ကျောက်စိမ်းကြာပန်းဂိုဏ်း (၂)
Vol. 6 Ch. 80
“ဒါက...”
မြင်လိုက်ရသော မြင်ကွင်းကြောင့် ဝေ့ဝူယင်နှင့် စုမေ့ နှစ်ယောက်စလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြလေ၏။ သူတို့သည် ကျောက်စိမ်းကြာပန်းဂိုဏ်း၏ အသွင်အပြင်များ အကြောင်း ကြားဖူးသော်လည်း ထိုအရာက အမှန်တကယ် ဖြစ်လိမ့်မည်ဟု တစ်ခါမှ မယုံကြည်ခဲ့ကြချေ။ အမှန်တကယ်ကိုပင် ခမ်းနား ကြီးကျယ်လွန်းလှ၏။
“ဂိုဏ်းတစ်ခုလုံးကို တကယ်ကြီး ကျောက်စိမ်းကြာပန်းကြီး တစ်ခုပေါ်မှာ တည်ထားတာပဲ”
ဝေ့ဝူယင် တအံ့တသြ ရေရွတ်လိုက်၏။ သူတို့၏ အရှေ့တွင်မူ ကီလိုမီတာ ဆယ်ချီအောင် ဖြန့်ကျက်ထားသည့် ကြာပန်းကြီးတစ်ခု ရှိနေပေည်။ ၎င်းတွင် ပွင့်ချပ်ကြီး ရှစ်ခုရှိကာ အလယ်တည့်တည့်တွင် တောင်တစ်ခုဟုပင် ယူဆနိုင်သည့် ကျောက်စိမ်း နန်းတော်ကြီး တစ်ခု တည်နေ၏။ ၎င်းကား နေသွေးနီနီ နန်းတော်ထက် အဆများစွာ ပိုမို ခမ်းနားလွန်းသည်။
ပင့်လွှာ ပွင့်ချပ်များသည် ချောမွေ့သော ကျောက်စိမ်းသားဖြင့် အတိပြီးကာ ထိုကြာပန်းကြီးမှာ ရေထုကြီး တစ်ခု၏ အပေါ်၌ တည်နေခြင်း ဖြစ်သည်။ ယင်းကား အလွန် ကြည်လင်သော ရေကန်ကြီး တစ်ခုဖြစ်ပြီး ကြာပန်းမှာ ရေမျက်နှာပြင်ပေါ်တွင် သဘာဝအတိုင်း ပွင့်လန်းနေ၏။ ထိတ်လန့်တုန်လှုပ်စရာ အကောင်းဆုံး အပိုင်းကား ထိုကြာပန်းကြီးမှာ တစ်ချိန်လုံး ခပ်ဖြည်းဖြည်းဖြင့် လှည့်ပတ်နေခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင် ဧဒင်သစ်ပင်ကို ပြန်လည် အမှတ်ရလိုက်၏။ အနီးကပ်ကြည့်ပါက ကြာပွင့်ကြီး၏ ပွင့်ချပ်များထက်၌ အမျိုးမျိုးသော အဆောက်အဦများ တည်ရှိနေသည်ကို တွေ့ရသည်။ ဧဒင်ကမ္ဘာဂိုဏ်းအတွက် ဧဒင်သစ်ပင်မှာ အိမ်ဖြစ်သလို ကျောက်စိမ်းကြာပန်းဂိုဏ်းသားများ အတွက် ကြာပွင့်ချပ်များမှာ မှီခိုတည်ရှိရာ မြေပြင်များ လိုပင်။
သို့သော်လည်း ဧဒင်သစ်ပင်နှင့် မတူညီသည့် အချက်တစ်ခုကား... ကျောက်စိမ်း ကြာပွင့်ကြီးမှာ မည်သည့် သစ်သားချီကိုမျှ မထုတ်လုပ်သလို မည်သည့် ဒြပ်စင်စွမ်းအင်ကိုမျှ ယူဆောင် မပေးချေ။ ကျောက်စိမ်းချီ တစ်မျိုးတည်းကိုသာ ထုတ်လွှတ်နေ၏။ ၎င်း၏ စွမ်းအားနှင့် လုပ်ဆောင်ပုံက နေသွေးနီနီတောင်နှင့် တူသယောင်ယောင်ပင်...။
“ရှင့်နာမည်က ဘယ်သူလဲ...”
တိုင်ဖေးက မေးလိုက်၏။ သူမသည် ထိုမေးခွန်းကို မေးသင့်သည်ဟု ခံစားနေရသည်။ ယခု၌ ဂိုဏ်းနားသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ရာ သူမ၏ သတ္တိများမှာ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ သူမတို့ ကျောက်စိမ်းကြာပန်းဂိုဏ်းတွင် ဝိညာဥ် ဝင်္ကပါများ၊ အစီအရင်များ အပြင် နတ်ဘုရား အရှင် တစ်ယောက်ပါ ရှိသည် မဟုတ်ပါလော။
ဝေ့ဝူယင် သူမအား ကြည့်ကာ ပြုံးပြလိုက်၏။
“ငါ့နာမည်က ဝေ့ဝူယင်...”
“ဝေ့ဝူယင်...”
သူမ တစ်ခါမှ မကြားဖူးချေ။ အထူးသဖြင့် ထိုနာမည်နှင့် နတ်ဘုရား အရှင် အဆင့်အား ဘယ်လိုမှ ယဥ်တွဲ တွေး၍ မရချေ။ နတ်ဘုရား အရှင်များမှာ ဒဏ္ဍာရီ ဆန်ဆန် ထင်ရှားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် သိပ်မများလှချေ။
စုမေ့က နောက်မှနေ၍ ဝေ့ဝူယင်အား ကုတ်လိုက်ရင်း အရိပ်အယောင် ပြလိုက်၏။ ဝေ့ဝူယင်မှာ ပထမ၌ ကြောင်တောင်တောင် ဖြစ်သွားသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် စိတ်အားထက်သန်မှုများနှင့် ပြန်လည် ပြည့်နှက်သွားသည်။
“ဆေဘာ အာဏာရှင်လို့လည်း ခေါ်လို့ရတယ်...”
သူက ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။
“ဆေဘာ အာဏာရှင် ဝေ့ဝူယင်...”
တိုင်ဖေးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ မည်သို့ပင် ဖျစ်ညှစ် စဥ်းစားစေကာမူ ထိုနာမည်က သူမ၏ မှတ်ဉာဏ်ထဲမှ ထွက်မလာခဲ့ချေ။ သူမသည် ပတ်ဝန်းကျင် တိုင်းပြည်များရှိ နတ်ဘုရား အရှင်များကိုပင် ကြားဖူးသည့်တိုင် “ဆေဘာ အာဏာရှင်” ဟူသော စကားလုံးကမူ အစိမ်းသက်သက် ဖြစ်၏။
ဝေ့ဝူယင်က နှာခေါင်းအား အနည်းငယ် ပွတ်လိုက်ရင်း စုမေ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ငါ့နာမည်ကို နည်းနည်းလောက် တောင်ပြောင်အောင် လုပ်လိုက်ရင် ကောင်းမလား...”
“တောက်ပြောင်အောင်...”
စုမေ့မှာ ပထမ၌ တားရန် ဟန်ပြင်လိုက်သော်လည်း မှန်သံမဏိကို ပေါက်ထွက်စေသည့် ဝေ့ဝူယင်၏ လက်သီးချက် အကြောင်း ပြန်လည် တွေးမိသော အခါ ခေါင်းကိုသာ ညိတ်လိုက်သည်။
ဝေ့ဝူယင်၏ နှုတ်ခမ်းများမှာ ပြုံးယောင်သမ်းသွားကာ မျက်လုံးများမှာလည်း ဒြပ်စင်ချီ အရိပ်အယောင်များဖြင့် တလက်လက် တောက်ပသွား၏။ သူ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း ကောင်းကင်ကို တုန်လှုပ်စေသည့် လေသံမျိုးဖြင့် အော်ဟစ်လိုက်သည်။
“ငါ ဆေဘာအာဏာရှင် ရောက်လာတယ်... ဘာလို့ ခုထိ မကြိုဆိုသေးတာလဲ”
သူ၏ စကားလုံးများက ရိုင်းစိုင်းကာ မောက်မာခြင်းများနှင့် ပြည့်နှက်နေသည်။ အသံလှိုင်းများသည် ကောင်းကင်ကို ပဲ့တင်ထပ်ကာ ကျောက်စိမ်းကြာပန်းဂိုဏ်း တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။
...
ကျောက်စိမ်းကြာပန်းဂိုဏ်း၊ မဟာကျောက်စိမ်း နန်းတော်အတွင်း၌ လူခုနစ်ယောက်သည် ပြီးပြည့်စုံသည့် စက်ဝိုင်းတစ်ခုတစ်ခု ပုံစံဖြင့် မျက်နှာချင်းဆိုင် ထိုင်ကာ ကျင့်ကြံနေကြ၏။ ထိုလူစုထဲတွင် ယောက်ျားမိန်းမ မျိုးစုံ ပါဝင်နေသည်။ သူတို့ တစ်ယောက်ချင်းစီကို အဖြူရောင် ကျောက်စိမ်းချီများက ဝန်းရံ နေလေရာ မြင်ကွင်းမှာ နတ်ဒေဝါများ အလား ဆန်းကြယ်နေ၏။
“ငါ ဆေဘာအာဏာရှင် ရောက်လာတယ်... ဘာလို့ ခုထိ မကြိုဆိုသေးတာလဲ”
ရုတ်တရက် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ အသံလှိုင်းကြောင့် သူတို့၏ မျက်လုံးများက ပွင့်ဟသွားကြ၏။ ကျောက်စိမ်းရောင် အလင်းများသည် သူတို့၏ မျက်လုံးများ၌ တဖျပ်ဖျပ် လက်နေကာ လောက၏ ပုံရိပ်များမှာလည်း စွန်းထင်နေ၏။ သူတို့အားလုံးကား သေမျိုး နတ်ဘုရားများပင်...။
သက်လတ်ပိုင်း အရွယ်ခန့် ရှိသော်လည်း ချောမွေ့သော အသားအရေနှင့် ပြစ်မျိုးမှဲ့မထင် အလှမျိုး ပိုင်ဆိုင်ထားသည့် အမျိုးသမီး ကျင့်ကြံသူက မတ်တပ်ထရပ်လိုက်သည်။ သူမ၏ အကြည့်များက ရက်စက်မှု၊ စိန်ခေါ်လိုမှုများနှင့် ပြည့်နှက်နေ၏။ မည်ကဲ့သို့သော သူက ကျောက်စိမ်းကြာပန်းဂိုဏ်းကို တိုက်ရိုက် လာရောက်ကာ မလေးမစား ပြုဝံ့သနည်း။
“ကြည့်ရတာ လူတွေက ကျောက်စိမ်းကြာပန်းဂိုဏ်းရဲ့ စွမ်းအားကို မေ့လျော့နေကြပြီ ထင်တယ်... အင်း... ငါတို့ ဘက်ကလည်း နှိမ်ချနေလွန်းတာကိုး”
မျက်နှာပေါ်၌ တင်းတိပ်ကဲ့သို့ အစက်အပျောက် အချို့ရှိသည့် ချောမော ခန့်ညားသော လူငယ်က ခေါင်းခါ လိုက်သည်။ သို့သော်လည်း သေချာ သတိထားကြည့်ပါက ထိုလူငယ်မှာ လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်ကြောင်း တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။
လူငယ်နှင့် အသက်လတ် အမျိုးသမီးတို့ ကဲ့သို့... အခြားလူများမှာ မခံမရပ်နိုင်သည့် အမူအရာများ ပြကြသော်လည်း တစ်ယောက်မှာမူ အလွန် တည်ငြိမ်နေသည်။ သူမကား မိန်းမတစ်ယောက် ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ အာကာသကိုပင် ထွင်းဖောက်နိုင်ဟန်ရသည့် သန့်စင်သော အဖြူရောင် အလင်းဖြင့် တောက်ပနေ၏။
သူမကား ကျောက်စိမ်းကြာပန်းဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ် ချင်းရွှေပင်...။
ချင်းရွှေ၏ ကျင့်ကြံခြင်း အခြေခံမှာ နေသွေးနီနီဂိုဏ်းချုပ် စုလင်းယာ ကဲ့သို့ပင် မြင့်မြတ်သောချီ အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“နတ်မိမယ်တိုင်က သူနဲ့ အတူ ရှိနေတယ်...”
သူမက တည်ငြိမ်စွာ ဆိုလိုက်၏။ သူမ၏ စကားကြောင့်ပင် အခြား အကြီးအကဲများမှာ ထိုအရာကို သတိထားမိသွားကာ အမူအရာများမှာ ပြောင်းလဲသွားကြသည်။ အချို့မှာ စိတ်ရှုပ်ထွေးသွားပုံ ပေါ်ပြီး အချို့မှာမူ သတိ အနေအထား ဖြစ်သွားကြ၏။
"ဘာလို့ အတူရှိနေတာလဲ...”
အသက်လတ် အမျိုးသမီးက နားမလည်စွာ ရေရွတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင်မူ အတွေးနှင့် ဖြစ်နိုင်ချေပေါင်းစုံက ရှုပ်ထွေးစွာ နေရာယူနေ၏။
"အရင်ဆုံး သွားကြည့်ကြတာပေါ့...”
မီးခိုးရောင် ဆံပင်၊ တွန့်လိမ်နေသော အရေပြားများနှင့် ဉာဏ်ပညာ ပြည့်ဝသည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် အကြီးအကဲ လူအိုကြီးက ဆိုလိုက်သည်။
"သဘောတူတယ်...”
သူနှင့် သက်တူရွယ်တူခန့် ရှိမည့် အကြီးအကဲ အမျိုးသမီးကြီးက ခေါင်းညိတ်လိုက်သည်။ သူတို့ နှစ်ယောက်သည် ငယ်ရွယ်စဥ် ကတည်းက လက်တွဲလာသည့် တာအို လက်တွဲဖော်များ ဖြစ်ကြရာ အမြဲတမ်း လိုလို ပြဿနာတစ်ခု အပေါ် ရှုမြင်ပုံချင်း တူညီကြသည်။
ချင်းရွှေက မတ်တပ်ထရပ်လိုက်ရာ အခြားလူအားလုံးမှာလည်း လိုက်လံ လုပ်ဆောင် လိုက်ကြသည်။ ဤသည်မှာ လေးစားမှုက ပြယုဂ်တစ်ခု ဖြစ်၏။ ထိုသို့ဖြင့် သူတို့သည် ကျောက်စိမ်းနတ်ဘုရား ခန်းမထဲမှ ထွက်လာခဲ့ကြလေသည်။ ထိုနေရာသည် ကြာပန်းကြီးတစ်ခုလုံးတွင် ကျောက်စိမ်းချီများ အသိပ်သည်းဆုံး တည်ရှိနေသည့် နေရာဖြစ်သည်။ ၎င်းကား ကျောက်စိမ်းကြာပန်းဂိုဏ်း၏ အမြင့်မားဆုံး ကျင့်ကြံခြင်း ကုန်းမြေများထဲမှ တစ်ခု ဖြစ်၏။
ချင်းရွှေ၏ ဦးဆောင်မှုနှင့် အတူ သူတို့သည် ညီညီညွှတ်ညွှတ်ပင် အပြင်သို့ ထွက်လာကြသည်။ သိမ်းငှက်နှင့် ဆင်တူသည့် မိုးပျံ သားရဲကြီးများမှာ ကောင်းကင်တွင် ပျံသန်းရင်း သူတို့ရှေ့နား၌ ဆင်းသက်လာကြ၏။ ၎င်းတို့မှာ နေသွေးနီနီဂိုဏ်း၏ အနက်ရောင် ကြိုးကြာကြီးများ ကဲ့သို့ ကြီးမားလှကာ အစွမ်းထက် ခန္ဓာကိုယ် ဖွဲ့စည်းပုံများကို ပိုင်ဆိုင်ထားကြသည်။
၎င်းတို့ထဲတွင် ချီပျစ်ခဲခြင်း အဆင့်သုံး ဒြပ်စင် မွေးဖွားခြင်းအဆင့် ကျင့်ကြံသူများထက် ပို၍ အားနည်းသည့် အကောင် တစ်ကောင်မျှ မပါချေ။
ဟူး... ဟူး...
မကြာခင်တွင်ပင် ထိုသားရဲကြီးများမှာ သေမျိုး နတ်ဘုရားများနှင့် ချင်းရွှေတို့ကို သယ်ဆောင်ကာ ဝေ့ဝူယင်တို့ အနားသို့ ရောက်ရှိလာသည်။
ဝေ့ဝူယင်သည် တည်ငြိမ်စွာပင် ပိုင်လင်၏ ကျောထက်၌ ရပ်နေ၏။ ခေါင်းအား မော့လျှက် လက်နှစ်ဖက် နောက်ပစ်ထားသော သူ၏ အမူအရာက မောက်မာခြင်းတို့နှင့် ပြည့်နှက်နေသည်။ ထိုအခိုက်၌ သူကား ဘာကိုမျှ အမှုထားဟန် မရချေ။
တိုင်ဖေးမှာ အနည်းငယ် ထိတ်လန့်နေ၏။ ဝေ့ဝူယင် ထိုမျှ တိုက်ရိုက်ကြီး လုပ်လိမ့်မည်ဟု သူမ တွေးမထားခဲ့ချေ။ သူမသည် ဂိုဏ်းအပေါ် အပြည့်အဝ ယုံကြည်ချက် ရှိသော်လည်း ငယ်ရွယ်ကာ ချောမောသည့် နတ်ဘုရား အရှင်လေး၏ ကျောပြင်ကို ငေးမောမိချိန်၌ သံသယ စိတ်တစ်ခုက သူမ၏ အတွေးအတွင်း ဝင်ရောက် လာခဲ့သည်။
ကောင်းကင်တွင် နေရာယူနေသည့် ချင်းရွှေ ခေါင်းဆောင်သော သေမျိုး နတ်ဘုရားများကို ကြည့်ရင်း သူမမှာ တည်ငြိမ် မနေနိုင်တော့ချေ။ အသံကုန် အော်ဟစ်ရင်း “ဂိုဏ်းချုပ်ကြီး မြန်မြန်ထွက်လာပါ” ဟု ပြောချင်နေပြီ ဖြစ်လေတော့သည်။
***