ဂိုဏ်းမှ ထွက်ခွာခြင်း
Vol. 6 Ch. 73
“ ...”
မြေပြင်ပေါ်သို့ ခေါင်းတစ်ခြား၊ ကိုယ်တစ်ခြား ပြုတ်ကျသွားသော ရှုကွေ့ကို ကြည့်ကာ တိတ်ဆိတ်မှု လှိုင်းတစ်ခုမှာ မွေးဖွားလာ၏။
“ဘယ်သူလာဦးမလဲ...”
ဝေ့ဝူယင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မဟာ အကြီးအကဲ အုပ်စုထံ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများက သေခြင်းတရားကို ဖိတ်ခေါ်နေသည့် အလား အေးစက်ကာ ခံစားချက် ကင်းမဲ့နေ၏။
"မင်း... မင်း... နတ်ဘုရားရှုကို သတ်လိုက်တယ်...”
မဟာ အကြီးအကဲတစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ သူတို့ ဘာကိုမှ သေသေချာချာ မမြင်လိုက်ရချေ။ ပထမဆုံး လေထဲတွင် သတ္တုသံ တစ်ချက် ကြားရသည်။ ထို့နောက် ရှုကွေ့၏ လည်ပင်း၌ အနီစင်းတစ်ခု ပေါ်လာကာ ခေါင်းပြတ်ထွက်သွားသည်။ ရုတ်ချည်း ဖြစ်ပျက်သွားသော ထိုအပြောင်းအလဲက သူတို့၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့၏။
ရှုကွေ့၏ ပထမ တိုက်ခိုက်မှု၌... ဝေ့ဝူယင်သည် မိမိ၏ ခံနိုင်ရည်ကို သိလိုသောကြောင့် မည်သို့မျှ မခုခံပဲ နေခဲ့ခြင်း ဖြစ်သည်။ ထိုအနက်ရောင် ရေလှိုင်းများသည် သာမန် ကျင့်ကြံသူများအား ကိုယ်လက် အင်္ဂါများ ပြတ်ထွက်ကာ ရုပ်ပျက်ဆင်းပျက် သေစေနိုင်သည် အထိ အစွမ်းထက်ကြောင်း သူ ကြားဖူးထားသည်။
သို့သော်လည်း... လက်တွေ့ရင်ဆိုင်ရသော အချိန်၌ သူ့အတွက် သာမန်ရေတစ်စက်လောက်ပင် ဖိအား မများခဲ့ချေ။
ရှုကွေ့ ဒုတိယ အကြိမ် တိုက်ခိုက်လာသော အချိန်တွင်မူ ဝေ့ဝူယင် အချိန်ဖြုန်းရန် ထပ်မံ စိတ်မပါတော့ချေ။ ထို့ကြောင့်ပင် သူသည် သတ္တုချီနှင့် ဆေဘာချီကို ရောနှော၍ ပစ်လွှတ်ကာ လည်ပင်းအား ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ သေမျိုး နတ်ဘုရား တစ်ယောက်ကို သတ်ဖြတ်ရခြင်းကား သူ့အတွက် လွယ်ကူလွန်းလှ၏။
အချိန် အတန်ကြာသည်အထိ တစ်ယောက်မှ ရှေ့သို့ ထွက်မလာသည်ကို တွေ့သောအခါ ဝေ့ဝူယင်က ခေါင်းအား ခါယမ်းလိုက်၏။
“မင်းတို့ အားလုံးက ငါ့ပြိုင်ဘက်တွေ မဟုတ်တော့ဘူး... ငါ့ကို ဖမ်းချင်ရင် ဝူရှင်းဟောင် ကိုယ်တိုင် ထွက်လာမှ ဖြစ်နိုင်လိမ့်မယ်”
သူ၏ အသံက တည်ငြိမ်ကာ မောက်မာခြင်းတို့နှင့် ပြည့်နှက်နေသည်။ ထိုကဲ့သို့ပြောရန် သူ့တွင် အရည်အချင်း ရှိသည်။
အရှင်းလင်းဆုံး ဆိုရလျှင် နေသွေးနီနီတောင်မှ ထွက်သွားရန်မှာ ဝေ့ဝူယင် အတွက် လုံးဝ မခက်ခဲတော့ချေ။ သူ ဤနေရာတွင် ဆက်နေနေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အစွမ်းအစ တချို့ ထုတ်ဖော်ပြသရန် ဖြစ်သည်။ သို့မှသာ... သူ၏ မိတ်ဆွေများ၊ မိသားစုများ ရန်ရှာခံရခြင်းမှ ကင်းဝေးပေလိမ့်မည် ဖြစ်သည်။
သူ၏ ဝိညာဥ်အာရုံသည် ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွားကာ မျက်လုံးများက နေသွေးနီနီ နန်းတော်ဆီသို့ လှမ်းကြည့်လိုက်၏။ ထိုနန်းတော်ထဲတွင် အမျိုးမျိုးသော ဝိညာဥ် ဝင်္ကပါများ၊ ချီအစီအရင်များ ဖုံးလွှမ်းနေသည့် အခန်းတစ်ခု ရှိပေသည်။ အခြားလူများ အနေဖြင့် မည်သို့မျှ ထိုးဖောက်ရန် လုံးဝ မဖြစ်နိုင်သော်လည်း ဝေ့ဝူယင်၏ ဝိညာဥ်အာရုံကမူ ချောချောမွေ့မွေ့ပင် ဝင်ရောက်သွား၏။
သူသည် သားမွေးခုတင် တစ်ခုပေါ်၌ လှဲလျောင်းနေသည့် အရိုးပေါ် အရေတင် ပိန်လှီ ဖြူဖျော့သော အဘိုးအို တစ်ဦးကို တွေ့လိုက်ရသည်။ ထိုအဘိုးအို၏ အသက်ရှူသံများမှာ လေးလံနေကာ အသက် အင်အားမှာ သတိထားမိနိုင်သော အရှိန်နှင့်အတူ လျော့ကျနေသည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။
ထိုအဘိုးအိုကား... ဝူရှင်းဟောင်ပင်။
“သူ ဘာဖြစ်သွားတာလဲ...”
ဝေ့ဝူယင် နေသွေးနီနီဂိုဏ်းကို ပြန်လာစဥ်က ထိုအဘိုးအိုကို မြင်တွေ့ခဲ့ရသည်။ ယခင်ကလို ကျန်းမာဆဲ၊ ဖျပ်လတ်သန်စွမ်းဆဲ၊ အစွမ်းထက်ဆဲ...။
ဝေ့ဝူယင် သေချာပြန်၍ တွေးလိုက်မိ၏။ နံရံများမှ အခိုးအငွေ့များ အဖြစ် စီးထွက်လာသည့် ဝူရှင်းဟောင်မှာ အစီအရင်တစ်ခုခုဖြင့် ဖန်တီးထားခြင်း ဖြစ်နေမည်လော။ သို့မဟုတ် ကိုယ်ပွားတစ်ခုများလော။
ဝေ့ဝူယင် သူ့ရှေ့ရှိ အုပ်စုကို လှမ်းကြည့်လိုက်၏။ မဟာ အကြီးအကဲများ၏ မျက်နှာများမှာ အကျဥ်းတန်နေကာ စုလင်းယာမှာ သုန်မှုန်နေသည်။ သူမ၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုများမှာ ဖုံးကွယ်၍ မရနိုင်ချေ။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်မိ၏။ အမြဲလိုလို သတ္တိရှိသော ဂိုဏ်းချုပ်မှာ အဘယ်ကြောင့် အိပ်မက်ဆိုး တစ်ခုထဲ ဆင်းသက်ရသလို ကြောက်လန့်နေရသနည်း။ အကယ်၍ ဝူရှင်းဟောင် ထွက်မလာနိုင်လျှင်ပင် သူမတွင် နေသွေးနီနီတောင် မဟာ ဝင်္ကပါ အပါအဝင် မရေမတွက်နိုင်သော ချီအစီအရင်များ ရှိပေသေးသည်။ ထိုအရာများကား နှစ်ပေါင်းရာချီ တည်တံ့ခဲ့သည့် အမွေအနှစ်များ ဖြစ်သည်။ ဝေ့ဝူယင်သည် နေသွေးနီနီဂိုဏ်း၏ အင်အားကို ဘယ်တော့မှ အထင်မသေးခဲ့ချေ။
“ဟူး... ဟူး...”
ဝေ့ဝူယင် ဝိညာဥ်အာရုံကို စေလွှတ်ကာ နေသွေးနီနီတောင်အား ထိုးဖောက်လျှက် အမတေ အထိ ဝင်ရောက်စေလိုက်သည်။ လမ်းတစ်လျှောက်၌ မည်သည့် အရာကမှ သူ့အား တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ အမတေ အတွင်းသို့ ရောက်သည်နှင့် ဝေ့ဝူယင်သည် အစိတ်စိတ် အမွှာမွှာ ကွဲအက်နေသည့် ချီကျောက်တုံးများနှင့် ကျောက်တိုင်များကို တွေ့လိုက်ရသည်။
ဝေ့ဝူယင် အတွင်းပိုင်းဆီသို့ ထပ်မံ ဝင်ရောက်ကြည့်လိုက်ရာ သွေးချီများကို ထုတ်လွှတ်နေသည့် သွေးရောင် အမတေ လှိုင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာကား ဂိုဏ်း၏ ဗဟိုချက်မပင် ဖြစ်ပြီး နေသွေးနီနီတောင် တစ်ချိန်လုံး သွေးရောင်တောက်ပနေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ... ၎င်းမှာ နောက်ဆုံးထွက်သက်သို့ ရောက်နေသည့်အလား မှေးမှိန်ကာ သွေးရောင်အလင်း ခပ်ဖျော့ဖျော့ကိုသာ ထုတ်လွှတ်နေခဲ့သည်။
“မဟာ ဝင်္ကပါက ထိခိုက်နေပြီး ချီအစီအရင်တွေလည်း ဖျက်ဆီးခံထားရတယ်... တောင်ရဲ့ ဗဟိုချက်မ စွမ်းအားရင်မြစ်ကလည်း ဆုတ်ယုတ်နေပြီ... ဘာတွေ ဖြစ်ကုန်တာလဲ”
ဝေ့ဝူယင် ထိုအရာများကို ယခင်က သတိထားမိခဲ့ခြင်း မရှိချေ။ သို့သော်လည်း... နေသွေးနီနီတောင်၏ ရောင်ဝါမှာ လွန်ခဲ့သော ဆယ်နှစ်ကနှင့် ယှဥ်လျှင် သိသိသာသာ လျော့နည်းနေကြောင်း သူ ပြန်ရောက်ခါစကပင် သတိထားမိခဲ့သည်။
သူ ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုအရာက ကောင်းကင်၏ ကံကြမ္မာလော။ လောက၏ စီးဆင်းမှု အတိုင်းဆိုလျှင် နေသွေးနီနီဂိုဏ်းသည် လွန်ခဲ့သော ဆယ်နှစ်ကပင် ကပ်ဘေးဖြင့် ပျက်စီးသွားရမည် ဖြစ်သည်။ ထိုစဥ်က ဝေ့ဝူယင်သည် ကပ်ဘေးကို ပြောင်းလဲပစ်ခဲ့သည်။
ယခုတစ်ဖန် ဆယ်နှစ်ကြာပြီးနောက်၌ နေသွေးနီနီဂိုဏ်းသည် သူတို့ ရင်ဆိုင်ရန် မဖြစ်နိုင်သည့် ရန်သူကို ထပ်မံ စော်ကားခဲ့ပြန်သည်။
ဝေ့ဝူယင်သာ ဆန္ဒရှိလျှင် နေသွေးနီနီဂိုဏ်း တစ်ခုလုံးကို သုတ်သင်ကာ စည်းစိမ် ပိုင်ဆိုင်မှု အားလုံးကို လုယူနိုင်သည်။ အရှင်မမေ့သည် နေသွေးနီနီဂိုဏ်း အပေါ် နက်ရှိုင်းသော သံယောဇဥ် မရှိကြောင်း သူ သတိထားမိသည်။ သူမမှာ မေ့မေ့နှင့် နှစ်ဖက် အကျိုးအမြတ်အတွက်ကြောင့်သာ ပူးပေါင်းခဲ့ခြင်း ဖြစ်နိုင်သည်။ သို့ဖြစ်ရာ စစ်စတင် ဖြစ်ပွားသည်နှင့် အသေအကြေတိုက်မည့် အစား မေ့မေ့ကိုသာ ခေါ်ကာ ထွက်သွားပေလိမ့်မည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက်ချကာ စုလင်းယာ၏ မျက်နှာကို ကြည့်လိုက်၏။
“ခင်ဗျားရဲ့ အခြေခံက အားနည်းတယ်... နောက် ခင်ဗျားရဲ့ နတ်ဘုရား အရှင်ကလည်း တစ်ဝက်သေနေပြီ... ဒါတောင် ကျုပ်ကို သတ်ချင်တုန်းလား...”
“ဘာ... တစ်ဝက်သေတယ်... အားနည်းတယ်”
မဟာ အကြီးအကဲများမှာ အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။ သူတို့သည် စိတ်ရှုပ်ထွေးခြင်း၊ မယုံကြည်ခြင်းတို့ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဂိုဏ်းချုပ်နှင့် သူတို့၏ အခြေခံက အားနည်းသည် ထားဦး။ ဘိုးဘေး အကြီးအကဲမှာ နေကောင်း ကျန်းမာနေဆဲ မဟုတ်ပါလား။ မည်ကဲ့သို့ တစ်ဝက်သေရမည်နည်း။
သို့သော်လည်း စုလင်းယာ၏ တုန်လှုပ်ချောက်ချား နေသော အမူအရာကို မြင်ရသောအခါ သူတို့၏ စိတ်များမှာ ဟာလာဟင်းလင်း ဖြစ်သွားသည်။ သူမ၏ မှေးမှိန်သော မျက်လုံးများက ထိုအကြောင်းအရာ မှန်ကန်ကြောင်း ပြောပြနေသည်။
“မဖြစ်နိုင်တာ...”
မဟာ အကြီးအကဲ တစ်ယောက်က ခေါင်းခါလိုက်၏။ အရှင်မမေ့၏ နှလုံးသားမှာလည်း တုန်ယင်သွားခဲ့သည်။
“သူ တွေ့သွားပြီလား...”
အခြားလူများနှင့် ခြားနားစွာပင် သူမသည် ဇာတ်လမ်းအပြည့်အစုံကို သိရှိထားခဲ့သည်။ ဝေ့ဝူယင်၏ ရှာဖွေ တွေ့ရှိမှုက သူမကို အံ့အားသင့်စေ၏။
“မင်းတို့က ငါ့ကို သတ်ဖို့ လာခဲ့ကြတာ ဆိုမှတော့ ငါကလည်း မင်းတို့ အားလုံးကို သင်ခန်းစာ တစ်ခု ပြန်ပေးရတာပေါ့”
ဝေ့ဝူယင်က ပြုံးကာ ရှေ့သို့ တိုးလိုက်၏။ သူ၏ အလျင်က လျှပ်စီးတန်း တစ်ခုအလား တဒင်္ဂအတွင်းမှာပင် မဟာ အကြီးအကဲ အုပ်စု၏ ရှေ့၌ ပြန်ပေါ်လာခဲ့သည်။ သူနှင့် အနီးဆုံး တစ်ယောက်မှာ သူ့အား အစောပိုင်း၌ ပြစ်မှုများဖြင့် ခြိမ်းခြောက်ခဲ့သော အသက်လတ် မိန်းမကြီးပင် ဖြစ်လေ၏။
ဘုန်း...
ဝေ့ဝူယင် လက်သီးဖြင့် ထိုမိန်းမကြီး၏ ဝမ်းဗိုက်ကို ထိုးလိုက်၏။ သူမ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စဥ်၍ မြေပြင်ပေါ် ကျကာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ ဖုန်များ မဆဲပေးခင်ပင် ဝေ့ဝူယင်၏ ခြေထောကမှာ အခြား မဟာ အကြီးအကဲ တစ်ဦးပေါ် ကျရောက်သွားပြန်၏။ ထို့နောက် ဆက်ကာဆက်ကာဖြင့်...
ဘုန်း... ဘုန်း... ဘုန်း....
တစ်မိနစ်မျှ မကြာလိုက်ခင် အချိန်ကလေး အတွင်းမှာပင် စုလင်းယာမှ လွဲ၍ အခြားလူအားလုံးကား မြေပြင်ပေါ်တွင် ဒဏ်ရာများဖြင့် လဲလျောင်းနေခဲ့ရပြီ ဖြစ်လေသည်။ နာကျင်စွာ ငြီးငြူသံများမှာ နေရာအနှံ့ ဖုံးလွှမ်းနေ၏။
စုလင်းယာက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူမ၏ လှပသော ဖီးနစ် မျက်လုံးများတွင် ကြောက်ရွံ့မှုများ၊ လေးလံမှုများ ရှိမနေတော့ချေ။
“နင် အရွယ်ရောက်လာပြီပဲ...”
နောက်ဆုံး၌ နေသွေးနီနီဂိုဏ်းချုပ်ကား ဝေ့ဝူယင်မှာ သူမထက် အစစ အရာရာ သာလွန်နေပြီ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူမက သက်ပြင်းတစ်ချက် ချလိုက်၏။ ချီပျစ်ခဲခြင်း အဆင့်ရှစ် နတ်ဘုရား အရှင် တစ်ယောက်ကို သူမ၏ လက်ရှိ အင်အား၊ ဂိုဏ်း၏ လက်ရှိ ခွန်အားဖြင့် မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။
တစ်ချိန်တည်း၌ ဝေ့ဝူယင်တွင်လည်း စိုးရိမ်မှု တစ်ချို့ ရှိနေဆဲ ဖြစ်သည်။ သူကား ယခုမှ ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ခြေချခါစ ဖြစ်သည်။ သူ၏ ဝိညာဥ်နှင့် အမြုတေ ပေါင်းစည်းမှုမှာ ကာလရှည်ကြာ ကျင့်ကြံသူများ ကဲ့သို့ လုံးဝ တစ်သားတည်း မကျသေးချေ။
အကယ်၍ အရှင်မမေ့က တိုက်ပွဲအတွင်း ပါဝင်ရန် ဆုံးဖြတ်ခဲ့လျှင်၊ ဝူရှင်းဟောင်က နည်းလမ်းတစ်မျိုးမျိုးဖြင့် သူ့အား တိုက်ခိုက်လာလျှင်... အရာရာက ပိုမို ခက်ခဲသွားနိုင်သည်။ နတ်ဘုရား အရှင် နှစ်ယောက်ကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်ရန် သူ့တွင် ယုံကြည်ချက် အပြည့်အဝ မရှိချေ။ ထို့ကြောင့်ပင် ပြဿနာကို ခပ်မြန်မြန် အစဖြတ်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။
“ကျုပ် ခင်ဗျားကို မသတ်တော့ဘူး... ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ လုပ်ရပ်က ကိုယ့်ရင်သွေး ကောင်းဖို့ အတွက် ဆိုတော့ အပြစ်လို့ မဆိုနိုင်ဘူး... ဒါပေမဲ့ ကျုပ်ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေကို တစ်နည်းနည်းနဲ့ အခက်တွေ့အောင် လုပ်မယ် ဆိုရင်တော့ နေသွေးနီနီဂိုဏ်းဆီ ကျုပ်ပြန်လာမယ်... ဂိုဏ်းသား တစ်ယောက်ချင်းစီကို သတ်ပြီး သူတို့ရဲ့ မိသားစု၊ မျိုးနွယ်တွေ အထိ တစ်ယောက်မှ ချမ်းသာမပေးဘူး... အကုန် သွေးချောင်းစီးစေရမယ်”
ဝေ့ဝူယင်က ပြတ်သားသော လေသံဖြင့် ဆိုလိုက်၏။ သူ လိမ်ညာနေခြင်း မဟုတ်ချေ။ ထိုအရာက သူ၏ ရည်ရွယ်ချက် ဖြစ်၏။
စုလင်းယာက ဝေ့ဝူယင်ကို ပြန်လည် ကြည့်၏။ သူမ၏ မျက်လုံးများက ကြောက်လန့်ခြင်း ကင်းမဲ့ကာ သေခြင်းတရားကို လက်ခံရန် အဆင်သင့် ဖြစ်နေပုံ ရသည်။ လတ်တလော အဖြစ်အပျက်များကြောင့် သူမ၏ စိတ်ခံစားမှုများမှာ ယိုယွင်းသွားပုံရသည်။ သို့သော်လည်း... သူမ၏ မျက်ဝန်းအနက်ပိုင်းတွင်မူ မောပန်းနွမ်းနယ်နေသည့် အလင်းရောင်လေး တစ်စ တည်ရှိနေခဲ့လေသည်။
ရွှီ...
စုလင်းယာအား လစ်လျူရင်း ဝေ့ဝူယင် ပိုင်လင်ကို ခေါ်လိုက်သည်။ ပိုင်လင်သည် ချက်ချင်းပင် အဆောက်အဦ နောက်မှ ပျံတက်လာကာ ဝေ့ဝူယင်၏ ခေါင်းပေါ် ဝဲလာ၏။ တစ်ချက်ခုန်ရုံဖြင့်ပင် ဝေ့ဝူယင် ပိုင်လင်၏ ကျောပေါ် အံဝင်ခွင်ကျ ရောက်ရှိသွားသည်။
သူက အောက်သို့ ငုံ့ကာ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားသည့် အရှင်မမေ့အား လှမ်းကြည့်လိုက်၏။ သူမကား တစ်ကမ္ဘာလုံး၏ ရူးသွပ်မှုကို ယူဆောင်နိုင်သည့် လှပသော အပြုံးအား ဆင်မြန်းထားဆဲ ဖြစ်သည်။ အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ခဲ့ရသည့် အဖြစ်အပျက် အားလုံး၏ ပဲ့ကိုင်ရှင်ကား ထိုမိန်းမပင် ဖြစ်သည်။
အကယ်၍ မေ့မေ့ အပေါ် ထားရှိခဲ့ဖူးသည့် လက်ကျန် လေးစားမှုများနှင့်၊ ထိုမိန်းမ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်တို့ကြောင့်သာ မဟုတ်ပါက သူ ထိုမျှ လွယ်လွယ် ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။
“သွားကြစို့...”
ဝေ့ဝူယင် အမိန့်ပေးလိုက်၏။ မည်သို့ပင် ဆိုစေ... သားရဲဂူထဲမှ အနိုင်နှင့် ပိုင်းကာ ထွက်လာနိုင်သည့် ရလဒ်ကို သူ ကျေနပ်မိနေမိလေတော့သည်။
***