PK ရလဒ်က အဓိပ္ပာယ် မရှိဘူး
Vol. 46 Ch. 688
“ ထိုက်ကျိ အင်ပါယားဓားကို +25 သို့ အောင်မြင်စွာ မြင့်တင်ပြီးပါပြီ…”
အဆိုပါ စကားလုံး public chat တွင် ပေါ်လာပြီးသည့်နောက် live stream ထဲရှိ ကြည့်ရှုသူများသာမက DNF ကစားသမားများအားလုံး ကသောင်းကနင်း ဖြစ်သွားခဲ့ကြသည်။
ဒီရဲ့ နတ်ဘုရားက ဘယ်ကနေ လာခဲ့တာလဲ… သူတကယ်ကြီး +25ထိ မြင့်တင်လိုက်တယ်…
“ ငါ့မှာတာ အဲ့လောက်လန်းတဲ့ လက်နက်ရှိနေရင် ပရိုကစားသမားတွေကိုတောင် ကေးလို့ရပြီ…”
“ မျက်နှာဖုံး အစ်ကိုကြီးက အံ့အားသင့်စရာပဲ… မသိတတ်တဲ့ ဒီညီလေးကို ခွင့်လွှတ်ပေးပါ… ကျုပ်က လန်းတယ်ဆိုတာက လွဲပြီး တခြားစကား မဆိုတတ်တဲ့ ငါးဆားနယ်လေးပါ…”
ထိုအခိုက်အတန့်တွင်တော့ မုန့်ကျင်းရန်၏ အမူအရာမှာ စခရင်ကို ငေးကြည့်ရင်း အတော်လေး စိတ်ဝင်စားဖို့ကောင်းနေလေသည်။
သူ၏ ရုပ်မှာ ကြွက်သတ်ဆေး သောက်ထားသကဲ့သို့ ဖြစ်နေတော့၏။
သူက လက်နက်ကို +25 ထိ မြင့်တင်လိုက်တယ်… လက်နက်ချင်းယှဉ်မယ်ဆိုရင် ငါ့ကို အနိုင်ပိုင်းလို့ ရလောက်တဲ့အထိ ဖြစ်နေပြီ….
ဒါပေမယ့် စကေးချင်းယှဉ်မယ်ဆိုရင်တော့ ငါ့မှာ နိုင်ဖို့ အခွင့်အလမ်း ရှိပါသေးတယ်….
ဒါပေမယ့် တစ်ခုရှိတာ သူ့ပြိုင်ဘက်ရဲ့ လက်နက်တွေက သင်တုန်းဓားတွေလို မြိနေမှာပဲ… နိုင်ဖို့ အခွင့်အရေးတောင် ရေးရေးလေးပဲ မြင်တော့တယ်…
မုန့်ကျင်းရန် နှဖူးထက်၌ ချွေးအေးတို့ ဆို့လာပြီး လင်းရီ၏ စခရင်ကို မကြည့်ဝံ့တော့ချေ။
‘ ဘယ်သူက သိနိုင်မှာ .. အဲ့ကောင် လူမဆန်တဲ့လုပ်ရပ်တွေနဲ့ နှလုံးရောဂါရအောင် လုပ်ချင်လုပ်နေမှာလေ….’
“ ကောင်းပြီ… လက်နက်အတွက်ကတော့ ဒီလောက်ပဲ… ငါတို့ ကျန်တဲ့ တခြား ကိရိယာတွေကိုလည်း မြင့်ရဦးမှာ… မဟုတ်ရင် ရှစ်နာရီမတိုင်ခင် ပြီးမှာ မဟုတ်ဘူး…”
သို့နှင့် လင်းရီ သူ၏ အဆင်တန်ဆာများအား စတင် မြင့်တင်တော့၏။
“ မရဏ အရိပ် သားရေဝတ်စုံအား +25 သို့ အောင်မြင်စွာ တိုးမြင့်ပြီးပါပြီ…”
“ မရဏအရိပ် သားရေ ခါးပတ်အား +25 သို့ အောင်မြင်စွာ တိုးမြင့်ပြီးပါပြီ….”
…………………..
၁၉ မိနစ်ခန့်ကြာသော် လင်းရီ သူ၏ ပစ္စည်းကိရိယာများအားလုံးကို +25 သို့ မြင့်တင်ပြီးသွားချေပြီ။
Live stream ကြည့်ရှုသူ အရေအတွက်မှာလည်း ၄.၅ သန်းကျော်သို့ပင် ရောက်ရှိသွားတော့၏။ ယင်းက ပလတ်ဖောင်းတစ်ခုလုံးတွင် တတိယနေရာ ချိတ်လေသည်။
ချိန်ကျောင်းရန်၏ ရုံးခန်းထဲတွင်တော့ ကော်ရှစ်ပေါ်၏ အမူအရာမှာ နွားချေးစားထားသကဲ့သို့ ဖြစ်ပျက်နေတော့၏။
သူ့ပစ္စည်းတွေ အကုန်လုံးက +25 တွေ… ငလူးပဲ…
“ လီလင်း….”ချိန်ကျောင်းရန် အသံပြုလိုက်၏။
“ ဟုတ်… ဘာလို့လဲ ဘော့စ်…” လီလင်း အပြုံးလေးဖြင့် ပြန်ထူးလိုက်၏။
သူမ လက်ရှိ စိတ်ခံစားချက်တို့မှာ အထွတ်အထိပ်ကို ရောက်ရှိနေပြီး မည်သို့ ဖော်ပြရမှန်းမသိ ဖြစ်နေလေသည်။
ကနေဦးတုန်းက သူမ ရှုံးပြီဟု တထစ်ချ တွက်ထားသော်လည်း မျက်နှာဖုံး အစ်ကိုကြီးမှ ပစ္စည်းကိရိယာများကို လူမဆန်စွာ တိုးမြင့်ပြသွားပြီး စားပွဲလှန်လိုက်လိမ့်မည်လို့ မျှော်လင့်မထားချေ။
သူမ PK အကြောင်း ဘာမျှ နားမလည်သော်လည်း ကော်ရှစ်ပေါ်၏ မျက်နှာ အမူအရာကို ဖတ်ကြည့်ရသလောက်တော့ သေချာပေါက် ရှုံးဖို့လမ်းမရှိကြောင်းတော့ သိလေသည်။
“ မင်းအချိန်ရရင် မျက်နှာဖုံး အစ်ကိုကြီးလို့ခေါ်တဲ့ စထွင်မာနဲ့ ဆက်သွယ်ပြီး စာချုပ်ချုပ်ထားလိုက်…” ချိန်ကျောင်းရန် ပြောလိုက်ပြီး “ တခြား ပလတ်ဖောင်းကလူတွေ သူ့နား မချဉ်းကပ်စေနဲ့….”
“ နားလည်ပါပြီ… ကျွန်မ ချက်ချင်းပဲ ဆက်သွယ်လိုက်ပါ့မယ်…” လီလင်း ပြောလိုက်ပြီး “ ဒါနဲ့ စာချုပ်တန်ဖိုးကကော …”
“ ငါးသန်း အဖွင့်နဲ့ သန်း နှစ်ဆယ်အပိတ်.. “ ချိန်ကျောင်းရန် ပြောလိုက်ပြီး “ တကယ်လို့ သူ့ကိုယ်သူ ကြေညာဖို့ တခြား အရင်းအမြစ်တွေ လိုချင်တယ်ဆိုရင်လည်း အကောင်းဆုံး ဖြစ်အောင် လုပ်ပေးလိုက်…”
“ နားလည်ပါပြီ…”
“ ဘော့စ်.. အဲ့လိုမျိုး ပြောဖို့က နည်းနည်းလေး စောလွန်းမနေဘူးလား…. ဒီလိုမျိုး ဖြစ်သွားတာနဲ့ပဲ တောဓားပြဗိုလ် ရှုံးသွားတယ်လို့ မဆိုလိုဘူးလေ…” ကော်ရှစ်ပေါ်မှ ပြောလိုက်ပြီး “ သူ့ရဲ့ လက်နက် ကိရိယာတွေက ကောင်းချင် ကောင်းလိမ့်မယ်… ဒါပေမယ့် အသုံးချတဲ့သူ အပေါ်မှာလည်း မူတည်နေသေးတာ…. PK ယှဉ်ချတဲ့အချိန်ကျ ဘယ်သူနိုင်မလဲ ဆိုတာ မသေချာသေးဘူးလေ…..”
သူ ယခုလို ပြောပေးနေသည်က မုန့်ကျင်းရန်အပေါ် လောင်းကြေးထပ်ထားသောကြောင့်ပင်။
အကယ်၍ မုန့်ကျင်းရန်သာ ရေပန်းစားလာပါက ကော်ရှစ်ပေါ်လည်း ကြီးစွာသော အကျိုးအမြတ်များကို ရရှိပေမည်။ အခြားတစ်ဖက်တွင်တော့ အကယ်၍ မျက်နှာဖုံး အစ်ကိုကြီးသာ စာချုပ်ချုပ်လိုက်မယ်ဆိုပါက အဆိုပါ အကျိုးအမြတ်အားလုံးကို တာ့တာပြလိုက်ရပေမည်။
“ ဒီခုအခြေအနေမှာ နိုင်တာ ရှုံးတာက အရေးမကြီးတော့ဘူး…. “ ချိန်ကျောင်းရန် ပြောလိုက်ပြီဂ “ ဒီနေ့ Live stream ကနေ မျက်နှာဖုံး အစ်ကိုကြီးက ရေပန်းစားမှုတွေ အများအပြား ရရှိပြီးတော့ အမာခံ ပရိသတ်တွေလည်း ရှိသွားပြီ… တောဓားပြဗိုလ်လို့ ခေါ်တဲ့ ဂိမ်မာက ဒီလိုမျိုး ဖြစ်နိုင်မှာလား…”
ကော်ရှစ်ပေါ် နှုတ်ဆိတ်သွားခဲ့တော့၏။
ချိန်ကျောင်းရန်၏ စကားလုံးများမှာ လက်တွေ့ကျလွန်းလှသည်။ အကယ်၍ သူသာ ဆက်လက်တင်းခံနေဦးမည်ဆိုပါက သံသယဖြစ်ဖို့ အရမ်းကောင်းသွားပေမည်။
“ အိုး ဟုတ်သားပဲ… ငါမင်းတို့ကို ပြောဖို့ မေ့နေတာ…” ချိန်ကျောင်းရန် ပြောလိုက်ပြီး “ မင်းတို့တွေ ကျိုးဟိုင်က လုံရှင်းကို ကြားဖူးတယ်မလား….”
“ ကြားဖူးတယ်လေ… တလောတုန်းကပဲ သူတို့ရဲ့ ချစ်ပ် 2.0 က အတော်လေးကို ဟိုးလေးတကြော်ကြော် ဖြစ်သွားသေးတယ်မလား… ခု အဲ့ဒီ ကုမ္ပဏီက လက်ရှိ နည်းပညာနယ်ပယ်ရဲ့ မီးမောင်းထိုးပြခံနေရတဲ့ ကုမ္ပဏီကိုပဲ…” လီလင်းမှ ပြောလိုက်၏။
ချိန်ကျောင်းရန် ခေါင်းညိမ့်လိုက်ပြီး “ အခု သူတို့ကုမ္ပဏီက ဖုန်း စစ်စတမ်အသစ်ထုတ်နေတယ်… ငါတို့ရဲ့ အက်ပ်က သူတို့ဖုန်း စစ်စတမ်ထဲ ရှိနေဖို့ လိုတယ်…”
“ သူတို့က ဖုန်း စစ်စတမ်အသစ် ဖန်တီးနေတယ်…” နှစ်ယောက်မှ အံ့အားသင့်စွာဖြင့် သံပြိုင်မေးလိုက်လေသည်။
ချိန်ကျောင်းရန် ခေါင်းညိမ့်လိုက်ပြီး “ အင်း.. အတွင်းသတင်းတွေကတော့ အဲ့လိုပြောတာပဲ… တခြား ဘယ်သူမှတောင် သိပ်မသိကြသေးဘူး…”
“ ဘော့စ် ဆိုလိုချင်နေတဲ့ သဘောက…” လီလင်း မေးလိုက်၏။
“ သူနဲ့ စာချုပ်ချုပ်ပြီးသွားရင် ကျိုးဟိုင်သွားပြီး လင်းယွမ် အုပ်စု ဥက္ကဌနဲ့ တစ်ချက် စကားသွားပြောကြည့်ကြည့်… ရင်းနှီးမြုပ်နှံပေးလို့ ရမရ ဘာညာ ပြောကြည့်ကြည့်ပေါ့…” ချိန်ကျောင်းရန်မှ ပြောလိုက်ပြီး “ ခု တိုက်ရိုက်ထုတ်လွင့်တဲ့ ပလတ်ဖောင်းတွေက များသထက် များလာပြီ....ဆိုတော့ ငါတို့ နောက်မှာ ရင်းနှီးမြုပ်နှံသူ တစ်ယောက်လောက်မှ မပံ့ပိုးပေးထားရင် ဆက်လက်ရပ်တည်ဖို့က ခက်ခဲသွားလိမ့်မယ်….”
“ နားလည်ပါပြီ…” ချိန်ကျောင်းရန် ခေါင်းညိမ့်လိုက်ပြီး သူ၏ ကုတ်ကို ယူ၍ ထွက်ခွာရန် ဟန်ပြင်လိုက်လေသည်။
PK ပွဲအဆက်ကိုတော့ သူ ဆက်ကြည့်လိုစိတ် မရှိတော့ချေ။
“ ကောင်းပြီ.. မင်းတို့နှစ်ယောက် ကြည့်နှင့်ကြ… ငါအရင် ပြန်နှင့်တော့မယ်…”
“ ဘော့စ်က သွားတော့မလို့လား… ပြောတော့ မိန်းမပြန်လာလို့ ဒီနေ့ အိမ်မပြန်ဘူးဆို…” လီလင်း မေးလိုက်၏။
“ ခုလေးတင် ငါ့ဆီ မက်ဆေ့ချ်တွေ ရောက်လာလို့… တကယ်လို့ ခုချိန်အိမ်ပြန်မလာရင် တစ်စုံတစ်ယောက်က သေရတော့မယ်တဲ့…”
……………………..
ရန်ကျင်း ညရှစ်နာရီတိတိ။
“ ခုချိန်က PK ပွဲ စဖို့ အချိန်လို့ ထင်တာပဲ…” လင်းရီ မုန့်ကျင်းရန်အား ကြည့်၍ ပြောလိုက်၏။
“ စချင်လည်း စပေါ့….” မုန့်ကျင်းရန် တည်ငြိမ်ဟန်ဆောင်၍ ပြောလိုက်ပြီး “ တကယ်လို့ မင်းရဲ့ ပစ္စည်းတွေ အကုန်လုံးက +25 တိုးမြင့်ထားတယ် ဆိုရင်တောင် ငါ့ရဲ့ စကေးတွေနဲ့ အသာကြောလို့ရတယ်….”
ထိုသို့ အားတင်းပြောလိုက်ရသော်လည်း မုန့်ကျင်းရန် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တို့ ရှိမနေချေ။
သူ၏ စကေးများနှင့် ပစ္စည်းလယ်ဗယ် ကွာဟမှုများကို ထိန်းညှိနိုင်မည်လားလည်း သူမသိ။ အဘယ်ကြောင့်ဆိုသော် ထိုမျှ လူမဆန်သည့် ပစ္စည်းအသုံးပြုသူတို့ဖြင့် တစ်ခါမှ PvP မယှဉ်ဖူးသောကြောင့်ပင်။
“ အဲ့တာဆို ဝင်လာတော့…”
လင်းရီ တိုက်ပွဲစိန်ခေါ်လွှာ ပို့လိုက်ပြီး နှစ်ယောက်လုံး pK တိုက်ပွဲလွင်ပြင်သို့ ရောက်လာခဲ့ကြသည်.
သို့နှင့် PK တိုက်ပွဲ စတင်လေပြီ။ မုန့်ကျင်းရန် သူ့တွင် ရှိသမျှ မန္တန်နှင့် စကေးများကို အသုံးပြုပြီး တိုက်ပွဲလွင်ပြင်အား စည်းချထားလိုက်သည်။
မကြာမီ မိနစ်ဝက် ကုန်ဆုံးသွားခဲ့၏။ မုန့်ကျင်းရန်မှ လင်းရီ၏ ဟာကွက်ကို စောင့်နေရင်း ပြန်လည်တိုက်ခိုက်ရန် အခွင့်ကောင်းကို ချောင်းနေခဲ့လေသည်။ သို့သော်လည်း သူမအောင်မြင်ခဲ့။
လင်းရီ၏ တုံ့ပြန်သည့်နှုန်းမှာ သူ့ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့လေသည်။
မုန့်ကျင်းရန်မှ ဟာကွက်ကို မရှာဖွေနိုင်ခဲ့သော်လည်း လင်းရီကတော့ ရှာဖွေနိုင်ခဲ့၏။
တောင်တန်းတို့ လှုပ်ခါနိုင်သည့် စွမ်းရည်ဖြင့် တစ်ချက် ထိလိုက်မိရာ မုန့်ကျင်းရန် သွေးသုံးပုံမှာ ကိုင်းသွားခဲ့လေသည်။
ထို့နောက်…
တကယ်တော့ ထို့နောက်ဆိုတာ မရှိချေ။
“ သောက်ကျိုးနည်းကြီး +25 လက်နက်က အဲ့လောက်တောင် စွမ်းအားကြီးတာလားဟ… နှစ်ကွက်လောက်နဲ့ ပရို ကစားသမားကို အပြတ်ဖြုတ်လိုက်နိုင်လု နီးနီးပဲ…”
“ ဒါဆို အခု မျက်နှာဖုံး အစ်ကိုကြီးက PK တိုက်ပွဲကွင်းပြင်မှာ ပြိုင်ဘက်ကင်း မဖြစ်သွားဘူးလား…”
“ မိုက်တယ်… မိုက်တယ်…”
ထိုသို့သော ရလဒ်ဖြင့် အဆုံးသတ်လာခဲ့သည်ကို မြင်တော့ မုန့်ကျင်းရန်၏ အမူအရာမှာ လဲပြိုသွားခဲ့၏။
သာမန် ဓားချက် နှစ်ချက်လေးက သူ့ကို ချက်ချင်း သတ်လုနီးပါး ဖြစ်သွားတယ်တဲ့လား… တကယ်လို့ သူသွေးပြန်ဖြည့်ရင်တောင် တစ်ဖက်သူနဲ့ တစ်ချီပြည့်အောင် တိုက်နိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပြီ….
“ ယီးလိုပဲကွာ…”
ကျိန်ဆဲပြီးနောက် မုန့်ကျင်းရန် လိုင်းဆင်းသွားခဲ့၏။
လင်းရီ၏ တိုက်ရိုက်ထုတ်လွင့်ခန်းတစ်ခုလုံး ချီးမွမ်း ရှုတ်ချသည့် ကွန်းမန့်များဖြင့် တစ်ဖန် ပြည့်နှက်သွားခဲ့လေသည်။
[ သင့်တွင် ပရိသတ် တစ်သောင်း ရှိသွားပါပြီ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
[အလုပ်ပြီးမြောက်နှုန်း : ၅၀ ရာခိုင်နှုန်း ]
[ဆုလဒ် : ကြွက်သား သိပ်သည်းခြင်း ]
အဆိုပါ အသိပေးသံကို ကြားတော့ လင်းရီ လွန်စွာ တည်ငြိမ်နေခဲ့၏။
မျှော်လင့်ထားသည့် အတိုင်း စနစ်မှာ လျှပ်တစ်ပြက် ဆုချီးမြင့်လာခဲ့လေသည်။
သူ ပေးထားသည့် ဆုကို ကြည့်လိုက်တော့ လင်းရီ ချက်ချင်းနားလည်သွားခဲ့တော့၏။ ၎င်းက အရိုးသိပ်သည်းခြင်းဆေးရည်၏ အကျိုးသက်ရောက်ပုံနှင့် ဆင်တူရပေမည်။
အရိုးသိပ်သည်းခြင်းဆေးရည်က အရိုးများအား ကြံ့ခိုင်သန်မာစေပြီး ကြွက်သားသိပ်သည်းခြင်းကတော့ ကြွက်သားများ၏ မာကျောမှုနှင့် ခံနိုင်ရည်စွမ်းအားကို တိုးမြင့်ပေးသည်။ တစ်နည်းအားဖြင့် ဆိုသော် သူ၏ ပေါက်ကွဲအားလည်း တိုးတက်လာပေမည်။
လင်းရီ စိတ်ထဲတွင် သက်ပြင်းချလိုက်၏။
‘ စနစ် ရာ စနစ်…မင်း ငါ့ကို တကယ်ကြီး ပြီးပြည့်စုံစေချင်နေတာလား…’
လင်းရီလည်း အနည်းငယ် ပဟေဠိ ဖြစ်နေလေသည်။
စနစ်က ဘာလို့ သူ့ကို သောက်ရမ်း အံ့ဩစရာ ကောင်းစေချင်နေတာ…. သု့ကို ဘာလို့ ဒီလောက်တောင် ကြိုပြီး ပြင်ဆင်ပေးနေရတာ....
မကြာမီ လင်းရီ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး တီကောင်ကဲ့သို့ လူးလွန့်နေသည့်နှယ် ခံစားလိုက်ရသည်။
အဆိုပါ ထူးဆန်းသည့် ခံစားချက်ကြီးက မယုံကြည်နိုင်ဖွယ် ကောင်းလွန်းလှ၏။ မိနစ်ဝက်ကြာပြီးနောက် အဆိုပါ ထူးဆန်းသည့် ခံစားချက်မှာ ပျောက်ကွယ်သွားခဲ့တော့သည်။
လင်းရီ လက်သီးဆုပ်ကြည့်လိုက်ပြီး အားအင်မှာ ချက်ချင်း ပေါက်ကွဲထွက်လာတော့မည့် နှယ်ပင်။
ယခု လင်းရီ၏ ခွန်အားမှာ သာမန်လူများ၏ အကန့်အသတ်ကို ကျော်လွန်နေသည်မှာ သေချာနေလေပြီ။
သို့သော်လည်း စနစ်က ကမ္ဘာကြီးတွင် သူ့ထက်ပိုပြီး အံ့အားသင့်ဖို့ကောင်းသည့် လူသားများ ရှိသေးကြောင်း ပြောထားခဲ့၏။
ဤသည်က သံသယဖြစ်ဖို့ ကောင်းလွန်းလှသည်။
တကယ်လို့ ရှိခဲ့တယ်ဆိုရင် အဲ့လူတွေ အကုန်လုံးက ဘယ်ရောက်နေကြတာ…
သူကကော တွေ့ဖို့ ဘယ်လောက်ကြာအောင် စောင့်ရဦးမှာလဲ….