← Chapters

တစ်ယောက်လာရင် တစ်ယောက်

Vol. 6 Ch. 72

တစ်ယောက်လာရင် တစ်ယောက်

Vol. 6 Ch. 72

ဝေ့ဝူယင်သည် အရာရာကို ရှင်းလင်း ပြတ်သားစွာ တွေ့မြင်နေရသည်။

ကြမ်းကြားရှိ ပုရွက်ဆိတ်လေး တစ်ကောင်၏ အောက်စီဂျင် ရှူသွင်းမှု၊ မြစ်တစ်စင်း ကဲ့သို့ ရိုက်ခတ်နေသည့် သွေးစီးဆင်းမှု...

အရာရာမှာ ရှင်းလင်းနေ၏။ ထိုကြည်လင် ပြတ်သားမှုကား ယခင် သူပိုင်ဆိုင်ခဲ့သည့် ဝိညာဥ်အာရုံထက် အဆတစ်ရာမက သာလွန်လွန်းလှသည်။

ထိုအခိုက်၌ လောကကား ပွင့်ဟသွားသလိုပင်...။

ယခင်က မျက်စိကန်းနေခဲ့သော်လည်း ယခု သူ မြင်နိုင်နေပြီ ဖြစ်သည်။ လောက၏ အင်အားများကို သူမြင်နိုင်သည်။ ကြောက်မက်ဖွယ် ပိတ်ဆို့ထားသည့် ဝင်္ကပါများကို သူမြင်တွေ့နိုင်သည်။ ဝိညာဥ်အာရုံဖြင့် တိမ်များကို သူ ထိတွေ့နိုင်သည်။

“ဒါက ကျင့်ကြံခြင်း ဆိုတာရဲ့ အဓိပ္ပာယ်လား... လွတ်လပ်ခြင်းရဲ့ အဓိပ္ပာယ်ကို ငါခုမှ ရှာတွေ့တယ်”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများကား ဉာဏ်အလင်း၏ လွှမ်းခြုံမှုနှင့် အတူ ပိုမို တောက်ပလာနေခဲ့တော့သည်။

ရုတ်တရက်... သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်စ ဖြစ်ပေါ်လာ၏။ အရပ်မျက်နှာ တစ်ခုမှ လူတစ်စုမှာ သူ့ထံသို့ သားရဲများကို စီးနင်း၍ လာနေသည်ကို ဝိညာဥ်အာရုံမှ တစ်ဆင့် သူ တွေ့မြင်လိုက်ရသည် မဟုတ်ပါလား...။

ဝေ့ဝူယင် အာရုံစိုက်ကာ ထိုလူစုကို ကြည့်လိုက်သည်။

“ငါ သူတို့ ခန္ဓာကိုယ်တွေထဲမှာ ရှိတဲ့ လောကအင်အားကို မြင်နိုင်တယ်”

သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ အကြည့်တစ်ချက်ဖြင့်ပင် မည်သူက သေမျိုး နတ်ဘုရား ဖြစ်သည်၊ မည်သူက ယန်ဖွံ့ဖြိုးခြင်း အဆင့် ဖြစ်သည်ကို သူ ဆုံးဖြတ်နိုင်နေပြီ ဖြစ်သည်။

“သူတို့ရဲ့ ကျင့်ကြံခြင်း အခြေခံတွေတင် မဟုတ်ဘူး... သူတို့ ကိုယ်က ဖြာထွက်နေတဲ့ ဒြပ်စင်ရောင်ဝါတွေကို ကြည့်ပြီး ဘယ်အဆင့်မြင့် ဒြပ်စင်တွေ မွေးဖွားထားလဲ ဆိုတာ ငါပြောနိုင်နေပြီ”

ကိုယ်ပိုင်အစွမ်းများကို ပိုမို ရှာဖွေ တွေ့ရှိလေလေ ဝေ့ဝူယင်မှာ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာနေခဲ့သည်။ ထိုပိုင်းခြားသိမြင်နိုင်စွမ်းကား အလွန်ပင် အသုံးဝင်လွန်းသည်။

အသက်ပြင်းပြင်း ရှူရင်း ဝေ့ဝူယင် ချီနှလုံးသား နှစ်ခုကို ဆန်းစစ်လိုက်၏။ မြင်တွေ့လိုက်ရသော အပြောင်းအလဲကြောင့် သူ၏ မျက်လုံးများက ဝင်းလက်သွားသည်။ ချီနှလုံးသားများမှာ မတည်ရှိတော့ချေ။ ကျင့်ကြံခြင်း အခြေခံ မြင့်တက်လာခြင်းနှင့် အတူ ၎င်းတို့ နေရာတွင် ဆင့်ကဲပြောင်းလဲမှု တစ်ခုက အစားထိုးသွားခဲ့ချေပြီ။

“ဆန်းကြယ် ချီ ဝိညာဥ်တွေ...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ ညွှန်ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဆန်းကြယ် ချီဝိညာဥ်နှစ်ခုမှာ ခန္ဓာကိုယ် အတွင်း ပြန်လည် ဝင်ရောက်သွားသည်။ ယခုတစ်ကြိမ်၌ သူတို့သည် ပါးစပ်မှ တစ်ဆင့် မဟုတ်ပဲ တစ္ဆေများ သဖွယ် ခန္ဓာကိုယ်ကို တိုက်ရိုက် ထွင်းဖောက်ကာ ဝင်ရောက် သွားကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ထျန်းတျန်များ အတွင်း ပုံမှန်အတိုင်း နေရာပြန်လည် ယူလိုက်ကြ၏။

ဝေ့ဝူယင်မှာ ချက်ချင်းပင် ပို၍ အစွမ်းထက်လာသလို ခံစားလိုက်ရသည်။

“နတ်ဘုရား အရှင်အဆင့်... ဟားဟား...”

သူ ပျော်ရွှင်စွာ ရယ်မောလိုက်၏။ ထိုအခိုက်၌ သူသည် သူ့ကိုယ်သူ အလွန် အစွမ်းထက်သည်ဟု ယုံကြည်နေမိ၏။ ထိုအရာကား “နတ်ဘုရားတစ်ပါး” ကဲ့သို့ ခံစားချက်ပင်။

"ပိုင်လင်...”

ဝေ့ဝူယင် ပိုင်လင်ကို ဆက်သွယ်လိုက်သည်။ သူမသည် ချက်ချင်းပင် နားလည်ကာ အတောင်ပံကို ဖယ်ရှားလျှက် ဘေးသို့ ဖယ်ပေးလိုက်၏။

ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများက ကျိုးပဲ့နေသည့် တံခါးကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။

“ဒီမှာစောင့်နေ... ငါ အညောင်းအညာ သွားဖြေလိုက်ဦးမယ်”

အလွန်အမင်း ယုံကြည်မှု တစ်ခုက သူ၏ နှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့လေသည်။ သူအပြင်သို့ လမ်းလျှောက်ကာ ထွက်သွားလိုက်၏။ မကြာခင်တွင်... စုလင်းယာ ခေါင်းဆောင်သော လူဆယ့်တစ်ယောက်ပါ အုပ်စုမှာ သူ့အိမ်ရှေ့သို့ ရောက်ရှိလာခဲ့လေတော့သည်။

စုလင်းယာ၏ မျက်လုံးများက သုန်မှုန်နေသည်။ သို့သော်လည်း သူမ ဘာလုပ်ရမည်ကို သူမ သိထားသည်။ ဝေ့ဝူယင်သည် လတ်တလော၌ ချီပျစ်ခဲခြင်း အဆင့်ခုနစ်သို့ ခြေချနိုင်ခဲ့ပုံ ပေါ်သည်။ ထိုအဆင့်တွင် ဆယ်စုနှစ်နှင့် ချီ၍ နေထိုင်ခဲ့သော ကျင့်ကြံသူ တစ်ယောက်အဖြေင့် သူမ ကိုယ်ပိုင်စွမ်းရည် အပေါ် ယုံကြည်မှုများ ရှိသည်။ သေမျိုးနတ်ဘုရား ဆယ်ယောက်၏ ထပ်မံ ပံ့ပိုးမှုက ထိုယုံကြည်ချက်ကို ပို၍ ခိုင်မာစေသည်။

“အိုး...”

ဝေ့ဝူယင် လူဆယ့်တစ်ယောက် အုပ်စုထံမှ အကြည့်ကို ရုတ်သိမ်းကာ မနီးမဝေးရှိ အစက်အပျောက် တစ်ခုကို လှမ်းကြည့်လိုက်သည်။ ထွက်ပေါ်နေသော အရောင်အဝါများကို ကြည့်ကာ ထိုပုဂ္ဂိုလ်က မည်သူဖြစ်ကြောင်း သူ တန်းကာ သိလိုက်သည်။

“ဟမ်...”

အရှင်မမေ့မှာ ဝေ့ဝူယင် သူမ ထံသို့ လှမ်းကြည့်နေသည်ကို မြင်ရသော အခါ အံ့သြသွား၏။ ကျင့်ကြံခြင်း အဆင့် တိုးလာခြင်းက ထိုကောင်လေး၏ ဝိညာဥ်အာရုံကို ထိုမျှ အားကောင်းလာစေသည်လား။ သူမ၏ စိတ်က ထင့်ခနဲ ဖြစ်သွားခဲ့၏။

“ပြောချင်ပေမဲ့ ပြောခွင့်မသာခဲ့ဘူး...”

ဝေ့ဝူယင်က အရှင်မမေ့ ရပ်နေသည့် နေရာကို ကြည့်နေရင်း ပြောလိုက်သည်။ သူ၏ အသံမှာ မကျယ်သည့်တိုင် လေက သူမထံသို့ ရောက်အောင် သယ်ဆောင်သွားခဲ့၏။

“မေ့မေ့ကို ကယ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်”

အရှင်မမေ့မှာ ငြိမ်သက်နေ၏။ သူမ၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွားသော်လည်း မည်သို့မျှ ပြန်မပြောချေ။

ဝေ့ဝူယင် ခေါင်းအား ခါကာ စုလင်းယာတို့ အုပ်စုဘက် ပြန်လှည့်လိုက်သည်။ သူက လက်စွပ်ထဲရှိ သူ ကိုယ်တိုင် ဖော်စပ်ထားသော အဆင့်မြင့် ဆေးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲထည့် စုပ်ယူလိုက်၏။ ထို့နောက် အသက်ပြင်းပြင်းရှူကာ စောင့်ဆိုင်းနေလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

စုလင်းယာတို့မှာ အရှိန်အဝါများကို ဖော်ထုတ်လိုက်ကြ၏။ သူတို့ စီးနင်းလာသည့် သားရဲများမှာမူ ပြင်းထန်သည့် တိုက်ပွဲတစ်ခု မကြာခင် ဖြစ်ပွားတော့မည် ဖြစ်ကြောင်း သဘောပေါက်ကြရာ လျှင်မြန်စွာပင် အခြား နေရာများသို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ထို့အတူ ပိုင်လင်သည်လည်း အဆောက်အဦ၏ နောက်ဖက်တွင် သွားရောက် ပုန်းအောင်း နေခဲ့သည်။

စုလင်းယာက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူမ၏ နောက်ရှိ အရပ်ပုပု၊ မုတ်ဆိတ် ထူလပျစ်နှင့် မဟာ အကြီးအကဲ တစ်ယောက်က ရှေ့သို့ တက်လာကာ အော်ဟစ်လိုက်၏။

“ဝေ့ဝူယင်... ဂိုဏ်းက မင်းရဲ့ နောက်ကြောင်း ရာဇဝင်ကို ပြန်လည် စစ်ဆေးတဲ့ အရာ ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ထားတာ တွေ့လိုက်ရတယ်... ဂိုဏ်းက မင်းအတွက် အကြီးအကျယ် အရှက်ရရတယ်... လူသတ်မှုတွေ အပါအဝင် အတွင်းစည်း တပည့် ချူးရန်ကို လက်စဖျောက်ပစ်တာတွေ၊ စစ်ပွဲမှာ အကျဥ်းသား သုံ့ပန်းတွေကို လွှတ်ပေးမှုတွေ၊ အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ပျက်ကွက်တာတွေ... မင်း ကျူးလွန်ခဲ့တာတွေက ရေတွက်လို့ မရနိုင်အောင် များနေပြီ”

“မင်းကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြီးပြီ... တကယ်လို့ မင်းဘက်က မနာခံဘူး ဆိုရင် မင်းနဲ့ ပူးပေါင်းခဲ့သူတွေ အကုန်လုံးကိုပါ အရေးယူဖို့ ငါတို့ ပြန်ပြီး စဥ်းစားရမယ်”

ဝေ့ဝူယင် အေးစက်စက် ရယ်မောလိုက်မိသည်။ အထူးသဖြင့် နောက်ဆုံး စကားက သူ၏ ဒေါသအား အပ်ဖျားကဲ့သို့ ထိုးဆွနေ၏။

သူ အာခံလျှင် သူ၏ နောက်လိုက်ဖြစ်သူများကိုပါ သတ်မည် ဟု ဆိုသည်။ သို့သော်... သူ အေးအေးဆေးဆေး အဖမ်းခံလျှင်ရော သူတို့ကို လွှတ်ပေးပါမည်လော။ မဖြစ်နိုင်ချေ။ နောက်ဆက်တွဲ ပြဿနာများ ဆက်လက် မဖြစ်ပွားစေရန် သူတို့ အကုန်လုံးကို ကွပ်မျက်ပစ်လိမ့်မည် ဖြစ်သည်။ ကျူပင်ခုတ်လျှင် ကျူငုတ်ကို ချန်ထား၍ မရချေ။

ရက်စက်ကြမ်းကြုပ်သည့်တိုင် ထိုအရာက ကျင့်ကြံခြင်းလောက၏ ပြဿနာ ဖြေရှင်းသည့် ပုံစံပင်။

သို့ဖြစ်လေရာ... ဝေ့ဝူယင်တွင် နောက်ဆုတ်စရာလမ်း မရှိတော့ချေ။ သူ၏ လုပ်ရပ်မှန်သမျှမှာ မိတ်ဆွေများနှင့် မိသားစုကို ထိခိုက်စေပေလိမ့်မည်။

ထို့ကြောင့်ပင် သူ့တွင် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိသည်။

တိုက်ခိုက်ရန်ပင်...

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ရေခဲအလား အေးစက်နေ၏။ တစ်ချိန်တည်း၌ အလွန်အမင်း တည်ငြိမ်နေသည်။

“ပထမဆုံး တက်လာတဲ့သူ ပထမဆုံး သေရမယ်...”

“ဘာ...”

မဟာ အကြီးအကဲများမှာ ဒေါသများ ထွက်သွားကြသည်။

အောက်နှုတ်ခမ်းထက်၌ လှပသော အမှတ်အသား တစ်ခုရှိသည့် အသက်လတ် အမျိုးသမီးက သတ်ဖြတ်လိုစိတ် ပြည့်နေသော မျက်လုံးများဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“ဝေ့ဝူယင်... နင်ကျူးလွန်ထားတဲ့ ပြစ်မှုတွေက အများကြီးပဲ... ဒါပေမဲ့ တစ်ချိန်က အကျိုးဆောင်ခဲ့တာကို ငဲ့ညှာပြီး အေးအေးဆေးဆေး အဖမ်းခံခိုင်းဖို့ပဲ ငါတို့ ဆုံးဖြတ်ခဲ့တယ်... နင်က ဂိုဏ်းရဲ့ အမိန့်ကို ဖီဆန်တဲ့ အပြင် ငါတို့ကိုပါ ပြန်ပြီး ခြိမ်းခြောက်ရဲတယ်ပေါ့...”

သူမ၏ စကားလုံးများက အခြား အကြီးအကဲများ၏ ဒေါသမီးကို လေပင့်ပေးလိုက်သလို ပို၍ တောက်လောင်သွားစေသည်။

သူတို့ကား ဝူတိုင်းပြည်တစ်လွှား ဖြန့်ကျက်ကာ ကျော်ကြားခဲ့ပြီးသော သေမျိုး နတ်ဘုရားများ ဖြစ်ကြသည်။ ထို့အပြင် ဤနေရာက သူတို့၏ ဂိုဏ်း၊ သူတို့၏မြေ ဖြစ်သည်။ ကလေး တစ်ယောက်မှ ခြိမ်းခြောက်တိုင်း ကြောက်ရအောင် သူတို့မှာ လူကြောက်များ မဟုတ်ချေ။

အကယ်၍ ဝေ့ဝူယင် မြင့်မြတ်သောချီ အဆင့်ကို ချိုးဖျက်ထားသည် ဆိုလျှင်ပင် သူ့တွင် ထိုကဲ့သို့ စကားပြောရန် အရည်အချင်း မရှိချေ။

“အကြောင်းပြချက် အမှန်က ဘာလဲဆိုတာ အကုန်လုံး သိတယ်... ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတဲ့ အပိုစကားတွေ ပြောမနေနဲ့... ငါ ဒီဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့တဲ့ အတွက် မင်းတို့ကို အမြဲ လေးစားခဲ့တယ်... ဒါပေမဲ့ ငါ့ကို ရန်သူ တစ်ယောက်လို ဆက်ဆံမယ် ဆိုရင်တော့ တစ်ယောက်လာရင် တစ်ယောက် သေရမယ်... နှစ်ယောက်လာရင် နှစ်ယောက် သေရမယ်”

ဝေ့ဝူယင်က တည်တည်ငြိမ်ငြိမ်ပင် ဆိုလိုက်သည်။ သူ၏ တည်ငြိမ်မှုနှင့် ယုံကြည်မှုရှိသော စကားလုံးများမှာ မဟာ အကြီးအကဲများ၏ နှလုံးသားများကို တုန်ရီသွားစေ၏။

“ရယ်ဖို့ ကောင်းလိုက်တာ...”

ယောကျားတစ်ယောက် ရှေ့သို့ တက်လာစည်။ သူသည် အခြားလူ အားလုံးထက် ပို၍ အသက်ကြီးဟန် ရကာ ကြေးဝါရောင် အသားအရေကို ပိုင်ဆိုင်ထား၏။

ပင်လယ်နက် တစ္ဆေ ရှုကွေ့...

သူကား နေသွေးနီနီဂိုဏ်း၏ သေမျိုး နတ်ဘုရား တစ်ပါးဖြစ်ကာ ရှုယန်၊ ရှုယင်တို့၏ ဘိုးဘေး တစ်ယောက် ဖြစ်သည်။ သူကား အလွန်ကျော်ကြားကာ ဂိုဏ်းထဲ၌ အစွမ်းထက်သူ တစ်ယောက် အဖြစ် သတ်မှတ် ခံထားရသည်။

“သေစမ်း..”

သူက အဝေးမှပင် ဝေ့ဝူယင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ဘုန်း...

ရုတ်တရက် အလွန်ကြီးမားလှသော အနက်ရောင် ရေလှိုင်းကြီး တစ်ခု ဖြစ်ပေါ်လာကာ လေထုကို ဝါးမျိုလျှက် ဝေ့ဝူယင်ထံ ခုန်အုပ်သွားသည်။ ၎င်းကား အဆင့်နိမ့် ရေအမတေ တစ်ခုဖြစ်သော အနက်ရောင်ရေ အမတေပင် ဖြစ်လေသည်။ အနက်ရောင်ရေအမတေသည် အလွန် သိပ်သည်း၍ အဆုံးမဲ့ကာ ရန်သူကို အဆက်မပြတ် ရိုက်ပုတ် သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ဝေ့ဝူယင် အေးစက်စွာ ပြုံးလိုက်၏။ မည်သည့် အကာအကွယ်ကိုမျှ မထုတ်ဖော်ပဲ မူလ နေရာတွင်သာ ရပ်ရင်း အနက်ရောင် ရေလှိုင်းကြီးကို သူ ဝါးမျိုခွင့် ပြုလိုက်သည်။

ဘုန်း...

လှိုင်းလုံးကြီးသည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ပေါ် ပြိုကျကာ ဖုံးအုပ်သွား၏။ အနက်ရောင် ရေများမှာ ချက်ချင်းပင် မီတာ သုံးရာကို လွှမ်းခြုံသွားသည်။ အရာအားလုံးကား အနက်ရောင် အတိ ဖြစ်နေလေရာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကိုပင် မတွေ့မြင်ရတော့ချေ။

“ဟား... ဟား... မင်းက ကလေးပဲ ရှိသေးပါတယ်ကွာ...”

ရှုကွေ့၏ မျက်လုံးများမှာ လှောင်ပြောင်မှုများ၊ အားရမှုများနှင့် ပြည့်နှက်နေသည်။ သူကား နှစ်ရာနှင့်ချီကာ လေ့ကျင့်ထားသည့် သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်သည်။ ဝေ့ဝူယင်လို ကလေး တစ်ယောက်က သူ့အား မည်ကဲ့သို့ ယှဥ်နိုင်မည်နည်း။

“ဟုတ်လား...”

အေးစက်စက် အသံနှင့် အတူ အနက်ရောင်ရေများမှာ ထပ်ခြမ်းကွဲသွားကာ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ဝေ့ဝူယင်၏ အင်္ကျီများကား ရေတစ်စက်ပင် စိုနေခြင်း မရှိချေ။

“ဟမ့်... အစစ်အမှန် စွမ်းအားက ခုမှ လာမှာ”

ရှုကွေ့မှာ သူ၏ တိုက်ခိုက်မှု မအောင်မြင်သောကြောင့် ဒေါသထွက်သွားကာ ခက်ရင်းခွ တစ်ခုကို ဆွဲထုတ်လိုက်၏။

ထိုလက်နက်ကို ဆန့်တန်းရင်း လျှပ်စီးတန်း တစ်ခု အလား ဝေ့ဝူယင်ထံ သူ ပြေးဝင်သွား၏။

ရွှစ်...

ရုတ်တရက် လေတိုးသလို အသံတစ်ချက် ကြားလိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသည်။ လေထဲ၌ သူ၏ ခေါင်းက ချာချာလည်သွားရာ ကြေးဝါရောင် ခန္ဓာကိုယ် တစ်ခုကို တွေ့လိုက်ရ၏။

“ဘာလို့ ငါ့ခန္ဓာကိုယ်က အဲဒီကို ရောက်နေတာလဲ...”

ထိုအရာကား သူ၏ နောက်ဆုံး အတွေးပင်...။

ထို့နောက်တွင် ရုတ်တရက် ကမ္ဘာကြီးမှာ ပိုမို မှောင်မိုက်လာကာ သူ အရာ အားလုံးနှင့် အဆက်ပြတ် သွာလေတော့သည်။

***

All Chapters