အမှောင်ဂိုဏ်း မပျက်စီးသရွေ့ ဧကရာဇ်ကြီး ပေါ်လာမှာမဟုတ်ဘူး
Vol. 83 Ch. 1150
အုန်း၊ အုန်း
ထို ပါရမီရှင် နှစ်ယောက်စလုံးမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြသည့် ကျင့်ကြံသူများဖြစ်ကြပေသည်။ သို့သော် သူတို့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာမူ ဝမ်ပေါင်လဲ့နှင့် အဆင့်မတူကြပေ။ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ် စွမ်းအားမှာ အားကောင်းလွန်းနေသလို သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း ထိုနည်းတူပင်။ ထို့အပြင် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကိုပါ ထည့်တွက်လိုက်မည်ဆိုပါက သူသည် နတ်ဘုရားစွမ်းရည်များနှင့် မန္တန်များ ထုတ်သုံးခြင်းမရှိလျှင်တောင် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအား တစ်မျိုးတည်းနဲ့ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အား တုန်ရီသွားအောင် ပြုလုပ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
ထို့ကြောင့် အုန်းခနဲ အသံကျယ်ကြီးများ ထွက်ပေါ်လာပြီး ထို ပါရမီရှင်နှစ်ယောက်၏ ခန္ဓာကိုယ်များမှာ ချက်ချင်းပေါက်ကွဲသွားကြ၏။ သူတို့မှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သည့် စွမ်းအားတစ်မျိုး သူတို့၏ ခန္ဓာကိုယ်များအား ရိုက်ခတ်သွားသည်ကိုသာ ခံစားမိလိုက်သည်။ တစ်အောင့်ခန့်အကြာတွင် သူတို့၏ အပြင်ခန္ဓာကိုယ်များမှာ ပေါက်ကွဲသွားသဖြင့် သူတို့မှာ နာကျင်မှုများကိုပင် မခံစားလိုက်ရပေ။ သူတို့၏ ဝိညာဉ်များမှာလည်း ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိပေ။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ စွမ်းအားများကြောင့် တစ်စစီ ပေါက်ကွဲပျက်စီးသွားကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ အစမှအဆုံးအထိ ရပ်တန့်သွားခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ အခြား ပါရမီရှင်တစ်ယောက်အား ဝင်တိုက်လိုက်၏။ ထိုပါရမီရှင်မှာ သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။ သူသည် မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည့်တိုင်အောင် မသိစိတ်မှနေ၍ ရှောင်တိမ်းနိုင်ရန် ကြိုးစားလိုက်ဆဲပင်။ သို့သော်လည်း နောက်ကျသွားပြီဖြစ်သည်။
တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ ထို သက်လတ်ပိုင်းလူကြီးအား ဝင်တိုက်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွား၏။ ဝမ်ပေါင်လဲ့မှာ ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်ပါသော်လည်း ထိုအချိန်တွင် အဆုံးမဲ့မင်းသား၊ ငွေရောင်နဂါး အမျိုးသမီးနှင့် ဓာတ်ကြီးငါးပါး ကိန်းအောင်းနေသည့် ရှေးဟောင်းဓားငါးလက်အား ပိုင်ဆိုင်ထားသော လူငယ်လေးတို့မှာ သူ၏ ကိုယ်ပွားများ၏ ဝန်းရံခြင်းကို ခံထားရပါသော်လည်း ရုတ်တရက်ဆိုသလို မှုန်ဝါးဝါး ဖြစ်သွားကြ၏။ သို့ဖြစ်ရာ ထူးဆန်းသော စွမ်းအားတစ်မျိုးမှာ သူတို့အားလွှမ်းခြုံသွားပြီး ဝမ်ပေါင်လဲ့၏ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်များဖြင့် ဖန်တီးထားသော ကိုယ်ပွားများ၏ ကြားမှ လွတ်မြောက်လာအောင် ကူညီပေးလိုက်သကဲ့သို့ပင်။ ထိုသို့ဖြင့် သူတို့သုံးယောက်မှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာကြတော့သည်။
သူတို့မှာ ထိုသို့ပေါ်ပေါက်လာကြသည်နှင့် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချက်ချင်းတိုက်ခိုက်လိုက်ကြ၏။
ငွေရောင်နဂါးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည့် အမျိုးသမီးမှာ မျက်ဝန်းများအေးစက်စွာတောက်ပနေသည်။ သူမသည် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သဖြင့် ထို ငွေရောင်နဂါးကြီးမှာ ချက်ချင်းဆိုသလိုပင် အနီရောင်ပြောင်းသွားသည်။ ၎င်းမှာ ခေါင်းမော့ကာ အော်ဟစ်မြည်တမ်းလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာ၏။
ရှေးဟောင်းဓားငါးလက် ပိုင်ဆိုင်ထားသည့် လူငယ်လေးမှာလည်း ထိုနည်းသူပင်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများ ထောင်မတ်လာသည်နှင့် ရှေးဟောင်းဓားငါးလက်မှာ ငါးလက်မှ ဆယ်လက်၊ ဆယ်လက်မှ အလက်နှစ်ဆယ် အစရှိသဖြင့် ပွားများလာ၏။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ရှေးဟောင်းဓား အလက်ရေတစ်ထောင်ကျော် ပေါ်ပေါက်လာကြပြီး ကောင်းကင်ကြီးအား ဖုံးလွှမ်းကာ အရပ်မျက်နှာအနှံ့မှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
အဆုံးမဲ့မင်းသားမှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်အစစ်အား ထုတ်သုံးလိုက်၏။ သူ၏ ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပေါ်ပေါက်လာသည်နှင့် သူသည် လေပေါ်သို့ ခုန်တက်သွားသည်။ ထို့နောက် သူသည် ဦးခေါင်းတစ်လုံးနှင့် လက်နှစ်ဖက်အား စတေးကာ ဧရာမ လက်ဖဝါးအချုပ်အနှောင်ကြီးတစ်ခု ဖန်တီးလိုက်ပြီး ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်သွားစေလိုက်တော့သည်။
သူတို့ သုံးယောက်စလုံးမှာ တမူထူးခြားကြပေသည်။ ပြင်ပကမ္ဘာထဲတွင်ဆိုလျှင် သူတို့တစ်ယောက်ချင်းစီတိုင်းမှာ အခြားသောပါရမီရှင်များကိုပင် ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေမည်ဖြစ်ပြီး ဒုတိယအဆင့်ထက်ပင် ပို၍ သာလွန်နေကြမည် ဖြစ်သည်။ ပထမအဆင့် ပါရမီရှင်များပင်လျှင် သူတို့အား အလွယ်တကူ အနိုင်ယူနိုင်ကြမည်မဟုတ်ပေ။
ယခုတွင် သူတို့မှာ အသိစိတ်ပျောက်ကာ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နေကြ၏။ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီး သူသည် သူတို့သုံးယောက်စလုံးအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိနေသည့်တိုင်အောင်... ဤနေရာတွင် လျှို့ဝှက်ဆန်းကြယ်သည့် ကလေးမလေး ရှိနေသေးသည် မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး နောက်သို့ ဆုတ်ခွာသွားလိုက်၏။ ထိုအခါ ထို ပါရမီရှင်သုံးယောက်မှာ သူ့ဆီသို့ ချက်ချင်းပြေးလာကြသည်။ သူတို့၏ ပတ်ပတ်လည်တွင် အနီရောင် နဂါးကြီးတစ်ကောင်နှင့် ရှေးဟောင်းဓား အလက်တစ်ထောင်ကျော် ရစ်ဝဲနေကြ၏။ ထိုအချိန်တွင် နောက်သို့ ဆုတ်ခွာသွားနေသည်ပုံ ပေါက်နေသော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရှေ့သို့ပြန်လှည့်လာပြီး ယခင်ကထက်ပင်ပို၍ မြန်ဆန်သည့် အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။
သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေရာမှာ ရုတ်တရက်ဆိုသလို ရှေ့သို့ ပြေးထွက်သွားသည်ဖြစ်ရာ သူ၏ အမြန်နှုန်းမှာ တစ်မုဟုတ်ချင်း ထိုးတက်သွား၏။ ထို့ကြောင့်လည်း သူ့အတွက် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသည်။ အကယ်၍ ထိုပါရမီရှင် သုံးယောက်သာ အသိစိတ် ရှိနေကြဦးမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော အခွင့်အရေးမျိုးအား အလွယ်တကူ အသုံးချနိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ အသုံးချနိုင်လောက်ပေသည်။
ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် သူသည် ထိုကဲ့သို့ တစ်မုဟုတ်ချင်း ထိုးတက်သွားသည့် အမြန်နှုန်းကို အသုံးချကာ အနီရောင်နဂါးကြီးနှင့် ရှေးဟောင်းဓားများကို ရှောင်တိမ်းလိုက်၏။ ထို့နောက် သူသည် အဆုံးမဲ့မင်းသား၏ လက်ဖဝါးအချုပ်အနှောင်ကြီး၏ ရှေ့တည့်တည့်တွင် ပြန်လည်ပေါ်ပေါက်လာသည်။ ထိုအခါ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အသံကုန်အော်ဟစ်ကာ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
ထိုအခါ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများ အားလုံးမှာ ပေါက်ကွဲထွက်ပေါ်လာ၏။ တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံးနှင့် အထူးဂြိုဟ် အလုံးရေတစ်သောင်းကျော်ဖြင့် ဖန်တီးထားသည့် ကိုယ်ပွားများပင်လျှင် ရှေ့သို့ အလျင်အမြန် ပြေးထွက်လာကြသည်။ ၎င်းတို့အားလုံး သက်ဆိုင်ရာ နေရာများဆီသို့ ပြန်ရောက်လာကြချိန်တွင် ဝမ်ပေါင်လဲ့၏ လက်သီးချက်ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန််ရီသွားတော့သည်။
ထိုအခါ ဟင်းလင်းပြင်ကြီးမှာ သိမ့်ခနဲ တုန်သွားပြီး အာကာသကောင်းကင်ကြီးမှာ စတင်ပျက်စီလာတော့သည်။ အဆုံးမဲ့ မင်းသား၏ လက်ဖဝါး အချုပ်အနှောင်ကြီးမှာလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ လက်သီးချက်ကြောင့် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ ပေတစ်ထောင်ကျော် လွင့်ထွက်သွားတော့သည်။ နောက်ဆုံးတွင် သူသည် ဟင်းလင်းပြင်ကြီးထဲရှိ မျက်လုံးဖြင့် မမြင်နိုင်သော အကာအရံကြီးတစ်ခုအား ဝင်တိုက်မိသွား၏။
ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး အဆုံးမဲ့မင်းသား၏ ပတ်ပတ်လည်တွင်ရှိနေသော ဟင်းလင်းပြင်ကြီးထဲ၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။ သို့ဖြစ်ရာ သူ၏ ပတ်ပတ်လည်တွင် အတားအဆီး အကာအရံကြီးတစ်ခု ရှိနေသကဲ့သို့ပင်။ ထို အကာအရံကြီး တုန်ရီသွားသောအခါ ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများ မှေးသွားသည်။
သူသည် ရှေ့သို့ ပြေးထွက်သွားရန် ပြင်နေခဲ့ပါသော်လည်း ထိုအခိုက်အတန့်တွင် သတိကြီးကြီးထားမိသွား၏။ သူ၏ ခန္ဓာကိုယ်မှာလည်း နောက်သို့ ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားသည်။ တစ်ချိန်ထဲမှာပင် သူသည် သစ်ရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး သူ ရှိနေခဲ့သည့်နေရာဆီသို့ လှမ်းပစ်လိုက်၏။
၎င်းမှာ မီးတောက်ခေါင်းဆောင်ကြီး ပေးထားသည့် လက်ဆောင်ဖြစ်သည့် သစ်ရွက်လေး ဖြစ်ပေသည်။ ၎င်းထဲတွင် ကြောက်မက်ဖွယ်ရာ ကျိန်စာတစ်ခု ကိန်းအောင်းနေ၏။
သူ နောက်သို့ ဆုတ်ခွာသွားပြီး ထို သစ်ရွက်အား ထုတ်ယူကာ လှမ်းပစ်လိုက်သည်နှင့် မကြာသေးမီတုန်းက သူ၏ ဦးခေါင်း ရှိနေခဲ့သည့်နေရာတွင် အနက်ရောင်အမျှင်အတန်းတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် ပြတ်တောက်သွားသည်။
ထို့နောက် ကလေးမလေးမှာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာ၏။ သို့သော် သူမသည် သစ်ရွက်လေးဆီမှ ထွက်ပေါ်လာသော ဖိနှိပ်ချုပ်တည်းအားများကို ရင်ဆိုင်လိုက်ရသည်။ ထို့ကြောင့် လေထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားပြီး ထိုကလေးမလေး၏ ခန္ဓာကိုယ်မှာလည်း အပြင်းအထန် တုန်ရီသွားတော့သည်။ သူမသည် မျက်နှာအမူအရာ ရှုံ့မဲ့သွားပြီး မျက်ဝန်းများထဲ၌ သူငယ်အိမ်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြ၏။ သာမန်လူတစ်ယောက်မှာ မျက်လုံးတစ်လုံးထဲတွင် သူငယ်အိမ်တစ်ခုသာ ရှိပါသော်လည်း ထို ကလေးမလေ၏ မျက်လုံးတစ်လုံးချင်းစီထဲတွင် အနည်းဆုံး သူငယ်အိမ် ခုနစ်ခု၊ ရှစ်ခုအထိ ရှိနေကြသည်။ ထို့ကြောင့်လည်း သူမအား မြင်လိုက်ရသူတိုင်းမှာ ရီဝေဝေဖြစ်ကာ ထိတ်လန့်ကြောက်ရွံ့သွားရမည်သာ ဖြစ်သည်။
ထို သူငယ်အိမ်များ ပေါ်ပေါက်လာသည်နှင့် ကလေးမလေးမှာ နာကျင်မှုဝေဒနာများကို ခံစားလိုက်ရသည့်အလား စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။ တစ်ချိန်ထဲမှာပင် အော်ဟစ်သံများနှင့် တူသည့် စကားသံအမျိုးမျိုးမှာ သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြသည်။
" အမှောင်ဂိုဏ်းကို ဖျက်ဆီးပစ်မှဖြစ်မယ် "
" အမှောင်ဂိုဏ်း... ကျောက်ပြားကြီးရဲ့ သဘာဝစည်းမျဥ်းဥပဒေသတွေကနေ ပေါ်ပေါက်လာတဲ့ အမှောင်ဂိုဏ်း... သူတို့တွေ ဒီကမ္ဘာကြီးထဲမှာ ရှိနေလို့မဖြစ်ဘူး "
" ဘာလို့လဲ။ အမှောင်ဂိုဏ်းက ကျောက်ပြားကမ္ဘာကြီးထဲမှာ ရှိနေခဲ့တာ မျိုးဆက်တွေအများကြီး ရှိနေပြီလေ။ ငါတို့ကြောင့်သာမဟုတ်ရင် ဒီကမ္ဘာကြီး ရှိနေမှာတောင် မဟုတ်ဘူး "
" အမှောင်ဂိုဏ်းကို မချေမှုန်းနိုင်ဘူးဆိုရင် ဧကရာဇ်ကြီးရဲ့ ခန္ဓာကိုယ် ပေါ်ပေါက်လာဖို့မလွယ်ဘူး။ ဧကရာဇ်ကြီးရဲ့ ခန္ဓာကိုယ် ပေါ်ပေါက်မလာဘူးဆိုရင်... ဒီကမ္ဘာကြီးက ဘယ်လိုလုပ်ပြီးတော့ ပြန်နိုင်မှာလဲ "
" ပြန်လာခဲ့၊ ပြန်လာခဲ့... ငါ ဆင့်ခေါ်သံတစ်သံကို ကြားနေရတယ်... အဆုံးမဲ့၊ ပြန်လာခဲ့။ အဆုံးမဲ့၊ ပြန်လာခဲ့ "
စကားသံမျိုးစုံမှာ ကလေးမလေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြ၏။ ထိုစကားသံများမှာ ရှေးဆန်ပြီး ရူးသွပ်မှုအငွေ့အသက်များဖြင့် ပြည့်နှက်နေကြသည်။ သူမ၏ မျက်နှာအမူအရာမှာ ပို၍ပင် ရှုံ့မဲ့လာသလို သူမ၏ ခန္ဓာကိုယ်မှာလည်း အရွယ်အစား ကြီးမားလာလိုက် ပြန်၍ သေးငယ်သွားလိုက် ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တိုက်ခိုက်ရန် ပြင်လိုက်ပါသော်လည်း ထို ကလေးမလေး၏ သူငယ်အိမ်များအားလုံးမှာ အတူတကွ ပြန်လည်ပေါင်းစည်းသွားကြသည်။ သို့ဖြစ်ရာ သူမသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ရာမှ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည့်ပုံပင်။
သူမသည် ထိုကဲ့သို့ အသိစိတ် ပြန်ကပ်သွားသည်နှင့် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ဝမ်ပေါင်လဲ့ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားသည့် အဆုံးမဲ့မင်းသား၏ ဘေး၌ ပေါ်ပေါက်လာသည်။ ထို့နောက် သူမသည် သူ၏ ခန္ဓာကိုယ် အတွင်းထဲသို့ တိုးဝှေ့ဝင်ရောက်သွားလိုက်၏။
ထိုအခါ အဆုံးမဲ့မင်းသားမှာ ချက်ချင်းဆိုသလိုပင် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရသည်။ သူ၏ ဦးခေါင်း ပေါက်ကွဲသွားခဲ့သည့်နေရာတွင် အသွေးအသားများ ပြန်လည်စုဝေးလာ၏။ ခဏအကြာတွင် ထိုနေရာ၌ ဦးခေါင်းတစ်လုံး ပြန်လည်ပေါ်ပေါက်လာတော့သည်။
သို့သော် ၎င်းမှာ သူ၏ ဦးခေါင်းမဟုတ်ဘဲ ကလေးမလေး၏ ဦးခေါင်းဖြစ်နေ၏။
ထို ကလေးမလေး၏ လက်များမှာလည်း အဆုတ်မဲ့မင်းသား၏ လက်များ ပေါက်ကွဲသွားခဲ့သည့် နေရာများတွင် ပြန်လည်ပေါ်ပေါက်လာသည်။ ထို့နောက် သူမသည် ခေါင်းယမ်းကာ အဆုံးမဲ့မင်းသား၏ ခန္ဓာကိုယ်အား ထိန်းချုပ်လိုက်ပြီးနောက် ရှေ့သို့လှမ်းလာ၏။ သူမသည် ဝမ်ပေါင်လဲ့အား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
သို့သော် သူမ၏ မျက်ဝန်းများထဲတွင် ကြောက်စိတ်များ ကိန်းအောင်းနေသည်ကို မသဲမကွဲ မြင်နိုင်ပေသည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားရ၏။ သူသည် လူတစ်ယောက် ကျောက်ပြားကမ္ဘာအကြောင်း ထုတ်ပြောသည်ကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ ခန့်မှန်းချက်မျိုးစုံ ပေါ်ပေါက်လာရ၏။ သို့သော် လက်ရှိတွင် စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ ထို ကလေးမလေး စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည်နှင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အရောင်မှေးမှိန်သွားပြီဖြစ်သော သစ်ရွက်လေးအား ပြန်ခေါ်ကာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားသည်။ ထို့နောက် သူသည် အနီရောင်နဂါးကြီးနှင့် ရှေးဟောင်းဓားများကို နောက်ထပ်တစ်ကြိမ်ထပ်၍ ရှောင်တိမ်းလိုက်ပြီး ဒုတိယမီးဖိုဆီသို့ ဦးတည်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထို မီးဖိုထဲမှ စွမ်းအင်များကို ချက်ချင်းစုပ်ယူလိုက်၏။ သူသည် သူ၏ ဓားအိမ်လေးအား အသုံးပြုနိုင်ပါသော်လည်း ကလေးမလေးအား သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်မရှိပေ။ ဤနေရာထဲမှ အပြင်ဘက်သို့ ဖောက်ထွက်နိုင်ရန်မှာလည်း ခဲယဉ်းနေဦးမည်ဖြစ်သည်။
သို့သော် ကိစ္စမရှိပေ။ ဓားအိမ်လေးမှာ ဝှက်ဖဲတစ်ချပ်ထက်ပင် ပို၍သာလွန်သည့် အရာတစ်ခုဖြစ်၏။ ဝမ်ပေါင်လဲ့သည် အကယ်၍ သူသာ စွမ်းအင်များကို ဆက်လက် စုပ်ယူနေမည်ဆိုပါက သူ၏ ဓားအိမ်လေး လုံးဝအကြည်ရောင်ပြောင်းသွားသည့်အချိန်တွင် ၎င်း၏ စွမ်းအားမှာ တုန်လှုပ်ချောက်ချားစရာ ကောင်းနေမည်ဟု ယုံကြည်နေသည်။
ထို့ကြောင့် သူ နောက်သို့ ထွက်ပြေးဆုတ်ခွာနေစဉ်မှာပင် ဒုတိယမီးဖိုထဲမှ စည်းမျဉ်းဥပဒေသအကျိုးအပဲ့များမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။ သူ ၎င်းတို့အား စုပ်ယူနေစဉ် သူ၏ ကိုယ်ပွားများမှာ အရပ်မျက်နှာအနှံ့တွင် နေရာယူထားကြပြီး သူ့အတွက် အတားအဆီး အကာအရံတစ်ခုအား ဖန်တီးပေးထားကြပြန်သည်။
သူသည် ထိုကိုယ်ပွားများ၏ အလယ်၌ သူ၏ စုပ်ယူအားများကို မြှင့်တင်လိုက်၏။
ကလေးမလေး၏ ထိန်းချုပ်ခြင်းကို ခံထားရသော အဆုံးမဲ့မင်းသားမှာမူ မျက်ဝန်းများထဲ၌ ချီတုံချတုံဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး အမိန့်ပေးလိုက်သည်။
" မင်းတို့တွေအကုန်လုံး သူ့ဆီကို သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ကြ "
သူ ထိုသို့အမိန့်ပေးလိုက်သည်နှင့် ငွေရောင်နဂါးအမျိုးသမီးနှင့် ရှေးဟောင်းဓားများ ပိုင်ဆိုင်ထားသည့် လူငယ်လေးတို့မှလွဲ၍ ကျန်ရှိနေသေးသည့် ပါရမီရှင် အယောက်ငါးဆယ်ကျော်မှာ ရှေ့သို့ ချက်ချင်း ပြေးထွက်သွားကြပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားကြ၏။ သူတို့ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများဆီသို့ ရောက်လာချိန်တွင် ရှေ့ဆုံးတွင်ရှိနေကြသည့် ပါရမီရှင် ခုနစ်ယောက်၊ ရှစ်ယောက်မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြတော့သည်။
ထိုသို့ဖြင့် ပေါက်ကွဲသံများ ထွက်ပေါ်လာချိန်တွင် ငွေရောင်နဂါးအမျိုးသမီးနှင့် ရှေးဟောင်းဓားများ ပိုင်ဆိုင်ထားသည့် လူငယ်လေးတို့မှာလည်း တိုက်ခိုက်လိုက်ကြသည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများစွာမှာ ဖျက်ဆီးချေမှုန်းခံလိုက်ရပြန်သည်။ ထို ကိုယ်ပွားများအားလုံး၏ အလယ်တွင်ရှိနေသော ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွား၏။
" နင် ဘာမှမလုပ်ရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တစ်ခုခုလုပ်လို့ကတော့ ငါ့ဘက်ကလည်း ငါ့ရဲ့ ဓားအိမ်လေးနဲ့ သစ်ရွက်ကို ထုတ်သုံးရမှာပဲ " ဝမ်ပေါင်လဲ့မှာ ဒုတိယမီးဖိုထဲမှ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များကို စုပ်ယူနေရင်း မျက်ဝန်းများ အေးစက်စွာ တောက်ပသွားသည်။
ထို့ကြောင့် ဒုတိယမီးဖိုထဲမှ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များ၏ အရေအတွက်မှာ ချက်ချင်းလျော့နည်းသွား၏။ ၎င်းတို့ ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည့်အချိန်တွင် ကလေးမလေး ထိန်းချုပ်ထားသည့် အဆုံးမဲ့မင်းသား၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပသွားသည်။ ထို့နောက် သူမသည် လှစ်ခနဲလှုပ်ရှားကာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့၏ ဘေး၌ ပြန်လည် ပေါ်ပေါက်လာတော့သည်။
သူမ ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် သူမအား လှည့်ကြည့်လိုက်၏။ ထို့နောက် သူသည် သစ်ရွက်လေးအား ထုတ်ယူလိုက်သည်။ သူ၏ ဓားအိမ်လေးမှာလည်း အငွေ့အသက်တစ်မျိုးကို စတင်ထုတ်လွှတ်လိုက်တော့သည်။