ရုပ်ခန္ဓာ ပြောင်းလဲလာခြင်း
Vol. 44 Ch. 607
"ကြယ်ပင်လယ်ဒေသကို ပြန်ရောက်ရင် ကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်ပါ။ မျိုးနွယ်ဝင်တွေကို ကယ်တင်ဖို့အတွက် ငါ့တာဝန်ထားလိုက်"
ယဲ့ချန်က လေးနက်စွာပြောလိုက်သည်။ ထန်တိုက်လင်သည် ယဲ့ချန်ကို နက်ရှိုင်းစွာစိုက်ကြည့်၍ မခွဲခွာချင်ခဲ့ပေ။ သူမက ခံစားချက်များကို မဖော်ပြတတ်သော်လည်း မျက်ဝန်းများအတွင်း ဝမ်းနည်းရိပ်တို့ ထင်ဟပ်နေသည်။ ကောင်းရန်မှာ သူမည်မျှကြိုးစားပါစေ၊ ထန်တိုက်လင်က အေးစက်နေခဲ့သော်လည်း ယဲ့ချန်ကိုမူ ကြင်နာစွာဆက်ဆံနေသဖြင့် ရူးသွပ်လုနီးပါး ဒေါသထွက်နေခဲ့သည်။ သူက မည်သည့်နေရာတွင် ယဲ့ချန်အောက်နိမ့်ကျကြောင်း စဥ်းစားမရသော်လည်း မျက်နှာတစ်ခုလုံး ဒေါသကြောင့် မည်းနက်နေသည်။
"ဒါဆိုရင် ကျုပ်တို့ကို ခွင့်ပြုပါဦး အရှင်"
ကောင်းရန်သည် ဒေါသထွက်နေသော်လည်း စစ်ဧကရာဇ်တစ်ယောက်ကို မစော်ကားရဲသောကြောင့် လက်နှစ်ဖက်ဆုပ်၍ ယဥ်ကျေးစွာ ပြောလိုက်သည်။ လင်ယုနှင့် ယဲ့ချန်က ထိုလူစုကို လင်အိမ်တော်၏တံခါးအထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
"အစ်ကိုကြီး ကောင်းရန်က မရီးအပေါ်မှာ စိတ်ဝင်စားနေတာ သေချာတယ်။ ဒီကောင့်ကို သင်ခန်းစာပေးပြီး အိပ်မက်ဆက်မက်မနေအောင် လုပ်လိုက်ရမလား"
လင်ယုက ဒေါသတကြီး ပြောလိုက်ခြင်းဖြစ်သည်။ ကောင်းရန်က သူ၏မရီးအပေါ် မကောင်းကြံနေသဖြင့် အသက်ဆက်ရှင်ချင်ပုံမရချေ။
"မလိုပါဘူးကွာ"
ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။ သူ၏အမူအရာက အလွန်တည်ငြိမ်နေသောကြောင့် ကောင်းရန်ကို များစွာအလေးမထားကြောင်း သိသာနေသည်။ သူက ထိုလူကိုသတိထားရန် ထန်တိုက်လင်အား မှာကြားပြီးဖြစ်သည်။ သူမ၏ပေါင်းစပ်နှုန်းက ခုနစ်ဆယ်ကျော်သောကြောင့် ကြယ်ပင်လယ်သိုင်းဒေသတွင် အဆင့်အတန်းအလွန်မြင့်ပြီး ကောင်းရန်က မကောင်းကြံရဲမည်မဟုတ်ပေ။ ကောင်းကင်မူလတိုက်ကြီးတွင် ဥပဒေက အလွန်တင်းကျပ်ပြီး အထူးသဖြင့် သိုင်းဒေသကြီးများတွင် စည်းမျဥ်းစည်းကမ်းများကို အလွန်အလေးထားကြသည်။ ထန်တိုက်လင်နှင့် နင်အာ၏အဝေးတွင် ရှိနေသောကြောင့် သူက စိုးရိမ်စိတ်များဖြစ်ပေါ်နေကာ အာဏာအချို့ကို ဆုပ်ကိုင်ထားနိုင်ရန်အတွက် ကျင့်ကြံဆင့်ကို မြှင့်တင်ရမည်ဟု ဆုံးဖြတ်လိုက်၏။ သို့မှသာ သူက ကောင်းရန်ကဲ့သို့ လူမျိုးစုံကို ကိုယ်တိုင်ဖြေရှင်းနိုင်ပေလိမ့်မည်။
ထန်တိုက်လင် ထွက်ခွာသွားပြီး လဝက်အကြာတွင် လက်နက်ကုန်သွယ်ရေးက အလျင်အမြန်မြင့်တက်လာပြီး လင်မျိုးနွယ်က သာမန်တာအိုလက်နက်များ ဝယ်ယူကာ ယဲ့ချန်က အဆင့်မြှင့်တင်ပေးပြီး ပြန်လည်ရောက်းချခြင်းဖြင့် အမြတ်ငွေများစွာ ရရှိခဲ့သည်။ ရန်ယွင်မြို့တော်တွင်လည်း ယဲ့မျိုးနွယ်ဝင်များ၊ ကြယ်ခန်းမတပည့်များနှင့် ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များကို သူက အရေအတွက်သိန်းချီအထိ ကယ်တင်နိုင်ခဲ့ကာ ကောင်းကင်မူလတိုက်အနှံ့အပြားသို့ အခြေချနေထိုင်ရန် စေလွှတ်လိုက်သည်။ ကုန်သည်ကြီးများနှင့် လက်တွဲလုပ်ကိုင်ပြီးနောက် လက်နက်ကုန်သွယ်ရေးက နေရာအနှံ့သို့ ထွန်းကားခဲ့သည်။ ကုန်သည်အဖွဲ့ကြီးက တာအိုလက်နက်များစွာကို နေရာပေါင်းစုံမှဝယ်ယူ၍ လင်မျိုးနွယ်ထံ စျေးပေါပေါနှင့်ရောင်းချပေးခဲ့ပြီး ယဲ့ချန်က အဆင့်မြှင့်တင်ပြီးနောက် ကုန်သည်များထံ ပြန်လည်ရောင်းချခဲ့သည်။ ယဲ့ချန်နှင့် လင်မျိုးနွယ်က အမြတ်ငွေအများစုကိုရရှိသော်လည်း ကုန်သည်အသင်းကြီးကလည်း အမြတ်များစွာရရှိခဲ့သောကြောင့် သူတို့က အကြီးဆုံးစီးပွားရေးမိတ်ဖက်များ ဖြစ်လာကြသည်။
ယဲ့ချန်က ငွေကို လူကယ်ရန်အတွက် အသုံးပြုပြီး လင်ယုက အခြားနတ်တိုင်းပြည်များတွင် နယ်မြေများဝယ်ယူရန် အသုံးပြုခဲ့သည်။ လင်မျိုးနွယ်၏နယ်မြေများက ဆယ်ဆအထိကျယ်ပြန့်လာပြီး ၎င်းတို့ထံမှလည်း ဝင်ငွေများစွာ ရရှိလာသည်။ လက်နက်ကုန်သွယ်ရေး၏ အမြတ်ငွေကြောင့် ယဲ့ချန်ပင် အံ့သြနေခဲ့သည်။ သာမန်တာအိုလက်နက်တစ်ခု၏စျေးနှုန်းက ဘီလီယံနှစ်ဆယ်နှင့် သုံးဆယ်အကြားဖြစ်ပြီး အဆင့်လွန်လက်နက်အဖြစ် ပြန်လည်ရောင်းချလိုက်လျှင် အမြတ်ငွေကို ဘီလီယံရာချီအထိ တစ်ရက်အတွင်း ရှာဖွေနိုင်သည်။
တာအိုအိမ်တော်နှင့် သိုင်းဒေသကြီးများသည်လည်း လင်မျိုးနွယ်ကို သတိထားမိလာသဖြင့် စီးပွားရေးအရပူးပေါင်းခဲ့သော်လည်း မည်သည့်ပန်းပဲမျိုးနွယ်နှင့် အလုပ်တွဲလုပ်နေကြောင်း ခန့်မှန်းမရပေ။ သူတို့အတွက် လင်မျိုးနွယ်ရောင်းချပေးသော တာအိုလက်နက်များသည် ကျင့်ကြံသူများ၏ အသက်ရှင်သန်နိုင်စွမ်းကို မြင့်တက်လာစေခဲ့သဖြင့် ကောင်းကင်နတ်ဆိုးများနှင့် စစ်ပွဲတွင် အခြေအနေပိုကောင်းလာခဲ့သည်။ သူတို့က လင်မျိုးနွယ်ကိုကျော်လွန်၍ ပန်းပဲမျိုးနွယ်နှင့် တိုက်ရိုက်အရောင်းအဝယ်လုပ်လိုသော်လည်း အဖြေရှာမရသဖြင့် လက်လျှော့လိုက်ကြရသည်။ သူတို့က ပန်းပဲမျိုးနွယ်ငါးခုကို မေးမြန်းခဲ့သော်လည်း အားလုံးက လင်မျိုးနွယ်နှင့် အလုပ်မလုပ်ကြောင်း ငြင်းဆန်ခဲ့သောကြောင့် စုံစမ်းမှုမှာ ရပ်တန့်သွားခဲ့သည်။ သူတို့မသိထားသည်မှာ လင်မျိုးနွယ် လက်တွဲလုပ်ကိုင်နေသည်က မျိုးနွယ်တစ်ခုနှင့်မဟုတ်ဘဲ ယဲ့ချန်တစ်ယောက်တည်းနှင့်သာ ဖြစ်သည်။ အပြင်လူတစ်ယောက်၏အမြင်တွင် များပြားလှသော တာအိုလက်နက်များကို အဆင့်မြှင့်ရန်အတွက် အရေအတွက်များစွာ လိုအပ်သောကြောင့် မျိုးနွယ်တစ်ခု ပါဝင်ပတ်သက်ရပေလိမ့်မည်။
ကြယ်ပင်လယ်သိုင်းဒေသတွင် ထိပ်တန်းပါရမီရှင်များ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို လစဥ် စစ်ဆေးလေ့ရှိသည်။ ထို့အပြင် သူတို့က ပါရမီရှင်များကို နတ်အရင်းအမြစ်ဆေးများနှင့် ထောက်ပံ့ပေးပြီး ၎င်းတို့သည် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ ထိပ်တန်းပါရမီရှင်များအတွက် ပေါင်းစပ်နှုန်း အနည်းငယ်မြင့်တက်လာလျှင်ပင် အံ့သြဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ပါရမီရှင်များ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို လစဥ်စစ်ဆေး၍ သတင်းပို့ရန်အတွက် စစ်ဧကရာဇ်တစ်ယောက်နှင့် အကြီးအကဲအချို့က တာဝန်ယူကြရသည်။ ဤလတွင် တာဝန်ကျသူမှာ ဧကရာဇ်ရော့ဖြစ်သောကြောင့် သူက ခန်းမအတွင်း၌ နေရာယူထားသည်။ သူက သက်လတ်ပိုင်းအရွယ် သူရဲကောင်းဆန်ဆန်လူတစ်ယောက်ဖြစ်ကာ မျက်လုံးများမှာ လင်းယုန်မျက်လုံးကဲ့သို့ စူးရှနေသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ငွေရောင်အလင်းများရှိနေသဖြင့် မြင့်မြတ်ခမ်းနားသော အသွင်ကိုဆောင်သည်။
"ကောင်းရန် ပေါင်းစပ်နှုန်း၆၃"
စစ်ဆေးရန် တာဝန်ယူထားသော အကြီးအကဲက ကြေညာလိုက်ခြင်းဖြစ်သည်။ ပေါင်းစပ်နှုန်းက တိုးတက်မှုမရှိသောအခါ ကောင်းရန်မှာ စိတ်ဓာတ်ကျသွားခဲ့သည်။ ဧကရာဇ်ရော့က သူ့ကို နတ်အရင်းအမြစ်ဆေးလုံးများ တိတ်တဆိတ်ထောက်ပံ့ခဲ့သော်လည်း အကျိုးသက်ရောက်မှုမရှိသောကြောင့် အထိနာသွားခဲ့သည်။ ပေါင်းစပ်နှုန်း၆၃ကြောင့် သူ့ကို ရှားပါးပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်သော်လည်း ထန်တိုက်လင်အောက် နိမ့်ကျနေဆဲပင်ဖြစ်သည်။ သူက ထန်တိုက်လင်အာရုံစိုက်လာစေရန် မည်သို့လုပ်ရမည်ဖြစ်ကြောင်း စဥ်းစားမရသဖြင့် နေရာတိုင်း၌ ထူးချွန်လိုနေခဲ့သည်။ သို့သော်လည်း ရလဒ်က သူ့အထင်နှင့် တစ်ခြားစီဖြစ်နေသည်။
"ကျိရှန်း ပေါင်းစပ်နှုန်း၅၇ တစ်ဆင့်တိုးတယ်"
ကျိရှန်း၏စစ်ဆေးမှုရလဒ် ထွက်ပေါ်လာသောအခါ ဧကရာဇ်ရော့အောက် နိမ့်ကျသောနေရာတွင် ထိုင်နေသည့် မုတ်ဆိတ်ဖြူအဘိုးအိုတစ်ယောက်က ကျေနပ်စွာ ပြုံးလိုက်သည်။ ကျိရှန်း၏ပေါင်းစပ်နှုန်းက ကောင်းရန်အောက်နိမ့်ကျသော်လည်း များစွာမဟုတ်သောကြောင့် နတ်အရင်းအမြစ်ဆေးလုံးဖြင့် တိုးတက်မှုရှိသောအခါ ရလဒ်က ကျေနပ်စရာပင်ဖြစ်သည်။ ပါရမီရှင်များကြားတွင် ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်သောကြောင့် ကျိရှန်းကိုယ်တိုင်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ ပေါင်းစပ်နှုန်းတစ်ဆင့်တိုးလာခြင်းက ကြယ်ပင်လယ်ဒေသတွင် သူ၏အဆင့်အတန်းကိုပါ မြင့်တက်လာစေလိမ့်မည်။
အဆင့်တစ် နတ်အရင်းအမြစ်ဆေးတစ်လုံးက ဆည်းဆာရွှေဘီလီယံငါးဆယ်ကျော် ကျသင့်သည့်အပြင် တိုးတက်ရန်ရာခိုင်နှုန်းက အလွန်နိမ့်ကျသည်။ ပို၍အဆင့်မြင့်သော ဆေးလုံးများက စျေးပိုကြီးသဖြင့် ပေါင်းစပ်နှုန်းမြင့်တက်လာခြင်းမှာ အောင်ပွဲခံထိုက်သော အချင်းအရာဖြစ်သည်။ ကျိရှန်းဝမ်းသာနေသည်ကို မြင်သောအခါ ကောင်းရန်က မုဒိတာမပွားနိုင်ခဲ့ပေ။ သူက နတ်အရင်းအမြစ်ဆေးများစွာ သုံးစွဲခဲ့သော်လည်း သူ့အောက်နိမ့်ကျသော ကျိရှန်းက ကျော်တက်သွားလေသည်။ ပါရမီရှင်များကို စမ်းသပ်ပြီးနောက် ပေါင်းစပ်နှုန်းတိုးလာသူမှာ နှစ်ယောက်သာရှိသော်လည်း ဧကရာဇ်ရော့နှင့် အကြီးအကဲများက ကျေနပ်နေကြသည်။ သူတို့အသုံးပြုလိုက်သော နတ်အရင်းအမြစ်ဆေးလုံးများက အလဟဿဖြစ်မသွားခဲ့ပေ။
"ထန်တိုက်လင် ပေါင်းစပ်နှုန်း၇၉"
စစ်ဆေးမှုကို တာဝန်ယူထားသော အကြီးအကဲ၏အသံက တုန်ယင်နေသည်။
"စမ်းသပ်တာက မှားယွင်းနေတာများလား"
အကြီးအကဲများက မယုံနိုင်ဟန်ဖြင့် တီးတိုးဆွေးနွေးနေကြသည်။ နောက်ဆုံးတစ်ကြိမ်စမ်းသပ်ခဲ့စဥ်က သူမ၏ပေါင်းစပ်နှုန်းမှာ ၇၂မှ ၇၃အထိသာ တိုးတက်ခဲ့သော်လည်း လက်ရှိတွင် ၆ဆင့်တိုးလာခဲ့သည်။ ပေါင်းစပ်နှုန်း၇၅အထက်ဆိုလျှင် ကြယ်သခင်ရာထူးအတွက် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီပေသည်။ ကောင်းကင်မူလတိုက်ကြီးတွင် ကြယ်သခင်ရာထူးအတွက် ယှဥ်ပြိုင်ခွင့်ရသူအရေအတွက်မှာ ဆယ်ဦးသာဖြစ်ပြီး ခြောက်ယောက်က နတ်အစေခံများဖြစ်သည်။ ပေါင်းစပ်နှုန်း၈၂ပိုင်ရှင် နန်ကုန်းဇီမှာလည်း ထန်တိုက်လင်ကဲ့သို့ အရှေ့ပိုင်းတိုက်ကြီးမှ လာသူဖြစ်သောကြောင့် လူတိုင်း၏အမြင်များ ပြောင်းလဲသွားကြသည်။
"အရှေ့ပိုင်းတိုက်ကြီးက ဘယ်လိုနေရာမျိုးလဲ။ ဘာကြောင့် ပါရမီရှင်တွေ ဒီလောက်များနေရတာလဲ"
ကြယ်ပင်လယ်သိုင်းဒေသ၏တပည့်များက အချင်းချင်း တီးတိုးဆွေးနွေးနေကြပြီး ထန်တိုက်လင်ကို ငေးကြည့်နေကြသည်။ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထန်တိုက်လင်၏မျက်နှာက ထုံးစံအတိုင်း အေးစက်တင်းမာနေကာ ပေါင်းစပ်နှုန်းတိုးလာခြင်းအပေါ် ထူးထူးခြားခြား ခံစားရပုံမပေါ်ချေ။ သူမ၏တည်ငြိမ်မှုအပေါ် လူတိုင်းက ချီးကျူးလိုက်ကြသည်။ အကယ်၌ သူမနေရာတွင် အခြားတစ်ယောက်ဆိုလျှင် အပျော်လွန်နေကြပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူမကဲ့သို့တည်ငြိမ်သူမျိုးကသာ ပါရမီရှင်တစ်ယောက်ဖြစ်ရန် ထိုက်တန်ပေလိမ့်မည်။
အမှန်တကယ်၌ ထန်တိုက်လင်၏စိတ်ထဲတွင်လည်း သံသယအတွေးများ ပြည့်နှက်နေခဲ့သည်။ သူမ၏ပေါင်းစပ်နှုန်းသည် ကျစ်ဟွာတော်ဝင်မြို့တော်မှ ပြန်လာပြီးနောက် မြင့်တက်လာသဖြင့် ပင်လယ်ပန်းပွားက အကြောင်းအရင်းဖြစ်နိုင်သည်။ သူမက ၎င်းဖြင့် ဆက်တိုက်ကျင့်ကြံခဲ့ပြီး နွေးထွေးသောစွမ်းအင်များဖြင့် ဝမ်းကြာတိုက်အတွင်းမှ သန္ဓေသားကို ပြုစုပေးခဲ့သည်။ သို့သော်လည်း ပင်လယ်မိစ္ဆာပန်းကို စီရင်ထားသော ပင်လယ်ပန်းပွား၌ ဤအာနိသင်မျိုးရှိလျှင် စျေးကွက်အတွင်း၌ ထိုပန်းပွင့်များအတွက် အားလုံးက တိုက်ခိုက်နေကြပေလိမ့်မည်။ တစ်ခုတည်းသော ကွာခြားမှုမှာ ယဲ့ချန်က ပင်လယ်ပန်းပွားကို တာအိုအဆင့်သုံးရတနာထက် ပို၍သာလွန်စေရန် စီမံပေးခဲ့သောကြောင့် အကြောင်းအရင်းမှာ ယဲ့ချန်ဖြစ်နေနိုင်သည်။ ထို့ကြောင့် သူမက ကိုယ်တိုင်အဖြေမရှာနိုင်သော ကိစ္စအတွက် ယဲ့ချန်ကိုမေးမြန်းရန် စာတစ်စောင်ရေးမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းတိုးလာခြင်းက မကောင်းသောအရာတစ်ခု မဟုတ်ပေ။ သူမ၏နှလုံးသားက တည်ငြိမ်နေပြီး သာမန်ကိစ္စရပ်များကြောင့် ခံစားချက်များ ဖြစ်ပေါ်လာရန် မလွယ်ကူပေ။
အမှန်တကယ်တွင် ယဲ့ချန်ထည့်သွင်းပေးလိုက်သော ရေဝိညာဥ်က အစွမ်းထက်သော်လည်း ဤမျှသိသာထင်ရှားသော အကျိုးသက်ရောက်မှုမျိုး မလုပ်ဆောင်နိုင်ပေ။ ထန်တိုက်လင်၏ပေါင်းစပ်နှုန်း လျင်မြန်စွာတိုးလာရသော အဓိကအကြောင်းအရင်းမှာ ယဲ့ချန်၏သန္ဓေသားကို ကိုယ်ဝန်ဆောင်ထားရသောကြောင့်ဖြစ်သည်။ သန္ဓေသားက ကြီးထွားလာသောအခါ သူမ၏ရုပ်ခန္ဓာတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေခဲ့သည်။ ထို့အပြင် သူမက ရေဝိညာဥ်ထံမှ သန့်စင်သောရေချီများကို စုပ်ယူခဲ့သဖြင့် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာခဲ့သည်။ ပေါင်းစပ်နှုန်း၇၉ပိုင်ရှင် ဖြစ်လာသောအခါ သူမသည် ကြယ်သခင်အမွေအနှစ်အတွက် တိုက်ခိုက်ရန် အရည်အချင်းပြည့်မီလာသည်။ ဆိုလိုသည်မှာ သူမကို ကောင်းကင်မူလတိုက်ကြီး၏ နတ်အစေခံများနှင့် ထိပ်တန်းအကြီးအကဲများအားလုံး၏ အာရုံစိုက်ခြင်းခံရသည့် ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့လေသည်။