← Chapters

ကျောက်စိမ်းပုလဲရေကန်

Vol. 6 Ch. 77

ကျောက်စိမ်းပုလဲရေကန်

Vol. 6 Ch. 77

“နာမည်...”

စုမေ့က မျက်မှောင်ကြုတ်လိုက်၏။ အနည်းငယ် စဥ်းစားရ ခက်လှသည်။ ပုံမှန်ဆိုလျှင် ဘွဲ့နာမည်များမှာ အောင်မြင်မှု အလီလီရထားသူများကို လူအများက ၎င်းတို့နှင့် လိုက်ဖက်အောင် ပေးအပ်ထားကြခြင်း ဖြစ်သည်။ ဥပမာ... ကျားရိုင်းများကို ယဥ်ပါးအောင် မွေးမြူကာ တိုက်ခိုက်တတ်သည့် ကျန်းလီကို လူအများက “ကျားရဲ ကျန်းလီ” ဟု ခေါ်ကြသည်။ ထို့အတူ လေလှိုင်းလက်ဝါးဖြင့် ကျော်ကြားသည့် လုဖုန်းအား “လေလှိုင်းလက်ဝါး လုဖုန်း” ဟု ဘွဲ့ပေးကြသည်။

သို့သော်လည်း ဝေ့ဝူယင်မှာမူ နေသွေးနီနီဂိုဏ်း ပြင်ပတွင် မည်သည့် ‌အောင်မြင်မှုမှ ရထားသူ တစ်ယောက် မဟုတ်ချေ။ ဘွဲ့နာမည် တစ်ခု ရရှိရန်မှာ အချိန်ယူ တည်ဆောကရသည်။ ထို့အပြင် သူသည် လွန်ခဲ့သည့် ဆယ်နှစ်လုံးလုံး ဘယ်ဆီဘယ်ဝယ်မှန်း မသိ ပျောက်ဆုံးနေသေးရာ “ဘွဲ့နာမည်” တစ်ခု ပေးရလောက်အောင် မည်သူမျှ သတိမထားမိချေ။

သို့သော်လည်း အရှင်ဝေ့က လိုချင်သည် ဆိုမှတော့ သူမက ပေးရပေမည်။

“အဟွတ်...”

စုမေ့က ချောင်းတစ်ချက် ဟန့်လိုက်၏။

"အရှင်ဝေ့က ဘယ်လို ပုံစံမျိုး လိုချင်တာလဲ”

ဝေ့ဝူယင် အနည်းငယ် တိတ်ဆိတ်သွား၏။ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မည်ကဲ့သို့ ခေါ်ရမည်ကို မသိချေ။ ကျင့်ကြံခြင်း လမ်းစဥ်နှင့် ကိုက်ညီအောင် “ဒြပ်စင် ဆေဘာ ဘုရင်” ဟု တွေးလိုက်မိသော်လည်း ထိုအရာကြီးက ရိုးလွန်းအားကြီးသည်။ ဝူရှင်းဟောင်၏ “စစ်သွေးမျိုးဆက် သခင်” ဟူသော ဘွဲ့အမည်ကပင် လွှမ်းမိုးနိုင်စွမ်း ပိုမို ရှိသည်။

“ပြောရမယ်ဆိုရင် မောက်မာရမယ်... နောက်ပြီး အထက်စီး ဆန်ရမယ်...   နတ်ဘုရား ဧကရာဇ် ရှဲ့ယန်လို ခေတ်အဆက်ဆက် အမှတ်ရနိုင်မယ့် နာမည်မျိုး... နေဦး ဒါပေမဲ့ နတ်ဘုရား ဧကရာဇ် ဆိုတာကလည်း ခေတ်ကုန်နေပြီ... ဧကရာဇ်အရှင် ဝေ့ဝူယင် ဆိုရင်ရော...”

“ဧကရာဇ်အရှင် ဝေ့ဝူယင်...”

စုမေ့မှာ ဝေ့ဝူယင်၏ တည်ကြည်ခန့်ညားသော မျက်နှာကို ကြည့်ကာ မနေနိုင်တော့ပဲ ထရယ်လိုက်မိ၏။ ထိုနာမည်မှာ ခမ်းနားသည်ဟု ထင်ရသော်လည်း ကိန်းကြီးခမ်းကြီး နိုင်ကာ မလိုအပ်သော စကားလုံးများဖြင့် ပေါင်းစပ်ထားသလို ရှိသည်။ ဝေ့ဝူယင်မှာ တိုင်းပြည် နယ်မြေတစ်ခုကို အစိုးရထားသူ မဟုတ်ရာ ဧကရာဇ် ဆိုသော နာမည်က မလိုက်ဖက်လှချေ။

ဝေ့ဝူယင်မှာ စုမေ့၏ ရယ်မောမှုကြောင့် အနည်းငယ် အရှက်ရသွား၏။ နတ်ဘုရား ဧကရာဇ် ရှဲ့ယန်မှာ ခေတ်သစ် တစ်ခုကို ထူထောင်ကာ အနာဂတ် မျိုးဆက်များ အတွက် အုတ်မြစ်တစ်ခု ချပေးနိုင်ခဲ့ခြင်းကြောင့် ထိုနာမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကျင့်ကြံခြင်းအဆင့်တွင် သူ့အနေဖြင့် ထိုကဲ့သို့သော မြင့်မြတ်သည့် ပုဂ္ဂိုလ် တစ်ယောက်နှင့် မနှိုင်းယှဥ်နိုင်သေးချေ။

စုမေ့မှာ ရုတ်တရက် အတွေးတစ်ခု ရသွား၏။

“ဆေဘာအာဏာရှင် ဆိုရင်ရော...”

“မိုက်တယ်...”

ဝေ့ဝူယင် သူမအား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်မိ၏။ အမှန်တကယ် ကောင်းလွန်းသည်။ သူပိုင်ဆိုင်ထားသည့် ဒြပ်စင်၊ သူ၏ နက်ရှိုင်းသော ဆန္ဒဖြစ်သည့် သြဇာနှင့် အာဏာ လွှမ်းမိုးမှု... နှစ်ခုစလုံးကို လွှမ်းခြုံနိုင်သည့် ထိုနာမည်ကား...

(ဒြပ်စင်က ဆေဘာဝိညာဥ်ကို ဆိုလိုခြင်းဖြစ်...)

“ဆေဘာ အာဏာရှင်.. ဟားဟား...”

ဝေ့ဝူယင် အော်ဟစ်ရယ်မောလိုက်၏။

စုမေ့က အသာအယာ ပြုံးရင်း သူ့ကို ကြည့်သည်။ သူမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပင် ထိုနာမည်ကို တွေးထားခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်များဆီက ဝေ့ဝူယင်သည် ဆေဘာကို ကိုင်ကာ ရန်သူအားလုံးကို ချေမှုန်းခဲ့သည်။ ထောင်သောင်းများစွာသော လူများမှာ သူ၏ ဆေဘာဓားသွားအောက်တွင် ဒူးထောက်ခဲ့ရသည်။ သူသည်အာဏာရှင် တစ်ယောက် သဖွယ် ရက်စက်မှု အလုံးစုံကို သုံးကာ စစ်မြေပြင်၌ သူ၏ လွှမ်းမိုးမှုကို တည်ဆောက်ခဲ့ဖူးသည်။

“သွားကြစို့...”

ဝေ့ဝူယင်က မျှော်စင်ပေါက်ဝမှ နေ၍ အောက်သို့ ခုန်ချလိုက်၏။ အသာအယာပင် သူ မြေပြင်ထက် ကျဆင်းသွားသည်။ ဖုန်မှုန့်တစ်စပင် စွန်းထင်းမလာခဲ့ချေ။

စုမေ့၏ မျက်လုံးများက အနည်းငယ် ပြူးထွက်သွား၏။ မျှော်စင်ကား မြေပြင်မှဆိုလျှင် သစ်ပင် သုံးပြန်စာလောက် မြင့်မားသည်။ သူမက အောက်သို့ ငုံ့ကြည့်လိုက်ရာ အပေါ်သို့ မော့ကြည့်လျှက် လက်ယပ် ခေါ်နေသည့် ဝေ့ဝူယင်ကို မြင်တွေ့ရ၏။

လှေကားထစ်များဘက်သို့ သူမ တစ်ချက် လှည့်ကြည့်သေးလိုက်သည်။ သို့သော်လည်း နောက်ဆုံးကာ ပြုံးကာ ခေါင်းခါရင်း ဝေ့ဝူယင်ကဲ့သို့ လိုက်လံ ခုန်ချလိုက်တော့သည်။

ဟူး... ဟူး...

လေအလွှာများကို ပွတ်တိုက်လျှက် ပြုတ်ကျသွားသည့် ခံစားမှုမှာ သွေးများကို ဆူပွက်စေကာ အသည်းယားစရာ ကောင်းလွန်းသည်။ သို့သော်လည်း တစ်ချိန်တည်း၌ လွတ်လွတ်လပ်လပ်နှင့် ဝေဟင်တွင် ပျံသန်းနေသလို ရင်ခုန် ကြည်နူးစရာ ကောင်း၏။

ဘုန်း...

အုတ်ကြမ်းပြင်ထက်သို့ သူမ အရှိန်ပြင်းပြင်း ပြုတ်ကျသွားသည်။ ထူထဲသော ဖုန်မှုန့်နှင့် အပျက်အစီး ပေါက်ကွဲမှု တစ်ခု ပေါ်ထွက်လာကာ ဘေးနားရှိ လူအချို့ကို ထိမှန်သွား၏။ တစ်ချိန်တည်း၌ သူမ ခြေထောက်အောက်တွင် အက်ကွဲကြောင်း တစ်ခု ဖြာထွက် ဖြစ်ပေါ်လာကာ မီတာ ဆယ်ဂဏန်း အထိ ပျံ့နှံ့သွားသည်။

စုမေ့က မော့ကြည့်လိုက်ရာ သူမအား ပြုံးလျှက် ကြည့်နေသော ဝေ့ဝူယင်ကို မြင်တွေ့လိုက်ရသည်။

“နောက်တစ်ခါ ဆင်းရင် ဂရုစိုက်ဦး... ဟားဟား...”

ဝေ့ဝူယင်က စုမေ့၏ ကို့ယို့ကားယား ဖြစ်နေသော ပုံစံကို ကြည့်ရင်း အနည်းငယ် ရယ်မောကာ သူ့နောက် လိုက်လာရန် အချက်ပြလိုက်သည်။

“အ...”

စုမေ့မှာ ခြေထောက်များ အနည်းငယ် ထုံကျင်နေသော်လည်း ထရပ်လိုက်၏။ ဝေ့ဝူယင်၏ ကျောပြင်ကို ကြည့်ကာ သူမ အနည်းငယ် အံ့သြနေမိသည်။ အရှင်ဝေ့၏ ဆင်းသက်မှုကား သူမနှင့် ဆန့်ကျင်ဘက်ပင် သစ်ရွက်ကြွေ သကဲ့သို့ သက်တောင့်သက်သာ ရှိလွန်းသည်။ ဝေ့ဝူယင် မည်သည့် ကျင့်ကြံခြင်း အဆင့်သို့ ရောက်နေသည်ကို သူမ သိချင်လာမိ၏။

သူမ တိတ်တဆိတ်ပင် ဝေ့ဝူယင်၏ နောက်မှ လိုက်လာခဲ့သည်။ မီတာ ရာဂဏန်းအထိ လျှောက်မိချိန်၌ အသံတစ်ခုကို သူတို့ နှစ်ဦး ကြားလိုက်ရ၏။

“ရပ်စမ်း....”

စုမေ့က လှည့်ကြည့်လိုက်ရာ စစ်သားတစ်စု အပြေးအလွှားလာနေသည်ကို တွေ့လိုက်ရသည်။ သူမ ခေါင်းခါလိုက်မိ၏။ ထိုလူများမှာ ကျောက်စိမ်းပုလဲ ရေကန် စောင့်ကြပ်သူများ ဖြစ်ပြီး ချီပျစ်ခဲခြင်း အဆင့်တစ်၊ သို့မဟုတ် အဆင့်နှစ်လောက်တွင်သာ ရှိကြသည်။ သူတို့နှစ်ယောက်၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

ဒုက္ခ‌ရောက်မှာကို မစိုးရိမ်ဘူးလား...

မေးခွန်းက ကောင်းသည်။ သို့သော်လည်း သူမတွင် အဖြေရှိပြီး ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင် မကြောက်လျှင် သူမလည်း ဘယ်တော့မှ ကြောက်လိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင်က သူမ ဘက်သို့ လှည့်လိုက်၏။

“စုမေ့ရေ... နင် အကျမတော်တာနဲ့ သူတို့ သတိထားမိသွားပြီ... ဒုက္ခတော့ရောက်ပြီ ထင်တယ်... ငါတော့ ပြေးပြီဟေ့...”

ပြောပြီးသည်နှင့် ဝေ့ဝူယင်မှာ ချာခနဲ လှည့်ကာ ဖနှောင့်နှင့် တင်ပါးတစ်ပါးတည်း ကျအောင် ထွက်ပြေးသွားလေတော့သည်။

" ... “

စုမေ့မှာ ကြောင်တောင်တောင် ဖြစ်သွား၏။ ထိုအချိန်တွင်ပင်...

“ရပ်နေလိုက်စမ်း...”

အစောင့် ခေါင်းဆောင်မှာ ချီစွမ်းအင်အား သုံးလျှက် အမြင့်ဆုံး အမြန်နှုန်းဖြင့် ပြေးလာနေခဲ့ချေပြီ ဖြစ်သည်။ စုမေ့က သူ့အား လှည့်ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်၏။ ထို့နောက်တွင် သူမသည်လည်း “နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်” ဟု သဘောပိုက်ကာ ဝေ့ဝူယင် လမ်းစဥ်အတိုင်း ပြေးလေတော့သည်။

ပြေးပွဲလိုက်ပွဲကား အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ အစောင့်များသည် နောက်မှ တစ်ပြုံကြီး ဝိုင်းလိုက်ကာ ဝေ့ဝူယင်နှင့် စုမေ့တို့မှာ အဆောက်အဦများ၊ အိမ်များ အကြားမှ တိုးဝှေ့လျှက် ဖြတ်ပြေးသည်။ မကြာခင်... စျေးတန်းတစ်ခုထဲသို့ သူတို့ ရောက်ရှိလာ၏။  ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများမှာ တဝင်းဝင်း တောက်ပသွားလေသည်။

“ချီးပဲဟေ့... သူ့ ငါ့ရဲ့ အပင်ကို ခိုးသွားပြီဟ”

"အပင် ဟုတ်လား... ထွီ... ဘယ်သူကမှ မင်းရဲ့ သောက်ရေးမပါတဲ့ အပင်ကို ဂရုမစိုက်ဘူး... သူက အခုတင် ငါ့ဆိုင်မှာ ရှိတဲ့ အကောင်းဆုံး ဆေဘာဓားကို လုယူသွားတာ”

“အား... ငါ့မယားသားလေး... ငါ့ရဲ့ ဆန်းကြယ်ကိတ်မုန့်တွေ ပြန်ပေးစမ်း”

ထိုအခိုက်၌ ဝေ့ဝူယင်ကား လုံးဝ ရူးသွပ်နေ၏။ ပြေးရင်းလွှားရင်း လမ်းတစ်လျှောက်၌ အစားအသောက်ဆိုင် တွေ့လျှင် သူ တစ်ကိုက်တော့ ကိုက်ဖြစ်အောက် ကိုက်သည်။ ကျောက်မျက်ရတနာဆိုင်တွေ့လျှင် မျက်စိကျသည့် အရာကို အလစ်သုတ်ပြေးသည်။ ထိုသို့ဖြင့် သူကား နတ်ဘုရားအရှင် ဟူသော ဂုဏ်သိက္ခာကိုမျှ မထောက် မြွေလိမ်မြွေကောက်ဖြင့် တွေ့သမျှ အရာအားလုံးကို အလစ်သုတ် ပြေးနေလေတော့သည်။

မေ့မေ့မှာ ဝေ့ဝူယင် နောက်ကလိုက်ရင်း ကူရာ ကယ်ရာမဲ့ ဖြစ်နေသော်လည်း တစ်ခဏ ကြာပြီးနောက်တွင်မူ သူမ စိတ်ဝင်စားသည့် အရာများကို စတင်ကာ လုယူ လာခဲ့တော့သည်။ မကြာခင်တွင်ပင် မိန်းမဝတ် အနက်ရောင် သံချပ်ကာ ဝတ်စုံတစ်စုံ၊ ဆံညှပ်တစ်ခုနှင့် ကျောက်စိမ်းခွက် တစ်လုံးတစ်လုံး သူမ လက်ထဲသို့ ရောက်ရှိလာသည်။ သူတို့ နှစ်ယောက်ကား လိုက်ဖက်ညီသည့် သူခိုးမောင်နှံများ ကဲ့သို့ ရွေ့လျားရင်း လေအလျင် အလား စျေးတန်းထဲမှ ပြေးထွက်သွားလေတော့သည်။

“ဟား ဟား...”

ဝေ့ဝူယင်က အော်ဟစ်ရယ်မောရင်း ကိတ်မုန့်တစ်လုံးလုံးကို ပါးစပ်ထဲသို့ ထိုးသိပ်ထည့်လိုက်၏။ ရယ်မောချိန်နှင့် တိုက်ဆိုင်နေလေရာ ကိတ်မုန့် အမှုန်အမွှားများက တဖွီးဖွီး သူ၏ ပါးစပ်ထဲမှ လွင့်စဥ်ထွက်လာသည်။

“ကောင်းသားဟ...”

သူက ပြောရင်း ကိတ်မုန့် သေတ္တာကို စုမေ့ထံ ကမ်းပေးလိုက်၏။ စုမေ့က လှမ်းယူကာ တစ်လုံးကို ထုတ်ယူ၍ နည်းနည်းစီ ကိုက်စားလိုက်သည်။ ဆန်းကြယ်လှသော အရသာကို ခံစားရင်း သူမ အနည်းငယ် အံ့သြသွား၏။ အမှတ်မတင် သူမ၏ မျက်လုံးများက သေတ္တာထက်တွင် ကပ်ထားသည့် ပစ္စည်းတန်ဖိုးထံ ရောက်ရှိသွားသည်။

“အမတေ ကျောက်တုံး ဆယ့်ခုနစ်ခု...”

စုမေ့ မအံ့သြမိချေ။ ထိုကိတ်မုန့်များမှာ အရသာ ရှိသည်ထက် ပိုသည်။ ပိုမို စားသောက်သည်နှင့် အမျှ ကိတ်မုန့်များထဲတွင် ပါဝင်နေသည့် စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ထဲ စီးဝင်နေ၏။ ထိုအရာများကား ရိုးရိုး ကိတ်မုန့်များ မဟုတ်ပဲ တက်ကြွသည့် ချီစွမ်းအင်များ ပါဝင်နေသည့် ကျင့်ကြံခြင်း အထူးပြု ကိတ်မုန့်များ ဖြစ်လေတော့သည်။

“ကြည့်... ငါတို့ နီလားပြီ...”

ဝေ့ဝူယင် ခပ်လှမ်းလှမ်းတွင် မြင်ရသည့် အဖြူရောင် ‌ရေကန်ကြီးကို လှမ်းကြည့်ရင်း ပြောလိုက်သည်။ တစ်ချိန်တည်း၌ သူသည် ခြေဖနှောင့်အား မှောက်ပါ ဖုန်မှုန့် မုန်တိုင်းတစ်ခုအား ဖန်တီးရင်း နောက်မှ လိုက်လာသည့် အစောင့်များထံ ပစ်လွှတ်လိုက်သည်။

“ဖူး... ဖူး...”

အစောင့်ရာချီမှာ ဖရိုဖရဲဖြစ်ကာ နောက်သို့ ကပြာကယာ ဆုတ်ခွာလိုက်ကြရ၏။

***

All Chapters