ခရီးနှင်ခြင်း
Vol. 6 Ch. 76
“စုမေ့က အတော်လေး ပါရမီကောင်းတယ်...”
ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ ထိုကောင်မလေးကား သူနှင့် သက်တူရွယ်တူ ဖြစ်သည်။ ဆိုရလျှင် နည်းနည်းပင် ပိုငယ်သေးသည်။ သို့တိုင်အောင် သူမသည် ချီပျစ်ခဲခြင်း အဆင့်လေးကို ရောက်နေခဲ့ပြီ ဖြစ်သည်။ မူလယင်ကို ဆုံးရှုံးထားသည့် အမျိုးသမီးများ အတွက် ထိုအဆင့်သို့ ရောက်ရန်မှာ ယောက်ျားများနှင့် တန်းတူ ခက်ခဲလှသည်။
သို့သော်လည်း ထိုအရာက ပါရမီ တစ်ခုတည်းကြောင့် မဟုတ်မှန်း အမြဲတမ်း စွဲစွဲလမ်းလမ်း ကျင့်ကြံတတ်သည့် စုမေ့ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ယခုပင်လျှင် သူမသည် အမတေ ကျောက်တုံး တစ်တုံးကို စုပ်ယူကာ တိတ်တဆိတ် ကျင့်ကြံနေခဲ့၏။ ဝေ့ဝူယင်သည် စုမေ့ကို ကြည့်ရင်း အားကျလာကာ ကိုယ်တိုင်လည်း ကျင့်ကြံချင်လာခဲ့သည်။ ထို့ကြောင့်ပင် သူ၏ ကျင့်ကြံခြင်း အခြေခံကို သူ ပြန်လည် ဆန်းစစ်လိုက်သည်။
သူ့တွင် ဆန်းကြယ် ချီဝိညာဥ် နှစ်ခု၊ အသိစိတ် ပင်လယ်အတွင်း တည်ရှိနေသည့် ချီနှလုံးသား တစ်ခုနှင့် အတူ ပုံမှန်စံနှုန်းများထက် သာလွန်သည့် ထူးခြားသော ကျင့်ကြံခြင်း အခြေခံ ရှိပေသည်။ သူ၏ ဆန်းကြယ် ချီဝိညာဥ် နှစ်ခုသည် ချီပျစ်ခဲခြင်း အဆင့်ရှစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး မွေးရာပါ ဝိညာဥ် စွမ်းအင်များကို ပိုင်ဆိုင် နေခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်း၌ ၎င်းတို့သည် အတူတကွ အလုပ်လုပ်ကာ ဝိညာဥ် စွမ်းအင်ဖြင့် သာမန် ချီများကို မြင့်မြတ်သောချီ အဖြစ် ပြောင်းလဲနေကြ၏။
သို့သော်လည်း ၎င်းလို့၏ ပြောင်းလဲနှုန်းမှာ အတော်လေး နှေးကွေးလှသည်။ ဝေ့ဝူယင် သေချာ တွက်ချက် ကြည့်လိုက်၏။ သူ၏ ကျင့်ကြံခြင်း အခြေခံ လုံးဝ ပြည့်စုံသွားရန် အတွက် ရက်သတ္တပတ် အနည်းငယ်လောက် အချိန်ယူရပေလိမ့်မည်။ ထိုအချိန်မှသာ သူ အစစ်အမှန် နတ်ဘုရား အရှင် တစ်ပါး ဖြစ်လာကာ ဆယ်ဆခန့် ပိုမို အစွမ်းထက်လာလိမ့်မည် ဖြစ်သည်.
“အခုက ပေါင်းစည်းနေတဲ့ ကာလပဲ... ဒီအချိန်မှာ သန့်စင်ထားတဲ့ ချီအသစ်ကို ပိုင်ဆိုင်ထားတာ ဆိုလို့ ငါ့ခန္ဓာကိုယ်ရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိသေးဘူး... နောက်ပြီး မွေးရာပါ စွမ်းအင်တွေကလည်း ငါ့ခန္ဓာကိုယ်ကို လုံးလုံးလျားလျား မမွမ်းမံနိုင်သေးဘူး... မွမ်းမံပြီးတဲ့ အချိန်ကျရင် ငါ့ခန္ဓာကိုယ်က ရှေ့ကို ခြေတစ်လှမ်း တိုးသွားနိုင်မှာ သေချာတယ်... အဲဒီ အခါကျရင် ငါ ခန္ဓာကိုယ် သက်သက်နဲ့တင် နတ်ဘုရား အရှင်တွေကို ရင်ဆိုင်လာနိုင်မှာ သေချာတယ်”
ဝေ့ဝူယင် အမတေ ကျောက်တုံး တစ်ခုကို ထုတ်ယူကာ စွမ်းအင်သွေးကြောများကို အသုံးပြု၍ စတင် စုပ်ယူလိုက်၏။ ဆေဘာနှင့် ကမ္ဘာဒြပ်စင်များမှာ ထွက်ပေါ်လာကာ အမတေများကို ၎င်းတို့ကိုယ်ထဲ ဆွဲသွင်း သွားကြသည်။ အတွေးတစ်ချက်ဖြင့်ပင် ထိုအမတေများကို ဝေ့ဝူယင် ဒြပ်စင်နှင့် ဆေဘာစွမ်းအင်များ အဖြစ် သန့်စင်လိုက်သည်။ ယင်းတို့သည် ဆန်းကြယ်ဝိညာဥ်များထဲသို့ ဆက်လက် စီးဝင်ကာ မြင့်မြတ်သော ချီကြိုး အဖြစ် ဝိညာဥ်စွမ်းအင်နှင့် ချိတ်ဆက်သွားကြ၏။
ဝေ့ဝူယင် သက်ပြင်းချလိုက်သည်။ တစ်နာရီမျှ မကုန်ခင် အချိန်ကလေးမှာပင် သူ့လက်ထဲရှိ အမတေ ကျောက်တုံးမှာ မှိုင်းကာ ဖြူသွားခဲ့ပြီ ဖြစ်သည်။ တိုက်ခတ်လာသော လေစီးကြောင်းနှင့် အတူ ၎င်းသည် ဖုန်မှုန့် အဖြစ် ပြောင်းလဲကာ အဝေးသို့ လွင့်စဥ်သွားတော့၏။
“အမတေ ကျောက်တုံးတစ်တုံးက ချီကြိုးတစ်ခု အဖြစ်ပဲ ပြောင်းလဲနိုင်တယ်... ငါ့ချီက ဘယ်လောက်အထိ အစွမ်းထက်နေတာလဲ”
ဆန်းကြယ် ဝိညာဥ်ကို ဖွဲ့စည်းရန် အတွက် အဆင့်မြင့် ဒြပ်စင် မူလစွမ်းအင်ကို အသုံးပြုခဲ့ခြင်းမှာ ထိုက်တန်၏လော... ဝေ့ဝူယင် စတင် တွေးတောမိလာသည်။ ဤနှုန်းဖြင့် ဆိုလျှင် ကျင့်ကြံခြင်း အတွက် သူ၏ ရင်းမြစ် လိုအပ်မှု ပမာဏမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
“ဒါတောင် ငါက အခုမှ ချီပျစ်ခဲခြင်း အဆင့်ရှစ်မှာပဲ ရှိသေးတယ်... အဆင့်ကိုးသာ ရောက်အောင် ဘယ်လောက်တောင် တိုးလာဦးမှာလဲ”
သူ လေးနက်စွာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ချီပျစ်ခဲခြင်း အဆင့်ကိုး “ချီအမတေ အဆင့်”တွင် ချီအား အသုံးပြုကာ ချီအမတေ အဖြစ် သန့်စင်ရသည်။ ထိုအရာက လောကအင်အား အမှုန်အမွှားများကို တည်ဆောက်သည့် အဆင့်တစ်ခု ဖြစ်၏။ သို့သော်လည်း... ထိုလောကအင်အား အမှုန်အမွှား တစ်ခုကို ပိုင်ဆိုင်ခြင်းက ပင်လျှင် မိမိကိုယ်ကို သေမျိုး နတ်ဘုရား ဧကရာဇ် တစ်ပါး အဖြစ် တည်ဆောက်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ရှင်းရှင်ပြောရလျှင်... ချီအမတေ အဆင့်မှာ နောက်တစ်ဆင့်ကို ဦးတည်ရန် ပြင်ဆင်သည့် အဆင့်တစ်ခု ဟု ဆိုနိုင်သည်။ ထိုအဆင့်တွင် ရှေ့သို့ ခြေတစ်လှမ်းစီ တိုးရန် အတွက်ပင် အမတေ ကျောက်တုံး ထောင်ချီ လိုအပ်သည်။ သို့မဟုတ်ပဲ ကောင်းကင်နှင့် မြေကြီး၏ အမတေကိုသာ အားကိုးနေပါက မည်မျှကြာမြင့်မည်မှာ ခန့်မှန်း၍ မရနိုင်ချေ။
“သွေးတာအို ဘုရားကျောင်းထဲက မှတ်တမ်းတွေ အရဆို ချီအမတေ အဆင့်မှာ ကိုယ်ပိုင်ချီကို အသုံးပြုပြီး အပြင်လောကအင်အားကို ဆွဲယူရတယ် တဲ့... ပြီးရင် မွေးရာပါ ချီ အရည်အသွေးတွေ၊ ဝိညာဥ်စွမ်းအင်တွေနဲ့ ရောနှောပြီး ခိုင်မာလာတဲ့ အထိ အဲဒါကို သန့်စင်ရမယ် လို့ ရေးထားတယ်”
အလှမ်းကွာဝေးသေးသည့်တိုင် နောက်တစ်ဆင့်သို့ တက်ရန် အတွက်ပါ ဝေ့ဝူယင် ကြိုတင် စဥ်းစားနေမိသည်။
ပထမဆုံး သူ့အနေဖြင့် လက်ရှိ ကျင့်ကြံခြင်း အဆင့်ကို အခြေခံကို ခိုင်မာအောင် လုပ်ရမည်။ ပြီးသည်နှင့် လောကအင်အားကို ဆွဲယူကာ ကိုယ်ပိုင်ချီကို အသုံးပြု၍ သန့်စင်လာနိုင်မည် ဖြစ်သည်။
ဒုတိယ အနေဖြင့် နောက်အဆင့် တစ်ခုကို ချီအမတေ အမှုန်အမွှားတစ်ခု သို့မဟုတ် ထိုထက် ပိုမိုသော ချီအမတေ အမှုန်အမွှားများဖြင့် ချိုးဖျက်ရန် စဥ်းစားမည်လော သူ ဆုံးဖြတ်ရပေလိမ့်မည်။
ချီအမတေ အဆင့်ကား အခက်အခဲများဖြင့် ပြည့်နှက်နေသော အဆင့်တစ်ခု ဖြစ်သည်။ များသောအားဖြင့် ချီအမတေ အမှုန်အမွှား တစ်ခု ဖန်တီးရန် ပင်လျှင် တစ်သက်စာ အချိန်ယူရလေ့ ရှိသည်။
သို့သော်လည်း သူ့တွင် ရှင်သန်ရန် အချိန်က ၄၁ နှစ်သာ ကျန်ရှိတော့သည်။ ထို့အပြင် ချီပျစ်ခဲခြင်း အဆင့်၏ အထက်ဆင့်မှာ သူတော်စင်တို့၏ အဆင့် မဟုတ်သေးချေ။ ကြယ်တာရာတို့၏ အဆင့်သာ ဖြစ်သည်။ ထိုအဆင့်ကို နက္ခတ် အမြုတေ အဆင့်ဟု ခေါ်သည်။ သေချာစွာ နားမလည်သော်လည်း ထိုအဆင့်ကို ခြေချနိုင်သည်နှင့် ကောင်းကင်ကို ပျံသန်းကာ ကြယ်များကြား ခရီးသွားလာနိုင်သည်ဟု သူ ကြားဖူးသည်။
အနန္တကုန်းမြေတိုက်ကြီးတွင် ထိုအဆင့်ကို ရောက်ရှိသူများ ရှိပေသည်။ ဥပမာ နေသွေးနီနီဂိုဏ်းတွင် နေထိုင်စဥ်က သူ့ထံ ရောက်ရှိလာခဲ့သည့် အယ်ဗန် မှင်စာ မျိုးနွယ်လူကြီးမှာ ထိုအဆင့်တွင် ဖြစ်သည်။ သူသည် လောကအင်အားကို စုစည်းကာ ယင်ယန် နတ်ဘုရား စက်ဝန်းကို ဖန်တီးလျှက် သူ့အား ပေးခဲ့သည်။ ထိုအဆင့်ကား နေသွေးနီနီဂိုဏ်းတစ်ခုလုံးကို လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သည့် အဆင့် တစ်ခု ဖြစ်ပေသည်။
ဝူဗဟိုနယ်မြေတွင် ရှိသည့် ယင်ယန် တော်ဝင်နယ်မြေကြောင့်... ဝူအင်ပါယာ မျိုးနွယ်တွင်လည်း နက္ခတ် အမြုတေ အဆင့် တစ်ယောက် ရှိသည်ဟု ပြောစမှတ် ပြုကြသည်။ ဝေ့ဝူယင် ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ခုက စပြီး ကျင့်ကြံခြင်းက ငါ့အတွက် ဒုတိယ ဖြစ်သွားပြီ... အပျော်ရွှင်ဆုံးနဲ့ အကျေနပ်ဆုံး ဘဝကို ဖြတ်သန်းဖို့က ပထမ ဦးစားပေးပဲ”
သူ့တွင် အိပ်မက်များစွာ ရှိသော်လည်း အများစုမှာ ဖြစ်မလာနိုင်တော့ကြောင်း ဝေ့ဝူယင် သိပေသည်။ အရင်ဆုံးအနေဖြင့်... ရွှေရောင်နို့နှစ် ကဲ့သို့ မြို့တော်ကြီး တစ်ခုကို သူ မတည်ထောင်နိုင်တော့လေပြီ။ ထိုကဲ့သို့ မြို့တော်ကြီး တည်ထောင်ရန်မှာ စိတ်ကူးယဥ်သလောက် မလွယ်ပဲ ဆယ်စုနှစ်ချီ အရင်းအမြစ်များ၊ အဆက်အသွယ်များ လိုအပ်ကြောင်း သူ သဘောပေါက်ထားသည်။
ထို့အပြင် သူ့အတွက် ဂိုဏ်းတစ်ခု တည်ထောင်ရန်မှာလည်း မဖြစ်နိုင်ပြန်ချေ။ သူ့တွင် နယ်မြေ မရှိ။ လူအင်အားက နတ္ထိ။ နောက်ဆုံး တပည့်များအား လက်ဆင့်ကမ်း ဖြန့်ဝေရန် အမွေအနှစ်ပင်လျှင် သူ့တွင် မရှိချေ။
အတိတ်မေ့ကာ လေလွင့်နေခဲ့သော နေ့ရက်များကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်၏။ ထိုနေ့ရက်များဆီ၌ မည်သည့် ပိုင်ဆိုင်မှုမှ မရှိခဲ့သော်လည်း အနည်းဆုံး သူ ပျော်ရွှင်ခဲ့ပေသည်။ ထိုအရာကို ဥပမာ ယူ၍ ဘဝ၏ ရေရှည် ရည်မှန်းချက်များကို အာရုံစိုက်ရမည့် အလား ရေတို ဆန္ဒများကိုသာ မည်သည့် အကျိုးဆက်မှ ထည့်မစဥ်းစားပဲ ဖြည့်ဆည်းရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်သည်။
“အရင်ဆုံး ဝူဗဟိုနယ်မြေဆီ သွားဖို့ လမ်းကြောင်းကို ပုံဖော်ကြည့်လိုက်ရအောင်... ဝူဗဟိုနယ်မြေ အပြင် ကျောက်စိမ်း ကြာပန်းဂိုဏ်း နယ်မြေနဲ့ အရိပ်ဝှက် နယ်မြေတို့ကလည်း ငါသွားကို သွားရမယ့် နေရာ နှစ်ခုပဲ... ဒါပေမဲ့ နည်းနည်းတော့ လမ်းမသင့်ဘူး”
ဝေ့ဝူယင် ထိုနေရာ နှစ်ခုကို ၎င်းတို့၏ အထင်ကရ အမှတ်အသားများ ဖြစ်သည့် ကျောက်စိမ်းပုလဲ ရေကန်နှင့် စစ်စေတီတို့ကြောင့် သွားရောက်ရန် အစီအစဥ် ဆွဲထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနယ်မြေနှစ်ခုမှာ အနည်းငယ် အလှမ်းကွာသလိုနောက်သို့ ပြန်လည် ခရီးနှင်ရမည့် အပိုင်းများလည်း ရှိပေသေးသည်။
“ထားလိုက်ပါလေ... ငါလုပ်လိုက်မယ်”
အစီအစဥ် အသစ်ကို ဆုံးဖြတ်ပြီးနောက် ဝေ့ဝူယင် ပိုင်လင်နှင့် ဆက်သွယ်လိုက်သည်။ ပိုင်လင်က နားလည်ဟန်ပြင့် တွန်သံ တစ်ချက် ပေး၏။ ထို့နောက်တွင် သူမကား အတောင်ပံကို ဖြန့်ကျက်ကာ အရှိန်မြှင့်၍ ပျံသန်းလေတော့သည်။
...
ကျောက်စိမ်းကြာပန်း ပိုင်နက်ထဲတွင် မြို့တော်တစ်မြို့ ရှိသည်။ ထိုမြို့တော်မှာ အတော်လေး ထူးခြားကာ စက်ဝိုင်းပုံသဏ္ဌာန် တည်ဆောက်ထားသည်။ မျက်နှာပြင်ထက်တွင် ရုပ်ပုံ အမျိုးမျိုး ပုံဖော် ထွင်းထုထားသည့် ကျောက်စိမ်း တံတိုင်းပုများမှာ သန့်စင်သော ရောင်ဝါများကို ထုတ်လွှတ်နေသည်။ ထိုစက်ဝိုင်း သဏ္ဌာန်မြို့၏ အလယ်ဗဟို တည့်တည့်တွင် စက်ဝိုင်းသဏ္ဌာန် ရေအိုင်ကြီး တစ်ခု ရှိသည်။
ထိုရေကန်ကြီးသည် မြို့တော် ဧရိယာ၏ နှစ်ဆယ် ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားသည်။ စက်ဝိုင်းအတွင်း ထပ်မံ ထပ်နေသည့် စက်ဝိုင်းက အနုပညာ၏ ရိုးရှင်းမှုကို ခံစားရစေ၏။
မြို့တော်၏ အခမ်းနားဆုံး ရှု့ထောင့်မှာ ထိုရေကန်ပင် ဖြစ်သည်။ ရေကန်ဆိုသည်ထက် ပုလဲတစ်လုံး အဖြစ် ဖော်ပြလျှင် ပိုမို တိကျပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော ရေကန်အား အဖြူရောင် အရည်များဖြင့် ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်သည်။
အရှင်းလင်းဆုံး ဆိုရလျှင် ၎င်းသည် မြင်တွေ့နေကျ အခြားအရာများနှင့် မတူပဲ ထူးခြားစွာ လှပပါသည်။ မူရင်းပုံမပျက် မည်ကဲ့သို့ ထိန်းသိမ်းနိုင်သနည်း ဆိုခြင်းကမူ လူအများကြားတွင် ပြောစမှတ် ပြုကြသည့် ပဟေဠိ တစ်ခု ဖြစ်သည်။
သို့သော်လည်း... ထိုနေရာကို ချိပ်ပိတ်ထားသည်။ မြို့တော်သူ မြို့တော်သားများပင် ဝင်ရောက်ရန် အခွင့်အရေး မရကြချေ။ ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် ရွေးချယ်ခံရသည့် လူအနည်းအကျဥ်းသာ ထိုရေကန်ကို အနီးကပ် ကြည့်ရှုခွင့် ရကြသည်။ အခြား ဧည့်သည်များ အနေဖြင့်မူ နှစ်ကီလိုမီတာ အကွာတွင် တည်ဆောက်ထားသည့် မျှော်စင်များမှ တစ်ဆင့်သာ လေ့လာနိုင်ကြသည်။
ထိုမျှော်စင်များထဲမှ တစ်ခုထဲတွင် လူနှစ်ယောက် ထိုင်နေကြ၏။ ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ပင်။ သူတို့သည် ခရီးသွားများနှင့် မြို့ခံများ လေ့လာရန် အလို့ငှာ အထူး ဖန်တီးထားသော ဧရာမ မှန်ဘီလူးကြီးမှ တစ်ဆင့် ကိန်းကြီးခမ်းကြီးနိုင်သည့် ပုလဲရေကန်ကြီးကို လှမ်းကြည့်နေခဲ့ကြ၏။
“လှလိုက်တာ...”
စုမေ့က ညင်သာစွာ မှတ်ချက်ချလိုက်၏။ သူမသည် တစ်ခါမှ အရည်များဖြင့် ဖွဲ့စည်းထားသည့် ဧရာမ ပုလဲကြီးကို မမြင်ဖူးချေ။ အလွန် ဝေးကွာနေသည့်တိုင်... လေပြေတိုက်သည့် အခိုက် မာန်ထလာသည့် ကြက်ခွပ်လှိုင်းများကို မြင်ရတိုင်း သူမက ကြည်နူးမိ၏။ လှပခြင်းတရားကား လူတိုင်း ခံစားနိုင်သော အရာ ဖြစ်သည်။ သူမသည် အခြေအနေနှင့် ဘဝပေးအရ အမြဲလိုလို အေးစက်စက် နေခဲ့ရသည့်တိုင် ပင်ကိုယ်အားဖြင့် အလှတရားအပေါ် တန်ဖိုးထားမှုများ ရှိသည်။
ဝေ့ဝူယင်သည် မှန်ဘီလူးဖြင့် ကြည့်နေရသည့်တိုင် အာသာမပြေသလို ခံစားနေရ၏။
“မြင်ရတာကတော့ မြင်ရသလောက်ပဲပေါ့... ငါတော့ အနီးကပ်ကြည့်ပြီး အရည်တွေကို ထိကြည့်ချင်တယ်... လုံခြုံ ဘေးကင်းတယ် ဆိုရင် နည်းနည်းလောက် သောက်မယ်... ပြီးတော့ ရေကန်ထဲမှာ ရေကူးမယ်... အဲဒါမှ ပေးရတာနဲ့ တန်မှာ”
ဝေ့ဝူယင် မကျေမနပ်ဖြင့် ဆိုလိုက်၏။ ယခုတွင်မူ... ကျောက်စိမ်းပုလဲ ရေကန်အား နှစ်ကီလိုမီတာ အကွာမှ ကြည့်ရန် ပထမဆုံး အမတေ ကျောက်တုံးတစ်တုံးကို ပေးရသည်။ ထို့နောက်တွင် တန်းစီ၍လည်း စောင့်ရသေးသည်။
စုမေ့က ခပ်ဖွဖွ ပြုံးလိုက်၏။
“ကျွန်မမှာလည်း အဲဒီလို စိတ်ကူးမျိုး ရှိပါတယ်... ပြောစကားတွေ အရဆိုလျှင် ကျောက်စိမ်းပုလဲ ရေကန်က ကျင့်ကြံခြင်း အတွက် အသုံးဝင်တဲ့ အနှိုင်းမဲ့ အင်အားတစ်ခုကို ထုတ်လွှတ်ပေးနိုင်တယ်တဲ့... အဲဒါကြောင့်ပဲ ကျောက်စိမ်းကြာပန်းဂိုဏ်းက တင်းကြပ်တဲ့ စည်းမျဥ်းတွေနဲ့ ကာကွယ်ထားတာပေါ့... နောက်ပြီး အဲဒီမှာ သေမျိုး နတ်ဘုရား တစ်ပါး စောင့်ကြပ်နေတယ်လေ”
ဝေ့ဝူယင်၏ မျက်ခုံးများမှာ မြင့်တက်သွား၏။
“သေမျိုးနတ်ဘုရား ဟုတ်လား...”
သူက ရုတ်တရက် မေးလိုက်သည်။ စုမေ့က ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်... သူ့နာမည်က ကျောက်စိမ်းသူတော်စင်တဲ့... ကျောက်စိမ်းကြာပန်းဂိုဏ်းရဲ့ တပည့်မ တစ်ယောက် ဖြစ်ပြီးတော့ နက်နဲတဲ့ ကျင့်ကြံခြင်း အခြေခံ ရှိတယ်လို့ ကျော်ကြားတယ်”
ဝေ့ဝူယင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွား၏။ သေမျိုး နတ်ဘုရားတစ်ယောက်ပဲလား...။
“ဟဟ... ကောင်းတယ်... ငါတို့ ရေကန်ကို အနီးကပ် သွားကြည့်လိုက်ရအောင်”
စုမေ့မှ ဝေ့ဝူယင်ကို ကြည့်ကာ အနည်းငယ် ဆွံ့အသွား၏။ အရိုးသားဆုံး ဆိုရလျှင်... ဝေ့ဝူယင်၏ အစစ်အမှန် ကျင့်ကြံခြင်း အဆင့်ကို သူမ မသိချေ။ သူမကား ဂိုဏ်းနှင့် ဝေ့ဝူယင် အကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ကိုပင် မသိလိုက်ချေ။
လွန်ခဲ့သော ဆယ်နှစ်က ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့်မှာ ချီပျစ်ခဲခြင်း အဆင့်ငါး ဖြစ်သည်။ ထို့နောက်တွင် သူ ရုတ်တရက် ပျောက်ကွယ်သွားသည်။ လက်ရှိ အမူအရာအရ ကြည့်လျှင် ဝေ့ဝူယင်မှာ ချီပျစ်ခဲခြင်း အဆင့်ခြောက်ကိုပင် ရောက်နေနိုင်သည်။ အကယ်၍ ထိုကိစ္စသာ အမှန်တကယ်ဆိုပါက ဝူတိုင်းပြည်တစ်ခုလုံး ပွက်ပွက်ဆူ သွားနိုင်သည်။
အသက် လေးဆယ် မပြည့်ခင် သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်လာခြင်း...
နှိုင်းယှဥ်ရပါက တိုင်းပြည်တစ်ခုလုံး၏ ချီးကျူးမှုကို ရရှိနေသည့် မေ့မေ့ပင်လျှင် အသက်ခြောက်ဆယ်နားနီးမှ သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် မျှော်စင်ပေါ်မှ ခုန်ချခါနီးတွင် အတွေးတစ်ခု ပေါ်လာကာ ရပ်လိုက်၏။
“စုမေ့... ငါ့ကိုယ်ငါ ဘွဲ့တစ်ခုလောက် ပေးရင် ဘယ်နာမည် ကောင်းမလဲ...”
သူက စုမေ့ဘက်လှည့်ကာ မေးလိုက်သည်။
***