← Chapters

ကျောက်စိမ်းကြာပန်းဂိုဏ်း

Vol. 6 Ch. 79

ကျောက်စိမ်းကြာပန်းဂိုဏ်း

Vol. 6 Ch. 79

"ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ... သူက အခုမှ သုံးဆယ့်ခြောက်နှစ်လောက်ပဲ ရှိသေးတာလေ”

စုမေ့၏ ထိတ်လန့် တုန်လှုပ်နေသော အမူအရာကြောင့် ဝေ့ဝူယင်က သူမအား လှည့်ကြည့်လိုက်သည်။

“ဘာလဲ တစ်ခုခု မှားနေလို့လား...”

စုမေ့က ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။

“ဘာမဖြစ်ပါဘူး အရှင်ဝေ့...”

သူမ၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ ဝေ့ဝူယင် သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်စေ၊ နတ်ဘုရား အရှင် တစ်ပါး ဖြစ်စေ... သူမအတွက် တစ်ဦးတည်းသော အရှင်ဝေ့သာ ဖြစ်သည် မဟုတ်ပါလော။

ဝေ့ဝူယင်က ခေါင်းညိတ်ကာ အခြား ကြွေဗူးတစ်ခုကို ထုတ်ယူ၍ ဖြည့်လိုက်ပြန်သည်။ မကြာခင်တွင် စုစုပေါင်း ကြွေဗူး ခုနစ်ဗူးမှာ အဖြူရောင် အရေများနှင့် ပြည့်နှက်သွား၏။ ဝေ့ဝူယင် ထိုရေများကို “ကျောက်စိမ်းလောကရေ” ဟု ကိုယ့်ဘာသာ အမည်ပေးထားလိုက်သည်။

စုမေ့မှာ တည်ငြိမ်နေပြီ ဖြစ်သော်လည်း တိုင်ဖေးမှာမူ ဆွံ့အ ထိတ်လန့်နေဆဲ ဖြစ်သည်။ နတ်ဘုရား အရှင်များကား တိုင်းပြည်၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဝူတိုင်းပြည်တွင် ကျင့်ကြံသူ သန်းရာချီ၍ ရှိသည့်တိုင် နတ်ဘုရားအရှင်မှာမူ စုစုပေါင်း ဆယ့်ကိုးယောက်သာ ရှိသည်။

“တော်ပြီ...”

ကြွေဗူး ခုနစ်ဗူးအထိ ရရှိပြီးနောက် ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။  ထို့နောက် သူက လေချွန်သံ ပေးလိုက်၏။

“ဪ ဒါနဲ့... တိုင်ချူးရွှယ်ရော ဘာတွေလုပ်နေလဲ”

သူက တိုင်ဖေးကို လှည့်ကြည့်ရင်း မေးလိုက်သည်။ တိုင်ဖေးက စိတ်မသက်သာသည့် ပုံစံဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

“သူ အကျဥ်းကျနေပါတယ်”

ရုတ်တရက် တိုင်ဖေးမှာ မပြောသင့်သော အတွင်းရေး တစ်ခုကို သူစိမ်းလူအား ပြောလိုက်မိပြီ ဖြစ်ကြောင်း သတိရသွားသည်။ သို့သော်လည်း... အနည်းငယ် တွေးတောလိုက်ပြီးနောက် သူမက အဆုံးထိ ရှင်းပြရန် ဆုံးဖြတ်လိုက်၏။

“ဂိုဏ်းမှာရှိတဲ့ သေမျိုး နတ်ဘုရား တစ်ယောက်ရဲ့ မြေးက ချူးရွှယ်လေးကို သဘောကျတာကနေ စတဲ့ ပြဿနာ ဆိုပါတော့လေ... ချူးရွှယ်လေးက သူ့ကို ကိုယ်ထိလက်ရောက် တုန့်ပြန်မိတော့ ချက်ချင်းပဲ ဖမ်းဆီးခံခဲ့ရတယ်.... သူ့အနေနဲ့ တောင်းဆိုသမျှကို လက်ခံမလား... ဒါမှမဟုတ် ထောင်ထဲမှာပဲ နေမလား ရွေးချယ်ရလိမ့်မယ်”

“နေဦး... ချူးရွှယ်က အဓိက တပည့် တစ်ယောက် မဟုတ်ဘူးလား... ကျောက်စိမ်းကြာပန်းဂိုဏ်းမှာ အဲဒီလို ဓလေ့မျိုးတွေ ရှိတာလား”

ဝေ့ဝူယင် ထူးဆန်းသလို ခံစားနေရသည်။ နေသွေးနီနီဂီုဏ်းတွင်ဆိုလျှင် ကျူးလန်သည် သေမျိုး နတ်ဘုရား တစ်ပါး၏ ဆန္ဒကို မလိုက်လျောခဲ့သော်လည်း အဓိက တပည့် ဟူသော ဂုဏ်ပုဒ်ကြောင့် လုံခြုံခဲ့ပေသည်။ ထို့အပြင် တိုင်ချူးရွှယ်မှာ တိုင်ဖေးနှင့်လည်း အမျိုးတော်သည်။ ထိုအရာက ယုတ္တိသိပ်မရှိလှချေ။

တိုင်ဖေး၏ အမူအရာက အနည်းငယ် ရုပ်ဆိုးသွား၏။ “ ... “ သူမ တစ်စုံတစ်ခုကို ပြောပြချင်နေပုံ ရသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ချေ။

ဝေ့ဝူယင်သည် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည့် သူမ၏ မျက်လုံးများကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ဇာတ်လမ်းအပြည့်အစုံကို သူမသိသော်လည်း ကျောက်စိမ်းကြာပန်းဂိုဏ်း၏ လုပ်ရပ် အပေါ် သူ အထင်သေးမိသည်။

“ကျိုးနင်ကိုရော နင်သိလား...”

သူက မေးလိုက်သည်။

တိုင်ဖေးက ခေါင်းညိတ်လိုက်၏။

“အင်း... သူက တိုင်ချူးရွှယ်အတွက် အလုပ်လုပ်ပေးနေတဲ့ အဓိက အကြီးအကဲ တစ်ဦးလေ”

“အလုပ်လုပ်ပေးနေတဲ့...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။

"ဟုတ်တယ်... အဲဒီပြဿနာကြောင့်ပဲ တိုင်ချူးရွှယ်နဲ့ ပတ်သက်တဲ့လူ အကုန်လုံးပါ ထိန်းသိမ်းခံလိုက်ရတယ်... နှစ်နှစ်လောက်ရှိပြီဆိုတော့ သူတို့တွေ ဘယ်လိုအခြေအနေ ဖြစ်နေတယ် ဆိုတာ ကျွန်မလည်း မပြောတတ်ဘူး... ကျိုးနင်လည်း အပါအဝင်ပေါ့”

တိုင်ဖေးက တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။ သူမ၏ လေသံအရ ကျိုးနင်နှင့် အခြားလူများကို သိပ်အရေးမပါသော လူများအဖြစ် ရှုမြင်ထားပုံ ရ၏။

“ကျောက်စိမ်းကြာပန်းဂိုဏ်းကို တစ်ခေါက်လောက် အလည် သွားရအောင်”

ဝေ့ဝူယင်က ပြုံးလိုက်၏။ သူ၏ ငွေရောင် မျက်လုံးများတွင် မီးတောက်အချို့က တဟုန်းဟုန်း တောက်လောင် လာသည်။ လွန်ခဲ့သော ဆယ်နှစ်... ကျိုးနင် ထွက်သွားပြီး ဖြစ်ပေါ်လာသော ဆန္ဒများအကြောင်း တွေးမိချိန်၌ ဝေ့ဝူယင် နောက်တစ်ကြိမ် အခွင့်အရေး မယူမိခြင်းအတွက် နောင်တရသလိုလို ခံစားခဲ့ရသည်။ ယခု အခွင့်အရေးရချိန်၌ သူ ထိုဆန္ဒများကို ဖြည့်ဆည်းသင့်ပေသည်။

"ဂီး...”

ဝေ့ဝူယင် နှုတ်ခမ်းအား သပ်လိုက်ချိန်မှာပင် ပိုင်လင်မှာ တိမ်များအကြားမှ  အောက်သို့ ထိုးဆင်းရင်း ရောက်ရှိလာ၏။ တိုင်ဖေးမှာ ကြောက်လန့်တကြား နောက်ဆုတ်လိုက်မိသည်။ သူမသည် ကြိုးကြာသားရဲများကို ယခင်က မြင်ဖူးသော်လည်း ဤငှက်က ပုံမဖော်နိုင်သည့် ဖိအားအချို့ကို ထုတ်လွှတ်နေသည်။

ဝေ့ဝူယင်ကမူ ထိုအရာကို သတိမပြုမိသည့်နှယ် ပိုင်လင် အနားသို့ လျှောက်သွားခဲ့၏။

“သွားကြမယ်လေ...”

...

ဟူး... ဟူး...

ပိုင်လင်သည် ရွှေရောင်အလင်းတန်း တစ်ခုကို ချန်ရစ်ရင်း ကောင်းကင်ကို ထိုးခွဲကာ ပျံသန်းနေ၏။ နေသွေးနီနီဂိုဏ်းတွင် ရှိစဥ်က ပိုင်လင်၏ အမြီးမှာ အဖြူရောင် ဆွတ်ဆွတ် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ၎င်းသည် စွဲမက်ဖွယ် အဆင်းရှိသည့် ရွှေရောင် အဖြစ် ကူးပြောင်းသွားခဲ့ချေပြီ ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထူးဆန်းသော ရွှေရောင် သစ်သီးကို စားသုံးပြီးနောက် ဆင့်ကဲ ဖြစ်စဥ် တစ်ခုကို ကျော်ဖြတ်နေရသည်။ တစ်နေ့တခြား သူမ၏ ‌အော်ရာက ပိုမို သန်မာလာကာ ပျံသန်းနှုန်းမှာလည်း ပိုမို မြန်ဆန်လာနေခဲ့လေသည်။ ဝိညာဥ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးချိန်တိုင်း သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို၍ ရွှေရောင် တောက်ပလာနေသည်ကို သူ တွေ့ရသည်။

ဝေ့ဝူယင် သွေးစက်အချို့ကိုပင် ထုတ်ယူကာ စစ်ဆေးခဲ့သေး၏။ ထိုမျှ သန့်စင်သည့် သွေးမျိုးကို သူ တစ်ခါမှ မတွေ့ဖူးချေ။ ထိုသွေးများက သာမန်ထက် အနည်းငယ် ပိုပျစ်ကာ ညကောင်းကင်ရှိ ကြယ်တာရာများ ကဲ့သို့ အဖြူရောင် အလင်းစက်လေးများ ရောနှောနေသည်ကို သူ တွေ့ရှိရသည်။ ထိုအရာက သူ၏ ဆန်းကြယ် ချီဝိညာဥ်များ အတွင်းမှ ‌ယင်ယန် စွမ်းအင် ရောနှောထားသော လောကအင်အားများနှင့်ပင် ဆင်တူသေးသည်။

“ပိုင်လင်က နက္ခတ်အမြုတေ အလွှာနဲ့ ဆက်နွယ်နေတဲ့ အဆင့်တစ်ခုခုကို ရောက်နေပြီလား”

နက္ခတ်အမြုတေ ကျင့်ကြံခြင်း အလွှာသည် ချီပျစ်ခဲခြင်း အလွှာတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အဆင့် တစ်ခု ဖြစ်သည်။ ထိုအဆင့်ရှိ ကျင့်ကြံသူ တန်ခိုးရှင်ကြီးများသည် လောကအင်အားကို ထိန်းချုပ်နိုင်ကာ ယင်ယန် နတ်ဘုရား စက်ဝန်းများကိုပင် ဖန်တီးနိုင်စွမ်း ရှိကြသည်။

မည်သိုပင် ဆိုစေ ပိုင်လင် အစွမ်းထက်လာသည်မှာ သူ့အတွက် ကောင်းပေသည်။ ရွှေရောင် သစ်သီး၏ သက်ရောက်မှုက အဘယ်ထိ ဆက်လက် သွားမည်ကို ဝေ့ဝူယင် စောင့်ကြည့်လိုသေးသည်။

တိုင်ဖေးသည် ပိုင်လင်၏ ကျောပေါ်တွင် ငြိမ်သက်စွာ ထိုင်ရင်း အရှေ့သို့ မျှော်ကြည့်လိုက်မိ၏။ ‌ကျောက်စိမ်းကြာပန်းဂိုဏ်းထံ လမ်းပြရန် ဝေ့ဝူယင်က သူမအား ဖိတ်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။

ပထမ၌ သူမသည် ထိုဖိတ်ခေါ်မှုကို ငြင်းဆိုရန် ကြိုးစားသေးသော်လည်း ဝေ့ဝူယင်မှာ သူမ၏ အဖြေကို ‌စောင့်ပင် မစောင့်ချေ။ တိုက်ရိုက်ပင် ချီစွမ်းအင်ဖြင့် သူမ၏ ခန္ဓာကိုယ်အား မရင်း ကြိုးကြာပေါ် တင်ကာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်လာပြီးသည့် အချိန်မှ စ၍ ထိုကဲ့သို့ ကိုင်တွယ်မှုမျိုးကို သူမ မခံခဲ့ရဖူးချေ။ သို့သော်လည်း ထူးဆန်းပြီး နားမလည်နိုင်သော အကြောင်းပြချက် တစ်ခုကြောင့်... ဝေ့ဝူယင်၏ အတင်းအကြပ် လွှမ်းမိုးချုပ်ကိုင်မှုက သူမ၏ နှလုံးအား ခုန်စေကာ ပါးပြင်များကို ပူနွေးလာစေသည်။

သူမသည် ဘဝတွင် အသက်တစ်ရာကျော် ရှင်သန်ခဲ့ပြီး ဖြစ်ရာ ခင်ပွန်းနှင့် မြေးမြစ်များ အပါအဝင် မိသားစု တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။

ကံဆိုးစွာပင်... သူမ၏ ခင်ပွန်းဖြစ်သူမှာမူ ချီပျစ်ခဲခြင်း အဆင့်လေးကိုပင် မတက်လှမ်းနိုင်ခဲ့ပဲ  ဒြပ်စင် မွေးဖွားခြင်း အဆင့်တွင်သာ သောင်တင်နေခဲ့သည်။ တိုင်ဖေးတစ်ယောက် ငယ်ရွယ်ကာ နုပျို လှပနေစဥ်၌ တစ်အိပ်ယာတည်း အိပ်ရသည့် ခင်ပွန်းမှာမူ သေခါနီး အဘိုးအိုတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဒြပ်စင် မွေးဖွားခြင်း အဆင့်များသည် အသက် တစ်ရာ့ငါးဆယ်ခန့်သာ နေထိုင်နိုင်ပြီး သေမျိုး နတ်ဘုရားများမှာမူ ပျမ်းမျှ သက်တမ်း ငါးရာ အထိ ရှိပေသည်။ ထိုနှစ်ခု အကြားမှ ကွာခြားချက်ကား ကြီးမားလွန်းလှ၏။

ဝေ့ဝူယင်မှာမူ တိုင်ဖေး၏ ခံစားချက်များကို မသိပါချေ။ ထို့အစား သူသည် သူ၏ ကျင့်ကြံခြင်း အခြေခံကိုသာ ပြန်လည် စစ်ဆေးနေခဲ့သည်။ နေသွေးနီနီဂိုဏ်းမှ ထွက်ခွာလာသည်မှာ နှစ်ပတ်ခန့် ကြာခဲ့ပြီ ဖြစ်သည်။ သူသည် လမ်းတစ်လျှောက်လုံး၌ ဝိညာဥ် ပေါင်းစည်းခြင်း အဆင့်၌ အခြေကျစေရန် အချိန်ရသလို ကျင့်ကြံခဲ့သည်။

“လက်ကျန် အမတေ ကျောက်တုံး အကုန်လုံး နီးပါးကို စုပ်ယူပြီးတဲ့နောက်မှာ ငါ့ရဲ့ ကျင့်ကြံခြင်းက အပြည့်အဝ အခြေခိုင်သွားခဲ့ပြီ”

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ့တွင် အမတေ ကျောက်တုံး သိပ်မကျန်တော့ချေ။ ဧဒင်ကမ္ဘာဂိုဏ်းတွင် နေထိုင်စဥ်က စုစည်းထားသည့် မှော်ဆေးလုံးများနှင့်၊ အဂ္ဂိရတ် ပညာရပ်နှင့် သက်ဆိုင်သည့် ရင်းမြစ်များသာ ကျန်ရှိပေတော့သည်။ သို့သော်လည်း ထိုပစ္စည်းများမှာ အရေအသွေး မမြင့်မားလှရာ လက်ရှိ သူ့အဆင့်နှင့် သိပ်မသုံးမဝင်တော့ချေ။

ကံကောင်းစွာပင် ကျင့်ကြံခြင်း ရင်းမြစ်များကို အရေးတကြီး သူမလိုသေးချေ။ သူ၏ လက်ရှိ ရည်ရွယ်ချက်မှာ ယင်ယန် နတ်ဘုရား စက်ဝန်း တစ်ခုကို ရှာဖွေပြီး အဂ္ဂိရတ် ဧဒင်ချီ နှလုံးသားဖြင့် တိုက်ရိုက် စုပ်ယူပစ်ရန် ဖြစ်သည်။ ထိုနည်းဖြင့် အဂ္ဂိရတ် ဧဒင်ချီ နှလုံးသားကို သေမျိုး နတ်ဘုရား အဆင့်အထိ သူ တက်လှမ်းနိုင်ပေလိမ့်မည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ သိပ်အသုံးမဝင်တော့သည့် မှော်ဆေးလုံးများကို သူ ဘာလုပ်ရမည်နည်း။ စုမေ့အား ပေးရမည်လော။

ဝေ့ဝူယင် ခေါင်းခါလိုက်သည်။ စုမေ့သည် ထိုထက် ပိုကောင်းသည့်အရာများနှင့် ထိုက်တန်သည်။

“ငါ မှော်ဆေးလုံးတွေကို ရောင်းပြီး ငွေရှာရင် ကောင်းမလား...”

ရှိသမျှ မှော်ဆေးလုံးများ အားလုံး ကုန်သွားလျှင်ပင် သူကား ဧဒင်ကမ္ဘာဂိုဏ်းတွင် ရှစ်နှစ်ခန့် ပါရမီရှင် အဖြစ် သင်ယူခဲ့သူ ဖြစ်သည်။ မှော်ဆေးလုံးများကို သူ အလွယ်တကူ ဖန်တီးနိုင်သည်။ ထိုအရာက အရိုးရှင်းဆုံး နည်းလမ်းဖြင့် ကြွယ်ဝ ချမ်းသာမှုကို ယူဆောင်လာနိုင်ပေသည်။

“ကျွန်မတို့ ရောက်ပါပြီ...”

တိုင်ဖေး၏ အသံက ထွက်ပေါ်လာ၏။ ဝေ့ဝူယင် အတွေးများထဲမှ ရုန်းထွက်ရင်း အရှေ့သို့‌ မျှော်ကြည့်လိုက်မိလေတော့သည်။

***

All Chapters