ကျောက်စိမ်းပုလဲ ရေကန် (၂)
Vol. 6 Ch. 78
စုမေ့က လှမ်းမျှော်ကြည့်လိုက်ရာ ကျောက်စိမ်းပုလဲရေကန်ကြီးကို မြင်ရ၏။ သို့သော်လည်း ၎င်းအား ထွင်းဖောက် မြင်နိုင်သည့် သံမဏိ နံရံကြီး တစ်ခုဖြင့် ဝန်းရံကာ ကာထားသည်။ ရေကန်ဆီသို့ သွားချင်လျှင် ထိုနံရံကြီးကို အလျင် ကျော်ဖြတ်ရပေလိမ့်မည်။
“မှန်သံမဏိ...”
အဖိုးတန် ရတနာ တစ်ခုကို မြင်တွေ့လိုက်ရသလို ဝေ့ဝူယင်၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။
“ငါ့လက်သီးတစ်ချက်ကို ခံနိုင်မလား ကြည့်ရအောင်...”
စိတ်လှုပ်ရှားမှုနှင့် အတူ ဝေ့ဝူယင် အရှိန်မြှင့်လိုက်၏။ မှန်သံမဏိများမှာ သေမျိုးနတ်ဘုရားများကိုပင် တားဆီးနိုင်သည်ဟု လူသိများသည်။ ထိုအရာက အမှန်တကယ်လား သူ သိလိုသည်။
ဝှစ်...
သူ၏ လက်သီးသည် အရှိန်အဟုန်နှင့် အတူ နံရံဆီ ကျရောက်သွား၏။
ဘုန်း...
ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ရုတ်ချည်းပင် နံရံကြီးသည် စက္ကူတစ်စအလား လွင့်စဥ် ပြိုကျသွားလေ၏။ ၎င်းကား ဝေ့ဝူယင်၏ လက်သီးချက်ကို တစ်စက္ကန့်ပင် တောင့်မခံနိုင်ခဲ့ချေ။
“ ... “
အားလုံး တိတ်ဆိတ်သွား၏။ နောက်မှ လိုက်လာသူများမှာလည်း ရပ်တန့်သွားကြသည်။ စုမေ့၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်နေသည်။ သူမ၏ ပါးစပ်ထဲမှ ကိတ်မုန့်မှာ အောက်သို့ ပြုတ်ကျသွား၏။
ဖြစ်စဥ်အားလုံးကို နားလည်သဘောပေါက်ရန် စက္ကန့်ပိုင်းမျှ အချိန်ယူ အပြီး၌...
“ချီး... သူက နတ်ဘုရား တစ်ပါးဟ...”
နောက်မှ လိုက်လာသည့် လူအုပ်ကြီးကား ဝရုန်းသုန်းကားဖြင့် ခြေဦးတည့်ရာသို့ ပြေးကြလေတော့သည်။ အချို့မှာ တစ်ယောက်နှင့် တစ်ယောက် ဝင်တိုက်မိပြီး ဒဏ်ရာများပင် ရရှိသွားကြ၏။ သို့သော်လည်း... သူတို့သည် အတင်းပင် ပြန်လည် ကုန်းကြုံးထကာ ဝေ့ဝူယင်နှင့် ဝေးနိုင်သမျှ ဝေးအောင် ဆုတ်ခွာ သွားကြသည်။
“ဒါက...“
ဝေ့ဝူယင်နှင့် စုမေ့တို့မှာ တစ်ယောက်ကို တစ်ယောက် ကူရာမဲ့စွာ ကြည့်လိုက်မိကြ၏။ သူတို့နောက်သို့ တစ်ချိန်လုံး အော်ဟစ်ဆဲဆိုကာ လိုက်နေသည့် လူများက ထိုမျှ သတ္တိကောင်းသည်လား။ ရယ်ရခက်ခက်၊ ငိုရခက်ခက် ဆိုသလိုပင်...။
မည်သို့ပင် ဆိုစေ အမှိုက်များကား ရှင်းလင်းသွားချေပြီ ဖြစ်သည်။ ခပ်ဖြည်းဖြည်းပင် စုမေ့ ဝေ့ဝူယင်ထံသို့ လျှောက်လာခဲ့၏။
“သွားကြမလား အရှင်ချန်း...”
“အင်း...”
ဝေ့ဝူယင်က ခေါင်းညိတ်ရင်း ကွဲအက်နေသည့် နံရံဆီသို့ ဦးတည်လိုက်လေတော့သည်။
...
သူတို့နှစ်ယောက်သည် ကျောက်စိမ်းပုလဲရေကန်ကြီးဆီသို့ လျှောက်လာခဲ့၏။ နှစ်ကီလိုမီတာ အကွာက မှန်ဘီလူးဖြင့် ကြည့်ရခြင်းထက် အနီးကပ် မြင်ရသည့် အဖြူရောင် ရေကန်ကြီးက ပို၍ပင် လှပလေသည်။ မျက်လုံး ပသာဒ ဖြစ်ကာ ရင်သပ်ရှုမောစရာ ကောင်းလွန်းလှ၏။
“ဝှစ်...”
ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်သော အခိုက်၌ ဝေ့ဝူယင်၏ မျက်ခုံးများက အပေါ်သို့ မြင့်တက်သွားသည်။ ခပ်လှမ်းလှမ်း တစ်နေရာတွင် မိန်းကလေး တစ်ယောက်ကို သူ မြင်တွေ့လိုက်ရသည် မဟုတ်ပါလော။ သူမသည် မည်သို့ ဝိညာဥ်အာရုံကိုမှ ထုတ်လွှတ်မထားပဲ ဝိညာဥ် အကာအကွယ် တစ်ခုကို သုံးကာ သူမကိုယ်ကို မမြင်နိုင်အောင် ဖုံးကွယ်ထား၏။
“ကျောက်စိမ်းသူတော်စင်လား...”
ဝေ့ဝူယင် ဘဝင်မကျသလို ခံစားလိုက်ရသည်။ နေသွေးနီနီဂိုဏ်းသို့ ဝင်စဥ်က သေမျိုး နတ်ဘုရားများမှာ အလွန် ဘုန်းတန်ခိုးကြီးကြောင်း၊ မြင့်မြတ်ကြောင်း သူ သင်ယူခဲ့ဖူးသည်။ သို့သော်လည်း ယခု သူ၏ အရှေ့၌ သေမျိုး နတ်ဘုရား တစ်ယောက်မှာ ကျူးကျော် ဝင်ရောက်သူကို တားဆီးရန် မကြိုးစားပဲ ချောင်တွင်သာ ကပ်ကာ တုန်လှုပ်နေသည်။
သေမျိုး နတ်ဘုရားများမှာလည်း သာမန် ကျင့်ကြံသူများနှင့် များစွာ မကွာခြားကြောင်း ဝေ့ဝူယင် သဘောပေါက်လာ၏။ သူတို့သည် သူတို့အဆင့်အောက်ရှိ ကျင့်ကြံသူများထက် အဆများစွာ သာလွန်၍ အစွမ်းထက်ရုံသာ ရှိပေသည်။
စုမေ့သည်လည်း ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်သည်။ သူမသည် ကျောက်စိမ်းကြာပန်းဂိုဏ်း၏ ကျောက်စိမ်း သူတော်စင်ကို စိုးရိမ်နေမိသည်။ သို့သော်လည်း... မည်သည့် အရိပ်အမြွက်ကိုမျှ သူ ရှာမတွေ့နိုင်ခဲ့ချေ။
“ကျောက်စိမ်းသူတော်စင်က ထွက်သွားပြီလား...”
သူမ၏ လေသံက သံသယနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။
“သူ အဲဒီမှာ ပုန်းနေတာ...”
သူက ကျောက်စိမ်းသူတော်စင် ပုန်းနေသည့် နေရာကို လက်ညိုးထိုးပြလိုက်သည်။
စုမေ့ အံ့သြသွား၏။ စောစောကပင် သူမ ထိုနေရာကို စစ်ဆေးခဲ့ပြီး ဘာကိုမှ မတွေ့ခဲ့ရချေ။ ဒုတိယ အကြိမ်မြောက် အဖြစ် သေသေချာချာ ပြန်လည် စစ်ဆေး ကြည့်လိုက်ရာ အရှိန်အဝါ အကြွင်းအကျန် အချို့ ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။
ထိုအပြောင်းအလဲက အံ့အားသင့်စရာ မရှိပါချေ။ ပထမ၌ ကျောက်စိမ်း သူတော်စင်မှာ ကိုယ့်ကိုယ်ကို သေသပ်စွာ ဖုံးအုပ်ထားနိုင်ခဲ့သော်လည်း ဝေ့ဝူယင်၏ တိကျစွာ ညွှန်ပြမှုကြောင့် စိတ်မတည်မငြိမ် ဖြစ်သွားကာ ဝိညာဥ်စွမ်းအား အချို့ ထွက်ပေါ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဒုတိယ အကြိမ်မြောက် စစ်ဆေးချိန်၌ စုမေ့ကပါ သူမအား အာရုံခံမိသွားခြင်း ဖြစ်၏။
မည်သို့မျှ မဖုံးကွယ်နိုင်သည့် အဆုံး ကျောက်စိမ်း သူတော်စင်မှာ အရိပ်များကြားမှ ထွက်လာခဲ့ရတော့သည်။ သူမသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ငွေရောင် ဆံပင်နှင့် အနက်ရောင် နှုတ်ခမ်းသားများကို ပိုင်ဆိုင်ထား၏။ သူမ၏ ကျောက်စိမ်းကဲ့သို့ အသားအရေနှင့် လှပသော မျက်လုံးလေးများမှာ သန့်စင်သော ပန်းချီကား တစ်ချပ် ပုံဖော်ထားသည့် အလားပင်။
သူမကား ပိန်သည့် အထဲတွင် ပါသည်။ သို့သော်လည်း... သူမ၏ ရင်သားများနှင့် တင်ပါးများမှာမူ လုံးဝန်းကာ ပြည့်တင်းနေ၏။ တည်ငြိမ်ရင့်ကျက်သည့် အသက် ၂၀ ကျော်၊ ၃၀ နီးပါး မိန်းမပျို တစ်ယောက်၏ အလှမျိုးပင်။
“ကျွန်မက ကျောက်စိမ်း သူတော်စင်ပါ... ဒါပေမဲ့ တိုင်ဖေးလို့ ခေါ်လို့ ရပါတယ်”
သူမက ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည်။ ဝေ့ဝူယင်ကို ကြည့်လိုက်ချိန်တိုင်း၌ သူမ၏ မျက်လုံးများက ကြောက်လန့်မှုများနှင့် ပြည့်နှက်သွား၏။
သူမသည် အကြမ်းဖက်လိုသော ရည်ရွယ်ချက်ဖြင့် ဝေ့ဝူယင်တို့ ရောက်ရှိလာသည်ဟု တွေးနေမိသည်။ အထူးသဖြင့် မှန်သံမဏိကို စက္ကူတစ်စလို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွဲပြလိုက်ခြင်းက ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ထိုလက်သီးသာ ခန္ဓာကိုယ်ပေါ်ကျပါက မည်ကဲ့သို့ ဖြစ်သွားမည်ကို သူမ တွေးပင် မတွေးရဲချေ။
“တိုင်...”
ဝေ့ဝူယင်မှာ တစ်စုံတစ်ခုကို ပြန်လည် အမှတ်ရကာ မျက်မှောင်ကြုတ်သွားခဲ့၏။
"နင်က တိုင်ချူးရွှယ်နဲ့ အမျိုးတော်တာလား...”
“ရှင်... ရှင် ချူးရွှယ်လေးကို သိတယ်လား”
သူမက ဝေ့ဝူယင်ကို သေသေချာချာ ကြည့်ရင်း မေးလိုက်သည်။ အဆုံး၌ သူမ၏ လေသံက အနည်းငယ် တုန်ရီသွားခဲ့၏။
မေ့မေ့ကို ရှာဖွေရန် ခရီးထွက်စဥ် အခါက ဝေ့ဝူယင်သည် လူတစ်စုနှင့် နဂါးအရိုးပြာမြို့တွင် အမှတ်မထင် ဆုံတွေ့ခဲ့ရသည်။ သူတို့သည် မြို့တော်သခင်၏ ဘဏ္ဍာတိုက်ကို ခိုးယူရန် ကြိုးစားခဲ့ကြပြီး တပ်မှူး၏ လက်တွင် အသက်ထွက်တော့မလို ဖြစ်နေခဲ့ကြသည်။ နောက်ဆုံး၌ ဝေ့ဝူယင်၏ ကယ်တင်မှုတွင် သူတို့ သုံးယောက် အသက် ချမ်းသာရာ ရခဲ့ကြပေသည်။
ထိုသုံးယောက်၏ နာမည်များကို ဝေ့ဝူယင် မှတ်မိနေသေး၏။ ကျိုးနင်၊ ကျန်းမူနှင့် တိုင်ချူးရွှယ်တို့ပင်...။
ကျိုးနင်... ဟူသော နာမည်ကို တွေးမိချိန်၌ ရမ္မက်ပြင်းပြလွန်းသည့် ညည်းညူသံများက ဝေ့ဝူယင်၏ စိတ်အတွင်း တိုးဝင်လာခဲ့သည်။ ထိုနေ့က ဂူထဲရှိ အဖြစ်အပျက်များကား တစ်သက် မမေ့နိုင်လောက်အောင် ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
“ဟုတ်တယ်... ငါ သူနဲ့ ဂိုင်ယာပြည်နယ်မှာ ဆုံခဲ့တာ”
ဝေ့ဝူယင် ပြန်လည် ဖြေလိုက်၏။ တိုင်ဖေး၏ အမူအရာမှာ ပြောင်းလဲသွားကာ ဘာဆက်ရမှန်း မသိ ဖြစ်နေပုံ ပေါ်သည်။
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်သည်။
“မစိုးရိမ်ပါနဲ့... ငါ သူ့အသက်ကို နှစ်ကြိမ်သုံးကြိမ်လောက် ကယ်ခဲ့ဖူးတယ်... ဒီကို ရောက်လာတာကလည်း ကျောက်စိမ်းပုလဲ ရေကန်ကို မြင်ဖူးချင်ရုံ သက်သက်ကြောင့်ပဲ... ပြီးတာနဲ့ ထွက်သွားမှာ”
တိုင်ဖေးမှာ အနည်းငယ် ဆွံအသွား၏။ မြင်ဖူးချင်ရုံ သက်သက်ဖြင့် ထိုမျှ အကြမ်းဖက်စရာ လိုသလော။ သေမျိုး နတ်ဘုရားများ အဆင့်ကို ကျောက်စိမ်းပုလဲ ရေကန်ဆီ အခမဲ့ ဝင်ခွင့်ပြုထားသည်ကို သူမသိသည်လော။
တိုင်ဖေး တစ်ယောက် ပြူးကြောင်ကြောင် ဖြစ်နေသည်ကို လျစ်လျူကာ ဝေ့ဝူယင်နှင့် စုမေ့တို့မှာ ကျောက်စိမ်းပုလဲ ရေကန်ဆီ လျှောက်သွားလိုက်သည်။ သူတို့သည် ရေဖြူဖြူထဲ လက်ကို နှစ်ကာ အနည်းငယ် လှုပ်ယမ်းကြည့်လိုက်ကြ၏။ ထို့နောက် ဝေ့ဝူယင်က ရေကို လက်ခုပ် နှစ်ဖက်ဖြင့် ခပ်ယူကာ ပါးစပ်ဖြင့် စုပ်ယူ သောက်သုံးလိုက်၏။
“ဟမ်...”
သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုရေကား ဘာထူးခြားချက်မျှ မရှိချေ။ အဖြူရောင် အဆင်း ရှိသည်မှ လွဲ၍ အရသာမှာ သာမန်ရေချိုများလိုပင်။ သူ အနည်းငယ် စိတ်ပျက်သွားမိ၏။
စုမေ့ကလည်း ရေကို ခပ်ယူကာ သောက်လိုက်သည်။ ဝေ့ဝူယင်နှင့် ထူးမခြားနား... သာမန်ရေချိုလိုပင်။ သို့သော်လည်း သူမမှာ လှပသော ရေကန်ကြီးကို အနီးကပ် မြင်တွေ့ခွင့် သောက်သုံးခွင့် ရရှိခြင်းကြောင့် စိတ်လှုပ်ရှား နေမိပေသည်။
ဝေ့ဝူယင်က တိုင်ဖေးဘက်သို့ လှည့်ကာ မေးလိုက်၏။
“နတ်မိမယ်တိုင်... ဒီရေကန်ရဲ့ ထူးခြားချက်က ဘာလဲ”
“ရှင် မသိဘူးလား...”
တိုင်ဖေးမှာ နောက်တစ်ကြိမ် ပြူးကြောင်ကြောင် ဖြစ်သွားပြန်သည်။ ထူးခြားချက်ကိုပင် မသိပဲ ဤနေရာအထိ ရောက်လာသည်လား။
သူမက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းကာ ရှင်းပြလိုက်၏။
“ကျောက်စိမ်းပုလဲရေကန်မှာ စက်ဝိုင်း ပုံသဏ္ဌာန်ကို ထိန်းသိမ်းပေးနိုင်တဲ့ ထူးခြားတဲ့ သံလိုက်စက်ကွင်း တစ်ခု ရှိတယ်... နောက်ပြီး ရေတွေထဲမှာလည်း ထူးခြားတဲ့ အရှိန်အဝါတွေ ပါဝင်နေတယ်... ချီပျစ်ခဲခြင်း အဆင့်ငါး ကျင့်ကြံသူတွေ အတွက်တောင် အဲဒါက အကျိုးရှိတယ်”
တိုင်ဖေးသည် ပြောရင်း ဝေ့ဝူယင်၏ အမူအရာကို သေချာစွာ အကဲခတ်နေခဲ့သည်။ အကယ်၍ အံ့သြသော အမူအရာ ဖြစ်ပေါ်လာပါက သူ သေမျိုး နတ်ဘုရား တစ်ပါး မဖြစ်သေးဟု ကောက်ချက်ချနိုင်ပေလိမ့်မည်။
“ဒါဆို သေမျိုး နတ်ဘုရားတွေ အတွက် အသုံးမဝင်ဘူးပေါ့”
ဝေ့ဝူယင်က အေးအေးဆေးဆေးပင် မှတ်ချက်ချလိုက်သည်။ ရေထဲ၌ လောကအင်အား အချို့ ပါဝင်နေသည်ကို သူ ရိပ်မိသော်လည်း လောကအင်အားမှာ နေရာတိုင်း၌ ရှိနေသော အရာ ဖြစ်သည်။ ဝေ့ဝူယင်၏ ဝိညာဥ် အာရုံသည် အလွန် အားကောင်းရာ လေထုထဲတွင်ပင် လောကအင်အားကို ရှာဖွေနိုင်သည်။
“ရောက်တုန်းရောက်ခိုက် ရေနည်းနည်းလောက်တော့ ယူသွားမှပဲ”
ဝေ့ဝူယင် ဗူးသီးခြောက် အရွယ် ကြွေဗူးတစ်ခုကို ထုတ်ယူကာ ရေကန်ထဲကို နှစ်လိုက်၏။ ပြည့်သွားပြီးနောက် သူက လောကအင်အားများ လွင့်ပါး မသွားစေရန် ချီစွမ်းအင်ကို သုံးလျှက် အဖုံးပိတ်လိုက်သည်။
လောက၏ ရောင်ဝါကို သာမန်ချီများဖြင့် မပိတ်ပင် မတားဆီးနိုင်ချေ။ ထိုအရာမှာ လွတ်လပ်ကာ အချုပ်အနှောင် ကင်း၏။ ချီပျစ်ခဲခြင်း အဆင့်ရှစ် ဝိညာဥ် ဆက်သွယ်ခြင်း အဆင့် ကျင့်ကြံသူများ သာလျှင် ၎င်းကို လိုသလို ထိန်းချုပ်နိုင်စွမ်း ရှိသည်။
တိုင်ဖေးမှာ ဝေ့ဝူယင်၏ ချီစွမ်းအင်ကို ကြည့်ကာ ရင်ခုန်သံများ ရပ်တန့်သွား၏။
“အရှင်... နတ်ဘုရား အရှင်...”
သတိမထားလိုက်မိခင်မှာပင် ထိုစကားလုံးများမှာ သူမ၏ ပါးစပ်မှ ထွက်ကျလာလေသည်။
“ဘယ်လို... နတ်ဘုရား အရှင်...”
စုမေ့မှာ ထိတ်လန့်တကြားဖြင့် ကြည့်လိုက်မိ၏။ တစ်ချိန်လုံး အတူတူ ရှိနေသည့်တိုင်... သူမ၏ ဝိညာဥ်အာရုံက တိုင်ဖေးလောက် မနက်ရှိုင်းသလို၊ ဗဟုသုတတွင်လည်း နိမ့်ပါးလှရာ ဝေ့ဝူယင် မည်သည့် အဆင့်၌ရှိမှန်း သူမ မခန့်မှန်းနိုင်ခဲ့ချေ။
***