← Chapters

ပိုင်လင်၏ စွမ်းအား

Vol. 7 Ch. 85

ပိုင်လင်၏ စွမ်းအား

Vol. 7 Ch. 85

နံနက်ခင်း၌ ကျိုးနင်နှင့် တိုင်ဖေးတို့သည် ဝေ့ဝူယင်၏ အခန်းထဲတွင် နိုးထလာကြ၏။ တိုင်ဖေးသည် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ရင်း ကြေးမုံကို ကြည့်နေခဲ့သည်။ ကျိုးနင်ကမူ ပြုံးကာ ဘီးတစ်ချောင်းဖြင့် သူမ၏ ငွေရောင်ဆံနွယ်များကို ဖီးသင်ပေးနေခဲ့၏။

“ရှင့်မှာ အရမ်း လှတဲ့ ဆံပင်တွေ ရှိတာပဲ...”

ကျိုးနင်က စိတ်လိုလက်ရပင် ချီးကျူးလိုက်သည်။ အထိအတွေ့ဖြင့်ပင် ထိုဆံနွယ်များမှာ မည်မျှကျန်းမာ သန်စွမ်းကာ ပျော့ပျောင်းကြောင်း သူမ ခံစားနိုင်ပေသည်။ နှိုင်းယှဥ်ရပါက သူမ၏ ကိုယ်ပိုင် အနက်ရောင် ဆံသားများမှာ သာမန် အဆင့်တွင်သာ ရှိပေလိမ့်မည်။

"ကျေးဇူးပါ...”

တိုင်ဖေးက ပြုံးလိုက်၏။ ကျိုးနင်အား ကြည့်ရင်း ထူးဆန်းသည့် ခံစားချက် တစ်မျိုးက သူမ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။

လွန်ခဲ့သော ရက်ပိုင်းလေးကပင် ထိုမိန်းကလေးသည် နှစ်နှစ်ကြာ ညှင်းပန်း နှိပ်စက်မှုများ၏ သုံ့ပန်း ဖြစ်ခဲ့ရသည်။ ထိုကဲ့သို့ အခြေအနေဆိုးကို ဖြတ်ကျော်ခဲ့ရသူ တစ်ယောက် အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိသင့်သော်လည်း ယခုတွင်မူ သူမမှာ လုံးဝ ပုံမှန်ပုံ ပေါက်နေသည်။ ထိုနှစ်နှစ်ကို အမှတ်ရတော့ပုံပင် မပေါ်ချေ။

ထိုအရာမှာ အမှန်တကယ်ပင် ထူးဆန်းနေသည်။ အမှတ်တရများ၊ အတွေ့အကြုံများနှင့် ခံစားချက်များကို ဖယ်ရှားပစ်နိုင်သော အဂ္ဂိရတ် ပညာရှင် ရှိသည် ဟူ၍ သူမ တစ်ခါမှ မကြားခဲ့ဖူးချေ။

“ညီမလေးကျိုး... လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ဘာမှ မမှတ်မိတော့တာလား”

မမေးသင့်မှန်း သိသော်လည်း တိုင်ဖေး တစ်ယောက် သိချင်စိတ်ကို မြိုသိပ် မထားနိုင်တော့ချေ။

“လွန်ခဲ့တဲ့ နှစ်နှစ်...”

ကျိုးနင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်သည်။

“ကျွန်မ မှတ်မိပါတယ်... တိုင်ချူးရွှယ် ပြဿနာခံ ခဲ့ရပြီး ကျွန်မတို့ အားလုံးပါ အကျဥ်းချ ခံခဲ့ရတယ်လေ... သူ လာမကယ်ခင် အထိပေါ့”

ဝေ့ဝူယင်အကြောင်း တွေးမိသော အခိုက်၌ သူမ၏ မျက်ဝန်များက ပူပြင်းသည့် စိတ်ဆန္ဒများနှင့် လောင်မြိုက်သွား၏။

“ ... “

တိုင်ဖေးမှာ တိတ်ဆိတ်နေသည်။ သို့သော်လည်း မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်လာစေရန် အတွက် ဆက်လက် မစုံစမ်းတော့ရန် သူမ ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ဝေ့ဝူယင်ကလည်း ထိုအကြောင်းအရာများကို မမေးရန် သူမအား အရိပ်အမြွက် ပြောခဲ့ဖူးသည်။

သူတို့ နှစ်ယောက် ဆက်လက် စကားပြောဆို နေကြချိန်တွင် ကျောက်စိမ်းကြာပန်းဂိုဏ်း အတွင်း၌ ခရမ်းရောင် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

ဘုန်း...

ဦးခေါင်းတစ်ခုက လွင့်စဥ်သွားကာ နီရဲသော သွေးများမှာ မိုးဖွဲများ ကဲ့သို့ ရွာကျလာသည်။ ပြတ်သွားသော ဦးခေါင်းအား ကြည့်ပါက မီးခိုးရောင်ဆံပင်နှင့် အသက်လတ်ပိုင်း လူကြီး တစ်ဦး ဖြစ်ကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်ပေသည်။

စုမေ့သည် ဆေဘာဓားကို ကိုင်ကာ သွေးစက်များကို ကျွမ်းကျင်စွာ သုတ်လိုက်၏။ သူမသည် အနက်ရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ကို နောက်၌ စုစည်းထားသည်။ သူမ၏ မျက်လုံးများမှာမူ ဝန်ရိုးစွန်း ဒေသမှ ‌ရေခဲပြင် အလား ‌အေးစက်မှုများနှင့် ပြည့်နှက်နေ၏။

“ပစ်မှတ်ကို ရှင်းပြီးပြီ...”

သူမက ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စာတစ်စောင် ပို့လိုက်၏။ ထို့နောက်တွင် ချီမီးတောက်တစ်ခုကို ဖန်တီးကာ ခေါင်းပြတ်နှင့် ခန္ဓာကိုယ်တို့အား ပြာချပစ်လိုက်သည်။ ထိုအရာကား သူမ၏ စာရင်းထဲရှိ ပထမဆုံး ပစ်မှတ် ဖြစ်ပေသည်။

မဟာကျောက်စိမ်းနန်းတော် အတွင်း၌...

ချင်းရွှေနှင့် ချင်းဖုန်းသည် မျက်နှာချင်းဆိုင် အနေအထားဖြင့် ဆိတ်ငြိမ်စွာ ထိုင်နေကြ၏။ ထို့နောက် ရုတ်တရက် ချင်းရွှေက စိတ်မရှည်ဟန်ဖြင့် အကိုဖြစ်သူကို ကြည့်လိုက်၏။

“အကို... တကယ်ပဲ ကျိုးနင် ဆိုတဲ့ မိန်းမ အကျဥ်းကျနေတုန်း စော်ကားခဲ့တဲ့ လူတိုင်းကို ပြန်ပြီး သတ်ခွင့်ပြုတော့မလို့လား”

မည်သို့ပင် ဆိုစေ... ကျောက်စိမ်းကြာပန်းဂိုဏ်းသည် မဟာဂိုဏ်းကြီး ငါးဂိုဏ်းအနက် တစ်ခု ဖြစ်သည်။ သူတို့ အနေဖြင့် ကိုယ်ပိုင် ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်သည့် အရာများ ရှိပေသည်။

ချင်းဖုန်းမှာ ညီမဖြစ်သူ၏ အတွေးများကို ကောင်းစွာ နားလည်၏။ ဂိုဏ်း၏ အဖွဲ့ဝင် တစ်ယောက်ချင်းစီမှာ အလွန် အဖိုးတန်ကြောင်းလည်း သူသိသည်။ သို့သော်လည်း ဆေဘာအာဏာရှင်ကား အဆင့်ခြောက် မှော်ဆေးများ ဖန်တီးနိုင်သည့် အဂ္ဂိရတ် သခင် တစ်ယောက် ဖြစ်သည်။ သူ ဖန်တီးလိုက်သည့် မှော်ဆေးများမှာ နတ်ဘုရား ဧကရာဇ်များ အတွက်ပင် အသုံးဝင်သည်။ အဆင့်ခြောက် မှော်ဆေးတစ် တစ်လုံးစီတိုင်းမှာ အသက်ပေါင်း များစွာထက် ပို၍ တန်ဖိုးရှိပေသည်။

“ငါ အရှင်ဝေ့နဲ့ သဘောတူထားတာ...”

ချင်းဖုန်းက ပြောလိုက်၏။

“ဘာသဘောတူတာလဲ”

ချင်းရွှေက မေးသည်။ ချင်းဖုန်းက ဘာမှ ပြန်မပြောပဲ လက်ဝါးအား ဖွင့်လိုက်ရာ ကြည်လင်သော ပုလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုပုလင်းထဲတွင် အဖြူရောင် အဆင်း ‌တောက်ပနေသော ဆေးတစ်လုံး ရှိပေသည်။

“ဒါက...”

ချင်းရွှေ၏ စိတ်မှာ တုန်ရီသွား၏။ သူမသည် လက်ကို ဆန့်ထုတ်ကာ ပုလင်းအား ထိကြည့်လုမိ နီးပါးအထိ ဖြစ်သွားခဲ့သည်။ သူမ အနေဖြင့် ထိုဆေးလုံးကို မည်ကဲ့သို့ မသိရှိပဲ နေပါမည်နည်း။

ချင်းဖုန်းက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... ဒါက အဆင့်ခြောက်  ကျောက်စိမ်းဝိညာဥ် ဆေးလုံးပဲ...”

ကျောက်စိမ်းဝိညာဥ်ဆေးလုံးသည် ကျင့်ကြံခြင်း အတွက် အလွန် အသုံးဝင်သော မှော်ဆေးလုံး တစ်မျိုး ဖြစ်သည်။ ယင်းသည် ကျောက်စိမ်းချီများဖြင့် အဓိက ဖွဲ့စည်းထားကာ သောက်သုံးသူကို ကျောက်စိမ်းချီ နှလုံးသား မွေးဖွားနိုင်အောင် ကူညီပေးနိုင်စွမ်း ရှိသည်။

“ဒါ... ဒါပေမဲ့...”

ချင်းရွှေမှာ ဘာပြောရမှန်း မသိဖြစ်သွား၏။ ကျောက်စိမ်းကြာပန်းဂိုဏ်းတွင်လည်း အဂ္ဂိရတ် သခင်များ ရှိသော်လည်း သူတို့၏ မှော်ဆေးလုံး ဖော်စပ်ရန် အောင်မြင်နှုန်းမှာ အလွန် နည်းပါးလှသည်။ သူတို့သည် နှစ်ပေါင်း နှစ်ဆယ်အတွင်း အကြိမ်တစ်ထောင်ကျော် ကြိုးစားခဲ့သည့်တိုင် နှစ်လုံးကိုသာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ သို့တိုင်အောင်... ထိုအရာက အဆင့်နိမ့် မှော်ဆေးလုံးများသာ ဖြစ်ပေသည်။

မှော်ဆေးများကို အဆင့်များ ခွဲခြားထား သကဲ့သို့ အရည်အသွေးပေါ် မူတည်၍ အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် ဆေးလုံးများဟု ထပ်မံ ခွဲခြားထားသေးသည်။ အရည်အသွေး ပိုမို မြင့်မားလေလေ မှော်ဆေး အတွင်း ပါဝင်သည့် မသန့်စင်မှုများ ပိုမို လျော့နည်းသွားလေလေ ဖြစ်သည်။

ဥပမာ... အဆင့်နိမ့် ကျောက်စိမ်းဝိညာဥ် မှော်ဆေးလုံးတစ်လုံးမှာ ကျင့်ကြံသူ၏ ချီနှလုံးသားကို တစ်ဆယ် ရာခိုင်နှုန်းခန့် ပိုမို တိုးတက်စေသည် ဆိုပါစို့...။ အဆင့်မြင့် မှော်ဆေးလုံးမှာ လေးဆယ် ရာခိုင်နှုန်းနှင့် အထွတ်အထိပ် မှော်ဆေးလုံးမှာ ကိုးဆယ် ရာခိုင်နှုန်း ပိုမို တိုးတက်စေနိုင်စွမ်း ရှိသည်။

ချင်းဖုန်းက ပုလင်း၏ အဖုံးအား ဖွင့်လိုက်လေရာ သန့်စင်သော ကျောက်စိမ်းမြူမှုန်များမှာ အခန်း တစ်ခုလုံးကို ပြည့်နှက်သွားလေသည်။ သူတို့ နှစ်ယောက်စလုံးသည် အသက်ရှူလိုက်တိုင်း အလွန် သက်တောင့်သက်သာ ရှိမှုကို ခံစားလိုက်ကြရ၏။

“အဲဒါက အဆင့်မြင့်ပဲ...”

ချင်းရွှေက ရေရွတ်လိုက်၏။ ကျောက်စိမ်းအလား ဆေးလုံးလေးကို ကြည့်ရင်း သူမ၏ နှလုံးသားကား တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်လေသည်။

အကိုဖြစ်သူ၏ ဆုံးဖြတ်ချက်ကို သူမ မအံ့သြတော့ချေ။ စုမေ့ကို မဟာ‌ကျောက်စိမ်း နန်းတော်အတွင်း ထင်တိုင်းကြဲရန် ဆယ်ခါပြန် လွှတ်ပေးထားသင့်ပေသည်။

...

ဟူး... ဟူး...

ဝေ့ဝူယင်သည် ပိုင်လင်၏ ကျောထက်၌ ထိုင်ရင်း ရွှေရောင် တိမ်စိုင်တိမ်လိပ်များ အကြား၌ ပျံသန်းနေ၏။ ထိုမြင်ကွင်းက လှပကာ လိုက်ဖက်လွန်းလှသည်။

သူတို့သည် ကျောက်စိမ်းကြာပန်းဂိုဏ်း နယ်မြေအတွင်းရှိ စွန့်ပစ်ခံ ဒေသတစ်ခု၌ ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။ သူသည် ကျောက်စိမ်းနန်းတော်အတွင်းရှိ အဖြစ်အများကို မသိသလို အထူးတလှယ် စိတ်ဝင်စားခြင်းမျိုးလည်း မရှိပါချေ။ စုမေ့အား အလုံးစုံ လွှဲအပ်ခဲ့ပြီး ဖြစ်သည်။

ဝေ့ဝူယင်က ပိုင်လင်၏ အမွေးများကို အနည်းငယ် ပွတ်သပ်လိုက်၏။

“ငါက နတ်ဘုရား အရှင် တစ်ပါး ဘာလုပ်နိုင်လဲ ဆိုတာကိုတောင် မသိသေးတဲ့ နတ်ဘုရား အရှင် တစ်ပါး ဖြစ်နေတယ်... အဲဒါက တော်တော်လေးတော့ ရယ်စရာကောင်းသားနော် ပိုင်လင်...”

ထို့အပြင် ပိုင်လင်၏ အစွမ်းကိုလည်း သူ ကောင်းစွာ နားမလည်သေးချေ။ ပိုင်လင် သေမျိုး နတ်ဘုရား တစ်ပါးကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်ခဲ့ခြင်းက သူ့အား အံ့အားသင့်စေခဲ့သည်။ ထိုနေ့က သူ ပိုင်လင်ကို အမိန့်ပေးခဲ့သော်လည်း အများဆုံး ထိခိုက်ဒဏ်ရာလောက် ရသွားမည်ဟုသာ မျှော်မှန်းထားခဲ့ခြင်း ဖြစ်သည်။

ဂီး...

ထိုအချိန်တွင်ပင် ပိုင်လင်သည် ဆက်သွယ်လာ၏။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွားကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ဤနေရာကား စခန်းချရန် အကောင်းဆုံး နေရာ တစ်ခု ဖြစ်ပေသည်။ သိပ်မကြာခင်မှာပင်... သူတို့သည် အသက်အင်အားများ မရှိသည့် ကျယ်ပြန့်သော မြက်ခင်းစိမ်း တစ်ခုပေါ် ဆင်းသက်လိုက်ကြသည်။

ဝေ့ဝူယင် ပိုင်လင်၏ ကျောပေါ်မှ နေ၍ အောက်သို့ ခုန်ချလိုက်၏။ ပိုင်လင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများနှင့် တလက်လက် တောက်ပနေသည်။ သူမသည် ဤနေရာသို့ အဘယ်ကြောင့် လာရောက်ရသည်ကို သိရှိထားပေသည်။

ရွှေရောင်သစ်သီးကို စားသုံးပြီးသည့် နေ့မှ စ၍ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် စတင်ကာ အသွင်ပြောင်းလာခဲ့သည်။ ယခုဆိုလျှင် သူမ၏ မျက်လုံးများ၊ နှုတ်သီးနှင့် အမြီးတို့မှာ ရွှေရောင် အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူမသည် ရွှေရောင် စွမ်းအင်တစ်မျိုးကိုပါ ထိန်းချုပ်လာနိုင်ခဲ့သည်။

ပိုင်လင်သည် ကျင့်ကြံသူ မဟုတ်သည့် သားရဲတစ်ကောင်ဖြစ်ကာ ကျင့်ကြံခြင်း လမ်းစဥ်ကို လျှောက်လှမ်းနိုင်ခဲ့ခြင်း မရှိပါချေ။ သူမတွင် ချီနှလုံးသား မရှိချေ။ ခွန်အားကို ကိုယ်တိုင် စူးစမ်းခဲ့ရပြီး သူမ၏ ခန္ဓာကိုယ် ထိန်းချုပ်နိုင်မှု စွမ်းရည်မှာ အလွန် မြင့်တက်လာခဲ့ကြောင်း သဘောပေါက်လာခဲ့သည်။ ထို့အပြင် သူမ၏ အတွေးများမှာလည်း ယခင်ကထက် များစွာ ပိုမို ကြည်လင် ရှင်းလင်းလာခဲ့၏။ ယခုဆိုလျှင် ဝိညာဥ် ဆက်သွယ်ခြင်း အစီအရင်၏ မပါလျှင်ပင် လူသားတို့၏ ဘာသာစကားကို သူမ စတင် နားလည် လာနေခဲ့ပြီ ဖြစ်လေသည်။

ပုံမှန်အားဖြင့် ဆိုပါကလည်း သူမ၏ နာမည် အပါအဝင် ရပ်၊ ပျံ၊ တိုက်ခိုက် စသည့် အချို့ အသံများကို သူမ ရင်းနှီးပေသည်။ သို့သော် အပြည့်အဝ စာကြောင်းများကိုမူ နားမလည်ချေ။ ယခုတွင်မူ အချို့ ရှုပ်ထွေးသော စာကြောင်းများကိုပင် နားလည်နိုင်ခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်မှာလည်း ထိုအရာကို ရိပ်မိ၏။ ထို့ကြောင့်ပင် သူသည် ဝိညာဥ် အစီအရင်ကို သုံးရမည့် အစား အလေ့အကျင့် ဖြစ်အောင် ရိုးရိုး အသံဖြင့်သာ ပိုင်လင်နှင့် ပြောဆို ဆက်သွယ်ခဲ့သည်။

“နင်က ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားတဲ့ပုံ ပေါ်တယ်... ဘယ်လိုမျိုးလဲ ဆိုတော့...”

ဝေ့ဝူယင် စကားလုံး ရွေးချယ်ကာ ဆက်လက် ပြောလိုက်၏။

“ကိုယ့် ကိုယ်တွင်းမှာ ရှိတဲ့ ထူးခြားတဲ့ စွမ်းအင်တွေကို ထိန်းချုပ်ပြီး အသုံးပြုနိုင်တဲ့ ဝိညာဥ်မျိုးပေါ့”

ပုံမှန်ဆိုလျှင် သားရဲများသည် တိုက်ခိုက်ရန် အတွက် ခန္ဓာကိုယ်ကိုသာ မှီခိုကြရသည်။ သူတို့သည် ချီကဲ့သို့ စွမ်းအင်များကို အသုံးပြုနိုင်ခြင်း မရှိချေ။

ပိုင်လင် ကျင့်ကြံခြင်း လမ်းကြောင်း တစ်ခုပေါ် ရောက်ရှိသွားသည်မှာ ထင်ရှားပေသည်။ သို့သော်လည်း ထိုလမ်းကြောင်းမှာ လူသားများနှင့် မတူသည်က သေချာသည်။

ပိုင်လင်က ခေါင်းညိတ်လိုက်၏။ သူမသည် ဝေ့ဝူယင် ပြောသည့် ဆိုလိုရင်းနှင့် ယင်း၏ နောက်ကွယ်ရှိ အဓိပ္ပာယ်တို့ကို နားလည်ပေသည်။

ပိုင်လင် ခေါင်းညိတ်လိုက်သည်ကို ကြည့်ရင်း ဝေ့ဝူယင်မှာ ကျေနပ်သွား၏။

“ကဲ... မင်းရဲ့ စွမ်းအားကို စမ်းသပ်လိုက်ကြတာပေါ့”

သူက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ ပြောလိုက်၏။

“စတော့”

***

All Chapters