← Chapters

ကြည့်ရသလောက်တော့ မင်းမှာ အခွင့်အရေး မရှိတဲ့ပုံပဲ

Vol. 46 Ch. 685

ကြည့်ရသလောက်တော့ မင်းမှာ အခွင့်အရေး မရှိတဲ့ပုံပဲ

Vol. 46 Ch. 685

“ အဲ့ကောင် သေလမ်းရှာနေတာလား…” ချိန်ကျောင်းရန် မေးလိုက်ပြီး “ ဒါမှမဟုတ် ဂိမ်းအကြောင်း နကန်းတစ်လုံးမှ မသိတဲ့သူများလား.....”

“ ဖြစ်နိုင်တယ်…” ကော်ရှစ်ပေါ် ပြုံးလိုက်ပြီး “ ကြည့်လိုက်… ပစ္စည်းတွေ ပေါင်းစပ်တာတောင် ကြည့်ရှုသူတွေရဲ့ အမြင်ကို တောင်းနေတယ် ဆိုတော့… သေချာပေါက် ငနုလေးပဲ… ဒီကောင် သူများအကောင့်တောင်းလာခဲ့တာပဲ ဖြစ်ရမယ်..”

“ အဲ့လိုဆိုမှတော့ ဘာလုပ်ဖို့ ပြိုင်နေတော့မှာ…” ချိန်ကျောင်းရန် ပြောလိုက်ပြီး “ ခနနေ PK ပွဲကျရင် တစ်ချက်တည်းနဲ့ အသတ်ခံရမှာပဲ မဟုတ်ဘူးလား….”

ချိန်ကျောင်းရန်မှာ DNF ဂိမ်း ကစားသူတစ်ယောက် မဟုတ်သော်လည်း ဂိမ်း၏ အခြေခံကျသည့် ဗဟုသုတ တစ်ချို့ကိုတော့ နားလည်လေသည်။

“ ကြည့်ရသလောက်တော့ နယူဘီလေးတောင် မဟုတ်တဲ့ပုံပဲ… တကယ်လို့ ကောင်းကင်အစုံ ဖန်တီးနိုင်ရင်တောင်မှ အသုံးမဝင်ဘူး… လက်နက်နဲ့ စကေးကွာဟမှုတွေက အရမ်း စကားပြောတယ်…” ကော်ရှစ်ပေါ် ပြောလိုက်၏။

“ အင်း....တကယ်လို့ ငါ့မိန်းမသာ ဒီနေ့ ပြန်မလာဘူးဆိုရင် မင်းတို့ကောင်တွေနဲ့ live stream ကြည့်မနေပါဘူး… အလကား အချိန်ကုန်တာပဲ အဖတ်တင်တယ်….”

“ ဟားဟား…. တကယ်တမ်း ဒီရဲ့ live stream ကလည်း အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်ဗျ…. ကျုပ် သိချင်တာက အဆုံးသတ်ကျရင် ဘယ်သူ ပလတ်ဖောင်းကနေ ထွက်သွားရမလဲ ဆိုတာပဲ…” ကော်ရှစ်ပေါ်‌ ပြုံးလိုက်ရင်း “ သူများကို ယုံကြည်ချက်အပြည့်နဲ့ စိန်ခေါ်ပြီးတော့မှ မျက်နှာဖြတ်ရိုက်ခံရမယ်ဆို ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်မလဲ…”

ချိန်ကျောင်းရန် စီးကရက် မီးညှိလိုက်ရင်း သက်တောင့်သက်သာ ဖြစ်နေသည့် လေသံဖြင့် “ သောက်ရမ်း စိတ်ဝင်စားဖို့ ကောင်းမှာပေါ့…”

“ ဒါပေမယ့် ငါတော့ အဲ့ကောင်လေးက ကိုယ့်သေတွင်းကိုယ်တူးနေတယ် ထင်တာပဲ… တကယ်ဆို သူ outdoor stream တွေသာ သေချာလုပ်ရင် လူသစ်ဘုရင်ဘွဲ့ မရဘူးဆိုရင်တောင်မှ ကျော်ကြားမှုတွေ အများကြီး ရဦးမှာပဲ… အဲ့ခါကျ ငါတို့ဘက်က ပံ့ပိုးပေးသင့်သလောက် ပံ့ပိုးပေးလို့ရတယ်…. အဲ့တာကိုကွာ… ဘာလို့ သူများနဲ့ ရှုံးထွက်ပွဲကြီး သွားလောင်းရတာ… ခုတော့ ကောင်းရော… ပလတ်ဖောင်းတစ်ခုရဲ့ ဟားတိုက်စရာကြီး ဖြစ်လာတော့မယ်….”

“ အမှန်ပဲ… အခု ကြည့်ရှုသူ ဦးရေကိုလည်း တစ်ချက် ကြည့်လိုက်ဦး… နှစ်သန်းတောင် ကျော်တော့မယ်….. စထွင်မာ အသစ်တစ်ယောက်က ကြည့်ရှုသူတွေ ဒီလောက်အများကြီး ရတာကို ကျုပ် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ…” ကော်ရှစ်ပေါ် ပြောလိုက်သည်။

နှစ်ယောက် စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေသည်ကို မြင်တော့ လီလင်း ဘေးတွင် ထိုင်နေပြီး တစ်ခွန်းမျှ ဝင်မပြောပေ။

သူမ လင်းရီကို ထောက်ခံနေသေးသော်လည်း ယခင်ကလောက်တော့ စိတ်အားထက်သန်မှု မရှိတော့ချေ။

'သူမ သူ့ကို အများကြီး ကူညီပေးပြီးပြီလေ…. ဒါပေမယ့် သူကိုက ဇယားကို လိုက်ရှုပ်နေတာကိုး… အဲ့တာတော့ သူမလည်း မကယ်နိုင်တော့ဘူး….'

…………….

ထိုအခိုက်အတန့်တွင်တော့ လင်းရီ၏ live stream မှာ လုံးဝ ဗြောင်းဆန်နေသည်။

Bullet screen ပေါ်တွင် ကွန်းမန့်အများအပြား ပျံသန်းသွားလာနေပြီး ဘာရေးနေကြမှန်း မသိလောက်အောင်ကိုပင်။

ထိုအချိန် မုန့်ကျင်းရန် လင်းရီ အခန်းထဲ ၀င်ရောက်လာခဲ့ပြီး

“ ဟက်.. စိတ်အခြေအနေ အရမ်း ကောင်းနေပုံများ ကောင်းကင်အစုံ ရအောင်တောင် ကြိုးစားနေလိုက်သေးတယ်…” မုန့်ကျင်းရန် လှောင်ပြောင်လိုက်၏။

“ သာမန်အစုံတွေက မလန်းဘူးလေ… ဒီတိုင်းဆော့ဖို့ ဖက်ရှင် ခပ်လန်းလန်းလေး တစ်စုံလောက် ရှာနေတာ….”

မုန့်ကျင်းရန် ရယ်မောလိုက်ပြီး “ ဖက်ရှင်ဆိုတာ အချိုပေါ် သကာလောင်းရုံသပ်သပ်ပဲ… မင်းရဲ့ လက်နက်တွေက အမှိုက်ဆန်လွန်းတယ်… အဲ့တာကိုတောင်မှ PK မှာ အသုံးပြုချင်နေသေးတယ်ဆိုတော့… ငါမင်းကို တစ်ချက်တည်းနဲ့ အပြီးဖျောက်ပြမယ်….”

“ အပြော မစောသေးနဲ့ဦး… ရှိုးက ခုမှ အစပဲရှိသေးတာ… အဝတ်တွေ ပေါင်းစည်းတယ်ဆိုတာက ပဏာမခြေလှမ်းပဲ…. “ လင်းရီ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ နောက်ထပ် ခြေလှမ်းတွေ အများကြီး ကျန်သေးတယ်….”

မုန့်ကျင်းရန် မနေနိုင်ပဲ အားပါးတရ ရယ်မောမိလိုက်ပြီး “ အိုကေပါ.... အဲ့တာဆိုလည်း ဘုရားသခင်ကောင်းချီးပေးပါစေ… ဟားဟား…..”

လင်းရီ တစ်ဖက်သူ၏ မိုက်ခရိုဖုန်းကို အသံပိတ်လိုက်ပြီး ကောင်းကင်အစုံရအောင် ဆက်လက် ကြိုးစားနေလိုက်သည်။

မုန့်ကျင်းရန်လည်း လင်းရီ အခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။

“ မျက်နှာဖုံးအစ်ကိုကြီး… မကောင်းတော့ဘူး… တောဓားပြဗိုလ်က သူ့ရဲ့ လက်နက်တွေကို +19 မြင့်တော့မှာ….”

“ လုပ်စမ်းပါစေ… အဲ့လိုလုပ်ရင်းနဲ့ ကျိုးပျက်သွားတော့လည်း ငါ့အောင်မြင်ဖို့ အခွင့်အရေး ပိုများတာပေါ့… မဟုတ်ဘူးလား...” လင်းရီ ထူးမခြားနား လေသံဖြင့် ပြောလိုက်သည်။

“ ဒါပေမယ့် သူ့မှာ +17 အရံကလည်း ရှိသေးတာနော်… တကယ်လို့ မအောင်မြင်ခဲ့ရင်တောင် မင်းမှာ အခွင့်အရေး ရှိမှာ မဟုတ်ဘူး….”

“ ဒီတိုင်း +19 လက်နက်လေးပဲမလား… ဘာပဲဖြစ်ဖြစ် နောက်ဆုံးရလဒ်ကို အကျိုးသက်ရောက်စေမှာ မဟုတ်ဘူး… ပူမနေနဲ့ ... ”

“ အစ်ကိုကြီး… ခင်များ တော်တော် မောက်မာပါလား… ဒီလိုစကားမျိုး ပြောလိုက်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး.. “

“ ငါတော့ တောဓားပြဗိုလ်ကမှ နည်းနည်းလေး ပိုပြီး မောက်မာနေသလားလို့… အဲ့ကောင်လက်နက်က +18 ရောက်နေပြီးသားကို +19 ထပ်မြင့်ချင်နေတယ်ဆိုတော့ … သေချာပေါက် ပျက်စီးမယ်လို့ ငါလောင်းရဲတယ်….”

မုန့်ကျင်းရန် +18 လက်နက်ကို နောက်တစ်ဆင့်တိုးမြင့်မည့် သတင်းက မနေ့ကတည်းက ရေပန်းစားနေသည့် သတင်းတစ်ပုဒ်ပင်။

ရလဒ်အနေဖြင့် များပြားလှသည့် ကြည့်ရှုသူများမှာ သူ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲသို့ ရောက်ရှိလာကြလေသည်။

ထို့ကြောင့် သူ စတင် တိုက်ရိုက်ထုတ်လွင့်သည်နှင့်တစ်ပြိုင်နက် လင်းရီကို ကျော်တက်သွားခဲ့တော့၏။

သို့သော်လည်း ယင်းက အရေးမကြီးတော့ချေ။ သူတို့ ယနေ့ ပြိုင်ဆိုင်နေသည်က ကျော်ကြားခြင်း မဟုတ်။ ထို့ကြောင့် နှစ်ယောက်မှာ သူတို့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူ ဘယ်လောက်ရှိလဲဆိုတာကို လျစ်လျူရှုထားကြသည်။

“ ညီကို.. ငါ့အထင်တော့ မင်း +19 မြင့်ဖို့ မလိုပါဘူး… မင်းရဲ့ စကေးတွေနဲ့ လက်ရှိ လက်နက်တွေ ပေါင်းစည်းလိုက်မယ်ဆိုရင် သာမန် အဆင့် A ကစားသမားဆိုရင်တောင် သုံးချက်ထက် ပိုပြီးတောင့်ခံနိုင်မှာ မဟုတ်ဘူး… ဒီလိုမျိုးကြီး စွန့်စားစရာ မလိုပါဘူးဟ…”

ကြည့်ရှုသူတစ်ဦးမှ အကြံပေးလိုက်၏။

“ ညီကို … မင်းမှားနေပြီ…” မုန့်ကျင်းရန် ပြန်ပြောလိုက်ပြီး “ အမှန်အတိုင်း ဝန်ခံရရင် ငါ့ခေါင်းထဲမှာ PK ကစားပွဲက အစောကြီးကတည်းကကို မရှိတာ… ငါခု အဆင့်မြင့်နေတယ်ဆိုတာကလည်း ဒီတိုင်း ငါ့ အနာဂတ် စထွင်းအတွက် ပြင်ဆင်နေရုံ သပ်သပ်ပဲ….”

“ အာဟား… နားလည်ပြီ နားလည်ပြီ…”

"ဒါကြောင့်မို့ ခနနေ PK တိုက်ပွဲစရင် စိတ်အေးလက်အေးနဲ့သာ ကြည့်ကြ... မင်းတို့ အစ်ကိုကြီးက ရှိုးပွဲကောင်းကောင်း ပြင်ဆင်ပေးမယ်...."

ပြောရင်းဖြင့် မုန့်ကျင်းရန် သူ ကြိုတင်ပြင်ဆင်ထားသည့် တိုးမြင့်ရေးအထုပ်များကို စက်ထဲသို့ ထည့်လိုက်၏။ တစ်ချိန်တည်းတွင် Live stream ၏ ရေပန်းစားမှုမှာလည်း မြင့်တက်လာလေသည်။

၎င်းတို့ အားလုံးက ဒဏ္ဍာရီဆန်သည့် ဖြစ်ရပ်ကို မျက်မြင်ကြုံတွေ့ရန် စောင့်ဆိုင်းနေကြခြင်းပင်။

ဆယ်မိနစ်ကြာပြီးနောက် မုန့်ကျင်းရန် သူ၏ အမူအရာကို တည်တံ့လိုက်ပြီး အခန်းထဲရှိ လူတိုင်းအား ပြောလိုက်၏။

“ ညီကိုအပေါင်းတို့… ပြင်ဆင်စရာရှိတာတွေ အကုန်လုံးတော့ ပြင်ဆင်ပြီးသွားပြီ… ဒီနေ့ +19 ရောက်ကို ရောက်ရမယ်….!”

“ မလေးစားပဲ မနေနိုင်တော့ဘူး..… +18 လက်နက်ကို ဆက်တိုးမြင့်ဝံ့လောက်တဲ့ သတ္တိရှိတယ်… ငါသာဆိုရင်တော့ +17 လောက်နဲ့တင် ကျေနပ်ပြီ….”

“ ဟုတ်ပါ့… တကယ်လို့ ပျက်ဆီးသွားမယ်ဆိုရင် ကားတစ်စီး ဆုံးရှုံးလိုက်ရတဲ့ ပမာဏနဲ့ အတူတူပဲ…”

“ ကဲ… စတင်လိုက်ကြစို့…! “

မုန့်ကျင်းရန် သူ၏ လက်နက်ကို ထုတ်ယူလိုက်ပြီး စတင် ခိုင်မာအောင် ပြုလုပ်တော့၏။

“ ငိုးပဲ… ငါတော့ မကြည့်ရဲတော့ဘူးကွာ… ဒါက +18 လက်နက်ကွ…မင်းတို့သိလား... အဲ့တာ ငိုးကျလောက်တဲ့ +18 လက်နက်…”

ထိုအခိုက်အတန့်တွင်တော့ မုန့်ကျင်းရန်လည်း စိအတော်လေး စိတ်လှုပ်ရှားနေလေသည်။ သူ့ခေါင်းထဲတွင် လင်းရီနှင့် PK တိုက်ပွဲ ဆင်နွဲရန်အကြောင်း မရှိတော့ချေ။ အကယ်၍ သူသာ အောင်မြင်သွားပါက ရွှီရွှီကို ကျော်လွန်၍ နံပါတ်တစ် DNF စထွင်မာ ဖြစ်လာနိုင်လေသည်။

“ မြေနူးပဲ… သေချာပေါက် အောင်ကို အောင်ရမယ်…”

ကြမ်းတမ်းစွာ ဆဲဆိုရင်း အံကို တင်းတင်းကြိတ်၊ တိုးမြင့်မည် ခလုတ်ကို မျက်လုံးပိတ်လျက် နှိပ်လိုက်သည်။

ထို့နောက် စခရင်ပေါ်၌ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး

“ +19 သို့ အောင်မြင်စွာ တိုးမြင့်ပြီးပါပြီ “

“ သပ.... အောင်မြင်သွားပြီဟဲ့….”

“ ဖက်ခ် ဖက်ခ်… မုန့်ကြီး… မင်းကတော့ ကောင်းကင်ကို ဖီဆန်တော့မှာပဲ….”

ဦးစွာ အော်ဟစ်လိုက်သူကတော့ မုန့်ကျင်းရန် ဘေးတွင် ထိုင်နေသည့် လျိုစီးယွမ်ပင်။

ယနေ့မူကား စတူဒီယိုထဲရှိ လူတိုင်းက ဤအခိုက်အတန့်ကို မျက်မြင်ကြုံတွေ့ရန် ရှိနေကြခြင်း ဖြစ်လေသည်။

+18 လက်နက်ကို +19 သို့ အောင်မြင်စွာ တိုးမြင့်နိုင်လိုက်သည်ကို မြင်တော့ စတူဒီယိုထဲရှိ လူတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြ၏။

ယခု လက်နက်အောင်မြင်စွာ တိုးမြင့်နိုင်ခြင်းက မုန့်ကျင်းရန်၏ အနာဂတ် Live stream များအတွက် လွန်စွာ အရေးပါပြီး ကြီးစွာသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ ထိုအခိုက်အတန့်တွင်တော့ မုန့်ကျင်းရန်၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ရေပန်းစားမှုမှာ +19 လက်နက်ကြောင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့၏။

“ သေစမ်းဟျောင့်…ငါတော့ ဒီစထွင်မာကို သောက်ရမ်း ခိုက်သွားပြီ….”

“ စောနတုန်းက ကားတစ်စီးတန်ဖိုးနဲ့ ညီမျှတယ်… အခု ဒုတိယအဆင့် မြို့က အိမ်တစ်လုံးစာနဲ့ ညီမျှသွားပြီ…”

“ ဖော်လိုလိုက်ပြီနော်…. ခုကစပြီး မင်းတိုက်ရိုက်ထုတ်လွင့်တာနဲ့ ငါ လာကြည့်တော့မယ်….”

“ အဲ့ သောက်ရူး မျက်နှာဖုံးနဲ့ကောင်က ဒီလိုလူမျိုးနဲ့ PK ယှဉ်ချင်တယ်တဲ့လား… ဒါကြီးက သူ့ကို အနိုင်ကျင့်ပေးပါလို့ တောင်းဆိုနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား….”

“ ဟားဟား… မြန်မြန် မင်းရဲ့ +19 လက်နက်ကြီးကိုပြလိုက်… အဲ့ကောင် သေချာပေါက် သွေးအန်သွားလောက်တယ်….”

တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကွန်းမန့်များကို မြင်တော့ မုန့်ကျင်းရန် မာန်တက်သွားခဲ့ပြီး ခေါင်းညိမ့်လိုက်၏။

“ မှန်တယ်… ငါတို့ သတင်းကောင်းကို ဝေမျှပေးရမယ်လေ….”

“ အဲ့ကောင်ကလည်း ကောင်းကင်အစုံ ရအောင် ကြိုးစားနေတာ မဟုတ်ဘူးလား….”

“ ဟားဟား… အဲ့ကောင် ပေါင်းစပ်နိုင်ရင်တောင်မှ မင်းရဲ့ ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး…”

“ DNF ပရော်ဖက်ရှင်နယ် ကစားသမားနဲ့ PK ယှဉ်ချင်နေတယ်.... အဲ့ကောင်ခေါင်းကို မြည်းကန်သွားလားမသိဘူး…”

ထိုအခိုက်အတန့်တွင် ယှဉ်ပြိုင်သူ နှစ်ယောက်မှာ ပြန်လည် ဆက်သွယ်မိသွားကြပြီး မုန့်ကျင်းရန်မှ ယခုလိုပြောလိုက်၏။

“ ညီကို .. စိတ်တော့ မကောင်းဘူး… ကံဆိုးစွာနဲ့ပဲ ငါ့လက်နက်က +19 ဖြစ်သွားခဲ့ပြီ…ဆိုတော့ ခု မင်းငါ့ကို နိုင်နိုင်ချေက စောနကထက်ကို နည်းပါးသွားခဲ့ပြီ… တကယ့် တကယ်ကို စိတ်မကောင်းပါဘူးကွာ….”

All Chapters