အနန္တ ကုန်းမြေတိုက်ကြီး
Vol. 6 Ch. 75
အနန္တ ကုန်းမြေတိုက်ကြီးသည် သမုဒ္ဒရာ ရေထုများဖြင့် ဝန်းရံထားသည့် အလွန် ကျယ်ပြောလှသော ကုန်းမြေထုကြီးပင် ဖြစ်သည်။ ၎င်းကို တိုင်းပြည်ခြောက်ခု၊ တောင်တန်း သုံးသွယ်နှင့် မဟာသစ်တောကြီး တစ်ခု ဟူ၍ သုံးပိုင်းခွဲထားသည်။ တိုင်းပြည်တစ်ခုချင်းစီသည် ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းကာ များစွာသော နယ်မြေများ၊ ပြည်နယ်များနှင့် ဖွဲ့စည်းထား၏။
နေသွေးနီနီဂိုဏ်းသည် ဝူတိုင်းပြည်၏ နယ်မြေ တစ်ခုကို အပိုင်စားရသည်။ ထိုနယ်မြေထဲတွင် နေသွေးနီနီတောင်ကြီး အပါအဝင် မရေမတွက်နိုင်သော မြို့များ၊ ရွာများ၊ ရေကန်များ၊ တောင်တန်းများ ပါဝင်နေသည်။ သို့သော်လည်း အနန္တ ကုန်းမြေတိုက်ကြီးနှင့် ယှဥ်လျှင်မူ ယင်းမှာ အလွန် သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုမျှသာ ဖြစ်သည်။
ဝူတိုင်းပြည်တွင် နေသွေနီနီ နယ်မြေကဲ့သို့ လွှမ်းမိုးမှုရှိသည့် အခြား နယ်မြေခုနစ်ခု ရှိသည်။ ၎င်းတို့မှာ ကျောက်စိမ်း ကြာပန်း နယ်မြေ၊ ကောင်းကင်ဓား နယ်မြေ၊ ရေပဲ့တင်သံ နယ်မြေ၊ အရိပ်ဝှက် နယ်မြေ၊ ဂိုင်ယာ ပြည်နယ်၊ ကျိပြည်နယ်နှင့် လေပြည်ဖြူ ချိုင့်ဝှမ်းတို့ပင် ဖြစ်၏။
ထိုနယ်မြေ တစ်ခုချင်းစီသည် နတ်ဘုရား အရှင်များကို နောက်ခံ အဖြစ် ပိုင်ဆိုင်ထားသည်။ မျိုးနွယ်ကြီး နှစ်ခုအနက် တစ်ခုဖြစ်သည့် ပိုင်မျိုးနွယ်သည် လေပြည်ဖြူ ချိုင့်ဝှမ်းကို ထိန်းချုပ်ထားသည်။ အခြား မျိုးနွယ်ကြီးတစ်ခု ဖြစ်သည့် ကျိမျိုးနွယ်ကမူ ကျိပြည်နယ်ကို ကွပ်ကဲ၏။
မဟာမိတ် အင်အားစုများနှင့် ဖွဲ့စည်းထားသည့် အရိပ်ဝှက်နယ်မြေသည် ဝူတိုင်းပြည်မှ ခွဲထွက်၍ ကိုယ်ပိုင် တိုင်းပြည် တစ်ခု ထူထောင်ရန် ကြိုးစားနေသည်။ သူတို့သည် မဟာဂိုဏ်းကြီး ငါးခု၊ မျိုးနွယ်ကြီး နှစ်ခုထက် များစွာ ပိုမို အင်အားကြီးပြီး သူတို့၏ ခေါင်းဆောင်မှာ ချီပျစ်ခဲခြင်း အဆင့်ကိုး “သေမျိုး နတ်ဘုရား ဧကရာဇ် တစ်ပါး” ဖြစ်သည်။ ဝူအင်ပါယာ မျိုးနွယ် ပိုင်ဆိုင်သည့် ဝူဗဟိုနယ်မြေများပင်လျှင် ထိုမဟာမိတ် အင်အားစုနှင့် ပြဿနာ မဖြစ်အောင် ရှောင်တိမ်းလေ့ရှိသည်။
…
ဝေ့ဝူယင် ပိုင်လင် အပေါ်၌ တိတ်တဆိတ် ထိုင်ရင်း ကောင်းကင်ကြီးကို ငေးမောကြည့်နေခဲ့၏။ သူ၏ နံဘေးတွင်မူ စုမေ့ရှိသည်။ သူမသည် မျက်လုံးများကို မှိတ်လျှက် အမတေ ကျောက်တုံးထဲမှ သန့်စင်သော အမတေ စွမ်းအားများကို စုပ်ယူနေခဲ့သည်။ ဝေ့ဝူယင်၏ နံဘေးကား သူမအတွက် ကျင့်ကြံရန် အလုံခြုံဆုံးသော နေရာဖြစ်ပေသည်။
သူတို့ နှစ်ယောက်သည် ရက်ပေါင်း အတန်ကြာ ခရီးနှင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် ယခုထိ မဖြေရှင်းရသေးသော ပုစ္ဆာတစ်ခု ရှိပေသည်။
မည်သည့် နေရာသို့ သူ သွားရမည်နည်း။
နေသွေးနီနီဂိုဏ်းသည် သူ၏ အိမ်ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုအိမ်နှင့် သူက မသက်ဆိုင်တော့ပြီ။ ထို့မတိုင်ခင်က ဆိုလျှင်...
သူ၏ အိမ်မှာ ဂျိုးငှက်နီမြို့တွင် တည်ရှိခဲ့သော ဝေ့မျိုးနွယ် ဖြစ်သည်။ ဝေ့မျိုးနွယ်သည် နေသွေးနီနီဂိုဏ်းခွဲ၊ ဆေဘာဝံပုလွေဂိုဏ်း၏ လက်အောက်ခံ မျိုးနွယ်တစ်ခု ဖြစ်သည်။ သို့သော်လည်း... ဆေဘာဝံပုလွေဂိုဏ်းရော၊ ဝေ့မျိုးနွယ်ပါ လွန်ခဲ့သော ကာလရှည်ကြာစွာ ကတည်းက မတည်ရှိတော့ပြီ။
အတိတ်ကို ပြန်လည် သတိရတိုင်း ဝေ့ဝူယင်၏ မျက်လုံးများက တည်ငြိမ်သွား၏။ ကြေမွကာ စုတ်ပြတ်သတ် သွားသလို ခံစားချက် တစ်ခုက စို့နင့်စွာ ထွက်ပေါ်လာသည်။ ဆုံးရှုံးလိုက်ရသည့် အကြောင်းအရာများကို တွေးမိတိုင်း ဆက်လက် ရပ်တည်နိုင်ရန် သူ့ကိုယ်သူ မနည်း အားတင်းထားရ၏။ သူ ထိုအတွေးနှင့် ခံစားချက်များကို နှလုံးသားထဲ ပြန်လည် ဖိသိပ်ကာ ထည့်လိုက်၏။
“ဝူတိုင်းပြည်က အရမ်း ကျယ်ပြောတယ်... ငါ နေရာစုံအောင် မရောက်ဖူးသေးဘူး...”
ဝေ့ဝူယင် ညာဘက်လက်ကို ငုံ့ကြည့်လိုက်၏။
ကမ္မတန်ဖိုး - ၆၀၂.၈
ပထမ ကပ်ဘေး လွတ်မြောက်မှု - ၇/၇
ဒုတိယ ကပ်ဘေး တားဆီးမှု - ၄၁ နှစ်
“ဒုတိယ ကပ်ဘေး ကျရောက်မလာခင် ငါ့မှာ သုံးဆယ့်ကိုးနှစ် အချိန်ကျန်သေးတယ်... နောက်ပြီး ဒုတိယ ကပ်ဘေးက ပထမ ကပ်ဘေးလောက် ကံကောင်းလိမ့်မယ်လို့ ငါမထင်ဘူး”
အနက်ရောင် အရိုးစုက အဆင့်သုံး ကပ်ဘေးကြောင့်သာ မဟုတ်လျှင် သူ သူတော်စင်တို့၏ အဆင့်ထိ ရောက်အောင် စောင့်ဆိုင်းခဲ့လိမ့်မည် ဟု ပြောခဲ့သည်။ ထိုစကားအရ ငရဲ၏ ကပ်ဘေးများကို ဖြတ်ကျော်ရန် အနည်းဆုံး သူတော်စင် အဆင့်လောက်ကို လိုအပ်သည်။ ထိုအဆင့်သို့ ရောက်မှသာ တတိယကျမ်းစာ ဖြစ်သော “အပြစ်၏ အစစ်အမှန် ဝိညာဥ်”ကို သူ စတင်ကာ ကျင့်ကြံနိုင်လိမ့်မည် ဖြစ်သည်။
သို့ဖြစ်လေရာ...
သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်က ကပ်ဘေးများအား ဖြတ်ကျော်ရန် အားနည်းလွန်းသည်။ အထူးသဖြင့် ဒုတိယ ကပ်ဘေးတွင် ရှင်သန်နိုင်ရန် သူ့တွင် ယုံကြည်ချက် သုညသာ ရှိသည်။ ထို့ကြောင့်ပင်... ရှင်သန်ရန် သက်တမ်း ၃၉ နှစ်သာ ကျန်ရှိတော့သလို သဘောပိုက်၍ ဘဝအား ဖြတ်သန်းရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်သည်။
“ဒီလိုဆိုမှတော့ ငါဆန္ဒတဲ့ အတိုင်းပဲ နေမယ်... ငါ့ရည်ရွယ်ချက်တွေထဲက တစ်ခုက ဝူဗဟို နယ်မြေမှာ ရှိတဲ့ အင်ပါယာမြို့တော်ကို မြင်တွေ့ခွင့် ရဖို့ပဲ”
ဝေ့ဝူယင်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် နူးညံ့စွာ တောက်ပသွား၏။ သူ ငယ်ရွယ်စဥ်အခါက အင်ပါယာမြို့တော်၏ ခမ်းနားမှုများ အကြောင်းကို အကိုကြီးထံမှ အမြဲတမ်းလိုလို ကြားရလေ့ရှိသည်။ သူ၏ အကိုကြီး စွန့်စားခန်းများနှင့် ခရီးထွက်ကာ ကမ္ဘာလောကကြီးကို စူးစမ်းခဲ့စဥ် အခါက သူကား ကလေးဘဝတွင်သာ ရှိသေးသည်။ အကိုကြီး၏ အောင်မြင်မှုနှင့် ယုံကြည်ချက်များက သူ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာရသည့် အကြောင်းရင်းလည်း ဖြစ်၏။
“အကိုကြီးရေ... ကျွန်တော်လည်း နောက်ဆုံးတော့ မြို့တော်ကို မြင်နိုင်တော့မယ်”
ဝေ့ဝူယင် စိတ်ထဲမှ အော်ပြောလိုက်၏။ သိမ်မွေ့သော အပြုံးတစ်ခုက သူ၏ မျက်နှာထက်တွင် နေရာယူလာခဲ့လေသည်။
“အရှင်ဝေ့...”
စုမေ့သည် ကျင့်ကြံရာမှ နိုးထ လာလာချင်းပင် ဝေ့ဝူယင်၏ မျက်နှာရှိ အပြုံးများကို မြင်လိုက်ရသည်။ သူမက တစ်ခုခု လွဲချော်နေသည်လား ထိတ်လန့်သွားကာ ဝေ့ဝူယင်ကို ခေါ်လိုက်သည်။
ဝေ့ဝူယင်က သူမအား ကြည့်လိုက်၏။ ရှားရှားပါးပါး နွေးထွေးမှု တစ်ခုက သူ၏ နှလုံးသားမှ ထွက်ပေါ်လာသည်။ စုမေ့သည် သူနှင့် လိုက်ရန်အတွက် အရာအားလုံးကို စွန့်ပစ်ခဲ့သည်။ ထိုအရာက ချစ်ခြင်းမေတ္တာကြောင့်လော၊ ကျေးဇူးတရားကြောင့်လော မသိသော်လည်း ဝေ့ဝူယင် သူမကို အမှန်ပင် ကျေးဇူးတင်မိသည်။
သူ့တွင် ပိုင်လင် ရှိသော်လည်း လူသား အဖော်သာ မရှိပါက လမ်းခရီးတစ်လျှောက် အထီးကျန်ရလိမ့်မည်။ အထူးသဖြင့် ဤဆယ်စုနှစ်များမှာ သူ၏ နောက်ဆုံး ထွက်သက်ဖြစ်သွားနိုင်သည့် ဆယ်စုနှစ်များပင် ဖြစ်သည်။
“ငါ့ကို အရှင်ဝေ့လို့ ခေါ်စရာ မလိုတော့ဘူး... ရိုးရိုး နာမည်ပဲခေါ်ပါ...”
ဝေ့ဝူယင်၏ စကားလုံးများမှာ စစ်မှန်သော ခံစားချက်များကို ကိုင်ဆွဲထားသည်။ သာမန် ကျင့်ဝတ်များ အရဆိုလျှင် အထက်လူကြီးအား နာမည် တိုက်ရိုက် ခေါ်ခြင်းကို ရိုင်းစိုင်းသည်ဟု ယူဆနိုင်သည်။
သို့သော်လည်း ယခုတွင်မူ သူသည် ခေါင်းဆောင် တစ်ယောက် မဟုတ်တော့သလို စုမေ့မှာလည်း သူ၏ နောက်လိုက် တစ်ယောက် မဟုတ်တော့ချေ။ သို့ဖြစ်ရာ “အရှင်ဝေ့” ဟု ခေါ်စရာ မလိုတော့ချေ။
စုမေ့က တည်ငြိမ်စွာပင် ဝေ့ဝူယင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ အချိန်အတန်ကြာမှ သူမက နူးညံ့သော လေသံဖြင့် ဆိုလိုက်၏။
“အရှင်ဝေ့ နားလည်မှု လွဲနေပါပြီ... ကျွန်မကို လာခေါ်ခဲ့တဲ့ နေ့တုန်းကလေ... အဲဒီ အချိန်က စပြီး အရှင်ဝေ့ရဲ့ ဘေးမှာ နောက်လိုက် တစ်ယောက်၊ အစေခံ တစ်ယောက် အဖြစ် နေဖို့ ကျွန်မ ကျိန်ဆိုခဲ့တယ်... အရှင်ဝေ့က ဘယ်အချိန်၊ ဘယ်အခြေအနေ ရောက်ရောက် အမြဲတမ်း ကျွန်မရဲ့ အရှင်ဝေ့ပါပဲ”
ဝေ့ဝူယင် ထိုနေ့ရက်ကို ဖျတ်ခနဲ ပြန်လည် သတိရမိသွား၏။ သူ သက်ပြင်းတစ်ချက် ချကာ စုမေ့ကို ညင်သာစွာ ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်... နောက်ဆို မင်းရဲ့ ခံယူချက်ကို ငါ မလေးမစား မလုပ်တော့ပါဘူး”
စုမေ့က ပြုံးလိုက်၏။ သူမကား ပျမ်းမျှ မိန်းမ တစ်ယောက် မဟုတ်တော့ပဲ ယောက်ျားသားများ၏ စွဲလမ်းမှုကို ယူဆောင်နိုင်သည့် အလှပဂေး တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ရုတ်တရက်... ဝေ့ဝူယင် တစ်စုံတစ်ခုကို သတိရသွား၏။
“ဪ... ဒါနဲ့ စုမေ့... ဝေ့စီ ဘာဖြစ်သွားလဲ နင်သိလား...”
“ဝေ့စီ...”
စုမေ့၏ နှုတ်ခမ်းရှိ အပြုံးမှာ အေးခဲကာ ပျောက်ကွယ်သွား၏။ သူမက ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ဝေ့ဝူယင်မှာ စုမေ့၏ အမူအရာကို ကြည့်ရင်း စိတ်များ လေးလံလာမိ၏။ ဝေ့စီသည် သူနှင့် သွေးသားရင်းချာ မဟုတ်သော်လည်း ဦးလေးဖြစ်သူက ငယ်ငယ်ကတည်းကပင် ကောက်ယူ မွေးစားထားခဲ့ခြင်း ဖြစ်သည်။
သူတို့သည် ဝေ့စီကို ရေစီးသန်သော မြစ်တစ်ခု၏ နံဘေးတွင် ကလေးငယ်လေး တစ်ယောက် အဖြစ် စတင် တွေ့ရှိခဲ့ကြသည်။ တဖြည်းဖြည်းနှင့် ဝေ့စီသည် ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် အတူ အရွယ်ရောက် လာခဲ့သည်။ အခြားလူများက သူ့အာ အပြင်လူ တစ်ယောက် သဖွယ် ဆက်ဆံ ခဲ့ကြသော်လည်း ဝေ့ဝူယင်ကမူ နုံအပြီး ချစ်ဖို့ကောင်းသည့် ညီဝမ်းကွဲလေး တစ်ယောက် အဖြစ် အမြဲတမ်း ဂရုစိုက်ခဲ့သည်။
စုမေ့က ဖြေလိုက်၏။
“အရှင်ဝေ့ ထွက်သွားတဲ့ နောက်ပိုင်း ဝေ့စီက စောင့်နေခဲ့ပါသေးတယ်... ဒါပေမဲ့ အရှင် ပြန်ရောက်လာရမယ့် အစား သေသွားပြီ ဆိုတဲ့ သတင်းကပဲ ဂိုဏ်းဆီကို ရောက်ရှိလာခဲ့တယ်... သတင်းကြားကြားချင်းမှာပဲ ဝေ့စီတစ်ယောက် ရူးကြောင်ကြောင် ဖြစ်ပြီး သူ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ တစ်စုံတစ်ခုက ကျိုးပျက်သွားခဲ့တယ်”
နောက်ဆုံး အကြောင်း၌ သူမ၏ လေသံက ပြောင်းလဲကာ မရေရာခြင်း၊ နားမလည်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။ သို့သော်လည်း သူမက ဆက်ပြောလိုက်၏။
“ဘာတွေဖြစ်သွားခဲ့လဲ ဆိုတာ ကျွန်မလည်း မသေချာဘူး... ဘိုးဘေး အကြီးအကဲ ကိုယ်တိုင် ထွက်လာခဲ့ပြီးတော့ ဝေ့စီနဲ့ တိုက်ခိုက်ခဲ့ပုံရတယ်... ဒါပေမဲ့ ဝေ့စီ လွတ်မြောက်သွားခဲ့ပါတယ်... ထူးခြားတာ တစ်ခုက အဲဒီအဖြစ်အပျက်တွေ နောက်ပိုင်းမှာ နေသွေးနီနီတောင်ကြီး အရောင်အဝါ တဖြည်းဖြည်း မှေးမှိန်လာတာ ကျွန်မ သတိထားမိတယ်”
“ဘိုးဘေး အကြီးအကဲကိုယ်တိုင် ထွက်လာတာတောင် သူ လွတ်မြောက်သွားခဲ့တယ်ပေါ့... ဘယ်လိုမျိုးလဲ”
ဝေ့ဝူယင် မှင်သက်ကာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။ ဘိုးဘေး အကြီးအကဲမှာ နတ်ဘုရား အရှင် တစ်ပါး ဖြစ်ပြီး ဝေ့စီမှာ ယခုမှ ချီပျစ်ခဲခြင်း အဆင့်တစ်တွင်သာ ရှိသေးသည်။ သူသည် ထူးခြားသော ခန္ဓာကိုယ်ဖြင့် ချီပျစ်ခဲခြင်း အဆင့်သုံးများကို ယှဥ်ကာ တိုက်ခိုက်နိုင်သော်လည်း ဘိုးဘေး အကြီးအကဲနှင့် ယှဥ်ရန် အတွက်မူ အလှမ်းကွာလွန်းသည်။
“ကျွန်မလည်း အသေးစိတ် မသိဘူး... အဲဒီတုန်းက ဝင်္ကပါတွေက အထပ်ထပ် ပိတ်နေတာ ဆိုတော့ ဘာကိုမှ သေချာ မမြင်ရဘူး... ဒါပေမဲ့ နောက်ဆုံးမှာ တစ်စုံတစ်ယောက်က အတားအဆီး အကုန်လုံးကို ချိုးဖျက်ပြီး သူ့ကို ခေါ်သွားခဲ့တာတော့ ကျွန်မ မြင်လိုက်ရတယ်”
စုမေ့က ဆိုလိုက်၏။ သူမ ပထမပြောခဲ့သည့် အကြောင်းအရာများမှာ ယေဘုယျ ယူဆချက်များသာ ဖြစ်သော်လည်း နောက်ဆုံးတစ်ခုကမူ သေချာပေသည်။ ဝင်္ကပါများ ပြိုကျသွားချိန်၌ ဝေ့စီအား နက်ညိုရောင် အလင်းတန်း တစ်ခုက သယ်ဆောင်သွားသည်ကို သူမ ကိုယ်တိုင် မျက်လုံးများနှင့် မြင်ခဲ့ရသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ မြင်ရသည်ထက် ပိုမိုသော ရှုပ်ထွေးသော အကြောင်းအရာများစွာ ရှိနေကြောင်း သူ သဘောပေါက်ထားသည်။ သူက ဖြည်းညင်းစွာပင် စဥ်းစားရင်း မေးလိုက်၏။
"အဲဒါ ဖြစ်သွားတာ ဘယ်လောက်ကြာပြီလဲ”
“လွန်ခဲ့တဲ့ ငါးနှစ်နဲ့ ဆယ်လက...”
စုမေ့က ခပ်မြန်မြန်ပင် ဖြေလိုက်သည်။
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ဝေ့စီ တစ်ယောက် ကြောင်စီစီ ဖြစ်သွားချိန်တွင် တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်မိသည်လော။ မည်သို့ပင် ဆိုစေ... သူ ဂိုဏ်း၏ ဝင်္ကပါများကို ဖျက်ဆီးကာ လွတ်မြောက်သွားနိုင်ခဲ့သည်။ ဘိုးဘေး အကြီးအကဲ ဝူရှင်းဟောင် ခုတင်ပေါ် လဲနေခြင်းကပင်လျှင် သူ့ကြောင့် ဖြစ်နိုင်သည်။
“မေ့မေ့ ပြန်မလာခင်လောက်ကပေါ့...”
ဝေ့ဝူယင်က ထပ်မေးလိုက်၏။
စုမေ့က ခေါင်းညိတ်လိုက်သည်။
“ဝေ့စီ ထွက်သွားပြီး သုံးလတိတိ အကြာမှာ မေ့မေ့ ပြန်လာခဲ့တယ်... သူနဲ့ နေကျီးကန်း စုန်းမကလည်း ဂိုဏ်းနဲ့ တရားဝင် ပူးပေါင်းခဲ့တယ်”
“အင်း... သိပြီ”
ဝေ့ဝူယင် အနည်းငယ် သဘောပေါက်သွားသလို ခံစားလိုက်ရ၏။ နေကျီးကန်း စုန်းမသည် မေ့မေ့အား ဒဏ်ရာ လာရောက်ကုသပေးခဲ့ရာ အစောကတည်းကပင် သူမနှင့် ဂိုဏ်းအကြား ဆက်စပ်မှု အချို့ ရှိနိုင်သည်။ ဝူရှင်းဟောင် ဒဏ်ရာ အကြီးအကျယ် ရပြီးနောက်ပိုင်းတွင် သူမသည် ဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်။ ယင်းက တိုက်ဆိုင်မှုလော။
ဝေ့ဝူယင် ခပ်ဖြည်းဖြည်း သက်ပြင်းတစ်ချက် ချကာ ဝေ့စီ အဆင်ပြေရန် ဆုတောင်းလိုက်၏။
သို့သော်လည်း...
ညီဝမ်းကွဲဖြစ်သူအား ရေမြေအဆုံး လိုက်ရှာရန်၊ သို့မဟုတ် သူ့အတွက် လက်စားချေပေးရန် ဝေ့ဝူယင်တွင် စိတ်ကူး မရှိပါချေ။ ထိုအရာက အေးစက်သလို ထင်ရသော်လည်း ၄၁ နှစ်သာ ရှင်သန်ရန် ကျန်တော့သူ တစ်ယောက် အတွက် တစ်ကိုယ်ကောင်းဆန်သင့်သည့် အရာများ ရှိပေသည်။ ကမ္ဘာကြီးအား လေ့လာစူးစမ်းရန်မှာ ငယ်ငယ် ကတည်းက သူမက်ခဲ့ရသည့် အိပ်မက်ဖြစ်သည်။
“ဝူဗဟိုနယ်မြေကို ငါတို့ သွားကြမယ်...”
ဝေ့ဝူယင်က ပြောလိုက်၏။ စုမေ့က နာခံစွာပင် ခေါင်းညိတ်သည်။ ဝေ့ဝူယင် ဘယ်ကိုသွားသွား သူမ နောက်ကနေ လိုက်မည် ဖြစ်သည်။
ဝူအင်ပါယာ မြို့တော်ကို စိတ်ကူးနှင့် လှမ်းမျှော်ကြည့်မိချိန်၌ ဝေ့ဝူယင်၏ မျက်လုံးများက မျှော်လင့်ချက်များနှင့် ပြန်လည် တောက်ပလာခဲ့၏။ ထို့အပြင် တိုင်းပြည်၏ အထင်ကရ အမှတ်အသားများ ဖြစ်သော ဝူနက္ခတ်မျှော်စင်၊ ကျောက်စိမ်းပုလဲ ရေကန်နှင့် စစ်စေတီတို့ကိုလည်း သူ သွားရောက် ကြည့်ရှုလိုသည်။ သူ၏ နောက်ထပ် ဆန္ဒတစ်ခုက တိုင်းပြည်အနှံ့ ကျော်ကြားသော လူများကိုလည်း အပြင်တွင် မြင်တွေ့ဖူးလိုခြင်း ဖြစ်သည်။
ဝူတိုင်းပြည်တွင် ကျင့်ကြံသူများနှင့် ပတ်သက်၍ စီစဥ်ထားသည့် “သတ်မှတ်ချက် အဆင့်များ” ရှိပေသည်။ ထိုအထဲမှ လူအများ အထူး စိတ်ဝင်စားသော တစ်ခုမှာ “မိန်းမလှ သတ်မှတ်ချက်” ဖြစ်သည်။
မိန်းမလှ သတ်မှတ်ချက် အရဆိုလျှင်... ဝူတိုင်းပြည်၏ အလှဆုံး မိန်းကလေး သုံးဦးမှာ ရေပဲ့တင်သံဂိုဏ်း ရေခမာယာရှင်၏ မြေး၊ ပိုင်မျိုးနွယ်၏ သေမျိုး နတ်ဘုရား တစ်ပါးဖြစ်သော ဝတ်ရုံဖြူ သခင်မနှင့် ဝူအင်ပါယာမျိုးနွယ်မှ အငယ်ဆုံး မင်းသမီး ဝူပို့ကျိန်းတို့ပင် ဖြစ်သည်။
ဝေ့ဝူယင်တွင် သူမတို့အား တွေ့မြင်ခွင့်ရရန် ဆန္ဒ တစ်ချို့ ရှိပေ၏။
“ပိုင်လင်... မြန်မြန်ပျံစမ်းကွာ...”
***