← Chapters

ခရမ်းရောင်ရွှေနှစ်ထောင်

Vol. 44 Ch. 606

ခရမ်းရောင်ရွှေနှစ်ထောင်

Vol. 44 Ch. 606

လင်မျိုးနွယ်သည် အပြင်ခန်းမတစ်ခုကို ဧည့်သည်များအား လက်ခံတွေ့ဆုံရန်အတွက် ဧည့်ခန်းအဖြစ် ဖန်တီးထားသည်။ ၎င်းက အလွန်ကျယ်ဝန်းပြီး ဘေးတစ်ဖက်တစ်ချက်၌ ထိုင်ခုံများ အစီအရီခင်းကျင်းထားသည်။ သူတို့၏စီးပွားရေး မြင့်မားလာသောအခါ အရေးကြီးဧည့်သည်များ၏ အရေအတွက်က တိုးလာသောကြောင့် ခန်းမကို အလွန်ခမ်းနားစွာ ဆင်ယင်ထားသည်။ နံရံပေါ်တွင် ဆေးရေးပန်းချီများ ခြယ်မှုန်းထားသဖြင့် ရှေးဆန်သောအရှိန်အဝါတစ်ခုကိုလည်း ပေးစွမ်းနေသည်။ ကောင်းရန်တို့လူစုသည် ထိုင်ခုံများတွင် နေရာယူပြီးနောက် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ သိုင်းဒေသကြီးတစ်ခု၏ ပါရမီရှင်များဖြစ်သော်လည်း မအံ့သြဘဲ မနေနိုင်အောင်ဖြစ်သွားကြသည်။

"တိမ်သစ်သားနဲ့ ဝိညာဥ်စွမ်းအင်စုစည်းရေး မီးခွက်တွေပါလား။ လင်မျိုးနွယ်က ချမ်းသာလှချည်လား။ ဒီရတနာနှစ်ခုတည်းကတင် ဆည်းဆာရွှေဘီလီယံချီ တန်နေပြီ။ ငါတို့ထိုင်နေတဲ့ခုံတွေကလည်း အနည်းဆုံး ဘီလီယံချီ အဖိုးတန်လိမ့်မယ်။ ဒီတိုင်လုံးကြီးတွေကို ရွှေစင်နဲ့ပြုလုပ်ထားတာဖြစ်လို့ ဒီအရွယ်အစားဆိုရင် ဘီလီယံငါးဆယ်အောက်တော့ နိမ့်မှာမဟုတ်ဘူး"

ဧည့်ခန်းတစ်ခုအတွက် ငွေပမာဏများစွာ အသုံးပြုထားသဖြင့် သူတို့အားလုံးက မင်သက်နေကြသည်။ ကောင်းရန်သည် ကြယ်ပင်လယ်သိုင်းဒေသကြီးမှ ထောက်ပံ့ကြေးအဖြစ် ဘီလီယံနှစ်ဆယ်ရသည်ဟု ကြွားဝါခဲ့သော်လည်း အမှန်တကယ်၌ စုစုပေါင်းတန်ဖိုးသာ ဖြစ်သည်။ ကြယ်ပင်လယ်ဒေသသည် တပည့်များအတွက် ကျင့်ကြံရာတွင် လိုအပ်သောအရာများကို ထောက်ပံ့ပေးထားသော်လည်း အပြင်ကမ္ဘာ၌ ရောင်းချခွင့်မရှိပေ။ ၎င်းတို့က အလွန်အဖိုးတန်သောကြောင့် သူရရှိသည့်ပိုက်ဆံသက်သက်က တစ်နှစ်လျှင် အများဆုံး ငါးဘီလီယံသာရခြင်းဖြစ်သည်။ ထိုငါးဘီလီယံဖြင့် ကျင့်ကြံရေးအတွက် လိုအပ်သောဆေးလုံးများကို ဝယ်ယူရပြီး ဤနှစ်ပေါင်းများစွာတွင် သူ၏ဖခင်ပေးသော ပိုက်ဆံများအပါအဝင် ဆည်းဆာရွှေ ဘီလီယံသုံးဆယ်ခန့်သာ စုဆောင်းထားနိုင်ခဲ့သည်။ သူက ကြယ် ပင်လယ်သိုင်းဒေသကြီးမှ အလေးထားခံရသော ပါရမီရှင်ဖြစ်ပြီး စစ်ဧကရာဇ်တစ်ယောက်၏သားဖြစ်သောကြောင့် အမြင်ကျယ်သော်လည်း ကျစ်ဟွာနတ်တိုင်းပြည်၏ မျိုးနွယ်လေးတစ်ခုက ဤမျှချမ်းသာနေမည်ဟု မျှော်လင့်မထားပေ။ ထန်တိုက်လင်က ခုံပေါ်တွင် တည်ငြိမ်စွာထိုင်နေပြီး ပတ်ဝန်းကျင်ရှိ အဆောင်အယောင်များ၏တန်ဖိုးကို လျစ်လျူရှုထားသည်။ သူမက စိတ်ရှည်စွာ စောင့်ဆိုင်းနေရသော အကြောင်းအရင်းမှာ ယဲ့ချန်နှင့် နောက်တစ်ကြိမ် ပြန်ဆုံလိုခြင်းဖြစ်သည်။ ထိုအချိန်တွင် ယဲ့ချန်၊ လင်ယွမ်နှင့် လင်ယုက စင်္ကြံလမ်းမှတဆင့် ထွက်ပေါ်လာကြသည်။

ယဲ့ချန်ကိုမြင်သောအခါ ကောင်းရန်၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။ တစ်ဖက်လူက လင်မျိုးနွယ်၏ခေါင်းဆောင်၊ နှင်းဧကရာဇ်တို့နှင့် ဘေးချင်းယှဥ်လမ်းလျှောက်လာသည့်အပြင် ရယ်ရယ်မောမော စကားပြောလာခဲ့သည်။ ထို့အပြင် လင်ယုက ယဲ့ချန်အပေါ် ရိုသေစွာဆက်ဆံနေကြောင်း ထင်ရှားလေသည်။ ချီပင်လယ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို စစ်ဧကရာဇ်တစ်ယောက်က တန်းတူသဘောထား၍ ဆက်ဆံနေသောကြောင့် ကောင်းရန်မှာ အကြောင်းအရင်းကို အလွန်သိချင်နေခဲ့သည်။

လင်ယုသည် ဧည့်ခန်းအတွင်းရှိနေသော လူစုကို တစ်ချက်အကဲခတ်လိုက်ပြီး သူ၏အကြည့်က ထန်တိုက်လင်ထံတွင် ရပ်တန့်သွားခဲ့သည်။ ဤနေရာတွင် မိန်းမပျိုသုံးယောက်ရှိပြီး သူက ထန်တိုက်လင်ကို တစ်ခါမှမမြင်ဖူးသော်လည်း မရီးဖြစ်ကြောင်း ချက်ချင်းရိပ်စားမိလိုက်သည်။ ကျန်မိန်းမပျိုနှစ်ယောက်က လှပသော်လည်း ထန်တိုက်လင်နှင့်ယှဥ်လျှင် သူတို့က အရာရာတွင် နိမ့်ကျနေခဲ့သည်။ သူမက အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်ရှည်များကို ခပ်မြင့်မြင့်စည်းနှောင်ထားသည်။ သူမ၏အသားအရေက ကျောက်စိမ်းမှဖြစ်ပေါ်လာသကဲ့သို့ ချောမွတ်ကြည်လင်နေကာ လှုပ်ရှားမှုတိုင်းက အလွန်ခမ်းနား၍ ကျက်သရေရှိနေခဲ့သည်။ သူမက မိန်းမလှများစွာကြားတွင်ရှိနေလျှင်တောင် ပထမဆုံးအကြိမ် သတိထားခံရမည့်သူ ဖြစ်သည်။ ဤသို့မိန်းမပျိုမျိုးကသာ သူ၏အစ်ကိုကြီးနှင့် ထိုက်တန်ကြောင်း လင်ယုက စိတ်ထဲမှ ထောက်ခံလိုက်သည်။

ဧည့်ခန်းသို့လာရာလမ်းတွင် ယဲ့ချန်သည် လင်ယုကို သူတို့၏ပတ်သက်မှုအကြောင်း မပြောရန် နှုတ်ပိတ်ထားခဲ့သည်။ သို့မဟုတ်လျှင် သူက ထန်တိုက်လင်ကို နွေးထွေးစွာကြိုဆို၍ မရီးဟု သေချာပေါက် ခေါ်ဝေါ်နေပေလိမ့်မည်။ ယဲ့ချန်က ထန်တိုက်လင်ထံ လမ်းလျှောက်သွားသောအခါ သူမ၏မျက်နှာထက်ရှိ အေးစက်မှုတို့ အရည်ပျော်ကျသွားကာ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး သူတို့က အပြုံးကိုယ်စီဖြင့် အကြည့်ချင်းဆုံနေကြသည်။ ကောင်းရန်နှင့် အခြားလူများက လင်ယွမ်ရောက်ရှိလာသောအခါ ချက်ချင်းမတ်တပ်ရပ်၍ ကြိုဆိုလိုက်ကြသည်။ သူက ယဲ့ချန်၏အပြုအမူကို မကျေနပ်သော်လည်း နှင်းဧကရာဇ်ရှေ့မှောက်တွင် မရိုင်းပျရဲပေ။

"အရှင်နှင်းဧကရာဇ် ကျုပ်က ကြယ်ပင်လယ်သိုင်းဒေသရဲ့တပည့် ကောင်းရန်ပါ"

သူက လက်နှစ်ဖက်ဆုပ်၍ ရိုရိုသေသေ မိတ်ဆက်လိုက်သည်။

"ကောင်းပြီ။ ထိုင်ပါ။ ဧကရာဇ်ရော့ နေထိုင်ကောင်းရဲ့လား"

လင်ယွမ်က ခေါင်းတစ်ချက်ညိတ်ပြ၍ ထိပ်ဆုံးရှိထိုင်ခုံတွင် နေရာယူလိုက်သည်။

"အဖေက ကျန်းမာပါတယ်။ အရှင်ရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်"

ကောင်းရန်တို့လူစုမှာလည်း သက်ဆိုင်ရာထိုင်ခုံများတွင် ထိုင်ချလိုက်ကြသည်။ လင်ယွမ်သည် ထန်တိုက်လင်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ခေါင်းညိတ်လိုက်မိသည်။ ယဲ့ချန်သည် မိန်းမများနှင့် ပတ်သက်လျှင် အလွန်ကံကောင်းပြီး ပြိုင်ဘက်ကင်းအလှမယ်တစ်ယောက်ကို ဇနီးအဖြစ် ပိုင်ဆိုင်ထားသည်။ သူမက ပြည်ပျက်လောက်သောအလှမျိုးကို ပိုင်ဆိုင်ထားသဖြင့် ယဲ့ချန်နှင့်ဆိုလျှင် လိုက်ဖက်ညီလွန်းလှသည်။

"ဒါက ကြယ်ပင်လယ်သိုင်း​ဒေသရဲ့တပည့်အသစ် ထန်တိုက်လင်ပါ။ သူမက ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်"

လင်ယွမ်သည် ယဲ့ချန်နှင့်စကားပြောနေသော ထန်တိုက်လင်ကို အာရုံစိုက်နေသဖြင့် ကောင်းရန်က ဝင်ရောက်မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီ"

လင်ယွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။ ထန်တိုက်လင်၏ မျက်လုံးများအတွင်း၌ ယဲ့ချန်တစ်ယောက်တည်းသာရှိသောကြောင့် အခြားလူများဆိုလျှင် အေးစက်စက်ဆက်ဆံတတ်၍ ပြုံးပင်မပြုံးပြဖူးပေ။ သို့သော် လင်ယွမ်က ယဲ့ချန်၏မိတ်ဆွေတစ်ယောက် ဖြစ်ပုံရသောကြောင့် အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သော ပါရမီရှင်တစ်ယောက်သည် ဤသို့မောက်မာနိုင်စွမ်းရှိသဖြင့် လင်ယွမ်က စိတ်ထဲမထားခဲ့ပေ။

"လင်အာ ကြယ်ပင်လယ်ဒေသက မင်းကို ဘယ်လောက်ထောက်ပံ့ပေးလဲ"

ယဲ့ချန်က ရုတ်တရက် စပ်စုလိုက်ခြင်းဖြစ်သည်။

"လစဥ်လတိုင်း နတ်မူလဆေး၊ နတ်အရင်းအမြစ်ဆေးနဲ့ ကြယ်အမြုတေလိုရတနာတွေ ထောက်ပံ့ပေးတယ်။ ငွေကြေးတန်ဖိုးဆိုရင်တော့ ခြောက်ဘီလီယံလောက် ရှိတယ်။ ပြီးတော့ လတိုင်းမှာ ငွေကြေးအဖြစ် နှစ်ဘီလီယံရတယ်"

ထန်တိုက်လင်က ခဏတာစဥ်းစား၍ ဖြေလိုက်သည်။ သူမက အထူးပါရမီရှင်တစ်ယောက်ဖြစ်သောကြောင့် ကြယ်ပင်လယ်သိုင်းဒေသက အထူးပျိုးထောင်ပေးခြင်းခံရသည်။ ထို့ကြောင့် နှစ်စဥ်နှစ်တိုင်း သူမရရှိသော တန်ဖိုးစုစုပေါင်းမှာ ဆည်းဆာရွှေဘီလီယံ ခုနစ်ဆယ်နီးပါးမျှ ရှိပေသည်။ သို့သော်လည်း အမှန်တကယ်၌ ဆေးလုံးများကို ဆေးစံအိမ်က ထောက်ပံ့ပေးခြင်းဖြစ်သောကြောင့် ကြယ်ပင်လယ်သိုင်းဒေသက ထိုအတွက် ငွေကြေးများစွာ မကုန်ကျပေ။ နတ်မူလဆေးလုံးများ၏စျေးနှုန်းကို ဆေးစံအိမ်မှ လိုသလိုထိန်းချုပ်နေပြီး အမှန်တရားတွင် ၎င်းတို့က များစွာစျေးကြီးခြင်း မရှိချေ။ သာမန်လူတစ်ယောက်အတွက် တစ်နှစ်လျှင် ဘီလီယံနှစ်ဆယ်က လုံလောက်သော်လည်း ထိပ်တန်းပါရမီရှင်များအတွက် ဤပမာဏက လုံလောက်ရန် ကွာဝေးနေသည်။ ပင်လယ်ပန်းပွားကဲ့သို့ တာအိုရတနာမျိုးကပင် ဘီလီယံသုံးဆယ်ကျော် တန်ကြေးရှိနေသဖြင့် သူမက ဝယ်ယူနိုင်စွမ်း မရှိခဲ့ပေ။

"ဒီထဲမှာ ခရမ်းရောင်ရွှေနှစ်ထောင်ရှိတယ်။ ဒါကို အရင်သုံးလိုက်ဦးနော်"

ယဲ့ချန်က သိုလှောင်အိတ်တစ်လုံးကိုထုတ်ယူ၍ ထန်တိုက်လင်ထံ ကမ်းပေးလိုက်သည်။ ခရမ်းရောင်ရွှေတစ်စက မိစ္ဆာရွှေတစ်သောင်းနှင့်ညီမျှပြီး မိစ္ဆာရွှေတစ်စက ဆည်းဆာရွှေတစ်သောင်းနှင့် ညီမျှသည်။ ထို့ကြောင့် ခရမ်းရောင်ရွှေနှစ်ထောင်က ဆည်းဆာရွှေဘီလီယံနှစ်ရာနှင့် ညီမျှနေသဖြင့် နတ်တိုင်းပြည်များမှ ချမ်းသာသော မျိုးနွယ်များ၏ ပိုင်ဆိုင်မှုစုစုပေါင်းနှင့် တူညီလေသည်။

"သူက ဒီပိုက်ဆံတွေအများကြီးကို ဘယ်ကရလာတာလဲ"

ထန်တိုက်လင်သည် ပိုက်ဆံကို ဂရုမစိုက်သော်လည်း ဤပမာဏက အလွန်များကြောင်း သိထားသဖြင့် မင်သက်သွားခဲ့သည်။

"ငါ့ဇနီးသည်က ပိုက်ဆံပြတ်နေလို့ မဖြစ်ဘူး။ ဒီငွေကို သုံးစွဲဖို့အတွက် အရင်ဆုံးယူထားလိုက်ပါ။ ဒါက မလုံလောက်သေးရင် ထပ်ပေးဦးမယ်"

တာအိုလက်နက်ကုန်သွယ်ရေးကြောင့် အဆမတန်ချမ်းသာလာသော ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ ထန်တိုက်လင်က သူ၏ရင်သွေးကိုလွယ်ထားရသောကြောင့် ထိုငွေများဖြင့် ရင်သွေးလေးကို ပြုစုပျိုးထောင်ရန် လိုအပ်သည်များ ဝယ်ယူနိုင်ပေလိမ့်မည်။

"ဆည်းဆာရွှေနှစ်ရာဘီလီယံက ငါတို့လူနှစ်သောင်းကိုကယ်တင်ဖို့ လုံလောက်တယ်။ အရင်ဆုံး ဒါကို လုပ်လိုက်ပါ"

ထန်တိုက်လင်က ခေါင်းယမ်း၍ သိုလှောင်အိတ်ကို ယဲ့ချန်ထံ တွန်းပို့လိုက်သည်။

"မင်းရဲ့မျိုးနွယ်ဝင်တွေအတွက် ငါ့တာဝန်ထားလိုက်ပါ။ ငါက သူတို့ကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးကယ်တင်ပေးပါမယ်။ မင်းရဲ့မျိုးနွယ်ဝင်တွေက ငါ့မျိုးနွယ်ဝင်ပါပဲ။ ဒီပိုက်ဆံလောက်ကိုတော့ မင်းအသုံးပြုဖို့ ယူထားလိုက်ပါကွာ"

ယဲ့ချန်က လေးနက်စွာ ကတိပေးလိုက်သည်။ ဤမျှများပြားသောပမာဏကို ယဲ့ချန်က ပေါ့ပေါ့ပါးပါးသဘောထားနေသဖြင့် ထန်တိုက်လင်မှာ ထူးဆန်းနေခဲ့သည်။ သို့သော် သူမ၏မျိုးနွယ်ဝင်များကို ကယ်တင်ရန် ကတိပေးခဲ့သောကြောင့် သူမက ယဲ့ချန်အပေါ် အလွန်ကျေးဇူးတင်နေမိပြီး သူ၏သဘောထားကြောင့် နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ယဲ့ချန်သည် ကျင့်ကြံဆင့်ကနိမ့်ကျနေပြီး ချီပင်လယ်အဆင့်တစ်ဆယ်သာဖြစ်သော်လည်း အားကိုးအားထိုက်ပြုနိုင်သူတစ်ဦးဖြစ်ကြောင်း သူမက ခံစားလိုက်ရ၏။ မည်မျှခက်ခဲသော ပြဿနာမျိုးဖြစ်ပါစေ၊ ယဲ့ချန်က အလွယ်တကူ ဖြေရှင်းနိုင်သည်ချည်းသာဖြစ်သည်။

ကောင်းရန်နှင့် အခြားလူများမှာ နှင်းဧကရာဇ်နှင့် ခရမ်းရောင်အလင်းကြယ်အကြောင်း ဆွေးနွေးနေကြသဖြင့် သူတို့ကို အာရုံမစိုက်အားပေ။ လမ်းကြောင်းက ရာနှုန်းပြည့်တည်ဆောက်ပြီးစီးသွားသော်လည်း မည်သူမှမဝင်ရဲသေးပေ။ ခရမ်းရောင်အလင်းကြယ်က နေရာအသစ်တစ်ခုဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုမရှိဘဲ သူတို့က အလျင်စလို ဝင်မသွားရဲကြပေ။ ကျင့်ကြံသူများက တာအိုအိမ်တော်နှင့် သိုင်းဒေသကြီးများ၏ဆုံးဖြတ်ချက်ကို အရင်ဆုံးစောင့်ဆိုင်းရန် ဆုံးဖြတ်ထားကြသည်။ ကြယ်ပင်လယ်သိုင်းဒေသမှ စစ်ဧကရာဇ်များသည် ခရမ်းရောင်အလင်းကြယ်သို့ဝင်ရောက်ရာ၌ နှင်းဧကရာဇ်ကို အတူလိုက်ပါစေလိုနေကြသည်။ နှင်းဧကရာဇ်သည် လျှို့ဝှက်ကျင့်စဥ်များကို ကျွမ်းကျင်သောကြောင့် ထိုနေရာတွင် အသက်ရှင်သန်ရန်အတွက် များစွာအားကိုးနိုင်သူ ဖြစ်သည်။

"ဒီကိစ္စကို အချိန်ကျလာမှ ဆက်ပြောကြတာပေါ့"

လင်ယွမ်က လက်ခံခြင်းမရှိသကဲ့သို့ ငြင်းဆန်ခြင်းလည်း မပြုပေ။ ဤရက်များအတွင်း သူက ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို သန့်စင်ရာ၌ တိုးတက်မှုအချို့ရှိလာခဲ့သည်။ သူက ခရမ်းရောင်အလင်းကြယ်သို့ မဝင်ရောက်ခင် ၎င်းကို ရာနှုန်းပြည့် စုပ်ယူရပေလိမ့်မည်။ ထိုနေရာ၌ အမျိုးအမည်မသိရသော အန္တရာယ်များပြည့်နှက်နေနိုင်ပြီး ပို၍သန်မာလေလေ ရှင်သန်နိုင်စွမ်းက ပို၍မြင့်မားလေလေဖြစ်သည်။ လင်ယွမ်က တိုက်ရိုက်မငြင်းလိုက်သောကြောင့် ကောင်းရန်တို့လူစုမှာ ကျေနပ်သွားကြသည်။ ထို့ကြောင့် သူတို့က တာအိုအိမ်တော် စတင်လှုပ်ရှားမည်ကို စောင့်ဆိုင်းနေရုံသာ ကျန်ရစ်ပေသည်။

"ကြယ်ပင်လယ်သိုင်းဒေသမှာ ကိစ္စလေးတွေရှိလို့ ခွင့်ပြုပါဦးခင်ဗျာ။ လက်ခံတွေ့ဆုံပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် အရှင်"

ကောင်းရန်က ရိုသေစွာဖြင့် နှုတ်ဆက်လိုက်သည်။ ကျစ်ဟွာနတ်တိုင်းပြည်ရှိ အရေးကိစ္စများကို ဆောင်ရွက်ပြီးပြီဖြစ်သောကြောင့် သူက ဖခင်ဖြစ်သော ဧကရာဇ်ရော့ထံ သတင်းပြန်ပို့ရန် အလျင်လိုနေခဲ့သည်။ ယဲ့ချန်တည်ရှိနေမှုကလည်း သူ့ကို မကျေမနပ်ဖြစ်စေပြီး ထန်တိုက်လင်၏သဘောထားကြောင့် အလွန်မနာလိုဖြစ်နေခဲ့သည်။ ထို့ကြောင့် သူက ကျစ်ဟွာတော်ဝင်မြို့မှ တတ်နိုင်သမျှ အမြန်ဆုံးပြန်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"မင်းတို့အလုပ်တွေ ပြီးသွားပြီလား"

ကောင်းရန်၏စကားကို ကြားသောအခါ ယဲ့ချန်က မျက်မှောင်ကြုတ်၍ ထန်တိုက်လင်ကို မေးမြန်းလိုက်သည်။

"ဟုတ်တယ်"

ထန်တိုက်လင်က ခေါင်းညိတ်လိုက်၏။ သူမက ကျစ်ဟွာတော်ဝင်မြို့၌ ဆက်လက်နေထိုင်လိုသော်လည်း သိုင်းဒေသကြီး၏အမိန့်များကို လိုက်နာရန်မှလွဲပြီး ရွေးချယ်စရာမရှိပေ။ သူမသည် ဧကရာဇ်ရော့၏အာဏာဖြင့် သူမ၏မျိုးနွယ်ဝင်များကို ကယ်တင်ရန်လည်း အကူအညီတောင်းရပေလိမ့်မည်။ ထိုလူက အဆင့်ခုနစ်စစ်ဧကရာဇ်ဖြစ်သောကြောင့် သူမ၏မျိုးနွယ်ဝင်များကို ကောင်းကင်မူလတိုက်ကြီးသို့ အရေအတွက်အကန့်အသတ်မရှိ ခေါ်ဆောင်ပေးနိုင်သည်။ သို့သော်လည်း ဧကရာဇ်ရော့၏ တောင်းဆိုချက်အချို့က သူမကို အခက်တွေ့စေခဲ့သည်။ ထိုအချိန်တွင် ယဲ့ချန်က အင်အားများစွာပိုင်ဆိုင်နေသောကြောင့် သူမက စိတ်အေးခဲ့ရသည်။ ဧကရာဇ်ရော့ကမကူညီလျှင်ပင် သူမ၏မျိုးနွယ်ဝင်များကို ယဲ့ချန်က ကယ်တင်ပေးပေလိမ့်မည်။

All Chapters