← Chapters

တာအို လက်တွဲဖော်

Vol. 5 Ch. 70

တာအို လက်တွဲဖော်

Vol. 5 Ch. 70

“ဘယ်လို...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွား၏။

ဝူတိုင်းပြည်အတွင်း ပြန်လည် ဝင်ရောက်စဥ်ကပင်... “နေကျီးကန်း စုန်းမ” တစ်ယောက် နတ်ဘုရား အရှင်တစ်ပါး ဖြစ်သွားကာ နေသွေးနီနီဂိုဏ်းဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ကြာင်း သူ ကြားသိခဲ့ရပြီး ဖြစ်သည်။  ထိုအကြောင်းအရာက မထူးဆန်းလှချ။

သူ့အား တုန်လှုပ်ခြောက်ခြား‌စေသည့် အဓိက အရာက “မေ့ယန်” ဆိုသော အမည်ဖြစ်၏။

မေ့...

ကြည့်ရသည်က နေကျီးကန်း စုန်းမနှင့် မေ့မေ့တို့မှာ ဆွေမျိုးတော်စပ်ပုံ ရသည်။ ထို့ကြောင့်ပင် ဒဏ်ရာ အပြင်းအထန်ရနေသည့် မေ့မေ့ကို သူမ ကူညီပေးခဲ့ခြင်း ဖြစ်ရမည်။

မေ့မေ့ပျောက်ဆုံးသွားချိန်၌ ဂိုဏ်းမှ အထူးတလှယ် မလှုပ်ရှားခဲ့ခြင်းမှာ မထူးဆန်းတော့ချေ။ ဝေ့ဝူယင် နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်လျှက် နှုတ်ဆက်လိုက်၏။

“နှုတ်ဆက်ပါတယ်... အရှင်မမေ့...”

အရှင်မမေ့က လှပသော အပြုံးကို ထိန်းသိမ်းရင်း ဝေ့ဝူယင်ကို စူးစိုက်ကြည့်လိုက်သည်။

“နင့်မှာ မေ့မေ့နဲ့ ပတ်သက်ပြီး ခံစားချက် ရှိလား...”

ရုတ်တရက်... အခန်းတစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွား၏။ အားလုံး၏ မျက်လုံးများက ခံစားချက် မျိုးစုံဖြင့် ပြည့်ရွှမ်းသွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်ကြသည်။ ဝေ့ဝူယင်မှာ အရှင်မမေ့၏ လှပသော အပြုံးကို ငေးရင်း အသက်ရှူမှားသွားသလို ခံစားလိုက်ရ၏။

“မေ့မေ့...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုမိန်းကလေးကား သူသိဖူးသမျှထဲတွင် အလှဆုံး မဟုတ်သလို အသန့်စင်ဆုံးလည်း မဟုတ်ချေ။

ပြောရလျှင် သူ သူမကို လေးစားသည်။ အားကျသည်။ ပိုင်ဆိုင်လိုစိတ် ရှိသည်။ ထိုအရာကို ခံစားချက်ဟု ဆိုလျှင် လိမ်ရာကျလိမ့်မည်တော့ မဟုတ်ချေ။

“ရှိပါတယ်...”

ထိုစကားလုံးများကို ကြားလိုက်ရပြီးနောက် ဝူချန်း၏ အမူအရာမှာ လုံးဝ ငြိမ်သက်သွား၏။ သူ၏ ချောမောသော မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ မရှိတော့ချေ။

“ခစ်... ခစ်...”

အရှင်မမေ့က ပါးစပ်ကို အုပ်ကာ သဘောကျသည့်ဟန်ဖြင့် ရယ်မောလိုက်၏။

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်...”

သုံးကြိမ်သုံးခါ ထပ်ပြောပြီးနောက်၌ သူမက ဝူချန်းနှင့် ဝေ့ဝူယင်တို့အား ကြည့်လိုက်သည်။

“ဝေ့ဝူယင်... တာအိုလက်တွဲဖော် ဆိုတာဘာလဲ နင်သိလား...”

“ ... “

ဝေ့ဝူယင် ငြိမ်သက်နေ၏။ ကိုယ်တိုင် တွန်းပို့မိသော အခြေအနေ တစ်ခုကို နားလည် သဘောပေါက်ပြီးနောက်တွင် သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ မည်သို့မျှ မထူးခြားသည့် ပုံစံမျိုးဖြင့် သူ အဖြေပေးလိုက်၏။

"တာအိုလက်တွဲဖော် ဆိုတာက ဘဝတစ်လျှောက်လုံးနဲ့ သေဆုံးပြီးသည် အထိ သစ္စာစောင့်သိဖို့ ကောင်းကင် တာအိုထံ ကတိခံထားတဲ့ လူနှစ်ယောက်ကို ဆိုလိုတာပါ... လူတစ်ယောက်ရဲ့ ဘဝမှာ ဇနီး ဒါမှမဟုတ် ခင်ပွန်း နှစ်ယောက်မက ယူနိုင်ပေမဲ့ တာအိုလက်တွဲဖော်ကတော့ တစ်ယောက်တည်း ရှိရပါတယ်... ဒုတိယမြောက် ဆိုတာ ဘယ်တော့မှာ မရှိရဘူး”

“နောက်ပြီး... တာအိုလက်တွဲဖော်တွေရဲ့ ဆက်ဆံရေးဟာ လင်နဲ့ မယား ဆက်ဆံရေးထက်တောင် ပိုပြီး နီးကပ်ကြပါတယ်... သူတို့က ရှိသမျှ အရာအားလုံးကို မျှဝေခံစားပြီး လမ်းကြောင်းတစ်ခုတည်းကိုပဲ အတူတကွ လျှောက်လှမ်းကြတယ်... တစ်ယောက်အတွက် တစ်ယောက် ဘာမဆိုလုပ်နိုင်ကြတယ်... သေခြင်းတရားကိုတောင် မမှုကြဘူး...”

ဝေ့ဝူယင် စကားကို အဆုံးသတ်လိုက်၏။ သူ၏ မျက်လုံးများမှာ အမျိုးမျိုးသော အလင်းများနှင့် တောက်ပနေကာ တစ်စုံတစ်ခုကို အလေးအနက် စဥ်းစားနေ၏။

သူဖြေလိုက်သော အဖြေမှာ ယေဘုယျအားဖြင့် ခြုံငုံမိသော်လည်း အသေးစိတ် အချက်အလက်များစွာ ကျန်ရှိနေဆဲ ဖြစ်သည်။ သူ လေးလေးနက်နက် စဥ်စားနေမိသော အကြေင်းအရာက “ကမ္မနှောင်ကြိုး ဖြတ်တောက်ခြင်း” ပင် ဖြစ်၏။

အကယ်၍ တာအို လက်တွဲဖော်နှစ်ယောက်မှာ စောစောစီးစီးမဟုတ်ပဲ ဘဝ၏ နောက်ပိုင်း အချိန်များမှ ဆုံတွေ့ခဲ့လျှင်... “ကမ္မနှောင်ကြိုး ဖြတ်တောက်ခြင်း” ကို လုပ်ဆောင်ရန် လိုအပ်သည်။ ဆိုလိုသည်က သူတို့၏ ယခင် ရှိပြီးသား ချစ်သူများ၊ ဇနီးများ၊ ခင်ပွန်းများ၊ သားသမီးများကို သတ်ဖြတ်ပစ်ရမည်။ သို့မှသာ သူတို့သည် နှောင်ကြိုးကင်းကင်းဖြင့် ဘဝကို ပြန်လည် စတင်နိုင်ကာ ကောင်းကင်တာအို၏ ကောင်းချီးပေးခြင်းကို ခံကြရသည်။ အကယ်၍ ယခုဘဝ သေဆုံးပြီး နောက်ဘဝ ပြန်လည် ဝင်စားပင်လျှင် ကံကြမ္မာသည် သူတို့အား ပြန်လည် ဆုံဆည်းစေလိမ့်မည်။

ဝေ့ဝူယင်သည် ထိုအချက်ကြောင့် ကောင်းကင်တာအိုအပေါ် ပို၍ပင် ရွံရှာလာမိသည်။ လူနှစ်ယောက် ချစ်မြတ်နိုးသည့် ကိစ္စတွင် အဘယ်ကြောင့် အခြားလူများက သေပေးရန် လိုအပ်သနည်း။ ထိုအရာကား ရက်စက်လွန်းလှသည်။

“နင်မှန်တယ်...”

အရှင်မ မေ့ကာ ပြုံးကာ ဝူချန်းကို တစ်ချက် လှမ်းကြည့်လိုက်၏။ ဝူချန်းက ပခုံးနှစ်ဖက်ကို တွန့်လိုက်သည်။

ရုတ်တရက်... ဝေ့ဝူယင် တစ်စုံတစ်ရာကို သေချာစွာ သဘောပေါက်သွား၏။ ကြောက်မက်ဖွယ် အေးစက်မှုများက သူ၏ ငွေရောင် မျက်လုံးများကို ဖုံးလွှမ်းသွားသည်။ နေကျီးကန်း စုန်းမကား အမှန်တကယ်ပင် စုန်းမ တစ်ယောက် ဖြစ်သည်။ သူမသည် လိုချင်သော အကြောင်းအရာထံ ရောက်အောင် အကုန်လုံးကို ဖုံးအုပ်ကာ လှည့်စားသွားနိုင်ခဲ့သည်။

“မေ့မေ့က သခင်လေးရဲ့ တာအို လက်တွဲဖော်ဖြစ်ဖို့ သဘောတူလိုက်ပြီလား...”

ဝေ့ဝူယင် ဝူချန်းကို ကြည့်ကာ မေးလိုက်၏။

“မေ့အာနဲ့ ငါက နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး တစ်ယောက်ကို တစ်ယောက် လက်ခံပြီးကြပါပြီ”

ဝူချန်းက ခံစားချက် မရှိသော လေသံဖြင့် ဆိုလိုက်သည်။

"ကောင်းကင်တာအိုက တကယ် ရက်စက်တာပဲ...”

ဝေ့ဝူယင် ကောင်းကင်သို့ မော့ကြည့်ကာ ခေါင်းအား ခါယမ်းလိုက်သည်။

စုလင်းယာက သက်ပြင်းတစ်ချက် ချလိုက်၏။

“ကဲပါလေ ထားလိုက်ပါ... နင်နေခဲ့တဲ့ စံအိမ်က အခုထိ လွတ်နေတုန်းပဲ... အဲဒီကို ပြန်ပြီး မဟာ အကြီးအကဲ တွေ့ဆုံပွဲက ထွက်လာမယ့် ရလဒ်ကို စောင့်နေပါ”

ဝေ့ဝူယင် သူမကို ကြည့်လိုက်သည်။ အလွန်အမင်း တည်ငြိမ်မှုများက ထိုဖီးနစ်မျက်လုံးများတွင် နေရာယူနေ၏။ သူမ၏ စကားလုံးများတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို ဝေ့ဝူယင် နားလည်ပါသည်။ ထွက်ပေါ်လာမည့် ရလဒ်ကိုလည်း သူ ခန့်မှန်းမိပါသည်။

သူဘာမျှ မပြောပဲ ဝူရှင်းဟောင်ကို လှမ်းကြည့်လိုက်၏။ တည်ငြိမ်ပြတ်သားနေသည့် မျက်ဝန်းများကို ကြည့်ရင်း ဝေ့ဝူယင် စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်မိသည်။

လွန်ခဲ့သော ဆယ်နှစ်၌ သူသည် ဂိုဏ်းအား ကပ်ဘေး တစ်ခုမှ လွတ်‌မြောက်အောင် ကူညီခဲ့ဖူးသည်။ သို့သော်လည်း ယခုတွင်မူ သေဒဏ်ကျ အကျဥ်းသား တစ်ယောက်သဖွယ် ဆက်ဆံ ခံနေရခဲ့ပြီ ဖြစ်လေသည်။

သူ သက်ပြင်းတစ်ချက်ချကာ ဦးညွှတ်လိုက်၏။ နောက်ဆုံးအနေဖြင့် လှပစွာ ပြုံးနေဆဲဖြစ်သည့် အရှင်မမေ့ကို လှမ်းကြည့်လိုက်သည်။ သူမ၏ ပုံရိပ်က ချစ်စရာ၊ ကြောက်စရာ ကောင်းလှသည့် စုန်းမ တစ်ယောက် အဖြစ် သူ၏ နှလုံးသား အတွင်းဝယ် တိုးဝင်လာခဲ့လေသည်။

ထို့နောက်... သူ နန်းတော်ထဲမှ တိတ်တဆိတ်ပင် ထွက်ခွာလာခဲ့၏။ ထွက်ပြေးရန်လား... ယခုလောက်ဆိုလျှင် နေသွေးနီနီဂိုဏ်းမှာ တပ်မဟာများကိုပင် ပြင်ဆင်လောက်ပြီး ဖြစ်သည်။ သူ ထွက်ပြေးရန် ကြိုးစားသည်နှင့် ချက်ချင်းပင် အမိန့်ထုတ်ကာ သတ်ဖြတ်ပေလိမ့်မည်။

...

ဝေ့ဝူယင်၏ စံအိမ်ကို ကျယ်ဝန်းသော အခန်းတစ်ခုတည်းဖြင့် ဖွဲ့စည်းထားသည်။ ပြတင်းပေါက်များသည် ကျိုးကြေနေကာ တံခါးရွက်မှာလည်း ပြုတ်ထွက်နေ၏။ ဖုန်များက တထောင်းထောင်းဖြင့် ကြမ်းပြင်အပြည့် ပြွတ်သိပ်နေသည်။

ပုံမှန်အတိုင်းသာဆိုလျှင် တက်တက်ကြွကြွဖြင့် ဝေ့ဝူယင်တစ်ယောက် သန့်ရှင်းရေး လုပ်နေလောက်ပြီ ဖြစ်သည်။ သို့သော်လည်း ယနေ့တွင်မူ...

အခန်းအလယ် ကြမ်းပြင်၌ ဝေ့ဝူယင်သည် ခြေပစ်လက်ပစ် ထိုင်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်ကို ဖုန်များ ပေကျံသွားသည့်တိုင် ဂရုစိုက်ခြင်း မရှိပါချေ။ ဂိုဏ်းသည် သူ့အား ဤနေရာတွင် စောင့်ခိုင်းသည်။ မဟာ အကြီးအကဲ တွေ့ဆုံပွဲသည် သူ၏ ကံကြမ္မာကို ဆုံးဖြတ်လိမ့်မည်။

ဝေ့ဝူယင်၏ နံဘေးတွင်မူ ပိုင်လင်သည် ခပ်မှိုင်မှိုင် ဝပ်နေခဲ့၏။ သူမ၏ မျက်လုံးများက ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။ အစောပိုင်းကပင် ဝေ့ဝူယင်သည် သူ၏ အခြေအနေ မှန်သမျှကို သူမထံ ရှင်းပြခဲ့ပြီး ဖြစ်သည်။

ထိုအရာက သခင်လေး ဝူချန်းနှင့် ဝေ့ဝူယင်၏ အကြားတွင် ရွေးချယ်ရမည့် ပုစ္ဆာတစ်ပုဒ် ဖြစ်သည်။ ပါရမီအားဖြင့် ဝေ့ဝူယင်သည် ပိုမို သာလွန်သည့်တိုင် သံသယ ရှိစရာ မလိုအောင်ပင် မဟာ အကြီးအကဲများမှာ ဝူချန်းကိုသာ ရွေးချယ်ပေလိမ့်မည်။

“နေသွေးနီနီဂိုဏ်းကို ပြန်လာတဲ့ လမ်းမှာတုန်းက အိမ်ကို ပြန်ရောက်တော့မယ် ဆိုပြီး ငါတွေးပျော်နေခဲ့သေးတယ်... ခုတော့လည်း ကျားရဲတွင်းထဲ ဆင်းရသလိုပါပဲလား”

ဝေ့ဝူယင် ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။

“ငါ ငါ့ရဲ့ ကျင့်ကြံခြင်း အစစ်အမှန်ကို ပြပြီး အတင်း ဖောက်ထွက်ရင် ကောင်းမလား...”

အတွေးတစ်ခုက ဝေ့ဝူယင်၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။ အကယ်၍ ကိုယ်ပိုင် ခွန်အား သီးသန့်ယှဥ်ပြိုင်ပါက သူ့အား နေသွေးနီနီဂိုဏ်းတွင် သူ့အား တားနိုင်မည့်သူ မရှိချေ။ ဝေ့ဝူယင်သည် ဝူရှင်းဟောင်ကို အနိုင်မယူနိုင်လျှင်ပင် သူ့လက်မှ လွတ်အောင် ထွက်ပြေးရန် ယုံကြည်ချက် ရှိသည်။

သို့သော်လည်း နေသွေးနီနီတောင်တွင် မဟာ ဝင်္ကပါ မြောက်များစွာ ရှိသည်။ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ပိတ်လှောင်ခြင်း... သူကား နေသွေးနီနီဂိုဏ်းသား တစ်ယောက်ဖြစ်ရာ ကောင်းစွာ သိထားပေသည်။ ထိုအရာများကိုရော ရှောင်ရှားနိုင်မည်လား သူမသိချေ။

“ဘာပဲဖြစ်ဖြစ် လည်စင်းအသေခံဖို့တော့ ငါ မရွေးချယ်နိုင်ဘူး...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့နှင့် ပြည့်နှက်သွားသည်။ သူ ဖြစ်နိုင်ချေ မျိုးစုံတို့ကို ရှာဖွေ၏။ နည်းလမ်းအမျိုးမျိုးကို စဥ်းစား၏။ မိနစ်အနည်းငယ် ကြာပြီးနောက်၌ သူ တစ်စုံတစ်ခုကို သတိရသွားသည်။

“ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်လိုက်မယ် ဆိုရင်ရော...”

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ဟုတ်တယ်... တစ်နာရီပဲ... တစ်နာရီပဲ ငါလိုတယ်... မြင့်မြတ်သောချီ အဆင့်ကို ရောက်ဖို့ ငါ တစ်နာရီပဲ လိုအပ်တယ်”

ချီနှလုံးသားအား အပြင်သို့ ထုတ်ကာ ကျင့်ကြံသည့် နည်းလမ်းဖြင့် ဆိုလျှင် သူ အမတေများကို ရေသောက် သကဲ့သို့ စုပ်ယူနိုင်လိမ့်မည်။ ဤပတ်ဝန်းကျင်က မလုံခြုံသည့်တိုင် ထိုအရာက သူ၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။

သူ၏ လက်ရှိခွန်အား ချီပျစ်ခဲခြင်း အဆင့်ခြောက် မှားသောအမှန် အဆင့်၏ ထိပ်ဆုံးနီးပါးကို ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ထိုအရာက မဖြစ်နိုင်သော အရာ မဟုတ်ချေ။

“ပိုင်လင်... ငါ့အနားကိုတိုး..”

ဝေ့ဝူယင်က ဆက်သွယ်လာရာ ပိုင်လင်မှာ ခေါင်းထောင်လာ၏။ သူမက ကြီးမားသော အတောင်ပံကြီးကို ဖြန့်ကျက်ရင်း ဝေ့ဝူယင်အား ကြက်မသားပေါက် သကဲ့သို့ အုပ်လိုက်သည်။

ဝေ့ဝူယင် ပြုံးလိုက်၏။ သူက အနားကို တိုးခိုင်းခြင်းသာ ဖြစ်သည့်တိုင် ပိုင်လင်မှာ သူ၏ အတွေးများကို နားလည်ကာ အတောင်ပံဖြင့် ဖုံးအုပ် ကာကွယ်ပေးခဲ့သည်။ သူမက မည်မျှ ဉာဏ်ကောင်းလိုက်သနည်း။ တစ်ချိန်တစ်ခါက ဆုအဖြစ် ချီးမြှင့်ခြင်း ခံရသည့် ကြိုးကြားလေး တစ်ကောင်ကား ယခုတွင်မူ သူ၏ သေအတူ ရှင်မကွာ သားရဲတစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် သူ၏ ဝိညာဥ် သုံးခုဖြစ်သော ဧဒင်ဝိညာဥ်၊ ဒြပ်စင်ဝိညာဥ်နှင့် ဆေဘာဝိညာဥ်တို့ကို ဆက်သွယ်လိုက်သည်။ အတွေးတစ်ချက်ဖြင့်ပင် ချီမုန်တိုင်းနှစ်ခုသည် သူ၏ ပါးစပ်မှ ထွက်ပေါ်လာ၏။ ယင်းတို့ကား အတော်လေး အလျင်လိုနေပုံ ရသည်။

“သူတို့ကလည်း အခြေအနေကို နားလည်နိုင်တာလား...”

ဝေ့ဝူယင် တွေးလိုက်မိ၏။ ဒြပ်စင်ချီ ဆန်းကြယ်နှလုံးသားသည် အဖြူရောင် အလင်းများကို ထုတ်လွှတ်နေကာ ဆေဘာချီနှလုံးသားမှာ ဆေဘာဓားတစ်စင်း၏ အသွင်ကို ယူထားသည်။

တစ်ချိန်တည်း၌ သူ၏ စိတ်အတွင်းရှိ ဧဒင်ချီ နှလုံးသားသည် ခန္ဓာကိုယ်အတွင်းရှိ ချီစီးဆင်းမှုကို ထိန်းချုပ်ကာ ချီသွေဖည်မှု မဖြစ်အောင် ထိန်းသိမ်းထားသည်။

ဝေ့ဝူယင် အသင့်ပြင်လိုက်၏။ ထို့နောက် သူသည် သုံးလွှာလက်စွပ်ထဲတွင် သိမ်းထားသည့် အမတေ ကျောက်တုံး အချို့ကို ထုတ်ယူလိုက်သည်။

ချီနှလုံးသား နှစ်ခုမှာလည်း အနည်းငယ်ပင် တုန့်ဆိုင်းခြင်း မရှိချေ။ ယင်းတို့က ကြောက်မက်ဖွယ် ဆွဲငင်မှုအားကို ထုတ်ဖော်ကာ အမတေ ကျောက်တုံးများထဲမှ စွမ်းအားများကို စုပ်ယူကြလေတော့သည်။

***

All Chapters