ဂိုဏ်းမှ ထွက်ခွာခြင်း (၂)
Vol. 6 Ch. 74
နေသွေးနီနီတောင်ကြီးကို အပေါ်မှ ငုံ့ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ရှုပ်ထွေးသော ခံစားချက်လှိုင်းများနှင့် ပြည့်နှက်လာသည်။ သူ၏ ဝိညာဥ်အာရုံသည် ဖြန့်ကျက်သွားကာ လှုပ်ရှားသွားလာနေသည့် သူ၏ မိတ်ဆွေများအား ဖုံးအုပ်သွားလေ၏။
ဗိုက်ဆာတတ်သည့် သူ၏ နောက်လိုက် တုလင်သည် ဂိုဏ်းတွင် အပြင်စည်း အကြီးအကဲ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူသည် ကိုယ်ပိုင် စံအိမ်ထဲ၌ အလှပဂေး နှစ်ယောက်နှင့် အိပ်စက်နေ၏။
ဝေ့ဝူယင် ပြုံးလိုက်မိသည်။ အကယ်၍ တုလင်သာ သူ့အား မြင်ပါက အရာအားလုံးကို စွန့်ပစ်ကာ သူ့ထံသို့ အပြေးလာလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူ၏ ခရီးလမ်းက ကပ်ဘေးဆိုးများနှင့် ပြည့်နှက်နေလိမ့်မည် ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်ထားသည်။ လက်ရှိ ငြိမ်းချမ်းသော ဘဝလေးတွင် ဆက်လက် နေထိုင်သည်ကသာ တုလင် အတွက် အကောင်းဆုံးဖြစ်သည်။
ဝေ့ဝူယင်၏ စိတ်တွင် လေးလံမှု တစ်ခုက ရှိနေခဲ့၏။ ငရဲ၏ ပထမ ကပ်ဘေးကို ဘာမှန်း မသိလိုက်သော အခြေအနေ တစ်ခုနှင့် သူ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဒုတိယ ကပ်ဘေး ကျရောက်ချိန်တွင်မူ ထိုမျှ ကံကောင်းလိမ့်မည် မထင်ချေ။ အသက်ရှင် လွတ်မြောက်ရန် အတွက်ဆိုလျှင် အနည်းဆုံး သူတော်စင်တို့၏ အဆင့်သို့ ခြေချထားနိုင်ရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ရန် အတွက် သူ့တွင် ဆယ်စုနှစ် အနည်းငယ်သာ အချိန်ရှိပေသည်။
ဝေ့ဝူယင် ညီဝမ်းကွဲ ဖြစ်သူ ဝေ့စီအား နေသွေးနီနီတောင်၌ ရှာမတွေ့ချေ။ သူ တာဝန်နှင့် ခရီးထွက်နေခြင်း သို့မဟုတ် သေဆုံးသွားခြင်း တစ်ခုခု ဖြစ်နိုင်သည်။ သို့သော်လည်း... ထိုလူထွားကြီးကား လွယ်လွယ်နှင့် သေမည့် လူမျိုး မဟုတ်ရာ အသက်ရှင်နေဆဲ ဖြစ်မည်ဟု ဝေ့ဝူယင် မျှော်လင့်ထားသည်။
ရှင်းဖူသည် ကိုယ်ဝန်လွယ်ထားရ၏။ သူမတွင် သုံးလေးနှစ် အရွယ် ကလေး တစ်ယောက်လည်း ရှိနေခဲ့ပြီး ထိုကလေးကို နို့တိုက်ကြွေး နေခဲ့သည်။ သူမကား လွန်ခဲ့သော ဆယ်နှစ်အတွင်း တစ်စုံတစ်ယောက်နှင့် လက်ထပ်ခဲ့ပုံ ရသည်။
ဝေ့ဝူယင် လိုက်ဖက်သူ တစ်ယောက် ရှာဖွေနိုင်ခဲ့သော သူမအတွက် ဝမ်းသာမိ၏။ ထိုမိန်းကလေး ဝမ်းနည်း ပူဆွေးကာ အထီးကျန်နေသည်ကို သူ မမြင်တွေ့လိုချေ။ သူမ မနေဖြင့် ကိုယ်ပိုင်ဘဝလေးတွင် ထာဝရ ပျော်ရွှင်စွာ နေထိုင်နိုင်ရန် သူ ဆုတောင်းပေးမိသည်။
သူမဘဝ အတွက် သူကား ဖြတ်လျှောက်တစ်ယောက်သာ ဖြစ်ပေသည်။ အကယ်၍ သူသာ အနက်ရောင် အရိုးစုနှင့်သာ မတွေ့ဆုံခဲ့လျှင်၊ အမွေခံ အပြစ်သား တစ်ယောက်သာ ဖြစ်မလာခဲ့လျှင် သူတို့ နှစ်ယောက်၏ ဖြတ်မျဥ်းများမှာ ဘယ်သောအခါမှ ဆုံလိမ့်မည် မဟုတ်ချေ။ ယခုကဲ့သို့ အကြောင်းအရာပေါင်း မြောက်များစွာလည်း ဖြစ်ပွားခဲ့မည် မဟုတ်ချေ။
ဝေ့ဝူယင် သက်ပြင်းချလိုက်မိ၏။ နေသွေးနီနီဂိုဏ်းနှင့် သူ၏ ရေစက်မှာ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း သူ သိပေသည်။ စိတ်ထဲတွင် ဝမ်းနည်းသလိုလို ခံစားလိုက်ရသည်။ သို့သော်လည်း အချိန်များ ကုန်လွန်သွားသည်နှင့် အမျှ ကမ္ဘာကြီးမှာ သင် ရှိရှိ၊ မရှိရှိ ဆက်လက် လည်ပတ်လိမ့်ဦးမည် ဖြစ်သည်။
“နှုတ်ဆက်ပါတယ်...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ တစ်ယောက်တည်း ပြန်လာခဲ့ပြီး၊ တစ်ယောက်တည်း ပြန်လည် ထွက်ခွာသွားရဦးမည်။ ထိုအရာက သူ၏ ကံကြမ္မာပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“ဂီး...”
ရုတ်တရက် သိမ်းငှက်သံသည် ကောင်းကင်ကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ဝေ့ဝူယင် လှမ်းကြည့်လိုက်ရာ အလွန် ကြီးမားသော သိမ်းငှက် သားရဲကြီး တစ်ကောင် သူ့ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ သိမ်းငှက်ကြီး၏ ကျောထက်တွင်မူ မိန်းမငယ် တစ်ယောက် ရှိနေ၏။ သူမ၏ ကြည်လင် ရှင်းလင်းသော အနက်ရောင် မျက်ဝန်းများနှင့် မဟူရာ ဆံပင်ရှည်များက ရိုးရှင်းသော အလှတရား၏ အဓိပ္ပာယ်ကို တစ်မျိုးတစ်ဖုံ ဖွင့်ဆိုနေခဲ့လေ၏။
သူမသည်အမျိုးသားများ ဝတ်ဆင်လေ့ ရှိသည့် သိုင်းဝတ်စုံကို ဆင်မြန်းထားသည်။ သူမ၏ မျက်နှာထက်တွင်မူ အလွန် လေးလံသော ခံစားမှုများက ဖြတ်ပြေးနေသည်။
“စုမေ့...”
ဝေ့ဝူယင်မှ အနည်းငယ် အံ့သြသွား၏။ သူ ပိုင်လင်ကို ခပ်ဖြေးဖြေး ပျံရန် ပြောကာ စုမေ့ကို စောင့်နေလိုက်သည်။ စုမေ့က မှီလာသော အခါ ဘာမှ မပြောခင် ဝေ့ဝူယင်ကို အချိန်အတန်ကြာ စိုက်ကြည့်လိုက်၏။
“မေ့မေ့ ကျွန်မကို ပြောလိုက်တယ်”
ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် တုန်ရီသွားသည်။ စုမေ့က သူမ၏ သားရဲပေါ်မှ နေ၍ ပိုင်လင်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
“မေ့မေ့က သူနဲ့ ဝူချန်းတို့ရဲ့ အကြောင်း ကျွန်မကို ပြောပြတယ်... အခြားလူတွေ မသိခင် ရှင့်ကို တိတ်တိတ်လေး ထွက်သွားဖို့ သူ မှာလိုက်တယ်”
“ ... “
ဝေ့ဝူယင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ထိုစကားလုံးများ အရဆိုလျှင် မေ့မေ့သည် သူ့အား အန္တရာယ် မဖြစ်စေလိုကြောင်း ထင်ရှားနေသည်။ နေကျီးကန်း စုန်းမ၏ ဝင်ရောက် စွက်ဖက်မှုကြောင့်သာ ထိုအရာ အားလုံး ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။
စုမေ့က ပြုံးရင်း အောက်ရှိ နေသွေးနီနီတောင်ကြီးကို ငုံ့ကြည့်လိုက်သည်။
“ကျွန်မတို့ ဘယ်သွားကြမှာလဲ”
“ကျွန်မတို့ ဟုတ်လား...”
ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွား၏။
“အင်း... ကျွန်မတို့လေ...”
စုမေ့က အကျအန တင်ပျဥ်ချိတ်ကာ ထိုင်လိုက်ရင်း ဝေ့ဝူယင်ကို ကြည်လင်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။
“ငါတို့လား...”
ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။ သူ၏ နှလုံးသားက နွေးထွေးမှုများနှင့် ပြည့်နှက်နေသည်။ များစွာသော အလှည့်အပြောင်းများ၊ ဒုက္ခရန်စွယ်များ အကြား၌ ဘဝ၏ ရည်ရွယ်ချက်မှာ လွတ်မြောက်ရန်မျှသာ မဟုတ်ချေ။ အစစ်အမှန် ရှင်သန်ရန် ဖြစ်ပေသည်။ အကယ်၍ အခွင့်အရေးလေးများ ရှိလျှင် သင့်အနေဖြင့် အပြည့်အဝ ဆုပ်ကိုင်ထားရပေလိမ့်မည်။
တောင်ပံခတ်သံနှင့် အတူ ပိုင်လင်သည် တွန်ကြူးသံ တစ်ချက်ကို ထုတ်လွှတ်လိုက်၏။ ရုတ်တရက် ပြန်လည် ရောက်လာကာ ရုတ်တရက်ပင် ပြန်လည် ထွက်ခွာရသည်။
စိတ်လှုပ်ရှားဖွယ် အနာဂတ် တစ်ခုသည် အရှေ့တွင် စောင့်ကြိုနေပေသည်။
***
ဤတွင် ပထမပိုင်း ပြီး၏။
***