← Chapters

ပြဒါးတစ်လမ်း သံတစ်လမ်း

Vol. 46 Ch. 681

ပြဒါးတစ်လမ်း သံတစ်လမ်း

Vol. 46 Ch. 681

“ ရှင် ကျွန်မတုန်းကအတိုင်း လုပ်မလို့လား…” ကျောက်ဝန် ဆေးရုံတုန်းက အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်မိပြီး ကျောစိမ့်သွားသည့် အသွင်ဖြင့် ပြောလိုက်၏။

“ ဒီလူတွေက အသက် အရမ်းကြီးနေပြီ… ရှင့်ရဲ့ ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူးနော်…”

“ ဘာဖြစ်လို့လဲ… ငါမင်းကို ထရော်မာ(စိတ်ဒဏ်ရာ)ရအောင် လုပ်မိလိုက်လို့လား…” လင်းရီ ပြောလိုက်ပြီး” အဲ့တာဆို နောက်တစ်ခေါက်ကျ နည်းနည်းပို ညင်သာပေးမယ်လေ….”

“ ဟင့်အင်း....နောက်မှ … ခုတော့ အရင်ဆုံး အထဲဝင်ကြစို့…”

ကျောက်ဝန်၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်မှာ သုတေသနစင်တာထဲသို့ ဝင်ရောက်လိုက်ကြသည်။ ပထမအလွှာတွင်တော့ စီမံခန့်ခွဲရေး ရုံးခန်းများဖြင့် ပြည့်နှက်နေပြီး သန့်ရှင်းသပ်ရပ်နေသည်။

ဒုတိယထပ်နှင့် ၎င်းအပေါ်ထပ်တွင်တော့ သုတေသန ပြုလုပ်သည့် ဖန်ပေါင်းချောင်များနှင့် ဓာတ်ခွဲခန်းများ ထားရှိ၏။ လင်းရီ အဆိုပါ လက်တွေ့စမ်းသပ်သည့် ကိရိယာများကို ကြည့်ရင်း အနည်းဆုံး ယွမ်တစ်ဘီလီယမ်ခန့် ရှိမည်ဟု ရေးတေးတေး ခန့်မှန်းလိုက်သည်။

“ ဘာလား.... သရဲခြောက်နေတာလား..… ဘာလို့ ဒီနေရာမှာ လူရိပ်လေးတောင် မမြင်ရတာ…”

“ အကုန်လုံးက ခြောက်လွှာမှာလေ… ကျွန်မက သူတို့ဆီ မခေါ်သွားခင် ရှင့်ကို စင်တာ တစ်ခုလုံး လိုက်ပြချင်လို့….”

“ မေ့လိုက်တော့ … ဒီရဲ့ နေရာအနှံ့ကို လိုက်ကြည့်ရမယ်ဆိုရင် ပမ်းသေသွားလိမ့်မယ်… .....”

ကျောက်ဝန် လင်းရီကို အပေါ်အောက် ကြည့်လိုက်ပြီး “ ဥက္ကဌလင်း… ရှင့်ရဲ့ ဒီ သက်လုံနဲ့ဆိုရင် ကျွန်မနဲ့ ပန်နီဆူလာဟိုတယ်မှာ စကားပြောလို့ ဖြစ်ပါ့မလားနော်…”

“ သေစမ်း… မင်းက ငါ့စွမ်းရည်တွေကို သံသယဝင်နေတာလား….”

“ မသိဘူးလေ… ရှင်ပဲ မောတယ်ဆိုပြီး ညဉ်းနေတာ မဟုတ်ဘူးလား……”

“ ဒီလိုမှန်းသိရင် ငါမင်းကို ဆေးတွေ ပိုကျွေးခဲ့ပါတယ်…”

ကျောက်ဝန် ကျောစိမ့်သွားခဲ့၏။

သူမ၏ ဝမ်းဗိုက် နာကျင်သလို ဖြစ်လာကာ ဗိုက်ကို ကိုင်၍ မသိမသာ ကျုံ့လိုက်မိလေသည်။

……….

သုတေသနနှင့် ဖွံဖြိုးရေး စင်တာ၏ ခြောက်လွှာမြောက်တွင်တော့ အတွင်းဘက် အကျဆုံး ဓာတ်ခွဲခန်း အရွယ်အစားကပင် စတုန်ရန်း မီတာ နှစ်ရာကျော်မျှ ကျယ်ဝန်း၏။

လေးလံသည့် ပရိုတွန်အိုင်းယွန်း အရှိန်မြင့်စက်များ၊ မိုဘိုင်း အင်ဂျက်တာများ၊ အက်တမ် စုပ်ယူခြင်း ရောင်စဉ်တိုင်း ကိရိယာများ ၊ လစ်ကွစ် ခရိုမာတို ဂရပ်ဖီများနှင့် ဧရာမ စက်ကိရိယာများကို ဤနေရာတွင် မြင်တွေ့နိုင်သည်။

အရာအားလုံးကို ဘေးချိတ်ထားလျှင်တောင် အနှီ စက်ကိရိယာများ သီးသန့်ကပင် သုတေသန စင်တာ၏ အဆင့်အတန်း မည်မျှ မြင့်မားကြောင်း ဝေဖန် သုံးသပ်နိုင်သည်။

ထိုအခိုက်အတန့်တွင်တော့ ဓာတ်ခွဲခန်းထဲ၌ လူ အယောက် နှစ်ဆယ်ကျော်ခန့် စုဝေးနေကြ၏။ သူတို့အားလုံးက အဖြူရောင် ကုတ်အရှည်များ ဝတ်ဆင်ထားကြပြီး အသက်အငယ်ဆုံးမှာ လေးဆယ်ကျော် အရွယ်ပင်။

ထို့ပြင် အသားအရောင်အမျိုးမျိုးဖြင့် မတူညီသည့် နိုင်ငံပေါင်းစုံမှ စုဝေးနေကြပြီး ဟွာရှန့် လူမျိုး နှစ်ယောက်ပင် ထိုအထဲ၌ ပါလိုက်သေး၏။

ထိုအခိုက်အတန့်တွင်တော့ နှစ်ဆယ်ကျော်သည့် လူတို့မှာ အမျိုးသားနှစ်ယောက်ကို ဝန်းရံနေကြလေသည်။

သူတို့ထဲမှ တစ်ဦးမှာ ရွှေရောင် ဆံပင်ကာလာနှင့် နိုင်ငံခြားသား တစ်ဦးဖြစ်ပြီး အခြားတစ်ဦးကတော့ ဆံပင် အနက်ရောင်နှင့် အာရှသားတစ်ဦးဖြစ်၏။

ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားသား အမည်မှာ မစ်လာဖြစ်ပြီး ကမ္ဘာကျော် ဆေးသိပ္ပံပညာရှင်ကြီး တစ်ဦးဖြစ်ကာ နိုဗယ်ဆုကိုလည်း ပိုင်ဆိုင်ထား၏။

ထို့ပြင် သူက သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လေသည်။

သူ့ဘေးရှိ အာရှသားကိုတော့ ယူရှီမီဆူဟု ခေါ်တွင်ပြီး ဂျပန်မှ ဆေးဝါးဖော်စပ်သည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ သူသည်လည်း နိုဗယ်ဆုရှင်တစ်ဦးဖြစ်၏။

၎င်း၏ ရာထူးကတော့ ဓာတ်ခွဲခန်းတွင် မစ်လာပြီးလျှင် ဒုတိယပင်။ နှစ်ယောက်လုံးမှာ စစ်မှန်သည့် အခွင့်အာဏာအများအပြားကို ဆုပ်ကိုင်ထားပြီး ရာထူးအဆင့်အတန်းအရတော့ မစ်လာမှာ ယူရှီထက် မဆိုစလောက်လေး သာလွန်‌လေသည်။ သို့သော်လည်း စစ်မှန်သည့် အာဏာချင်းယှဉ်လျှင်တော့ နှစ်ယောက်မှာ မကွာလှပေ။

ထိုအခိုက်အတန့်တွင် မစ်လာမှာ သူ့လက်ထဲတွင် အဖြူရောင် ပန်းတစ်ဆုပ်ကို ကိုင်ထားပြီး အမူအရာမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေဟန်ဖြင့် “ အညစ်အကြေး သန့်စင်တဲ့ နည်းလမ်းက ဒီရဲ့ အပင်ထဲကနေ alteplase

(အယ်လ်တီပလိတ်စ်) ကို ထုတ်ယူဖို့ အသင့်တော်ဆုံးပဲ…”

( alteplase က သွေးခဲတွေကို အရည်ပျော်စေပါတယ်.... )

“ မစ်လာ….ခင်များ အဲ့ဒီနည်းလမ်းနဲ့ သန့်စင်ပြီး ရလာတဲ့ alteplase သန့်စင်နှုန်းက မမြင့်မားဘူး.. ကျုပ်ကတော့ အငွေ့ကိုမှ အခဲပြန်ဖြစ်စေတဲ့ နည်းလမ်းနဲ့ သန့်စင်တာကမှ အကောင်းဆုံးလို့ထင်တယ်… အဲ့နည်းလမ်းက အနည်းဆုံး သန့်စင်မှု 8% ပိုမြင့်မားတယ်… “ ယူရှီမီဆူမှ ပြောလိုက်၏။

“ မရဘူး.... လုံး၀ မရဘူး....တကယ်လို့ ခင်များရဲ့ အဲ့ဒီနည်းလမ်းနဲ့ သန့်စင်လိုက်မယ်ဆိုရင် ထုတ်ယူနိုင်မယ့် ပမာဏက 15 % အထိကို လျော့ကျသွားတော့မှာ… အဲ့လိုဆို ရမယ့် အမြတ်တွေလည်း နည်းသွားပြီ…” မစ်လာမှ ပြောလိုက်ပြီး “ မစ္စတာ ယူရှီ .. ခင်များ အတွေးကြီးက စိတ်ကူးယဉ်ဆန်လွန်းတယ်… ကျုပ် သဘောမတူနိုင်ဘူး…”

နှစ်ယောက် အမြင် သဘောထားချင်း ကွဲပြားနေရခြင်းမှာ ၎င်းတို့ ပေါက်ဖွားလာသည့် မွေးရပ်မြေနှင့် များစွာ ဆက်နွယ်မှု ရှိလေသည်။ အမေရိကားမှာ အရင်းရှင်ဝါဒီတို့ ကြီးစိုးရာဌာနဖြစ်ပြီး ငွေသည်ကား အရာရာပင်။ ၎င်းတို့၏ မျက်လုံးထဲတွင် အကျိုးအမြတ်ကိုသာ မြင်ပြီး ထို့ကြောင့်လည်း မစ်လာမှ အဆိုပါ နည်းလမ်းကို ဆန့်ကျင်နေရခြင်းဖြစ်၏။

ယူရှီမစ်ဆူမှာ ဂျပန်နိုင်ငံသား တစ်ယောက်ဖြစ်ပြီး သူ့အတွက်ကတော့ အရည်အသွေးကသာလျှင် ပဓာနကျသည်။

သူက အရှိန်အဝါကြီးသည့် မစ်ဆူ မိသားစုတွင် မွေးဖွားလာခဲ့သည်။ ဂျပန်၏ ထိပ်တန်း ဘဏ္ဍာရေး မိသားစုကြီး ဖြစ်သည့်အလျောက် ငွေကြေးဥစ္စာလည်း ဘယ်တုန်းကမျှ မပြတ်လပ်ခဲ့ပေ။ ထို့ကြောင့် ယူရှီမစ်ဆူမှာ အကျိုးအမြတ်ကို ဂရုမစိုက်ခြင်းဖြစ်လေသည်။

သူ့အတွက်တော့ အပြီးပြည့်စုံဆုံး နည်းလမ်းကို အဆက်မပြတ်ရှာဖွေနေကာ ယင်းကလည်း သူလျှောက်လှမ်းနေသည့် ရည်မှန်းချက် ပန်းတိုင်ပင်။

အဆိုပါ အကြောင်းပြချက်ကြောင့်ပဲ မစ်လာနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်နေကာ သူ၏ ကိုယ်ပိုင်ခံယူချက်အတိုင်း မယိမ်းယိုင်သည့် စိတ်ဓာတ်ဖြင့် ရပ်တည်နေသည်။

“ မစ္စတာမစ်ဆူ… ကျုပ်တို့ ခု လုပ်နေတာက ပရဟိတ မဟုတ်ဘူးနော်… ခင်များအဲ့ဒီ အချက်ကို သတိရဦး… ဘယ်အရာကမှ ပိုက်ဆံ မရှိပဲနဲ့ အဆင်မပြေဘူး… ခင်များအတွေးတွေက အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းတယ်…”

“ ကျုပ်တော့မထင်... ခင်များအတွေးတွေကပဲ ကျိုးကြောင်း ဆီလျော် ဖြစ်နေတာ…”

“ မင်း ဘာ်သူ့ကို ပြောနေတာတုန်းကွ….”

မစ်လာ ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်လေသည်။

“ ဘယ်သူရှိရမှာ… ခင်များကို ပြောနေတာလေ…”

“ ကဲကဲ.. ငြင်းခုန်မနေကြနဲ့တော့… စီအီးအိုကျောက်က ခုလေးတင် မစ္စတာလင်းကို သွားရှာနေတာ… သူလည်း ဆေးနယ်ပယ်က ကျွမ်းကျင်သူတစ်ယောက်ပဲ… သူ ရောက်လာတဲ့အချိန်ကျ နည်းလမ်း နောက်တစ်နည်း ရှိရင် ရှိမှာပေါ့….”

ပြောလိုက်သူကတော့ ကျောက်ဝန်၏ လက်ထောက် မုန့်ဟိုင်ချင်းပင်။

“ လင်းရီလား….” မစ်လာ ပြောလိုက်၏။

“ အမှန်ပဲ… အဲ့ဒီ လင်းရီ…” မုန့်ဟိုင်ချင်း ပြောလိုက်ပြီး “ မစ္စတာလင်းက ဆေးနယ်ပယ်မှာ အောင်မြင်မှုတွေ ရရှိထားတဲ့သူတစ်ယောက်လေ… ဆိုတော့ သူ့မှာ ဖြေရှင်းမယ့် နည်းလမ်းတွေ ရှိလိမ့်မယ်ဆိုတာ သေချာတယ်….”

“ ငါ သူ့ကိုယ်ရေး အကျဉ်းကို ဖတ်ပြီးသွားပါပြီ… သူက ခေတ်မှီဆေးဝါးတွေအကြောင်း ဂဃနဏလည်း မသိ… ဟွာရှန့်တိုင်းရင်းဆေး စာအုပ်တွေထဲက ဖော်စပ်နည်းတွေနဲ့ အစားထိုးဆေးလေး နည်းနည်းပါးပါး ဖော်ပြလိုက်တာကိုများ.. ငါ့အထင် ပြောရမယ်ဆိုရင် သူ့အကြံလည်း ကူညီဖော်ရမှာ မဟုတ်ဘူး….” မစ်လာပြောလိုက်ပြီး “ တကယ်လို့ ရောက်လာခဲ့ရင်တောင် ခု ငါတို့ ပြောနေတဲ့ စကားလုံးတွေကို နားလည်နိုင်ပါ့မလားပဲ….”

“ အဲ့လို မပြောပါနဲ့ မစ္စတာမစ်လာ… မစ္စတာလင်းမှာ အစွမ်းအစတွေ တကယ် ရှိတယ်… မဟုတ်ရင် Pfizer နဲ့ အဓိကဆေးကုမ္ပဏီကြီးတွေက သူ့သဘောကို လိုက်လျောပြီး ကျိုးဟိုင်မှာ အခြေစိုက်လိုက်မှာ မဟုတ်ဘူး….”

“ အဲ့ကောင်က စီးပွားရေး အမြင်တော့ မဆိုးဘူး… မင်းတို့တော့ လှည့်ဖျားခံလိုက်ရပြီ…”

“ မစ္စတာမုန့်… ခင်များကလည်း ဟွာရှန့်ဆိုတာ ကျုပ်နားလည်တယ်… ဒါပေမယ့် သိပ္ပံပညာဆိုတာ အင်မတန်လေးနက်ဆန်းကြယ်တဲ့ ဘာသာရပ်တစ်ခု… စာအုပ်လေး တစ်အုပ်နှစ်အုပ် ကောက်ဖတ်ပြီး အဲ့ထဲက အတိုင်း လုပ်လိုက်လို့ ပြီးသွားတဲ့ ကိစ္စမဟုတ်ဘူး…” ယူရှီမီဆူမှ ပြောလိုက်၏။

အမြဲတကြတ်ကြတ်ဖြစ်နေသည့် ဆရာကြီး နှစ်ဦးမှာ သဘောထားချင်း တိုက်ဆိုင်နေသည်ကို မြင်တော့ ကျန်သူများ နှုတ်ခမ်းကွေးညွှတ်သွားခဲ့ကြ၏။

ယင်းက ဓာတ်ခွဲခန်းထဲ၌ အဆိုပါ နှစ်ယောက် တစ်ဖက်တည်း၌ ရပ်တည်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

“ သူ ငါတို့ ဓာတ်ခွဲခန်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမှာကို ကန့်ကွက်စရာမရှိဘူး… ဒါပေမယ့် စကားတွေ အများကြီး ပြောလာမှာကိုတော့ ကျုပ် သဘောမတူနိုင်ဘူး.. အဲ့စကား သူ့ကို ပြောပေး….”

“ ဒါက….”

မုန့်ဟိုင်ချင်း မျက်မှောင်ကြုတ်လိုက်၏။ သူ အနှီ ခေါင်းမာသည့် သက်ကျားအိုကြီးများနှင့် ရင်ဆိုင်ရသည့် အချိန်တွင်တော့ အတော်လေး ဘေးကြပ်နံကျပ် ဖြစ်နေလေသည်။

ဒီလူတွေ ခေါင်းမာတာကြီးက အုန်းသီးလောက်ရှိတယ်....

Pfizer နဲ့ ကျန်တဲ့ ဆေးကုမ္ပဏီတွေကတောင် လင်းရီရဲ့ အစွမ်းအစတွေကို အတည်ပြုပြီးသွားပြီကို ဒီ မှန်ကြောင်တွေက ခေါင်းမာနေသေးတယ်ဆိုတော့….

ဘာတွေ တွေးနေကြလဲဆိုတာ သူတကယ်ကို မစဉ်းစားတတ်တော့ဘူး…

‘ တကယ်လို့ သူ့ရဲ့ စကေးတွေက ခင်များတို့လောက် မကောင်းမွန်ဘူးဆိုရင်တောင်မှ သာမန် သုတေသန ပညာရှင်တွေထက်တော့ သာသေးတယ်… ခင်များတို့ဆီမှာ အဲ့လိုစော်ကားပိုင်ခွင့် မရှိဘူး….’

ချလပ်….

ထိုအခိုက်အတန့်တွင်ပဲ ဓာတ်ခွဲခန်း တံခါး ပွင့်ဟလာပြီး လင်းရီနှင့် ကျောက်ဝန်တို့ ဝင်လာခဲ့လေသည်။

ကျောက်ဝန်၏ အမူအရာမှာတော့ နက်မှောင်နေ၏။ အဘယ်ကြောင့်ဆိုသော် သူမ အပြင်မှ နေ၍ စကားဝိုင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသောကြောင့်ပင်။

ဒီလူတွေက တကယ့်ကို တုံးအကြတာပဲ….

“ ခင်များတို့တွေ အငြင်းအခုန်ဖြစ်နေကြတာ အပြင်ထိတောင် ကြားရတယ်… ဘာတွေ ဖြစ်နေကြတာ…” လင်းရီ ရယ်ကျဲကျဲဖြင့် မေးလိုက်၏။

All Chapters