← Chapters

အဂ္ဂိရတ် နှလုံသား

Vol. 6 Ch. 83

အဂ္ဂိရတ် နှလုံသား

Vol. 6 Ch. 83

“သူ့ကို ခေါ်လာခဲ့...”

ဝေ့ဝူယင် ပြောလိုက်သည်နှင့် တစ်ပြိုင်နက်က ကျွင်းလင်သည် တိုင်ချူးရွှယ်ကို ရှေ့သို့ ခေါ်လာ၏။ သို့သော်လည်း ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“သူမဟုတ်ဘူး... ကျိုးနင်ကို ပြောတာ”

" ... “

အားလုံးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူက ကျိုးနင်ကို လိုချင်သည်လား...။ သူတို့ လျှင်မြန်စွာပင် သူမ၏ အခြေကို စစ်ဆေးလိုက်ကြသည်။

တစ်ခဏအတွင်းမှာပင် သူတို့၏ အမူအရာများမှာ မည်းမှောင်သွား၏။ ကျိုးနင်ကား တိုင်ချူးရွယ်ထက် အဆများစွာ ပိုမို အခြေအနေ ဆိုးလှသည်။ သူမသည် ရုပ်ပိုင်းဆိုင်ရာတွင်ရော စိတ်ပိုင်း ဆိုင်ရာတွင်ပါ ကြီးမားစွာ ထိခိုက်နေရုံမျှ မက ချီနှလုံးသားပင်လျှင် ကွဲအက်နေသည်။ ရှင်းရှင်းပြောရလျှင် ကျိုးနင်ကား သေအံ့မူးမူး အခြေအနေ အထိ ရောက်ရှိနေခြင်း ဖြစ်သည်။

စုမေ့က သက်ပြင်းတစ်ချက် ချလိုက်၏။ သူမသည် ထိုကဲ့သို့ အခြေအနေ ရောက်ရှိနေသည့် အမျိုးသမီး မြောက်များစွာကို တွေ့မြင်ခဲ့ဖူးပေသည်။ ကျင့်ကြံခြင်းလောက၏ ရက်စက်မှုများကာ စည်းမျဥ်းဘောင်ပင် မရှိချေ။

ကျွင်းထျန်ချိုးသည် ရေချီ ခုတင်တစ်ခုအား အသုံးပြုကာ ကျိုးနင်အား ဝေ့ဝူယင်ထံ အသာအယာ တွန်းပို့လိုက်သည်။

ဝေ့ဝူယင်က ကိုယ်ပိုင်ချီကို အသုံးပြုကာ သူမအား လက်ခံလိုက်၏။ သူမ၏ အခြေအနေ အရပ်ရပ်ကို သိရှိပြီး ဖြစ်ရာ သူ သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။

“ဒီတစ်ကြိမ်တော့ ငါ နင့်ကို မကယ်နိုင်တော့ဘူး ထင်တယ်”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ ဘာလုပ်ရမည်မှန်း မသိချေ။ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် သူ သူမ၏ ကျင့်ကြံခြင်း အဆင့်ကို ပြန်လည် ရရှိအောင် လုပ်ပေးနိုင်သည်။ သူမအား စော်ကားခဲ့သူများကို သတ်ဖြတ်နိုင်သည်။ သူမ၏ အသက်စွမ်းအင်ကို တိုးမြှင့်ကာ အသက်ရှည်ရှည် နေနိုင်အောင် လုပ်ဆောင် ပေးနိုင်သည်။

သို့သော်လည်း... သူမ၏ ကျိုးပျက်နေသော စိတ်ကိုမူ ပြန်ကောင်းအောင် သူ မကူညီနိုင်ပေ။ ခါးသီးသည့် မှတ်ဉာဏ်များ၊ ရိုက်ချိုးခံခဲ့ရသည့် ဆန္ဒများ၊ ဆိုးဝါးလွန်းသည့် ညှင်းပန်း နှိပ်စက်မှုများ... ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများမှ သူမ မည်ကဲ့သို့ လွတ်နိုင်ပါမည်နည်း။

ဝေ့ဝူယင် ကျိုးနင်ကို ပိုက်ရင်း ငုံ့ကြည့်လိုက်၏။ သူမ၏ မျက်လုံးအိမ်များက လှုပ်ရှားမှု မရှိပဲ တစ်နေရာတည်းကို ငေးကြည့်နေသည်။ နတ်ဘုရား အရှင် တစ်ပါးတွင်လည်း ကန့်သတ်ချက်များ ရှိပေသည်။ စိတ်ကား အလွန် နူးညံ့သော အရာ ဖြစ်သည်။ သူမ၏ စိတ်ကို မကူညီနိုင်သည့် အတွက်...

“နေဦး... စိတ်...”

ရုတ်တရက် ဝေ့ဝူယင်မှာ တစ်စုံတစ်ခုကို တွေးတောမိသွား၏။

"စိတ်...”

သူ နောက်တစ်ခါ ထပ်မံ ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တဝင်းဝင်း တောက်ပလာ၏။

“ဧဒင်ချီ...”

သူခေါင်းညိတ်လိုက်သည်။ ဧဒင်ချီသည် ဧဒင်သစ်ပင်၏ ရောင်ဝါနှင့် အမတေတို့ ထံမှ တိုက်ရိုက် ဆင်းသက်လာသော အရာ ဖြစ်ပြီး စိတ်တာအိုနှင့် ဆက်စပ်နေသည်။ ထိုချီအား အသုံးပြု၍ စိတ်ဒဏ်ရာများကို ကုသနိုင်လောက်မည်လော။

သူ ထိုအရာကို ရှာဖွေလိုသည်။ ဝေ့ဝူယင်၏ မျက်လုံးသည် သက်တန့်ရောင် အလင်းအချို့ဖြင့် တလက်လက် တောက်ပသွား၏။ ထိုအလင်းရောင်နှင့် အတူ အဂ္ဂိရတ် တာအို၏ အငွေ့အသက်များက ပေါက်ကွဲ ထွက်ပေါ်လာသည်။

"ဟမ်...”

ချင်းရွှေမှာ မျက်မှောင်ကြုတ်သွား၏။ ထိုအရာက အဂ္ဂိရတ် တာအို စွမ်းအင်များ မဟုတ်လော။ သူမ တွေးနေစဥ်မှာပင် ဝေ့ဝူယင်၏ မျက်လုံးမှ သက်တန့်ရောင် အလင်းတန်းများမှာ ကျိုးနင်၏ စိတ်မျက်လုံး အတွင်း စီးဝင်သွားလေ၏။ သူကား အဂ္ဂိရတ် ပညာရပ်ကို သူမ၏ စိတ်အတွင်း အသက်သွင်းကာ စမ်းသပ်ကြည့်တော့မည် ဖြစ်လေသည်။

…

အနန္တ ကုန်းမြေတိုက်ကြီးတွင် အဂ္ဂိရတ် ပညာရှင်များကို သူတို့ ပြလုပ်နိုင်သည့် မှော်ဆေးလုံးများ အပေါ် မူတည်၍ အဆင့်များ ခွဲခြားထားသည်။

ပထမ အဆင့်ဆေးများမှာ သေမျိုးများ အတွက် သင့်လျော်၏။ သို့သော်လည်း ကျင့်ကြံသူများ အကြားတွင်မူ လုံးဝ နေရာ မရှိချေ။ အရှင်းဆုံးပြောရလျှင် ၎င်းတို့မှာ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အတွက်ပင် ထိရောက်မှု မရှိချေ။ ထို့ကြောင့်ပင် အဆင့်တစ် ဆေးလုံး ဖန်တီးနိုင်သူများကို အဂ္ဂိရတ် ပညာသင်များ ဟုသာ သတ်မှတ်ကြသည်။

အဆင့်နှစ်နှင့် အဆင့်သုံး မှော်ဆေးလုံးများမူကား အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အတွက် အသုံးဝင်လာသည်။ ထိုအဆင့်ရှိ ပုဂ္ဂိုလ်များအား အခြေခံ အဂ္ဂိရတ် ပညာရှင်များဟု ခေါ်ဆိုကြသည်။ သူတို့သည် အဖန်ဖန်အထေထေ လေ့ကျင့်ခြင်း စက်ဝန်းများမှ ထွက်ခွာကာ ကိုယ်ပိုင် နာမည်တစ်ခုကို တည်ဆောက်လာနိုင်ကြသည်။

အခြေခံ အဂ္ဂိရတ် ပညာရှင်များ၏ အဂ္ဂိရတ် မှော်ဆေးလုံးများမှာ တန်ခိုး အဆင့်တိုင်းရှိ ကျင့်ကြံသူ အားလုံးကို ကူညီနိုင်စွမ်း ရှိသည်။ သို့သော်လည်း... ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားလာလေလေ ဆေးလုံး၏ အာနိသင်မှာ ပိုမို လျော့နည်းလေလေ ဖြစ်၏။

အဆင့်လေး မှော်ဆေးလုံး ဖန်တီးနိုင်သည့် ပုဂ္ဂိုလ်များကိုမူ ကျွမ်းကျင် အဂ္ဂိရတ် ပညာရှင်များဟု ခေါ်ဆိုကြသည်။ သူတိုသည် ရောက်ရှိသည့် နေရာတိုင်း၌ နာမည် ကျော်ကြားနိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင် ထားကြ၏။ ဝေ့ဝူယင်၏ “ဝေ့မျိုးနွယ်” ကဲ့သို့ ဒုတိယ အဆင့် တတိယ အဆင့် မျိုးနွယ် အင်အားစုများတွင် ကဲ့သို့ ပညာရှင် တစ်ယောက် ရှိပါက ကံကောင်းသည်ဟု ယူဆနိုင်ပေသည်။ အဆင့်လေး မှော်ဆေးလုံးများမှာ ချီပျစ်ခဲခြင်း အဆင့်သုံး ကျင့်ကြံသူများ အတွက်ပင် များစွာ အကျိုးသက်ရောက်မှု ရှိပေသည်။

အဆင့်ငါး မှော်ဆေးလုံး ဖန်တီးနိုင်သည့် ပုဂ္ဂိုလ်ကြီးများကိုမူ အဂ္ဂိရတ် ထိပ်တန်း ပညာရှင်များဟု ခေါ်ဆိုကြသည်။ သူတို့ကား ကျင့်ကြံခြင်း လောက၌ ထိပ်တန်း အဆင့်တွင် ရပ်တည်နိုင်သူများ ဖြစ်ပြီး သူတို့၏ မှော်ဆေးလုံးများမှာ ချီပျစ်ခဲခြင်း အဆင့်ခုနစ်များ အတွက်ပင် သင့်လျော်လှသည်။ ဆိုလိုသည်က သူတို့သည် မှော်ဆေးလုံးများဖြင့် သေမျိုး နတ်ဘုရားများကိုပင် မွေးထုတ်နိုင်စွမ်း ရှိပေသည်။ အဂ္ဂိရတ် ထိပ်တန်း ပညာရှင်များသည် များသောအားဖြင့် နေသွေးနီနီဂိုဏ်း ကဲ့သို့သော ထိပ်တန်း အင်အားစုကြီးများ၏ နောက်ကွယ်တွင် ခိုပုန်းကာ နေထိုင်လေ့ ရှိကြသည်။

အဆင့်ခြောက် မှော်ဆေးလုံးများမှာမူ ချီပျစ်ခဲခြင်း အထွတ်အထိပ် အဆင့် နတ်ဘုရား ဧကရာဇ်များ အတွက် ဖြစ်ကြသည်။ ထိုအဆင့်ရှိ ပုဂ္ဂိုလ်ကြီးများအား “အဂ္ဂိရတ် သခင်” များဟု ခေါ်တွင်ကြ၏။ သူတို့ကား အနန္တ ကုန်းမြေတိုက်ကြီး၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

လောကပေါ်၌ အဆင့် ခုနစ်၊ အဆင့်ရှစ်နှင့် အဆင့်ကိုး မှော်ဆေးလုံးများအား ဖန်တီးနိုင်သည့် ပုဂ္ဂိုလ်ကြီးများ ရှိကောင်း ရှိနိုင်သော်လည်း သူတို့ မည်သူဖြစ်သည်ကို သိသူ တစ်ယောက်မျှ မရှိချေ။

ဧဒင်ကမ္ဘာဂိုဏ်းချုပ်သည် အဆင့်ခုနစ် မှော်ဆေးလုံးကို ဖန်တီးနိုင်သူဟု ကောလဟာလများဖြင့် ကျော်ကြားသူ ဖြစ်သည်။ သို့သော်လည်း သူ နတ်ဘုရား အရှင် အဆင့်တွင်သာ ရှိနေသေးခြင်းကို ထောက်ချင့်ပါက ထိုအရာက ကောလဟာလသာလျှင် ဖြစ်နိုင်ဟု အများစုက ကောက်ချက်ချထားကြသည်။

သူ၏ သင်ကြားပို့ချခြင်းကို ခံရသည့်  ဝေ့ဝူယင် တစ်ယောက်သာလျှင် သူ၏ အဂ္ဂိရတ် စံနှုန်းများကို သိရှိထားပေသည်။ သူကား အဆင့်ခုနစ် မှော်ဆေးလုံးများကို အမှန်တကယ် ဖန်တီးနိုင်သည့် အဂ္ဂိရတ် ဧကရာဇ် တစ်ယောက်ပင် ဖြစ်လေသည်။

ဝေ့ဝူယင်သည် သူ့ထံမှ တစ်ဆင့် အခြား အဂ္ဂိရတ် သတ်မှတ်ချက်များကိုပါ လေ့လာ သင်ယူခွင့် ရခဲ့သည်။ အဆင့်ရှစ် ပုဂ္ဂိုလ်ကြီးများကို အဂ္ဂိရတ် အင်ပါယာများဟု သတ်မှတ်၍ အဆင့်ကိုးရှိ ပုဂ္ဂိုလ်ကြီးများကိုမူ သေမျိုး အဂ္ဂိရတ် အာဏာရှင်များဟု ခေါ်ဆိုကြသည်။

ထိုဘွဲ့ထူးများကား ခမ်းနားသည်ထက်ပင် ကျော်လွန်သော ခေါင်းစဥ်များ ဖြစ်၏။

“အဂ္ဂိရတ် နှလုံးသားက အဂ္ဂိရတ် တာအိုကို လွယ်ကူချောမွေ့အောင် ကူညီပေးနိုင်စွမ်း ရှိတယ်... အဂ္ဂိရတ်ရဲ့ အင်္ဂါရပ် ခုနစ်ပါးက အဲဒီ အထဲမှာ ကိန်းအောင်းနေပြီး ပေါင်းစပ်မှု မှန်သမျှရဲ့ အောင်မြင်‌နိုင်ချေကို အဆများစွာ တိုးမြင့်စေနိုင်တယ်...”

ဝေ့ဝူယင်သည် သူပြောခဲ့သော စကားတစ်ခုကို မှတ်မိနေသေး၏။ အဂ္ဂိရတ် တာအိုကို အဂ္ဂိရတ် နှလုံးသား မရှိသူများပါ ကျင့်ကြံနိုင်သော်လည်း သူတို့၏ အကျိုးသက်ရောက်မှုက အဂ္ဂိရတ် နှလုံးသား ပိုင်ရှင်များ၏ အပုံတစ်ရာပုံ တစ်ပုံပင် မရှိချေ။ ဧဒင်ကမ္ဘာဂိုဏ်းသား အများစုနှင့် ကမ္ဘာပေါ်ရှိ အဂ္ဂိရတ် ပညာရှင် အများစုမှာ အဂ္ဂိရတ် နှလုံးသားကို ပိုင်ဆိုင်ထားခြင်း မရှိချေ။ သူတို့သည် အဂ္ဂိရတ်ချီကို ပြုစုပျိုးထောင်ကာ လမ်းစဥ်ကို လျှောက်လှမ်းကြခြင်း ဖြစ်သည်။

များသောအားဖြင့် အဂ္ဂိရတ် ပညာရှင်များ အထူးသဖြင့် အဂ္ဂိရတ် နှလုံးသား ပိုင်ရှင်များမှာ တိုက်ခိုက်ရာ၌ အလွန် အားနည်းကြသည်။ ထို့ကြောင့်ပင် သူတို့သည် ကိုယ်စားတိုက်ခိုက်ပေးရန် တိုက်ပွဲဝင်သားရဲများကို မွေးမြူထားလေ့ ရှိသည်။

သို့သော်လည်း... သူတို့နှင့် ခြားနားစွာပင် ဝေ့ဝူယင်မှာမူ အဂ္ဂိရတ် နှလုံးသား အပါအဝင် ချီနှလုံးသား သုံးခုကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူကား အခြားလူ တစ်ယောက်၏ အကာအကွယ်ကို မလိုအပ်ပါချေ။

“ငါ ဧဒင်ကမ္ဘာဂိုဏ်းမှာ နေတုန်းက အဆင့်ခြောက်‌  မှော်ဆေးလုံးတွေတောင် ဖန်တီးခဲ့ဖူးတယ်... သတ်မှတ်ချက်တွေ အရပြောရရင် ငါက အဂ္ဂိရတ် သခင် ဖြစ်နေပြီ”

ဝေ့ဝူယင်သည် အဂ္ဂိရတ် ကျင့်စဥ်ကို လှည့်ပတ်ရင်း ဧဒင်ချီဖြင့် ကျိုးနင်၏ စိတ်ကို စတင် ကုသလိုက်၏။ သူ၏ အဓိက ရည်ရွယ်ချက်မှာ စိတ်ခွန်အားများ ပြန်လည် ပြည့်ဝ လာစေရန်နှင့် နာကျင်စရာ အမှတ်ရများကို သန့်စင်ပေးရန် ဖြစ်သည်။ ဖြစ်နိုင်လျှင် သူမ၏ နှစ်နှစ်စာ မှတ်ဉာဏ်များကို ပင်လျှင် သူ အပြီးတိုင် ဖျက်ပစ်ချင်ပေသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ မှိတ်နေကာ ဒဏ်ရာ ကုသခြင်း အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေ၏။ ပြင်ပကမ္ဘာကား သူ့အတွက် လုံးလုံးလျားလျား မရှိတော့သလိုပင်။

တစ်ချိန်တည်း၌...

စုမေ့နှင့် အခြားလူများမှာ ဝေ့ဝူယင်ကို ငြိမ်သက်စွာ ကြည့်နေခဲ့၏။ အဂ္ဂိရတ် စွမ်းအင်များမှာ ဝေ့ဝူယင်၏ မျက်ခုံးနှစ်ခုကြားမှ နေ၍ ကျိုးနင်ထံသို့ စီးဝင်နေသည်ကို သူတို့ တွေ့မြင်နေရသည်။ သူတို့၏ အမူအရာများမှာ အမျိုးမျိုး ကွဲပြားနေသော်လည်း အများစုကမူ အံ့အားသင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သဘောတရားများကို ဖော်ဆောင် ထားကြသည်။

ချင်းရွှေက လျှင်မြန်စွာပင် ချင်းဖုန်းထံသို့ စာတစ်စောင် ပို့လိုက်၏။

“သူက အဂ္ဂိရတ် နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ပဲ”

သူမ၏ စာမှာ တိုတောင်း၏။ သို့သော် အဓိပ္ပာယ် ရှင်းလင်းပေသည်။

မဟာကျောက်စိမ်း နန်းတော်အတွင်း၌ ချင်းဖုန်းမှာ ထိုစာကို ဖတ်ကာ အနည်းငယ် အတွေးနက်သွား၏။ ထို့နောက် သူက ပြန်ရေးလိုက်သည်။

“နင် ဘယ်လိုသိလဲ...”

ချင်းရွှေက ချက်ချင်းပင် ဖြေကြားလိုက်၏။

“သူက အဂ္ဂိရတ် စွမ်းအင်တွေကို ထိန်းချုပ်နိုင်တယ်... အဲဒါနဲ့ ကျိုးနင်လို့ ခေါ်တဲ့ တစ်ယောက်ကို ကုသနေတာ ငါတို့ တွေ့ရတယ်”

“ ... “

ချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုအကယ်၍ ထိုအရာသာ အမှန်ဆိုပါက ဆေဘာအာဏာရှင် ဆိုသည့် ပုဂ္ဂိုလ်တွင် မည်သည့် တိုက်ခိုက်ရေး စွမ်းအားမျှ မရှိဟု ဆိုလိုပေသည်။

သူ့အနေဖြင့် ဝိညာဥ် အစီအရင်များကို အသုံးပြုနိုင်လိမ့်မည် ဖြစ်သော်လည်း... ထိုအရာက သူ၏ ကိုယ်ပိုင် စွမ်းအား မဟုတ်ချေ။ သူ စီးနင်းထားသည့် အဖြူရောင် ကြိုးကြာငှက် သားရဲမှာမူ သေမျိုး နတ်ဘုရား တစ်ပါးကို သတ်ဖြတ်နိုင်ရာ အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်ခုနစ်များနှင့် ယှဥ်နိုင်ပေလိမ့်မည်။

ထိုအရာကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ချင်ဖုန်းကား ဝေ့ဝူယင်ကို ဆန့်ကျင်ရန် အတွေး မရှိသေးပါချေ။ အမှန်အတိုင်း ဆိုရလျှင် ဝေ့ဝူယင်နှင့် မိတ်ဆွေ ဖွဲ့ချင်သည့် စိတ်ပင် တိုးပွား လာခဲ့သေး၏။

***

All Chapters