အဆင့်တက်ခြင်း
Vol. 6 Ch. 71
“ဟူး... ဟူး...”
စက္ကန့်ပိုင်း အတွင်းမှာပင် ချီနှစ်လုံးသား နှစ်ခုသည် အမတေ ကျောက်တုံး မြောက်များစွာကို ကုန်စင်သည် အထိ စုပ်ယူကာ သန့်စင်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ထိုအချင်းအရာကို ကြည့်ရင်း စိတ်အား ထက်သန်ကာ အားတက်လာ၏။
“သူတို့ရဲ့ သန့်စင်နိုင်စွမ်းက တိုးတက်လာတာလား...”
အတွေးနှင့် အတူ သူ သေချာစွာ ဆန်းစစ်လိုက်သည်။
“သူတို့ထဲကို အဂ္ဂိရတ် စွမ်းအားတွေပါ ရောက်နေတာပါလား... သန့်စင်နိုင်စွမ်း ပိုပြီး တိုးတက်လာတာ မထူးဆန်းတော့ဘူး”
အံ့အားသင့်စွာပင် ဝေ့ဝူယင် မှတ်ချက်ချလိုက်မိ၏။ သူသည် အဂ္ဂိရတ် ဧဒင်ချီ နှလုံးသား၏ ကျင့်ကြံခြင်း အခြေခံကို မြှင့်တင်ရန် အတွက် အခြား ချီနှလုံးသား နှစ်ခုဖြင့် ပံ့ပိုးပေးခဲ့သည်။ ရက်ပေါင်းအနည်းငယ် အတွင်းမှာပင်... ဧဒင်ချီ နှလုံးသားသည် ဒြပ်စင် လေးခုကို မွေးဖွားကာ ချီပျစ်ခဲခြင်း အဆင့်သုံး၏ ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အပြန်အလှန် အနေဖြင့်... ချီနှစ်လုံးသား နှစ်ခုမှာလည်း ဧဒင်ချီ နှလုံးသားထံမှ အကျိုးအမြတ်များ ပြန်လည် ရရှိခဲ့ဟန် တူသည်။
သို့သော်... သူ ချီတုံချတုံ ဖြစ်နေမိ၏။ မှတ်တမ်းများ အရဆိုလျှင် ချီနှလုံးသားများအတွင်း အဂ္ဂိရတ် စွမ်းအားများ တည်ရှိနေခြင်းမှာ ၎င်းတို့၏ ခွန်အားကို ပို၍ လျော့ကျစေသည်။ ဝေ့ဝူယင် ဆေဘာချီမျှင် သေးသေးလေး တစ်ခုကို ထုတ်ယူကာ ကြမ်းပြင်ကို ခုတ်ထစ်ကြည့်လိုက်သည်။ ထူထဲလှသော ကြမ်းပြင်တွင် မျဥ်းကြောင်း တစ်ခု ပေါ်လာကာ လျှင်မြန်စွာ ပြတ်တောက်သွား၏။
ဝေ့ဝူယင် သက်ပြင်းချလိုက်မိ၏။ ကြည့်ရသည်က ဧဒင်ချီများမှာ သူ၏ ချီနှလုံးသားများကို အနှောက်အယှက်ပြုကြပုံ မပေါ်ချေ။
“ကောင်းတယ်...”
ဝေ့ဝူယင် အခြား အမတေ ကျောက်တုံးများကို ဆွဲထုတ်ကာ ချီနှလုံးသားများကို အဆက်မပြတ် စုပ်ယူခိုင်းလိုက်တော့၏။
ဟူး... ဟူး...
ချီနှလုံးသားများသည် အမြင့်ဆုံးသော အရှိန်နှင့် အတူ သန့်စင်နေကြသည်။ အမြုတေများကို လက်သည်းခွံ အရွယ်အစားမှ သစ်ကြားသီး အရွယ်သို့ ရောက်အောင် မြှင့်တင်ရန် အတွက် အမတေ ကျောက်တုံး လေးရာလောက် လိုအပ်မည် ဟု ဝေ့ဝူယင် ခန့်မှန်းလိုက်မိသည်။
မြင့်မြတ်သောချီသည် အမြုတေ၏ အရွယ်အစားနှင့် အရေအသွေးတို့ကို တိုးမြှင့်ခြင်း ဖြစ်သည်။ သို့မှသာ ပိုမို များပြားသော စွမ်းအင်များကို သိုလှောင်လာနိုင်မည် ဖြစ်သည်။ ထို့ကြောင့်ပင် မြင့်မြတ်သောချီ အဆင့်ရှိသူများမှာ သေမျိုး နတ်ဘုရားများထက် ပိုမို သန်မာကာ ကြာရှည်စွာ တိုက်ခိုက် နိုင်ကြခြင်း ဖြစ်သည်။ သူတို့ ပိုင်ဆိုင်ထားသည့် ချီပမာဏမှာ အဆင့်ခြောက်များထက် အဆ ဆယ်ချီ ပိုမို များပြားလှသည်။
ဟူး... ဟူး...
အမြုတေ နှစ်ခုသည် ဖြည်းညင်းစွာပင် ကြီးထွား လာနေကြ၏။ အချိန်နှင့် တပြေးညီပင် ဝေ့ဝူယင်၏ သုံးလွှာ လက်စွပ်ထဲရှိ အမတေ ကျောက်တုံး ပမာဏမှာလည်း လျှင်မြန်စွာ လျော့ပါး လာနေခဲ့သည်။
တစ်ဆယ်...
နှစ်ဆယ်...
ငါးဆယ်...
တစ်ရာ...
သုံးရာ...
ဝေ့ဝူယင်၏ မျက်လုံးများမှာ တဖြည်းဖြည်း ကျဥ်းမြောင်းလာ၏။ မကြာခင်မှာပင် ဂဏန်းအရေအတွက်မှာ သုံးရာမှ ခြောက်ရာ၊ ခြောက်ရာမှ ကိုးရာ အထိ မြင့်တက်သွားသည်။
“ဘာတုံး...”
ဝေ့ဝူယင်ကား စတင် ရင်ခုန်လာခဲ့၏။ သူတို့ စုပ်ယူနေသည့် ပမာဏက သူ မျှော်လင့်ထားသည်ထက် အများကြီး ပိုလွန်းနေသည်။ ပထမ၌ သူသည် ချီနှစ်လုံးသား တစ်ခုချင်းစီကို လေးရာလောက်သာ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ.. သူတို့သား ကိုးရာစီ အသီးသီး စုပ်ယူပြီးကြပြီး ဖြစ်သည်။ သို့တိုင်အောင်... သစ်ကြားသီး အရွယ်အစားသို့ တစ်ဝက်ပင် မရောက်ကြသေးချေ။
ဝေ့ဝူယင်မှာ နှမြောနေမိသော်လည်း... မည်ကဲ့သို့ တတ်နိုင်မည်နည်း။ သည်အတိုင်း ထိုင်ကြည့်နေရုံသာ သူ့တွင် ရှိပေသည်။
“ဘာပဲဖြစ်ဖြစ် သူတို့က ရိုးရိုး ချီနှလုံးသားတွေမှ မဟုတ်တာပဲ... ပြိုင်ဘက်ကင်းတဲ့ ဆန်းကြယ်ချီ နှလုံးသားတွေပဲကို... မထူးဆန်းဘူး.. မထူးဆန်းဘူး...”
ဝေ့ဝူယင် တွေးကာ စိတ်ကို ပြန်လည် ထိန်းလိုက်၏။ တဖြည်းဖြည်းနှင့် သူ၏ စိတ်မှာ ပြန်လည် တည်ငြိမ်သွားသည်။ သူ ချီနှလုံးသားများ စုပ်ယူသည်ကို ဆက်လက် စောင့်ကြည့် နေခဲ့လေ၏။
နှစ်ထောင်...
သုံးထောင်...
လေးထောင်...
နောက်ဆုံး၌ အမြုတေများကား လက်သည်းခွံ အရွယ်အစားမှ သစ်ကြားသီး အရွယ်အစားထိ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ သန့်စင်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိချိန်၌ အဖြူရောင်နှင့် ရောက်စုံတောက်ပနေသည့် အလင်းများမှာ ပတ်ဝန်းကျင်ကို တဖြည်းဖြည်း ဖြန့်ကျက်သွားလေတော့၏။
အလင်းများသည် ပိုင်လင်၏ အတောင်ပံများကို ကျော်လွန်ကာ နံရံများကို ထိတွေ့သွားသည်။ ပုံသဏ္ဌာန် ကင်းမဲ့၍ အင်အားကြီးသည့် ရောင်ဝါ တစ်ခုမှာ မွေးဖွားလာ၏။ ဆေဘာများ၊ နတ်မိမယ်များနှင့် ဒြပ်စင်များ ကဲ့သို့သော ထူးထူးဆန်းဆန်း လက္ခဏာများမှာ ဝေ့ဝူယင်၏ စံအိမ်အတွင်းဝယ် ပေါ်ထွက်လာခဲ့လေသည်။
...
နေသွေးနီနီ နန်းတော် အတွင်း၌...
စုလင်းယာသည် တည်ငြိမ်သော အမူအရာနှင့် ထိုင်ကာ မဟာ အကြီးအကဲတို့၏ ဆွေးနွေးချက် အမျိုးမျိုးကို နားထောင်နေခဲ့သည်။ သူတို့သည် စွဲချက်တင်ရန် လုံလောက်သော ရာဇဝတ်မှုများကို ပြန်လည် တူးဖော်ကာ ဝေ့ဝူယင်အား သေဒဏ်ပေးရန် ပြောဆိုနေကြသည်။
ရုတ်တရက်... စုလင်းယာ၏ အမူအရာက ပြောင်းလဲသွား၏။ ဝေ့ဝူယင်၏ စံအိမ် အပြင်တွင် သူမ ချမှတ်ထားသည့် ဝိညာဥ် ဝင်္ကပါက တုန်ရီသွားခဲ့သည်။ သူမသည် ချက်ချင်းပင် ဝိညာဥ်အာရုံကို အသုံးပြုကာ စစ်ဆေးလိုက်၏။ ရုတ်ချည်းပင်... သူမ၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။
“ဒါက... မြင့်မြတ်သော ချီလှုပ်ရှားမှု...”
လက်က တစ်ချက် တုန်ရီသွားကာ သူမ မတ်တပ်ထရပ်လိုက်၏။ သူမ၏ အမူအရာကြောင့် မဟာ အကြီးအကဲများမှာ ကြောင်စီစီ ဖြစ်သွားကြသည်။ သို့သော်လည်း ဆက်တိုက်ဆိုသလိုပင် သူတို့ ချမှတ်ထားသည့် ဝင်္ကပါများမှာလည်း သူတို့အား အချက်များ ပေးလာကြ၏။
သူတို့ အားလုံး၏ အမူအရာများမှာ ပြောင်းလဲသွားသည်။ မဟာ အကြီးအကဲ တစ်ယောက်က အလန့်တကြား ထအော်လိုက်၏။
“သူ မြင်မြတ်သောချီ အဆင့်ကို တက်လှမ်းနေပြီ”
အခြား မဟာ အကြီးအကဲများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်ခြင်းတို့မှာ စွန်းထင်းနေ၏။
သွေးရောင်မြူများသည် နံရံများမှ စီးထွက်လာကာ ပုံရိပ်တစ်ခု အဖြစ် လျှင်မြန်စွာ ဖွဲ့စည်းသွား၏။ ဝူရှင်းဟောင်ပင်...။
ဝူရှင်းဟောင်က စုလင်းယာအား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ မဟာ အကြီးအကဲများနှင့် ခြားနားစွာပင် သူသည် နတ်ဘုရား အရှင် တစ်ပါး ဖြစ်သည်။ သူ၏ ဝိညာဥ်အာရုံမှာ အခြားလူများထက် အဆများစွာ သာလွန်သည်။ နေသွေးနီနီတောင် တစ်ခုလုံးကိုပင် မည်သည့် ဝင်္ကပါ၏ အကူအညီမျှ မလိုအပ်ပဲ သူ စောင့်ကြည့်နေနိုင်စွမ်း ရှိသည်။
“မြန်မြန်လှုပ်ရှားတော့...”
ဝူရှင်းဟောင်က အေးစက်စွာ အမိန့်ပေးလိုက်၏။ ဝေ့ဝူယင် တပည့် တစ်ယောက် ဖြစ်စဥ်က သူ ထိုကောင်လေး အပေါ်တွင် မျှော်လင့်ချက်များ ထားရှိကာ ချီးမြှင့်မြှောက်စားခဲ့သည်။ သို့သော်လည်း ယခုတွင် ယခင် တစ်ယောက် အနေဖြင့် သူ ဝတ္တရားကျေရန် လိုအပ်နေပြီ ဖြစ်သည်။ သူ့တွင် စုလင်းယာနှင့် သားတစ်ယောက်သာ ရှိသည်။ ထိုသားလေး တောက်ပဖို့က အရာရာက သူ့တာဝန်သာ ဖြစ်သည်။
...
ကျင့်ကြံသူ တစ်ယောက်သည် သူ၏ ချီနှလုံးသားကို အမြင့်ဆုံး အဆင့်ထိ ရောက်အောင် သန့်စင်နိုင်သောအခါ မြင့်မြတ်သောချီ အဆင့်ကို ရောက်ရှိကြသည်။ အခြားအဆင့်များနှင့် ခြားနားစွာပင် မြင့်မြတ်သောချီ အဆင့်သည် လူတစ်ယောက်၏ ကျင့်ကြံခြင်း အတွင် အရေးကြီးဆုံး မှတ်တိုင်တစ်ခု ဖြစ်ပေသည်။ ၎င်းသည် အခြေခံ အုတ်မြစ်လည်း ဖြစ်၏။
ကျင့်ကြံသူ တစ်ယောက်သည် မြင့်မြတ်သောချီ အဆင့်ကို ရောက်မှသာ “ငါကျင့်ကြံသူ ဖြစ်ပြီ... ငါ့ရဲ့ ကျင့်ကြံခြင်း ခရီးလမ်းက အမှန်တကယ် စတင်ခဲ့ပြီ” ဟု ဟစ်ကြွေးနိုင်ကြသည်။
ဝေ့ဝူယင်သည်လည်း ထိုအရာကို ခံစားမိကာ သူ၏ ဝိညာဥ်များမှာ ပြောင်းလဲနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူ၏ အမြုတေများမှာလည်း အသွင်များ ပြောင်းလဲနေကြ၏။ ချီမုန်တိုင်း အသွင်အပြင် အဖြစ် ဆက်လက် တည်ရှိ မနေတော့ချေ။ သူ၏ ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသားသည် အဖြူရောင် မြူများ ဖြစ်လာပြီး အဆက်မပြတ်ပင် မီးတောက်ကမ္ဘာ၊ ရေကမ္ဘာ၊ မြေကမ္ဘာ၊ လေကမ္ဘာ၊ သတ္တုကမ္ဘာ၊ လျှပ်စီးကမ္ဘာ၊ သစ်သားကမ္ဘာ၊ ချော်ရည်ကမ္ဘာနှင့် ရေခဲကမ္ဘာအများ အဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်း၌ သူတို့ အားလုံးသည် တစ်ခုတည်း ဖြစ်ကာ အဖြူရောင် မြူနှင်းအတွင်းဝယ် အစစ်အမှန် လောကတစ်ခု အဖြစ် တည်ရှိနေခဲ့လေသည်။
သူ၏ ဆေဘာချီ ဆန်းကြယ်နှလုံးသားမှာမူ ဆေဘာဓားတစ်ချောင်း ဖြစ်လာခဲ့၏။ ၎င်း၏ ဓားသွားများ ထိပ်တွင်မူ ပုံသဏ္ဌာန်၊ အရွယ်အစား အမျိုးမျိုး ကွဲပြားသည့် မရေမတွက်နိုင်သော ဆေဘာများ တည်ရှိနေ၏။ ၎င်းတို့သည် မောက်မာမှု၊ သွေးဆာမှုတို့ကို ဖော်ထုတ်ကာ အငမ်းရ သတ်ဖြတ်လိုသော ရည်ရွယ်ချက်နှင့် အတူ ပျံသန်းနေကြလေ၏။
ဝေ့ဝူယင်၏ နှလုံးသားထဲတွင် လေးနက်သော ခံစားချက် တစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ သူသည် နောက်ထပ် အဆင့်တစ်ခု ဖြစ်သည့် ချီပျစ်ခဲခြင်း အဆင့်ရှစ်၊ “ဝိညာဥ် ဆက်သွယ်ခြင်း” နှင့် ချိတ်ဆက် သွားသလို ယုံကြည်ချက်မျိုး ခံစားလိုက်ရသည်။
“ဝိညာဥ်နဲ့ နှလုံးသားကို တစ်ခုတည်း အဖြစ်ပေါင်း...”
ဝိညာဥ်သည် ဦးနှောက်တွင် တည်ရှိပြီး ချီနှလုံးသား၊ သို့မဟုတ် အမြုတေမှာမူ ဝမ်းဗိုက်ထဲတွင် တည်ရှိသည်။ ရှင်းရှင်းဆိုရလျှင် ထိုဖြစ်စဥ်ကား စိတ်နှင့် ခန္ဓာကို ပေါင်းစပ်ခြင်းပင် ဖြစ်သည်။
ချီပျစ်ခဲခြင်း ပထမ အဆင့်တွင်... စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်တို့ကို တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ ချီနှလုံးသားကို တည်ဆောက်ရသည်။ တတိယ အဆင့်တွင်မူ... အခြေခံ ဒြပ်စင်လေးမျိုးကို မွေးဖွားရသည်။ တဖန် ဆဋ္ဌမ အဆင့်၌ လောက၏ အင်အားများကို နားလည်ကာ အတူတကွ ပေါင်းစည်း၍ ယင်ယန် စွမ်းအားကို ထုတ်လုပ်ရသည်။
နားလည်မှု၏ နောက်ဆုံးအဆင့်ဖြစ်သည့် ချီပျစ်ခဲခြင်း အဆင့်ရှစ်တွင်မူ ဝိညာဥ်နှင့် အမြုတေတို့ကို တစ်ခုတည်း အဖြစ် ပေါင်းစည်းရသည်။ ထိုအဆင့်ကား အလွန်ခက်ခဲသည်ဟု ဆိုစမှတ် ပြုကြကာ သေမျိုး နတ်ဘုရား အများစု အလှမ်းမမှီသော အဆင့် တစ်ခု ဖြစ်ပေသည်။ ထို”ဝိညာဥ် ဆက်သွယ်”ခြင်း အဆင့်သို့ ခြေချမိသူတိုင်းမှာ ကြီးကျယ် မြင့်မြတ်သည့် “နတ်ဘုရား အရှင်”များ ဖြစ်လာကြသည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ငွေရောင် တဖျပ်ဖျပ် တောက်ပသွား၏။
“အဲဒီလောက်ပဲလား...”
ဝေ့ဝူယင်သည် “ဝိညာဥ် ဆက်သွယ်ခြင်း” သို့ တက်လှမ်းနိုင်မည့် အခြေအနေများကို တွေးရင်း သိပ်မခက်ခဲ ဟု ယူဆလိုက်မိသည်။ ပြောရလျှင် သူ ထိုအရာကိုပင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့မှာ သူ့ခေတ် သူ့အခါ၌ အဘယ်ကြောင့် အလွန်အမင်း ကျော်ကြားရသနည်း။ အဘယ်ကြောင့် နတ်ဘုရား ဧကရာဇ်ဘွဲ့ကို ခံယူနိုင်ခဲ့သနည်း။ အဘယ်ကြောင့် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်သည် အထိ လူများမှာ သူ၏ အရိုက်အရာကို မဆက်ခံနိုင်ခဲ့သနည်း။
ထိုအကြောင်းရင်းအားလုံးကား... သူ ပိုင်ဆိုင်ထားသည့် ဆန်းကြယ် ချီနှလုံးသားမှာ အလွန် ဆန်းကြယ်လွန်းသောကြောင့်ပင် ဖြစ်သည်။ ၎င်းသည် အထူးထူးသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ထိုအထဲမှ တစ်ခုကား အမြုတေနှင့် ဝိညာဥ်တို့ကို မွေးရာပါစွမ်းရည်များဖြင့် ပြီးပြည့်စုံလုနီးပါး ပေါင်းစပ်နိုင်စွမ်းပင် ဖြစ်လေသည်။
ဒုန်း... ဒုန်း...
လောကသည် စတင် တုန်ရီလာ၏။ ဝေ့ဝူယင် မတ်တပ်ရပ်လိုက်ချိန်၌ သူ၏ ဉာဏ်အလင်းမှာ နှစ်ခုပေါင်းခြင်း လေးကို နားလည်သွားသည့် ကလေး တစ်ယောက် အလား ကြည်လင်နေသည်။ ဝိညာဥ်ပေါင်းစပ်ခြင်း အဆင့်မှာ လွယ်ကူ ရိုးရှင်းလွန်းလှသည်။ မည်သည့် လွဲချော်နိုင်မှုမှ မရှိနိုင်ချေ။
သူ ချီနှလုံးသား နှစ်ခုကို လှမ်းကြည့်လိုက်ရာ ၎င်းတို့ထံမှ အသွင်ပြောင်းလဲသည့် အရှိန်အဝါများကို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးများက ထူးခြားစွာ တောက်ပသွားသည်။ ၎င်းတို့၏ ပတ်လည်တွင် မည်သည့် မုန်တိုင်းမျှ မရှိတော့ပဲ အဖြူရောင်မြူနှင်းနှင့် ဆေဘာဓားတစ်စင်း အဖြစ်သာ ကျန်ရစ်တော့သည်။ အင်အားကြီးလွန်းသော ဝိညာဥ်စွမ်းအားများသည် ၎င်းတို့ဆီက ထွက်ပေါ်နေ၏။
သူ၏ ဝိညာဥ်များကား ကိုယ်စားပြုရာ အမြုတေများထဲသို့ အသီးသီး ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ၎င်းတို့သည် အမြုတေများနှင့် တစ်ခုတည်း တစ်သားတည်း ဖြစ်နေကြပြီ ဖြစ်လေသည်။
ဝေ့ဝူယင်၏ ဝိညာဥ်အာရုံသည် လျှင်မြန်စွာပင် ပြန့်ကားလာ၏။
တစ် ကီလိုမီတာ...
သုံး ကီလိုမီတာ...
သုံးဆယ် ကီလိုမီတာ...
ခြောက်ဆယ့်ခြောက် ကီလိုမီတာ...
ဤသို့ဖြင့် ဝေ့ဝူယင်သည် ထိုအဝိုက်အဝန်း အတွင်းရှိ အရာအားလုံးကို တွေ့မြင်နိုင်၊ ခံစားနိုင်လာခဲ့လေတော့၏။
***