ဘ၀ကို မေးခွန်းပြန်ထုတ်ရလောက်တဲ့အထိ ဆန်းကြယ်သည့် ကံတရားများ
Vol. 46 Ch. 687
“ လခွမ်း အစ်ကိုကြီး… မင်းဘာတွေလဲ လုပ်နေတာ… အဲ့အတိုင်းပဲ တိုးမြင့်လိုက်ရသလား….”
“ ရှီးပဲ… အဲ့တာက ထိုက်ကျိကောင်းကင် အင်ပါယာဓားလေ…”
“ ဘယ်သူ့ဂရုစိုက်နေရမှာ… ဒီတိုင်းပဲ လုပ်မယ်…”
ထပ်တူညီစွာဖြင့် လင်းရီ မတိုးမြင့်မီ သူ၏ ကံကောင်းခြင်း ဒုတိယကတ်ကို အသက်သွင်းထားလိုက်သည်။
[ ကံကောင်းခြင်းကတ်ကို အသက်သွင်းပြီးပါပြီ။ ကျန်ရှိသည့် အချိန်- 20 : 00 , 19 : 59 , 19 : 58 ... ……….]
အကျိုးသက်ရောက်မှုမှာ အချိန်အကန့်အသတ်ရှိသောကြောင့် လင်းရီ အသက်တစ်ရှိုက်ကိုမျှ မဖြုန်းတီးပဲ တိုးမြင့်သည့် ခလုတ်အား နှိပ်လိုက်လေသည်။
+4 အထိ တိုးမြင့်ရန်က ပြဿနာ မရှိချေ။
သို့နှင့် လင်းရီ +10 အထိ ချောချောချူချူ တိုးမြင့်လိုက်လေသည်။
“ မျက်နှာဖုံး အစ်ကိုကြီး … ခင်များရဲ့ ကံကောင်းချက်ကြီးကလည်း လက်လန်ပါတယ်ဗျာ… 10 ထိ တိုးမြင့်သွားတာများ တစ်ချက်လေးတောင် မကျရှုံးသွားဘူး…. “
“ ဒီအဟုန်အတိုင်းပဲ ကျန်တဲ့ လက်နက်တွေကိုလည်း 10 ထိ မြင့်လိုက်… မြန်မြန်လေး….”
“ ငါ့လရှီးကို အဟုန်… မင်း ငါ့လာနောက်နေတာလားကွ… သူ့ကံက အဲ့လောက်ထိ ဆက်တိုက်ကောင်းနေမယ် ထင်လား….” မုန့်ကျင်းရန်၏ ဘက်တော်သားများမှ ပြောဆိုလိုက်၏။
“ ကျန်တဲ့ လက်နက်တွေ အဆင့်မြင့်တဲ့အချိန်ကျရင် ခုလို ကံကောင်းမှာ မဟုတ်ဘူးဆိုတာ ပြောရဲတယ်….”မကောင်းမြင် ဝါဒီတစ်ဦးမှ ဆိုလိုက်သည်။
လင်းရီ၏ ယုံကြည်ချက်ကို မြင်တော့ အောက်ရှိ သူ့ဖန်များနှင့် စကားပြောနေသည့် မုန့်ကျင်းရန်မှ ပြုံလိုက်ပြီး “ မျက်နှာဖုံး အစ်ကိုကြီး … မင်းကိုယ်မင်း အဲ့လောက်ထိ အံ့ဩဖို့ကောင်းတယ် ထင်နေရင် ကောင်းကင်အင်ပါယာဓားကို ဆက်ပြီး တိုးမြင့်လေ… မင်း +11 ထိ တိုးမြင့်ရဲလား… တကယ်လို့ မလုပ်ရဲရင် လက်လျော့ပြီး ရုန်းကန်နေတာ တော်လိုက်တော့… မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး….”
“ ဘာလို့ မလုပ်ရဲရမှာ.. ဒီတိုင်း +11 လေးပဲ မဟုတ်ဘူးလား… အသေးမွှားလေးပါ…”
သို့နှင့် လင်းရီ တိုးမြင့်သည့် ခလုတ်ကို နှိပ်လိုက်၏။ စက္ကန့်အနည်းငယ် ကြာသော် လက်နက်မှာ +11 သို့ ရောက်ရှိသွားလေသည်။
မုန့်ကျင်းရန် မျက်နှာသိပ်မလှတော့ချေ။ “ ဒီတိုင်း ကြက်ကန်းတိုးသွားတာများ… မင်းမှာ အစွမ်းအစရှိရင် +12 ထိ ထပ်တိုးလိုက်….”
လင်းရီ တိုးမြင့်မည် ခလုတ်ကို ထပ်မံနှိပ်လိုက်၏။
လက်နက်မှာ +12 သို့ တန်းရောက်ရှိသွားခဲ့သည်။
“ မာန်တက်မနေနဲ့… မင်း +13 ထိ ရောက်နိုင်မလား ငါကြည့်စမ်းမယ်…” မုန့်ကျင်းရန် အံကြိတ်ရင်း ပြောလိုက်သည်။
“ ထိုက်ကျိကောင်းကင် အင်ပါယာဓားအား +13 သို့ အောင်မြင်စွာ တိုးမြင့်ပြီးပါပြီ….”
“ ငိုးပဲ… လူတိုင်း.. မတ်တပ်ရပ်ကြ… ငါတို့ရဲ့ ဂါဝရကို မျက်နှာဖုံး အစ်ကိုကြီးဆီ ပေးကြမယ်… အဲ့တာဆို ငါတို့လည်း ကောင်းချီးတွေ ကူးစက်လာလောက်တယ်….”
“ အရိုအသေ ပေးပါတယ်…”
“ အရိုအသေ ပေးပါတယ်…”
“ အရိုအသေ ပေးပါတယ်…”
ထိုအခိုက်အတန့်တွင် bullet screen ၌ 'အရိုအသေ ပေးပါတယ် 'ဟူသည့် စကားလုံးများနှင့်သာ ပြည့်နှက်နေလေသည်။ ဆိုဖာပေါ် လဲလျောင်းပြီး စထွင်းကြည့်နေသည့် ကျီချင်းရန်မှာ ၎င်းကို မြင်တော့ ဘဝင်ခိုက်သွားခဲ့၏။
လင်းရီက ဩဇာတိက္ကမ အရမ်းကြီးတာပဲ….
“ +13 ထိ တိုးမြင့်နိုင်တာ ဘာထူးဆန်းလို့… “ မုန့်ကျင်းရန် ထူးမခြားနား ဟန်ဆောင်ကာ ပြောရင်း “ ငါလည်း အဲ့လိုမျိုး လုပ်ခဲ့ဖူးတာကိုပဲ… အထင်ကြီးစရာ မရှိပါဘူး… တကယ်လို့ မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် ဆက်ပြီးတော့ +14 ထိ တိုးမြင့်ကြည့်လိုက်…. တစ်ခါတည်း ပျက်စီးသွားမယ်ဆိုတာ အာမခံရဲတယ်…”
“ ဝှက်သယ်ဖက် တောဓားပြဗိုလ်… မင်း ရှက်ကြောနဲ့ ချက်ကြော မှားဖြတ်လာခဲ့တာလား… ဒါမှမဟုတ် မင်း ရှုံးမှာကို ကြောက်နေတာလား… မျက်နှာဖုံးအစ်ကိုကြီးကို ဆက်လုပ်ဖို့ ဘယ်လိုတောင် တွန်းအားပေးရဲတာလဲ… တကယ်လို့ လက်နက်ပျက်ဆီးသွားခဲ့ရင် မင်းအလျော်ပေးမှာမို့လား…”
“ ငါက ဘာလို့ အလျော်ပေးရမှာ… ဒီတိုင်း အဲ့ကောင် လုပ်ရဲတဲ့ သတ္တိရှိမရှိ စမ်းသပ်ကြည့်နေတာ… “ မုန့်ကျင်းရန် မျက်နှာပြောင်တိုက် ပြောလိုက်ပြီး “ +13 ထိ တိုးမြင့်နိုင်တော့ကော ဘာဆန်းလဲ… ငါ့ရဲ့ +19 လက်နက်ရှေ့မှာ ဝပ်တွားရမှာပဲ…”
“ မင်းက ဘာတွေ လာပြောနေတာ… လက်နက်တွေကို တိုးမြင့်တယ်ဆိုတာက တစ်ဆင့်ခြင်း တိုးမြင့်ရမှာ မဟုတ်ဘူးလား…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါလည်း +13 နဲ့တင် မရပ်တန့်ပါဘူး… +16 ထိသွားမယ်… နှေးနှေးနဲ့ ကောင်းကောင်းလေးပေါ့…”
သို့နှင့် လင်းရီ တိုးမြင့်သည့် ခလုတ်ကို ထပ်မံနှိပ်လိုက်လေသည်။
“ ထိုက်ကျိကောင်းကင်အင်ပါယာဓားကို +14 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ “
“ ထိုက်ကျိကောင်းကင်အင်ပါယာဓားကို +15 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ “
“ ထိုက်ကျိကောင်းကင်အင်ပါယာဓားကို +16 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ “
Bullet screen ပေါ်၌ 'အရိုအသေပေးပါသည်' ဟူသော စကားလုံးများက တစ်ဖန် ပြည့်လျှံသွားပြန်၏။
+16 ထိတိုးမြင့်ခြင်းက ထိပ်တန်းအဆင့် မဟုတ်သော်လည်း သူကတော့ DNF သမိုင်းတစ်လျှောက် 16 အထိကို တိုးမြင့်ခြင်း အထုပ် မသုံးပဲ မြင့်တင်သည့် တစ်ဦးတည်းသောသူ ဖြစ်ရပေမည်။
“ အဲ့သောက်ကလေးက Nexon ဥက္ကဌရဲ့ မွေးစားသားလားကွ… လက်နက်ကို 16 ထိ တစ်ဆက်တည်း မြင့်ပြသွားတယ်…. ဘာလို့ အဲ့လောက်ထိ ကံကောင်းနေတာ…”
“ အေးဆေးပေါ့ ဘော့စ်ချိန်ကလဲ… သူက ဒီတိုင်း ကံကောင်းသွားတာ.. တကယ်လို့ ဒီကောင် ကံကိုယုံပြီး ဆူးပုံဆက်နင်းမယ်ဆိုရင်တော့ လုံးဝ ပျက်စီးပြီပဲ…”
“ အဲ့တာက ဖြစ်နိုင်ချေရှိတယ်… သူ ဘာဆက်လုပ်မလဲ ဆိုတာပဲ စောင့်ကြည့်ကြတာပေါ့…”
အဆိုပါ မြင်ကွင်းကိုမြင်တော့ လီလင်း သူမဖုန်းကို ထုတ်လိုက်ပြီး သီးသန့်အကောင့်ထဲသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် လင်းရီထံသို့ သီးသန့်မက်ဆေ့ချ် ပို့လိုက်၏။
“ ရှင့်ရဲ့ လက်နက်တွေကို စွန့်စားပြီး ဆက်မြင့်မနေနဲ့တော့….”
+16 က တော်တော်လေးကို ကောင်းနေပြီးဖြစ်၏။ အကယ်၍ သူသာ အခြားသော လက်နက်များကိုပါ တိုးမြင့်လိုက်မယ်ဆိုပါက လာမည့် တိုက်ပွဲတွင် ပြိုင်ဘက်နှင့် ကောင်းကောင်းကြီး စီးချင်းထိုးနိုင်ပေမည်။
သို့သော်လည်း အကယ်၍ လင်းရီသာ ဆက်လက်မြင့်တင်နေမည် ဆိုပါက ကံကောင်းခြင်း နတ်သမီးမှာ သူ့ဘက်၌ ရှိနေဦးမည် မဟုတ်တော့ချေ။ ထို့ကြောင့် အချိန်မလွန်ခင် လာရောက် သတိပေးရခြင်း ဖြစလေသည်။
ထိုအခိုက်အတန့်တွင်တော့ ချိန်ကျောင်းရန်နှင့် ကော်ရှစ်ပေါ်တို့ နှစ်ဦးလုံးမှာ live stream ဘက် အာရုံရောက်နေပြီး လီလင်း၏ သံသယဖြစ်ဖွယ် အပြုအမူများကို သတိမမူမိလိုက်ကြပေ။
“ ရှောင်ကော်… အဲ့ကောင် ဆက်ပြီးတော့ တိုးမြင့်မယ်ထင်လား…” ချိန်ကျောင်းရန်မှ ဘေးရှိ ဘီယာဘူးကို မော့ရင်း ပြောလိုက်၏။
“ ကျုပ်ကတော့ မထင်…” ကော်ရှစ်ပေါ်ပြောလိုက်ပြီး “ ဒါပေမယ့် ဆက်ပြီးတော့ မြင့်တင်ဖို့ မျှော်လင့်တယ်… ဘာလို့ဆို နောက်တစ်ကြိမ်ဆိုရင် ပျက်ဆီးသွားမှာမို့လို့လေ….”
“ ထိုက်ကျိကောင်းကင်အင်ပါယာဓားကို +17 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ “
“ ဖက်ခ်… ဒီကောင် အောင်မြင်သွားပြန်ပြီလားဟ….”
ကော်ရှစ်ပေါ် ဖင်အပ်နှင့် အဆွခံလိုက်ရသကဲ့သို့ ဆိုဖာပေါ်မှ ထခုန်လိုက်သည်။
“ ဒီကောင်က တော်တော်လေးကို သတ္တိကောင်းနေတာပဲ…”
“ ထိုက်ကျိကောင်းကင်အင်ပါယာဓားကို +18 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ “
“ သေစမ်း… 18 ကို ရောက်သွားပြန်ပြီ…”
ကော်ရှစ်ပေါ် လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့တော့၏။ သူ DNF အကြောင်း ကောင်းစွာ နားလည်လေသည်။
တစ်ကြိမ်တည်းနှင့် +18 သို့ မြင့်တင်လိုက်သည်က သမိုင်းတွင် မရှိခဲ့ဖူးသည့် စံချိန်တင် အဖြစ်အပျက်ကြီးပင်။
မုန့်ကျင်းရန်၏ လက်နက်ကိရိယာများလောက် မကောင်းမွန်သော်လည်း ယခု လယ်ဗယ်အထိ မြင့်တင်ပြီးချိန်တွင်တော့ ကောင်းကောင်းကြီး စီးချင်းထိုး၍ ရနေချေပြီ။
“ ထိုက်ကျိကောင်းကင်အင်ပါယာဓားကို +19 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ “
သူ 'အောင်မြင်စွာ မြင့်တင်ပြီးပါပြီ' ဟူသည့် စာတန်းက လင်းရီစခရင်ပေါ်တွင် ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထို တဒင်္ဂတွင် ချိန်ကျောင်းရန်၏ ရုံးခန်းမှာ အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့တော့၏။
ဒီကောင် တကယ်ကြီး 19 ထိရောက်အောင် တိုးမြင့်လိုက်တယ်…
အဲ့တာ လူလုပ်နိုင်တဲ့ လုပ်ရပ်မှ ဟုတ်သေးရဲ့လား….
ထိုအခိုက်အတန့်တွင်တော့ လင်းရီ၏ စထွင်းတွင်လည်း ကွန်းမန့်များ ပလူပျံနေသည်။
“ မျက်နှာဖုံး အစ်ကိုကြီးက လုံးဝ အံ့ဩစရာပဲ… သူ ဒီနေ့ပြိုင်ပွဲအတွက် ဥက္ကဌအိုကို ဆက်သွယ်ခဲ့တယ်လို့ သံသယဖြစ်စရာပဲ…”
“ ငါ့ကို အမှန်အတိုင်း ပြောစမ်း.. မင်းတို့နှစ်ယောက်က သားအဖတွေမလား…”
“ ဒီနေ့တော့ တကယ့်ကို မျက်စိပွင့် နားပွင့်ပဲ.. ဒီနေ့ကစပြီး နံ့သာတိုင်တွေနဲ့ တစ်နေ့ကို နှစ်ကြိမ် ပူဇော်တော့မယ်… တကယ်လို့ ငါ ကောင်းကင်နဲ့ နတ်မင်းကြီးတွေကို မကိုးကွယ်ရင်တောင် မျက်နှာဖုံး အစ်ကိုကြီးကိုတော့ အရိုအသေပေးရမယ်…”
“ စိတ်အေးအေးထား စိတ်အေးအေးထား… ဆက်ပြီးတော့ မြင့်တင်ကြမယ်…”
သို့နှင့် လင်းရီ နောက်တစ်ကြိမ် ထပ်နှိပ်လိုက်၏။
“ ထိုက်ကျိ ကောင်းကင် အင်ပါယာဓားကို +20 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ …”
“ ငိုးမ … +20 … ဒီလယ်ဗယ်က တောဓားပြဗိုလ်ကို ကျော်တက်သွားပြီ…”
“ အစ်ကိုကြီး မင်းအဲ့လောက်ထိ အံ့ဩဖို့ မကောင်းနဲ့လေ… နည်းနည်းပါးပါး လူဆန်ပါဦးလား…”
လင်းရီ မုန့်ကျင်းရန်ကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး “ ဟေ့ ညီကို +20 ထိ တင်ရတာ အဲ့လောက်လည်း မခက်ပါဘူးဟ…. ဘာလို့ +19 ထိ တင်နိုင်တာလေးနဲ့ မျောက်အုန်းသီးရသလို ပျော်နေတာ…”
မုန့်ကျင်းရန်၏ အမူအရာ နက်မှောင်သွားခဲ့ပြီး “ အပိုတွေ မပြောနဲ့… မင်းအဲ့လောက်ထိ အံ့ဩဖို့ကောင်းနေရင် ဆက်ပြီးတော့ မြင့်လေ… ဘာလို့ အပိုစာသားတွေ လာပြောနေတာ…..”
“ အိုကေ အိုကေ.. ဆက်ကြမယ်….”
လင်းရီ သူ့ဓား အဆင့်ဆက်မြင့်မည်ကို ကြည့်ရန် မုန့်ကျင်းရန် မစောင့်နိုင်တော့ပေ။
သကောင့်သား၏ ကံဇာတာက ထိုမျှ မြင့်တက်နေမည်ဆိုတာ မယုံချေ။ အကယ်၍ တစ်ကြိမ်လေးတည်း ကျရှုံးသွားခဲ့လျှင်တောင် အကုန်လုံးက အချည်းနှီးဖြစ်သွားပြီး သူ့ကိုလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်တော့ချေ။
“ ဟာ အစ်ကိုကြီး … ဒီလောက်ဆိုတော်ပြီလေ….”
“ +20 လက်နက်က အထင်ကြီးဖို့ ကောင်းနေပြီးသား… တကယ်လို့ နောက်ထပ် တိုးမြင့်ဦးမယ်ဆိုရင် ပျက်ဆီးသွားနိုင်တယ်…”
“ မရသေးဘူး….. ငါ့စကေးတွေက အရမ်းကြီး မကောင်းတော့ လက်နက်တွေရဲ့ အဆင့်ကို မြင့်နိုင်သလောက် မြင့်ထားရမယ်.. ဒါကြောင့်မို့ သူ့အကန့်အသတ် ဘယ်လောက်ရှိလဲဆိုတာ ဆက်ပြီးတော့ ကြည့်လိုက်ကြစို့…”
သို့နှင့် လင်းရီ များများ မစဉ်းစားတော့ပဲ လက်နက်ကို ပစ်လိုက်ပြီး စခရင်ကို အကြိမ်ရေအနည်းငယ်ခန့် နှိပ်လိုက်၏။
“ ထိုက်ကျိ ကောင်းကင် အင်ပါယာဓားကို +21 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ …”
“ ထိုက်ကျိ ကောင်းကင် အင်ပါယာဓားကို +22 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ …”
………………….
“ ထိုက်ကျိ ကောင်းကင် အင်ပါယာဓားကို +25 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ …”