အများကြီး မလိုပါဘူး”
ချင်မူ ရှက်ဝဲဝဲ ပြောလိုက်မိသည်။ “ထည့်စရာ နေရာလည်း မရှိတော့ဘူး...”
ကောင်းကင်ယင်နတ်ဘုရားမက လက်နှစ်ချောင်းဖြင့် ကောင်းကင်မီးလျှံဆီမှ အတုံးအသေးလေးတစ်တုံး ဖဲ့ကာ သူ့ထံ ပေးသည်။ “ဒါကို ယူသွားလိုက်... ကောင်းကင်မီးလျှံက ကြားရတာ ကြောက်စရာကောင်းပေမယ့် လုံးဝမပူဘူး... မီးလောင်တိုက်သွင်းချင်ရင်တော့ မီးလျှံကို အသက်သွင်းပေးဖို့ လိုလိမ့်မယ်”
ချင်မူက ကောင်းကင်မီးခဲကို ဖက်လိုက်သည်။ မီးခဲကို ဖက်ထားရသည်မှာ သုံးမြှောက်ဖန်တုံးတစ်တုံးကို ဖက်ထားရသည်နှင့် တူနေ၏။ ကောင်းကင်မီးလျှံသည် သူ့ခါးတမျှ အလုံးတုတ်ပြီး သူ့ထက်ပင် မြင့်မားနေသည်။ ထောင်ကျယ်အိတ်နှစ်အိတ်ကလည်း ရှိသေးသောကြောင့် ချင်မူမှာ တစ်ယောက်တည်း ကုန်းကုန်းကွကွ ဖြစ်နေတော့၏။
“သွားသင့်ပြီ”
ကောင်းကင်ယင်နတ်ဘုရားမက အဝေးသို့ စိုက်ကြည့်ကာ တင်းမာသော အမူအရာဖြင့် ပြောသည်။ “မကြာခင် ကောင်းကင်ယင်သားတော် ဒီကို ရောက်လာတော့မယ်”
ချင်မူ အလျင်အမြန် လှည့်ပြီး ကောင်းကင်ယင်နတ်ဘုရားမ၏ လက်ဝါးပေါ်မှ ခုန်ဆင်းလိုက်သည်။ ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားက သူ့နောက်မှ လိုက်လာပြီး ရုတ်တရက် ဗွမ်းခနဲ ကြားလိုက်ရ၏။ သူ မှင်သက်သွားပြီး လှမ်းကြည့်လိုက်သည့်အခါ ချင်မူ ပင်လယ်ထဲ နစ်မြုပ်သွားကြောင်း မြင်လိုက်ရသည်။ တော်တော်နှင့် ပြန်ပေါ်မလာပေ။
ကံကောင်းထောက်မ၍ ကောင်းကင်ယင်နတ်ဘုရားမက သူ့ကို ပင်လယ်ထဲမှ ဆယ်ပေးပြီး ညင်ညင်သာသာ လေမှုတ်ပေးလိုက်သည်။ ချင်မူနှင့် ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားမှာ လာရာလမ်းအတိုင်း လွင့်သွားကြ၏။ စက္ကန့်ပိုင်းအတွင်း မိုင်ပေါင်းထောင်ချီ ကျော်ဖြတ်ကာ ကောင်းကင်ယင်ကမ္ဘာ၏ နယ်နိမိတ်ကျောက်တုံးဆီသို့ ရောက်လာလေသည်။ ထိုအခါမှ သူတို့နှစ်ယောက် မြေပြင်ပေါ် ဆင်းသက်လိုက်ကြရသည်။
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရား နယ်နိမိတ်ကျောက်တုံးမှ ဖြတ်သွားတော့မည့်အချိန် ချင်မူက အလျင်အမြန် ပြောလိုက်သည်။ “ဆရာကြီး ခဏလေး”
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ချင်မူက ထောင်ကျယ်အိတ်နှင့် ကောင်းကင်းမီးလျှံသလင်းကျောက်ကို ချလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းဆယ်ပုလင်းကျော် ထုတ်၍ အထဲတွင် နဂါးသွားရည်များအား သွန်ချလိုက်၏။
ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားမှာ သူ ဘာလုပ်နေမှန်း နားမလည်ပေ။ ချင်မူက တစ်စုံတစ်ခုအား ရွတ်ဖတ်ရင်း ထူးဆန်းသော ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်ဖော်လိုက်သည်။ အနက်ရောင်အမှုန်များသည် ကျောက်စိမ်းပုလင်းလေးများအတွင်းသို့ စီးဝင်လာကြ၏။
ချင်မူက အဆို့များ ဆို့ပြီးနောက် ပုလင်းတို့အပေါ်တွင် ထူးဆန်းသော သင်္ကေတအမှတ်အသားများ ရေးဆွဲလိုက်သည်။ ပြီးလျှင် ခိုင်ဧကရာဇ်ခေတ် နတ်ဘုရား၏ အင်္ကျီကို ဖွင့်ကာ ပုလင်းလေးများ ထည့်ပေးသည်။ “အပြင်ရောက်လို့ နေထွက်လာရင် ဆရာကြီး ကိုယ်ထဲက အနက်ရောင်အမှုန်တွေ ထွက်သွားလိမ့်မယ်... ဆရာကြီး သေသွားမှာစိုးလို့ ကျွန်တော် အနက်ရောင်အမှုန်တချို့ စုပေးထားတယ်... ကျွန်တော်တို့ အပြင်ရောက်တာနဲ့ ဆရာကြီးရဲ့ အနက်ရောင်အမှုန်တွေကို နေ့အချိန်မှာ သိမ်းပေးထားနိုင်တဲ့ ရတနာတစ်ခု ကျွန်တော် ဖန်တီးပေးပါ့မယ်... ဒါမှ ညအချိန်ကျ အနက်ရောင်အမှုန်တွေ ဆရာကြီးကိုယ်ထဲ ပြန်ဝင်နိုင်မှာ”
ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားမှာ စိတ်နှလုံးလှုပ်ခတ်သွားလေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယင်ကမ္ဘာမှ ပြင်းထန်သော တုန်ခါလှိုင်းများ လိမ့်ထွက်လာ၏။
“ကောင်းကင်ယင်သားတော် ရောက်လာပြီ” ချင်မူ တအံ့တဩ လှည့်ကြည့်လိုက်မိသည်။