ပထမဆုံးအကြိမ် စွမ်းရည်စမ်းသပ်ခြင်း
Vol. 46 Ch. 683
ကျောက်ဝန်မှာ ကျွမ်းကျင်သူတစ်ဦးမဟုတ်သော်လည်း သုတေသန နယ်ပယ်တွင် တီးမိခေါက်မိရှိသောကြောင့် နည်းနည်းပါးပါးတော့ နားလည်ပေသည်။
သန့်စင်သည့် လုပ်ငန်းစဉ်မှာ အနည်းဆုံး နှစ်ရက်မှ သုံးရက်အထိ ကြာမြင့်ပြီး အခြားသူများထံမှလည်း အကူအညီ လိုအပ်သေး၏။
ယခုတော့ လင်းရီမူကား တစ်ကိုယ်တည်း။
သူ ဘယ်လိုလုပ်ပြီး သန့်စင်နိုင်မှာ….သူ့လို အချိန်ပြည့် အလုပ်ရှုပ်နေတဲ့သူက ဒီမှာ အချိန်လာဖြုန်းနေမှာတော့ မဟုတ်ဘူးမလား…..
“ ဒီလို အသေးအမွှားလေးကို ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်… တစ်ယောက်ယောက်ကိုသာ ငါပြောတဲ့ ပစ္စည်းတွေ ပြင်ဆင်ထားပေးဖို့ ပြောလိုက်…”
မစ်လာ၊ ယူရှီမီဆူနှင့် ကျန်သူများ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ အသီးသီး ဖြစ်ပေါ်နေကြသည်။
လင်းရီ၏ စကားလုံးများက သူတို့အတွက်တော့ အတော်လေး စိတ်ကူးယှဉ် ဆန်လွန်းလှသည်။
သူတို့အားလုံး လင်းရီ ဘရိန်းချောင်နေသည်ဟု အတွေးများပင် ဝင်လာခဲ့ကြတော့၏။
အကယ်၍ ထိုသို့သောသူမျိုးကို သုတေသန လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ပြုလိုက်ပါက ဤစင်တာတွင် ဆေးတစ်မျိုး ဖန်တီးရန်မှာ ကောင်းကင်သို့ တက်ရောက်သည်ထက်ပင် ခက်ခဲပေတော့မည်။
ကျောက်ဝန် ရွေးချယ်စရာမရှိပဲ ကူကယ်ရာမဲ့စွာဖြင့် လင်းရီ ပြောသည့်အတိုင်း ယူပေးလိုက်၏။
ထို့ပြင် သူမရင်ဘက်ထဲရှိ မလွယ်ကူသည့် ခံစားချက်တို့က ပိုမို သိသာလာလေသည်။
လင်းရီမှာ ဆေးဝါးကျွမ်းကျင်သူ တစ်ယောက်ဖြစ်၏။ မဟုတ်ပါက ဟွာရှန့်ဆေးဝါး အများအပြားကို အချိန်တိုအတွင်း ဖန်တီးနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အပင်မှ alteplaste ကို ထုတ်ယူခြင်းက အတော်လေးကို သိပ္ပံနည်းကျ ဓာတုဖြစ်စဉ်များကို ကျော်လွှားရန် လိုအပ်လေသည်။
သူကဲသို့ မားကတ်တင်း လေ့လာထားသည့် ကျောင်းသားတစ်ယောက်က ဓာတ်ခွဲခန်းသုံး ကိရိယာများကို ကိုင်တွယ်နိုင်ပါမည်လော။
သူ ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲတဲ့….မသိတော့ပါဘူးဟယ်....
သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာထဲတွင် နှင်းကြာပန်း အမြောက်အများ ရှိလေသည်။ မကြာမီ ဝန်ထမ်းများမှ ဂရမ် ၅၀၀ ယူလာပြီး လင်းရီထံ ကမ်းပေးလိုက်၏။
မစ်လာ လင်းရီကို အထင်သေးစွာ ကြည့်လိုက်ပြီး “ မစ္စတာလင်း… မင်း လိုအပ်တဲ့ဟာတွေ အကုန်အသင့်ဖြစ်ပြီ… ကြိုက်တဲ့ ပစ္စည်း ကြိုက်သလိုသုံး… တကယ်လို့ အကူအညီ လိုအပ်ရင် ကျုပ်တို့ သုတေသန ရလဒ်တွေကိုပါ တောင်းကြည့်လို့ရတယ်….”
လင်းရီ ပြုံးရင်း ခေါင်းရမ်းလိုက်ကာ “ တစ်ခုမှ မလိုဘူး… စမ်းသပ်ဖန်ပြွန်နဲ့ သီးသန့်ခန်းတစ်ခန်းသာ ကျုပ်အတွက် စီမံပေး….”
“ အဲ့တာလေးပဲလား…”
လင်းရီ၏ စကားလုံးများက ဓာတ်ခွဲခန်းထဲရှိ လူတိုင်း၏ အမူအရာကို ချဉ်စုပ်သွားစေသည်။
ဒီလူက ရူးနေတာလား….
သူက နှင်းကြာပန်းမြက်ကို ရေမြုပ်လိုမျိုး စုပ်ယူမလို့လား….
“ အမှန်ပဲ…”
လင်းရီ ဘယ်ညာ တစ်ချက်ကြည့်လိုက်ပြီး စမ်းသပ်စားပွဲမှ စမ်းသပ်ဖန်ပြွန်ကို ယူလိုက်သည်။ ထို့နောက် ဘေးရှိ အခန်းလွတ် တစ်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
“ ဒီမှာ စောင့်နေကြ… ကျုပ် ခဏနေ ပြန်လာခဲ့မယ်….”
သီးသန့်ခန်းထဲသို့ ဝင်ရောက်သွားပြီးနောက် လင်းရီ၏ အမူအရာမှာ တစ်မဟုတ်ချင်း လေးနက်သွားခဲ့တော့၏။
ယခင် အလုပ်အကိုင်၏ အန္တိမ ဆုလဒ်မှာ အဆီအနှစ် သန့်စင်ခြင်းပင်။ တစ်နည်းအားဖြင့်ဆိုသော် သူ နှင်းကြာပန်းမြက်မှ alteplase ကို သန့်စင်ပြီး စစ်ထုတ်နိုင်လေသည်။
ထိုအကြောင်းတွေးတောရင်း လင်းရီ နှင်းကြာပန်းမြက်ခြောက် တစ်ဆုပ်ကို ယူလိုက်ပြီး လက်တွင် စုပ်ကိုင်ထားလိုက်၏။ ထို့နောက် သူ၏ စွမ်းရည်ကို အသက်သွင်းလိုက်သည်။
မကြာမီ လင်းရီလက်ဝါးထဲမှ လောင်ကျွမ်းသည့် ခံစားချက်မျိုး ခံစားလိုက်ရ၏။ ထို့နောက် သူ့လက်ထဲရှိ နှင်းကြာပန်းမြက်ခြောက်မှာ လျင်မြန်သည့်နှုန်းဖြင့် အမှုန့်အသွင် ကူးပြောင်းလာကာ နေရာအနှံ့ ပြန့်ကျဲနေကြောင်း မြင်တွေ့လိုက်ရ၏။
လင်းရီ စွမ်းရည်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုအခါ သူ့လက်ထဲတွင် စီးကရက် ပြာအမှုန့်မျှ ဒြပ်ထူသည့် အဖြူရောင် အမှုန့်များ စုဝေးနေသည်ကို မြင်တွေ့လိုက်ရသည်။
ယင်းက alteplase အမှုန့်များဖြစ်ကြောင်း လင်းရီ တပ်အပ်သိလိုက်၏။
ရလဒ်ကို မြင်ပြီးနောက် လင်းရီ စနစ်ကို မချီးမွမ်းပဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။
သူ့တွင် ထိုသို့ စွမ်းရည်ရှိသည်က One piece ထဲမှ မကောင်းဆိုးဝါး သစ်သီးကို စားသုံးလိုက်သည်နှင့် ဆင်တူနေသည် မဟုတ်ပါလော။
သို့သော်လည်း စနစ်၏ အကျင့်စရိုက်အရတော့ သူ့အား ကောင်းကင်ကို ဆန့်ကျင်နေသည့် စွမ်းရည်မျိုး ပေးလိမ့်မည် မဟုတ်ကြောင်း တပ်အပ်သိလေသည်။
သူ မသိသေးသည့် အခြား ကန့်သတ်မှုများလည်း ရှိကောင်းရှိနေနိုင်သည်။
နောက်ဆယ်မိနစ်တွင် လင်းရီ နှင်းကြာပန်းမြက်ခြောက် ၅၀၀ ဂရမ်လုံးအား alteplase သို့ ပြောင်းလဲလိုက်၏။
စစ်ထုတ်ပြီးနောက် စမ်းသပ်ဖန်ပြွန်ထဲရှိ alteplase ပမာဏမှာ စီးကရက် တစ်လိပ်စာ ပြာမှုန့်ပမာထက် လျော့နည်းသည့် ပမာဏ ရှိနေလေသည်။သို့သော်လည်း ယင်း အဖြူအမှုန်များက သန့်စင်မှု ကိန်းအမြင့်ဆုံး ဖြစ်ရပေမည်။
လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေခဲ့၏။ ယခု သူ နှင်းကြာပန်းမြက်မှ စစ်ထုတ်နိုင်သည့် Alteplase ပမာဏမှာ မများပြားလှ။ အကယ်၍ သူသာ ဂရုတစိုက်နှင့် လေ့လာကြည့်ပါက alteplase စစ်ထုတ်ရန်အတွက် နှင်းကြာပန်းမြက်ထက် သာလွန်သည့် အစားထိုး အမယ်အား ရှာဖွေနိုင်လောက်လေသည်။ သို့သော်လည်း သူ အားတစ်ချို့တော့ စိုက်ထုတ်ရမည်ဖြစ်၏။
ကြွင်းကျန်ရစ်သည်များကို သန့်ရှင်းပြီးနောက် လင်းရီ စစ်ယူထားသည့် alteplase ပြွန်ချောင်းကို ယူပြီး ဓာတ်ခွဲခန်းထဲသို့ ပြန်ရောက်လာသည်။
“ ပြီးပြီ…. ဒါက ခင်များတို့ လိုလားတောင့်တနေတဲ့ alteplase ပဲ .. သန့်စင်မှုနဲ့ အလေးချိန်ကိုတော့ ကိုယ့်ဘာကိုယ် ချိန်တိုင်းကြည့်ပေတော့…”
“ ဒါ… ဒါ… မဖြစ်နိုင်ဘူး…” မစ်လာပြောလိုက်ပြီး “ ဒါက alteplase မဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်… နှင်းကြာပန်းမြက် ၅၀၀ ဂရမ်လောက်နဲ့ အဲ့ပမာဏ ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…. “
“ သူ အတုလုပ်ထားတာ ဖြစ်ရမယ်.. “ မစ်ဆူမှ ကျယ်လောင်စွာဖြင့် လက်ညိုးထိုး အော်ပြောလိုက်ပြီး “ အဲ့ထဲက alteplase က အနည်းဆုံး လေးဂရမ်လောက်တော့ ရှိတယ်….”
ပြွန်ချောင်းထဲရှိ ပမာဏက ရောက်ရှိနေကြသည့် သုတေသန ပညာရှင်တိုင်းကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ဖြစ်သွားစေခဲ့သည်။
ကျောက်ဝန် တစ်ဦးတည်းကသာလျှင် မျက်နှာဖြူဖျော့နေခဲ့၏။
သူမ လင်းရီ အကြောင်း ကောင်းကောင်းသိသည်။ သူကဲ့သို့သော လူမျိုးက ဘယ်သောအခါမှ လိမ်ညာလိမ့်မည် မဟုတ်ချေ။
ဒီတော့ စမ်းသပ်ဖန်ပြွန်ထဲက အမှုန်တွေက သေချာပေါက် alteplase ပဲ ဖြစ်ရမယ်….
နောက်ဆုံးတော့ ဒီဓာတ်ခွဲခန်းက လင်းရီ လက်အောက်ကို ကျရောက်တော့မှာပေါ့နော်….
ကျောက်ဝန် နာကျင်စွာဖြင့် နဖူးကို နှိပ်နယ်လိုက်ရင်း လုံးလုံးလျားလျား ကူကယ်ရာမဲ့နေလေသည်။
“ ခင်များတို့ မယုံလည်း အဆင်ပြေတယ်… သွားပြီး စမ်းသပ်ကြည့်လေ…”
“ ပြောနေစရာတောင် မလိုဘူး… သေချာပေါက် စမ်းသပ်ကြည့်မှာ….”
လူမည်းတစ်ယောက်မှ လင်းရီ လက်ထဲရှိ စမ်းသပ်ဖန်ပြွန်ကို ယူသွားပြီး ပေါင်းစပ်ဖွဲ့စည်းမှုကို စစ်ဆေးရန် စမ်းသပ်သည့် ပစ္စည်းထဲသို့ ထည့်လိုက်၏။
မစ်လာ၊ မီဆူနှင့် ကျန်သူများအားလုံး စမ်းသပ်မှုအဖြေကို ရင်တမမနှင့် စောင့်ဆိုင်းနေကြလေသည်။
သို့သော်လည်း မျက်နှာထက်တွင်တော့ လှောင်ပြောင်သည့် အမူအရာအား ဆင်မြန်းထားကြ၏။
သူတို့ပင် မရေမတွက်နိုင်သည့် စမ်းသပ်မှုများ ၊ ဒါဇင်ချီသည့် လုပ်ငန်းစဉ်များအား ဖြတ်ကျော်ပြီးတော့မှ အလွန့်အလွန် နည်းပါးသည့် alteplase ပမာဏကို စစ်ထုတ်နိုင်ခဲ့၏။
သို့သော် ထိုသူက မည်သည့် ပစ္စည်းကိရိယာတို့အား အသုံးမပြုပါပဲနှင့် alteplase ကို မည်သို့ စစ်ထုတ်နိုင်ခဲ့သနည်း။
ယင်းက ဒဏ္ဍာရီ ဆန်လွန်းလှသည်။
“ ၁၀၀ ရာခိုင်နှုန်း “
ရုတ်ချည်း အော်ဟစ်သံက ဓာတ်ခွဲခန်းထဲရှိ လူတိုင်းကို လန့်ဖျပ်သွားစေသည်။
“ မင်းဘာပြောတယ်… တစ်ရာ ရာခိုင်နှုန်း ဟုတ်လား….”
“ ဟုတ်တယ်.... စမ်းသပ်ဖန်ပြွန်ထဲမှာ အသန့်စင်ဆုံး alteplase ပါဝင်ပြီးတော့ သူ့ရဲ့ အလေးချိန်ကလည်း 4.98 ဂရမ်တောင် ရှိတယ်…”
အဆိုပါ သတင်းကို ကြားပြီးနောက်တွင် မစ်လာနှင့် မီဆူတို့ ဟန်ချက် ပျက်ပြီး ယိုင်နဲ့သွားခဲ့ကြတော့၏။
“ မဖြစ်နိုင်ဘူး…” မစ်လာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး “ သူက ဘာပစ္စည်းကိရိယာကိုတောင်မှ မသုံးပဲနဲ့ ဘယ်လိုလုပ်ပြီး ရာနှုန်းပြည့် သန့်စင်တဲ့ alteplasma ကို ထုတ်ယူနိုင်မှာ…..”
“ ဒါပေမယ့် အမှန်ပဲလေ…” လူမည်း အမျိုးသားမှ ပြောလိုက်ပြီး “ ဒီ စက်ပစ္စည်းကလည်း လိမ်ပြောနေတာမှ မဟုတ်တာ…”
မစ်လာနှင့် မီဆူတို့ အပြေးအလွှားရောက်လာခဲ့ကြ၏။
စမ်းသပ်မှု အဖြေကို မြင်လိုက်ရတော့ ဓာတ်ခွဲခန်းထဲရှိ သုတေသန ပညာရှင်များအားလုံး မျက်လုံးအိမ်များ ပြူးကျယ်သွားကြလေသည်။
သူတို့အားလုံး ဂြိုဟ်သားသက်ရှိအား မျက်မြင်တွေ့လိုက်ရသည့်နှယ် ဖြစ်ပျက်သွားခဲ့ကြသည်။
ထိုအခိုက်အတန့်တွင်တော့ သူတို့စိတ်မှာ ဗလာကျင်းသွားပြီး မေးခွန်း သင်္ကေတများဖြင့်သာ ပြည့်နှက်နေလေသည်။
ဒီလူ ဘယ်လိုများ လုပ်လိုက်ပါလိမ့်….
“ အဖြေလည်း ထွက်လာပြီဆိုတော့ သံသယ မရှိတော့ဘူးမလား….”
“ ငါ… ငါ… ငါ မရှိတော့ပါဘူး….”
မစ်လာ ဝန်မခံချင်သော်လည်း စက်မှာ မလိမ်ညာပေ။ ထို့ကြောင့် နားမလည်နိုင်သည့် မေးခွန်းများကို ခေါင်းထဲတွင် မှန်းဆအဖြေထုတ်ရင်း လက်ခံရုံသာ တတ်နိုင်တော့၏။
“ ဆိုတော့ ခုက စပြီးတော့ ကျုပ်က ဒီဓာတ်ခွဲခန်းရဲ့ တာဝန်ခံဖြစ်သွားပြီ… ဟုတ်တယ်နော်…..”
“ ဒါပေါ့… ပြောထားတဲ့အတိုင်းပဲလေ…”
မစ်လာ လင်းရီကို လေးနက်စွာ ဦးညွှတ်လိုက်ပြီး “ မစ္စတာလင်း.. စောနက ကျုပ်အပြုအမူတွေအတွက် အမှန်တကယ်ကို အရှက်ရမိပါတယ်… မစ္စတာလင်းက သဘောထားကြီးပေးနိုင်မလား မသိဘူး…”
“ အသေးမွှားလေးပါ… ကျုပ် နောက်ပိုင်းကျရင် ဓာတ်ခွဲခန်း ကိစ္စတွေကို စီမံဖို့ လူလွှတ်လိုက်မယ်… သူနဲ့သာ ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကျုပ်ဝမ်းသာမိမှာပဲ….”
“ သေချာတာပေါ့… အဲ့ကိစ္စ စိတ်ချထားလိုက်ပါ…” မစ်လာ ပြောလိုက်ပြီး “ ဒါနဲ့လေ… ဒီရဲ့ alteplase ကို ဘယ်လိုမျိုး စစ်ထုတ်ခဲ့လဲဆိုတာ ပြောပြလို့ရလား…. အဲ့တာက ကျုပ်တို့ သုတေသန လုပ်ငန်းကို နောက်တစ်ဆင့်တက်စေဖို့ လုံလောက်တယ်….”
“ နှင်းကြာပန်းမြက်က alteplase စစ်ထုတ်ဖို့ အကောင်းဆုံး အပင် မဟုတ်သေးဘူး.. “ လင်းရီ ပြောလိုက်ပြီး “ ကျုပ် ပြန်သွားရင် အသေးစိတ် ပြန်လေ့လာပြီးတော့မှ အစားထိုးနိုင်မယ့် ပစ္စည်းကောင်းကို ရှာဖွေကြည့်လိုက်ဦးမယ်… အဲ့တာဆို ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း သက်သာသွားပြီ…”
“ အဲ့လိုလည်း ကောင်းသားပဲ…”
“ အင်း....ဒါဆို ကျုပ် သွားနှင့်တော့မယ်…”
လင်းရီ လက်ဝှေ့ယမ်းပြလိုက်ပြီး ဓာတ်ခွဲခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။ ကျောက်ဝန်လည်း သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာခဲ့၏။
လင်းရီထွက်ခွာသွားသည်ကို ငေးကြည့်ရင်း မစ်လာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ဟွာရှက တကယ့်ကို မှော်ဆန်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံပဲ….”
မစ်လာ သက်ပြင်းချလိုက်၏။ သို့သော်လည်း သူ့ဘေးတွင် ရပ်နေသည့် မစ်ဆူကတော့ နှုတ်ဆိတ်နေလေသည်။
သူ၏ အိုမင်းနေသည့် မျက်လုံးတို့အား မှေးကျင်းထားပြီး လင်းတမှ သူ၏ သားကောင်အား ကောင်းကင်မှ စောင့်ကြည့်နေသကဲ့သို့ ကြည့်လိုက်ကာ
“ သူ့မှာ ဘယ်လို နောက်ခံမျိုးတွေ ရှိနေတာလဲ….”