အပြင်ခန္ဓာကိုယ်အဆင့် ဖောက်ထွက်ခြင်း
Vol. 83 Ch. 1149
သို့သော်... အစိမ်းရောင်အမျှင်အတန်းများ အဆက်မပြတ် ပေါ်ပေါက်လာနေကြသည့်တိုင်အောင် မီးဖိုကြီးထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များအားလုံးကို စုပ်ယူပြီးမှသာ ဝဲကြီးတစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။ အကယ်၍ ထို ဝဲကြီး ပေါ်ပေါက်လာခြင်း မရှိပါက ဆွဲငင်အားများလည် ရှိနေမည် မဟုတ်ပေ။
ထို ဆွဲငင်အားများ မရှိပါက အစိမ်းရောင်အမျှင်အတန်းများအား စုပ်ယူနိုင်ရန် အချိန်အများကြီး ပေးရမည် ဖြစ်သည်။ အခြား အခြေအနေတစ်ခုခုတွင်သာ ဆိုပါက ကိစ္စမရှိပါသော်လည်း လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ထူးဆန်းသော နေရာကြီးတစ်ခုသို့ ရောက်နေသလို အင်အားကြီးအဖွဲ့အစည်းများ၏ ကျင့်ကြံသူများအားလုံးမှာလည်း အသိစိတ်ပျောက်ကာ ရူးသွပ်နေကြသည် မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး ကျင့်ကြံသူများ ထုတ်လွှတ်လိုက်ကြသည့် နတ်ဘုရားစွမ်းရည်များကို ထပ်၍ ရှောင်တိမ်းလိုက်ပြန်သည်။ ထို့နောက် သူသည် မီးဖိုထဲမှ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များအား စုပ်ယူနေသည့်အမြန်နှုန်းကို မြှင့်တင်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးမှာလည်း ပို၍ပင် အကြည်ရောင်သန်းလာတော့သည်။
သို့သော် ထိုအချိန်တွင် ကလေးမလေး၏ ခပ်တိုးတိုး စကားသံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ နောက်ထပ်တစ်ကြိမ်ထပ်၍ ပဲ့တင်ထပ်သွား၏။
" ဦးလေး၊ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ပဲ ရတာနော်... ဦးလေး ကြိုးစားဖို့လိုတယ်။ အဲဒီ အချိန် ကုန်သွားရင် သမီး လွှမ်းခြုံပေးထားတဲ့ အထူးအခွင့်အရေးကြီးက ပူဖောင်းတစ်လုံး ပေါက်သလို ဖောင်းခနဲ ပေါက်သွားမှာ "
" အဲလို ဖြစ်သွားရင် ဦးလေးလည်း သေသွားမှာ " ကလေးမလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် တခစ်ခစ် ရယ်မောလိုက်၏။ သူမ၏ ရယ်မောသံများမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပြည့်နှက်သွားသည်။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း ဤနေရာထဲမှ အပြင်ဘက်သို့ ဖောက်ထွက်နိုင်စွမ်းမရှိပါက အမှန်တကယ်ပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ခံစားလိုက်ရ၏။
" ငါ့ကို လာပြီးတော့ လှည့်စားမနေနဲ့ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး ထို ကလေးမလေးမှာ မည်သူ ဖြစ်နိုင်သနည်းဟု စဉ်းစားကြည့်လိုက်၏။ ထို့အပြင် သူသည် ထို ကလေးမလေးမှာ သူ ကြယ်သုဿာန်ထဲ၌ တွေ့ခဲ့ရသည့် ကလေးမလေး ဟုတ်မဟုတ်ကိုပင် သေသေချာချာ မသိသေးပေ။
မည်သို့ပင်ဆိုစေကာမူ သူ ဖြစ်နိုင်ခြေစာရင်းထဲမှ အရင်ဆုံး ထုတ်ပယ်လိုက်သည့်သူမှာ ကျိယွဲ့ဖြစ်သည်။
ကျိယွဲ့၏ နောက်ကြောင်းရာဇဝင်မှာ မည်မျှပင် အံ့ဩဖွယ်ရာကောင်းနေစေကာမူ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ သူမအား အာရုံမခံမိစရာအကြောင်းမရှိဟု ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။ သို့ဖြစ်ရာ ထိုကလေးမလေးမှာ ကျိယွဲ့ မဖြစ်နိုင်ပေ။
သွေးရောင်ကင်းခြေများကြီးဆိုသည့် ဖြစ်နိုင်ခြေကိုမူ ဝမ်ပေါင်လဲ့မှာ ယတိပြတ် ဆုံးဖြတ်နိုင်စွမ်းမရှိဘဲဖြစ်နေရ၏။ သူ ထိုအကြောင်းများ စဉ်းစားတွေတောနေစဉ် ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ ပို၍ပင် သွေးရူးသွေးတန်း ဖြစ်လာကြသည်။ အထူးသဖြင့် ငွေရောင်နဂါးကြီးတစ်ကောင်အား ဆင့်ခေါ်ထားသည့် အမျိုးသမီး၏ တိုက်ကွက်များမှာဆိုလျှင် ပို၍ပင် အစွမ်းထက်လာသဖြင့် ၎င်းတို့အား ရင်ဆိုင်ရသည်မှာ ပို၍ပင်ခက်ခဲလာသည်။ သူမသည် ငွေရောင်အမျှင်အတန်းရှည်များအဖြစ် ပြောင်းလဲသွားပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာကြ၏။
ရှေးဟောင်းဓားငါးလက်အား ပိုင်ဆိုင်ထားသည့် လူငယ်လေးမှာဆိုလျှင် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ သူသည် သူ၏ ဓားငါးလက်ဖြင့် မတူညီသည့် အရပ်မျက်နှာငါးခုမှ တိုက်ခိုက်လိုက်သဖြင့် ဟင်းလင်းပြင်ကြီးမှာ စုတ်ပြဲသွားရ၏။ ထို့အပြင် အဆုံးမဲ့မင်းသားလည်း ရှိနေသေးသည်။ သူ၏ သတ်ဖြတ်စွမ်းအားမှာ အခြားနှစ်ယောက်လောက် အစွမ်းမထက်သည့်တိုင်အောင် သူသည် အဘက်ဘက်တွင် ပြီးပြည့်စုံမှုရှိနေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကြယ်နယ်မြေတစ်ပိုင်းအဆင့်နှင့်ပင် ယှဉ်၍ရနေပြီဖြစ်သည်။
ထို့ကြောင့် သူတို့သုံးယောက် တိုက်ခိုက်လိုက်သည့်အချိန်တိုင်း ဝမ်ပေါင်လဲ့မှာ နောက်သို့ ချက်ချင်းထွက်ပြေးဆုတ်ခွာ၍ သူတို့အား ရှောင်တိမ်းရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူသည် သူတို့အား မတိုက်ခိုက်နိုင်သည့်တော့မဟုတ်ပေ။ သို့သော် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး သူတို့အား အချိန်တိုလေးအတွင်း ချေမှုန်းနိုင်စွမ်း မရှိပါက သူ၏ ပတ်ပတ်လည်တွင် ဝိုင်းလာမည့် အခြား ထာဝရကြယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများကိုပါ တိုက်ခိုက်ရမည်ဖြစ်ရာ အခက်အခဲများနှင့် ကြုံတွေ့ရနိုင်ပေသည်။
" နောက်ထပ်နည်းလမ်းတစ်ခုတော့ ရှိသေးတယ်။ ငါ ပြောခဲ့တဲ့စကားကြောင့် တစ်ခုခု လွဲနေမှန်း ဂိုဏ်းတူအစ်ကိုကြီး သတိထားမိသွားလောက်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ ထို့နောက် ပါရမီရှင်သုံးယောက် အတူတကွပူးပေါင်းကာ သူ့အား တိုက်ခိုက်လိုက်ကြသည့် အချိန်တွင် သူသည် သူ၏ ညာဘက်လက်ကို မြှောက်၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ နောက်တွင် ကြယ်မြေပုံကြီး ပေါ်ပေါက်လာသည်။ နတ်နွားကြီး၏ ပုံရိပ်မှာလည်း အသံကုန်အော်ဟစ်ကာ ရှေ့သို့ ပြေးထွက်သွား၏။
ထို့ကြောင့် မိုခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများမှာ ကောင်းကင်ယံထဲ၌ ပြည့်နှက်သွားပြီး အားကောင်းသော တုန်ခါမှုလှိုင်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ၎င်းတို့မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်နှင့် လူအုပ်ကြီးမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး လူအချို့မှာဆိုလျှင် သွေးများအန်ထွက်လာကြ၏။
သို့သော် ဝမ်ပေါင်လဲ့မှာလည်း စွမ်းအင်အမြောက်များ အသုံးပြုလိုက်ရ၏။ ထို့ကြောင့် သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်သို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွားသည်။ ထို့နောက် သူသည် သူနှင့် မီးဖိုတစ်လုံး ကြားရှိ အချိတ်အဆက်အား စိတ်ဓာတ်ပြတ်သားစွာ ဖြတ်တောက်ပစ်လိုက်ပြီး အခြားမီးဖိုတစ်လုံးအပေါ်တွင်သာ အာရုံအပြည့်စိုက်လိုက်၏။ ထို့ကြောင့် စုပ်ယူအားများမှာ ရုတ်တရက်ဆိုသလို ပို၍ အားကောင်းလာသည်။ ထိုအချိန်တွင် သူသည် အံကြိတ်ကာ သူ၏ ဓားအိမ်လေးအား အသက်သွင်းလိုက်၏။ ထိုအခါ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာ ထို ဓားအိမ်လေးထဲသို့ ဒလဟော စီးဝင်သွားကြတော့သည်။
သူသည် ထို မီးဖိုထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များ၏ တစ်ဝက်ခန့် စုပ်ယူပြီးသွားပြီဖြစ်ကြောင်း အာရုံခံမိနေသည်။ အကယ်၍ ၎င်းတို့အားလုံးကို စုပ်ယူလိုပါက အသက်ရှုကြိမ် အကြိမ်သုံးဆယ်ဝန်းကျင် လိုအပ်မည်ဖြစ်သည်။
" အသက်ရှူကြိမ် အကြိမ်သုံးဆယ် " ဝမ်ပေါင်လဲ့မှာ အရပ်မျက်နှာအနှံ့မှနေ၍ သူ့ဆီသို့ ဦးတည်လာနေကြသည့် တိုက်ကွက်များအားလုံးကို မျက်လုံးနီကြီးများဖြင့် ကြည့်လိုက်၏။ ထို့နောက် သူ၏ နောက်တွင် ဧရာမ နတ်ဆိုးမျက်လုံးကြီးတစ်လုံး ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။
ထို နတ်ဆိုးမျက်လုံးကြီးမှာ ရုတ်ချည်းဆိုသလိုပွင့်လာပြီး အနက်ရောင် အလင်းရောင်လှိုင်းများကို ထုတ်လွှတ်လိုက်၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေကြသည့် ကျင့်ကြံသူများအား တုန်လှုပ်ချောက်ချားသွားစေသည့် စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားကြသောကြောင့် သူတို့အားလုံးမှာ ရပ်တန့်သွားကြသည်။
ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲတွင်မူ စူးရှသော နာကျင်မှုလှိုင်းများဖြင့် ပြည့်နှက်သွားသည်။ သူသည် နတ်ဆိုးမျက်လုံးပညာရပ်အား အစွမ်းကုန်အသုံးပြု၍ ၎င်း၏ စွမ်းအားများကို လူပေါင်းများစွာပေါ်သို့ လွှမ်းခြုံသွားစေလိုက်သည် မဟုတ်ပါလော။ ထို့ကြောင့် သူ ထို နာကျင်မှုများခံစားလိုက်ရသည်နှင့် သူ၏နောက်တွင် ရှိနေသည့် နတ်ဆိုးမျက်လုံးကြီးပေါ်တွင်လည်း အက်ကွဲကြောင်းများ ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ အချိန်အကြာကြီး ဆက်၍ တောင့်ခံထားနိုင်မည့်ပုံ မပေါ်ပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကိစ္စများအကြောင်း တွေးပူနေစရာ အချိန်မရှိပေ။ ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများ ခြေလှမ်းများ ရပ်တန့်သွားသည်နှင့် သူ၏ ပတ်ပတ်လည်တွင် ပုံရိပ်ယောင်များ ပေါ်ပေါက်လာကြ၏။ ထို့နောက် သူ၏ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံးမှာ ကိုယ်ပွားကိုးခုအသွင် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်လာကြပြီး ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများဆီသို့ ပြေးသွားကြတော့သည်။
ကြယ်မြေပုံကြီးထဲရှိ အထူးဂြိုဟ် အလုံးတစ်သောင်းကျော်မှာလည်း အပြင်ဘက်၌ ပေါ်ပေါက်လာပြီး ကိုယ်ပွားများအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ပြေးထွက်သွားကြသည်။ ၎င်းတို့မှာ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံးဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများနှင့် သူ၏ ခန္ဓာကိုယ်အစစ်တို့အား ယှဉ်နိုင်စွမ်း မရှိသည့်တိုင်အောင် တိုက်ရည်ခိုက်ရည်စွမ်းအား အဆင့်အတန်းတစ်ခုအထိ ပိုင်ဆိုင်ထားကြဆဲပင်။ ၎င်းတို့မှာ ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများအား အပြည့်အဝ ဖိနှိပ်ချုပ်တည်းထားနိုင်စွမ်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံကာ သူ့အတွက် အချိန်ဆွဲပေးထားနိုင်ပေသည်။
အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများ နတ်ဆိုးမျက်လုံးပညာရပ်၏ အချုပ်အနှောင်အောက်မှ လွတ်မြောက်လာသည်နှင့် ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် တိုက်ပွဲကြီးတစ်ခု စတင်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် သူ့အတွက် အချိန်ဆွဲပေးရန် ကြိုးစားနေကြသည့် ကိုယ်ပွားများ ရှိနေကြသည်။ ယခုတွင် သူသည် စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော်ခန့် စုပ်ယူပြီးသွားပြီဖြစ်သည်။
သူ၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပနေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ သူ၏ ဘေးနားတစ်ဝိုက်ရှိ လူတိုင်းမှာ စိတ်ညှို့ခံလိုက်ရသကဲ့သို့ ဖြစ်သွားသောကြောင့်သာ သူ့အား တိုက်ခိုက်နေကြခြင်း ဖြစ်ပါသော်လည်း သူ၏ သတ်ဖြတ်လိုစိတ်များမှာမူ အားကောင်းနေဆဲပင်။
သူသည် သူ၏ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံး၏ ကိုယ်ပွားများ အစွမ်းကုန်ထုတ်ကာ အစွမ်းအထက်ဆုံး ပါရမီရှင်သုံးယောက်၏ တိုက်ကွက်များကို ခုခံတွန်းလှန်ရင်း နောက်သို့ အဆက်မပြတ် တွန်းထုတ်ခံနေရသည်ကို မြင်နေရသည်။ ထို့နောက် ထိုကိုယ်ပွားများမှာ တစ်ခုပြီးတစ်ခု တစ်စစီ ကြေမွပျက်စီးသွားကြ၏။ ၎င်းတို့မှာ အတူတကွ ပြန်လည် စုဝေးသွားကြသည့်တိုင်အောင် ၎င်းတို့၏ အတွင်းပိုင်းထဲ၌ ရှိနေသော တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်များမှာမူ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
အကယ်၍ ၎င်းတို့သာ ပေါက်ကွဲသွားမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ဒဏ်ရာအပြင်းအထန် ရသွားမည်ဖြစ်သည်။
အထူးဂြိုဟ် အလုံးတစ်သောင်းကျော်ထဲမှ ဂြိုဟ်ပေါင်းများစွာမှာဆိုလျှင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများမှာ သွေးရူးသွေးတန်း တိုက်ခိုက်နေကြသလို မကြာခဏဆိုသလို သူတိုကိုယ်သူတို့ ဖောက်ခွဲပစ်ခဲ့ကြသည် မဟုတ်ပါလော။ သူတို့ ပေါက်ကွဲသွားကြသည့်အချိန်တိုင်း အထူးဂြိုဟ်များဖြင့် ဖန်တီးထားသည့် ကိုယ်ပွားအချို့မှာ ပျက်စီးသွားကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များမှာမူ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာ၏။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲ၌ ရှိနေသည့် ဓားအိမ်လေးမှာ အန္တရာယ်များကို အာရုံမိလိုက်သည့်ပုံပင်။ ၎င်းမှာ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များအား ပို၍ပင် လျင်မြန်စွာ စုပ်ယူနေပြီဖြစ်သည်။
ရှစ်ဆယ်ရာခိုင်နှုန်း...ကိုးဆယ်ရာခိုင်နှုန်း...
ဝမ်ပေါင်လဲ့တစ်ယောက် မီးဖိုကြီးထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များ၏ ကိုးဆယ်ရာခိုင်နှုန်းခန့် စုပ်ယူပြီးသွားချိန်တွင် သူ၏ အထူးဂြိုဟ် အလုံးတစ်သောင်းကျော်ဖြင့် ဖန်တီးထားသည့် ကာကွယ်ရေးတပ်ကြီးမှာ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူခုနစ်ယောက်၊ ရှစ်ယောက်၏ အဆက်မပြတ် ဖောက်ခွဲမှုများကြောင့် ဖျက်ဆီးချေမှုန်းခံလိုက်ရတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မလှုပ်မယှက်ရပ်ကာ တာအိုဂါထာတော်အား ရွတ်ဖတ်လိုက်၏။
ခဏအကြာတွင် အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူဆယ်ယောက်ကျော်မှာ မျက်ဝန်းနီကြီးများဖြင့် မီးဖိုကြီးဆီသို့ ဦးတည်လာကြ၏။ ၎င်းတို့ အနီးသို့ရောက်လာချိန်တွင် တာအိုဂါထာတော်၏ စွမ်းအားများ ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ရာ ဖိအားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသောကြောင့် ထိိုကျင့်ကြံသူများအားလုံးမှာ အပြင်းအထန် တုန်ရီသွားကြသည်။ အခြားကျင့်ကြံသူများမှာလည်း ထိုဖိအားကြီး၏ ပြင်းအားများကို ခံစားလိုက်ရသည်သာဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများမှာ ထို အခြေအနေအား အခွင့်ကောင်းယူ၍ တန်ပြန်တိုက်စစ် စတင်လိုက်ကြ၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိ နေသည့် ဓားအိမ်လေးမှာ မီးဖိုထဲ၌ ကျန်ရှိနေသေးသည့် နောက်ဆုံး စည်းမျဉ်းဥပဒေသ အကျိုးအပဲ့ ဆယ်ရာခိုင်နှုန်းအား စုပ်ယူပြီးသွားပြီ ဖြစ်သည်။
ဓားအိမ်လေး မီးဖိုထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များအားလုံးကို စုပ်ယူပြီးသွားသည်နှင့် ၎င်းထဲ၌ ဧရာမဝဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ အာကာသတွင်းနက်ကြီးတစ်ခုနှင့် တူနေပြီး ကြောက်မက်ဖွယ်ရာ ဆွဲငင်အားများကို ထုတ်လွှတ်လိုက်သည်။ ထို့ကြောင့် အစိမ်းရောင်အမျှင်အတန်း တစ်သိန်းကျော်မှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဖြင့် ဦးတည်လာတော့သည်။
တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း...
အစိမ်းရောင်အမျှင်အတန်း အမြောက်အမြားမှာ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းကာ မီးဖိုထဲ၌ ပေါ်ပေါက်လာပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြ၏။ ဓားအိမ်လေးမှာ ၎င်းတို့အား အငမ်းမရ စုပ်ယူလိုက်ပြီး သူ၏ အပြင်ခန္ဓာကိုယ်အတွက် အထောက်အကူပြုသော အငွေ့အသက်များကို ပြန်လည်ထုတ်လွှတ်ပေးလိုက်သဖြင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာလည်း တိုးတက်လာတော့သည်။
ထိုအချိန်တွင် တာအိုဂါထာတော်၏ စွမ်းအားများ ပျောက်ကွယ်သွားသဖြင့် ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ အစိမ်းရောင်အမျှင်အတန်း အခုရေ ရှစ်သောင်းကျော်ခန့် စုပ်ယူပြီးသွားပြီ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်သွားတော့သည်။
ထာဝရကြယ်ထိပ်ဆုံးအဆင့် အပြင်ခန္ဓာကိုယ်စွမ်းအားမှာ နဂိုကတည်းက အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ကြယ်ပေါင်းမြောက်မြားအား ပိုင်ဆိုင်ထားသေးသည် မဟုတ်ပါလော။ ထိုအချိန်တွင် သူ၏ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ် ကိုးလုံးနှင့် ပျက်စီးသွားခြင်းမရှိသေးသည့် အထူးဂြိုဟ်များမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာတော့သည်။
ထိုမျှသာမက တစ်စစီ ကြေမွပျက်စီးသွားခဲ့ကြပြီး အလင်းရောင် အစက်အပြောက်လေးများအဖြစ် ပြောင်းလဲသွားကြသည့် အထူးဂြိုဟ်များမှာလည်း အတူတကွ ပြန်လည်စုစည်းသွားကြပြီး အထူးဂြိုဟ်အသစ်များအဖြစ် ပြန်လည် ပေါ်ပေါက်လာတော့မည့်ပုံပင်။
" ကဲ။ အခု ငါ့ဘက်က ပြန်ပြီးတော့ တိုက်ခိုက်ရမယ့် အချိန်ရောက်ပြီ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွား၏။ သူ အစိမ်းရောင်အမျှင်အတန်းများအား အဆက်မပြတ် စုပ်ယူခဲ့သဖြင့် သူ၏ အပြင်ခန္ဓာကိုယ် အဆင့်ဖောက်ထွက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲတွင် အဆုံးမရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် တင်ပျဉ်ခွေထိုင်နေရာမှ မတ်တတ်ထလာပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တော့သည်။
ထိုအခါ သူ၏ ခြေထောက်အောက်တွင်ရှိနေသည့် အာကာသကောင်းကင်ကြီးမှာ ကြေမွပျက်စီးသွားသလို သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် လေထုကြီးမှာလည်း တွန့်လိမ်ပုံပျက်သွားသည်။ ထို့နောက် သူသည် ကျင့်ကြံသူနှစ်ယောက်၏ ရှေ့၌ ပြန်လည် ပေါ်ပေါက်လာပြီး လက်သီးနှစ်ဖက်စလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ထိုးနှက်လိုက်တော့သည်။