ခရမ်းရောင်အလင်းကြယ်မှ အန္တရာယ်
Vol. 44 Ch. 608
သမိုင်းကြောင်းတလျှောက်တွင် ပေါင်းစပ်နှုန်း၇၅အထက် ရှိသူများ အားလုံးသည် အစွမ်းထက်ကျင့်ကြံသူများဖြစ်လာကြပြီး နှစ်ယောက်က ကြယ်သခင်များဖြစ်လာ၍ အများစုက နတ်အစေခံများ ဖြစ်လာကြသည်။ အညံ့ဆုံးကျင့်ကြံသူသည်ပင် စစ်ဧကရာဇ်အဆင့်တစ်ဆယ်အထိ ကျင့်ကြံနိုင်ခဲ့သည်။ ထန်တိုက်လင်၏သတင်းက ကောင်းကင်မူလတိုက်တစ်ခွင်သို့ အချိန်ခဏအတွင်း ပျံ့နှံ့သွားမည်ဖြစ်သောကြောင့် ဧကရာဇ်ရော့က မျက်မှောင်ကြုတ်လိုက်သည်။ သူက မူလတွင် ကောင်းရန်ကို ထန်တိုက်လင်နှင့် လက်ဆက်ပေးရန် စီစဥ်ထားပြီး သူမက လက်မခံလျှင်ပင် နည်းလမ်းအချို့ဖြင့် ကြံစည်နိုင်သည်။ သို့သော်လည်း လက်ရှိအခြေအနေအရ သူက ဘာမှမတတ်နိုင်တော့ပေ။ ကောင်းရန်ကသာ ဤစမ်းသပ်မှုတွင် ထန်တိုက်လင်ထက် ပို၍ထူးချွန်နေလျှင် ပြဿနာများစွာမရှိချေ။ သားဖြစ်သူက ပါရမီထူးချွန်သော်လည်း အရည်အချင်းညံ့ဖျင်းကာ မိန်းမတစ်ယောက်ကိုပင် မကိုင်တွယ်နိုင်သောကြောင့် ကိစ္စကြီးများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
ထန်တိုက်လင်အပေါ် မျှော်လင့်ချက်များရှိနေသော ကောင်းရန်မှာလည်း လက်ရှိတွင် စိတ်ရှုပ်နေခဲ့သည်။ သူမက ရုတ်တရက် အဆင့်အတန်းအလွန်မြင့်လာသောအခါ သူက ရာနှုန်းပြည့် မျှော်လင့်ချက်မဲ့သွားကာ အဝေးကိုစိုက်ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်များ ဗလာဖြစ်နေသည်။ သူက လက်မခံနိုင်သဖြင့် ထန်တိုက်လင်၏ပေါင်းစပ်နှုန်းမှာ တစ်လအတွင်း ရုတ်တရက်မြင့်တက်လာရသော အကြောင်းအရင်းကို စဥ်းစားသော်လည်း အဖြေမရှာနိုင်ခဲ့ပေ။ သာမန်အခြေအနေများတွင် လူတစ်ယောက်သည် မွေးရာပါပေါင်းစပ်နှုန်းကို များစွာမပြောင်းလဲနိုင်ချေ။ အကယ်၍ သူက အဆင့်မြင့် နတ်အရင်းအမြစ်ဆေးကို သုံးစွဲလိုက်လျှင် တစ်ဆင့်နှစ်ဆင့်တိုးလာပါက ထူးချွန်သည်ဟုဆိုနိုင်ပြီး အများဆုံးတိုးမြှင့်နိုင်သော ပမာဏက ငါးဆင့်သာဖြစ်သည်။ သို့သော် ထန်တိုက်လင်က ချွင်းချက်တစ်ခု ဖြစ်နေသောကြောင့် သူမ၏ရုပ်ခန္ဓာမှာ ထူးခြားနေပုံရသည်။
ထန်တိုက်လင်၏ပေါင်းစပ်နှုန်းမှာ ရှစ်ဆယ်အနား နီးကပ်လာသောအခါ ကျင့်ကြံနှုန်းက အလွန်မြန်ဆန်လာပေလိမ့်မည်။ သူမက လက်ရှိတွင် ရွှမ်အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်လာသောကြောင့် နှစ်ဝက်အတွင်း တာအိုနတ်အဆင့်သို့ သေချာပေါက် ရောက်သွားပေလိမ့်မည်။ သူမ ခန့်မှန်းမရနိုင်သည်မှာ စစ်ဧကရာဇ်အဆင့်သို့ရောက်ရန် လိုအပ်သော အချိန်ပမာဏဖြစ်သည်။ ကောင်းရန်၊ ကျိရှန်းနှင့် အခြားပါရမီရှင်များမှာ ထန်တိုက်လင်ကို ကြည့်နေရင်း ရှုံးနိမ့်မှုကိုယ်စီ ခံစားနေကြရသည်။ သူတို့က ကြယ်ပင်လယ်သိုင်းဒေသ၏ လူငယ်မျိုးဆက်တွင် အတော်ဆုံးပါရမီရှင်များဖြစ်ကြသော်လည်း သူမကို လုံးဝမယှဥ်နိုင်ပေ။ သူမကိုပိုးပန်းလိုသော လူငယ်ပါရမီရှင်များစွာရှိသော်လည်း လက်ရှိအခြေအနေကြောင့် သူတို့က ကိုယ့်ကိုကိုယ် ယုံကြည်မှုများ ပျောက်ကွယ်သွားကြသည်။
ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း စမ်းသပ်ပြီးနောက် ထန်တိုက်လင်သည် စကားတစ်ခွန်းမှမပြောဘဲ ဂုဏ်ပြုခြင်းများကို လျစ်လျူရှုကာ သူမ၏အိမ်ဝန်းသို့ ပြန်သွားခဲ့သည်။ သူမ၏သတင်းက ကြယ်ပင်လယ်ဒေသတစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားသဖြင့် လူတိုင်းအံ့သြသွားကာ စစ်ဧကရာဇ်များက ဂုဏ်ပြုရန်အတွက် ငယ်သားများကို စေလွှတ်လိုက်ကြသည်။ အကယ်၍ သူမသာ ကြယ်သခင်ဖြစ်လာလျှင် ကြယ်ပင်လယ်သိုင်းဒေသအတွက် ဂုဏ်ယူစရာဖြစ်ပေလိမ့်မည်။ သူမက ကြယ်သခင်တစ်ယောက်မဟုတ်ဘဲ နတ်အစေခံတစ်ယောက်ဖြစ်လာလျှင်ပင် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ အရာအားလုံးပြောင်းလဲသွားကာ လူတိုင်းက သူမနှင့် မိတ်ဆွေဖြစ်ချင်နေကြသော်လည်း ထန်တိုက်လင်က အားလုံးကိုလျစ်လျူရှု၍ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသည်။ စစ်ဧကရာဇ်များက မကျေမနပ်ဖြစ်ရမည့်အစား သူမ၏စိတ်ထားကို ချီးကျူးပြီး ကျင့်ကြံရေးအရင်းအမြစ်များစွာ လက်ဆောင်ပို့ပေးခဲ့သည်။
"သခင်မလေး ဧည့်သည်တစ်ယောက် ရောက်နေပါတယ်။ သူ့ကိုယ်သူ ရန်ယွင်မြို့တော်၊ ယဲ့မျိုးနွယ်ကလို့ ပြောပါတယ်"
တစ်ရက်တွင် ထန်တိုက်လင်သည် အခန်းအတွင်း၌ ကျင့်ကြံနေစဥ် အိမ်စေတစ်ယောက်က လာရောက်သတင်းပို့ခဲ့သည်။
"ဝင်ခွင့်ပေးလိုက်ပါ"
ရန်ယွင်မြို့မှဆိုလျှင် ယဲ့ချန်၏ငယ်သားတစ်ယောက် ဖြစ်နိုင်သောကြောင့် ထန်တိုက်လင်က ဝမ်းသာစွာနှင့် ခွင့်ပြုလိုက်သည်။ တံခါးပွင့်သွားပြီး ယဲ့ချန်နှင့် မျက်နှာချင်းဆင်သော်လည်း ယဲ့ချန်လောက် ချောမောခြင်းမရှိသော လူငယ်တစ်ယောက် ဝင်ရောက်လာခဲ့သည်။ ယဲ့ပင်းက သူ့ကိုခေါ်ဆောင်လာသော အိမ်စေကို တစ်ချက်ကြည့်လိုက်သဖြင့် ထန်တိုက်လင်က အကင်းပါးစွာနှင့် နှင်ထုတ်လိုက်သည်။
"မရီး ကျုပ်က ယဲ့မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး ယဲ့ပင်းလို့ ခေါ်ပါတယ်။ ခေါင်းဆောင်က ခင်ဗျားအတွက် လက်ဆောင်တစ်ခုပေးပို့ခိုင်းလို့ ရောက်လာရတာပါ"
အိမ်စေထွက်သွားသောအခါ ယဲ့ပင်းက လေးစားစွာအရိုအသေပေး၍ သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။ သူက ထန်တိုက်လင်ကို ယဲ့တောင်ကြား၌ တစ်ကြိမ်မြင်ဖူးသော်လည်း ယဲ့ချန်၏ဇနီးသည် ဖြစ်လာမည်ဟု မျှော်လင့်မထားပေ။ သို့သော်လည်း ယဲ့ချန်ကဲ့သို့ အစွမ်းအစရှိသူမျိုးနှင့် ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ယောက်ကသာ ထိုက်တန်ပေလိမ့်မည်။
"အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်"
ယဲ့ပင်းသည် ယဲ့ချန်၏စေခိုင်းမှုဖြင့် ရောက်လာကြောင်း သိလိုက်ရသောအခါ ထန်တိုက်လင်၏မျက်နှာက ပျော့ပြောင်းသွားကာ သိုလှောင်အိတ်ကို လက်ခံလိုက်သည်။ သူမက ကျစ်ဟွာတော်ဝင်မြို့တော်ရှိ ယဲ့ချန်ထံမှ ခရမ်းရောင်ရွှေနှစ်ထောင် ရထားပြီးဖြစ်သောကြောင့် ယခုရောက်ရှိလာသော လက်ဆောင်အကြောင်း သိချင်စိတ်ဖြစ်ပေါ်လာသည်။ ရန်ယွင်မြို့တော်၌ ယဲ့ချန်ကိုယ်ပွားတစ်ယောက်ရှိနေကြောင်း သူမက သိထားသဖြင့် သိုလှောင်အိတ်ကိုဖွင့်လိုက်သောအခါ သစ်သီးတစ်လုံးကို တွေ့လိုက်ရ၏။ ၎င်းက အပြာရောင်တောက်ပနေပြီး ကလေးငယ်တစ်ယောက်၏ လက်သီးဆုပ်ပမာဏရှိကာ သန့်စင်သော နီလာတစ်တုံးနှင့် တူညီနေသည်။ ထို့အပြင် သစ်သီးထံမှ မွှေးပျံ့သောရနံ့တစ်ခု ထွက်ပေါ်နေကာ အနံ့ရလိုက်သူတိုင်းအား စိတ်လက်ပေါ့ပါးစေနိုင်စွမ်း ရှိသည်။
"ဒါက ဘာလဲ"
အဝေးရှိယဲ့ချန်က သစ်သီးတစ်လုံးကို တကူးတကပို့ပေးလာသောကြောင့် သူမက စိတ်ရှုပ်သွားခဲ့သည်။
"ဒါကို ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးလို့ ခေါ်ပါတယ်။ ဒီသစ်သီးကိုထုတ်လုပ်ပေးတဲ့ နတ်သစ်ပင်က လောကကြီးရဲ့ နတ်ရတနာတစ်ခုဖြစ်တယ်။ ဒါကိုအသက်သွင်းဖို့အတွက် ကောင်းကင်ချီ ဒါမှမဟုတ် ဝိညာဥ်စွမ်းအင်တွေ အသုံးပြုရပါမယ်။ ဒါကိုအသုံးပြုနိုင်ရင် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးတစ်ခုရှိတဲ့အတွက် ခေါင်းဆောင်က လျှို့ဝှက်ထားဖို့ မှာကြားလိုက်ပါတယ်။ ဒါပေမယ့် မရီးက ကိုယ်ဝန်ဆောင်ထားရတဲ့အတွက် သတိထားပြီး အသုံးပြုရပါမယ်။ အသုံးပြုဖို့ မဖြစ်နိုင်ရင် သိမ်းဆည်းထားလိုက်ပါ"
ယဲ့ပင်းက ယဲ့ချန်၏စကားကို ထန်တိုက်လင်ထံ ပြန်လည်ရှင်းပြလိုက်၏။
"ငါ နားလည်ပြီ။ ယဲ့ချန်အတွက် ငါက စာတစ်စောင် ရေးပေးလိုက်ဦးမယ်။ ခဏထိုင်ပြီး စောင့်ပေးပါဦး"
ကိုယ်ဝန်ဟူသော စကားကြောင့် ထန်တိုက်လင်၏မျက်နှာက အနည်းငယ်ရှက်သွေးဖြာသွားသဖြင့် တစ်ချက်ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ယဲ့ပင်းကလည်း ထိုင်ခုံတစ်ခုရှာဖွေ၍ သူမ၏စာကို စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် သူမက ပေါင်းစပ်နှုန်း ရုတ်တရက်တိုးလာသော အကြောင်းအရင်းကို ယဲ့ချန်ထံ မေးမည်ဟု ရည်ရွယ်ထားသည့်အတိုင်း စာတစ်စောင် ရေးသားလိုက်သည်။ စာကို ပို့ဆောင်ပေးရန်အတွက် စိတ်ချရသည့် ယဲ့ပင်း ရှိနေခဲ့သည်။
ကျစ်ဟွာတော်ဝင်မြို့တော်၌ ခရမ်းရောင်အလင်းကြယ်လမ်းကြောင်း တည်ဆောက်မှု ပြီးစီးသွားသဖြင့် လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။ တာအိုအိမ်တော်နှင့် သိုင်းဒေသကြီးများက ၎င်းကိုစူးစမ်းရန်အတွက် ကျင့်ကြံသူအဖွဲ့များစေလွှတ်ခဲ့ပြီး ကျင့်ကြံဆင့်အမြင့်ဆုံးမှာ တာအိုနတ်အဆင့်ဖြစ်၍ အများစုက ရွှမ်အဆင့်များဖြစ်ကြသည်။ စစ်ဧကရာဇ်အရေအတွက်က နည်းပါးသောကြောင့် အကယ်၍ ခရမ်းရောင်အလင်းကြယ်တွင် အန္တရာယ်များရှိနေလျှင် စစ်ဧကရာဇ်များကို ဆုံးရှုံးရနိုင်ချေရှိသည်။ ရွှမ်အဆင့်နှင့် တာအိုနတ်အဆင့်များက များစွာအရေးမပါသောကြောင့် ရှေ့ပြေးတပ်ဖွဲ့များအဖြစ် ပို့ဆောင်ခံရခြင်းဖြစ်သည်။ အဖွဲ့ပေါင်းသုံးဆယ်ကျော်က လမ်းကြောင်းမှတဆင့် ခရမ်းရောင်အလင်းကြယ်သို့ ထွက်ခွာသွားသော်လည်း ဆယ့်ငါးရက်ကြာသည်အထိ မည်သည့်သတင်းမှမရသကဲ့သို့ ကျင့်ကြံသူတစ်ယောက်မှ ပြန်မလာခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ကျစ်ဟွာတော်ဝင်မြို့တော်၌ ပတ်ဝန်းကျင်က တင်းကျပ်လာပြီး စေလွှတ်ခံလိုက်ရသူအားလုံး သေဆုံးသွားပုံပေါ်သည်။
ဤသတင်းကြောင့် ကျစ်ဟွာနတ်တိုင်းပြည်သို့ စုဝေးလာကြသော ကျင့်ကြံသူများသည် ခရမ်းရောင်အလင်းကြယ်အတွင်း ဝင်ရောက်ရန် မူလကဲ့သို့ စိတ်အားထက်သန်ခြင်း မရှိတော့ပေ။ လူတိုင်းက ၎င်းကြယ်ကို ကြောက်လန့်နေကြပြီး ထိုနေရာ၌ သွေးဆာရက်စက်သော မျိုးနွယ်တစ်ခု နေထိုင်ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းနေကြသည်။ စစ်ဧကရာဇ်များသည်လည်း နောက်ထပ်ကျင့်ကြံသူများ စေလွှတ်ရန်သင့်မသင့် ခေါင်းချင်းရိုက်၍ တိုင်ပင်နေကြသည်။ အကယ်၍ သူတို့က အမိန့်ပေးလိုက်လျှင် မည်သူမှငြင်းဆန်မည်မဟုတ်သော်လည်း အနည်းဆုံး စစ်ဧကရာဇ်တစ်ယောက်တော့ ခေါင်းဆောင်သင့်ပေသည်။ သို့သော်လည်း စစ်ဧကရာဇ်တစ်ယောက် သေဆုံးသွားလျှင် ကောင်းကင်မူလကြယ်အတွက် ဆုံးရှုံးမှုကြီးမားလေသည်။
ခရမ်းအလင်းကြယ်သို့ ဝင်ရောက်လိုသော စစ်ဧကရာဇ်များရှိသော်လည်း တာအိုအိမ်တော်သခင်နှင့် သိုင်းဒေသကြီးများ၏ ခေါင်းဆောင်ပိုင်းများက ငြင်းပယ်ခဲ့ကြသည်။ ထိုကြယ်အကြောင်း အတိအကျမသိရသေးခင် စစ်ဧကရာဇ်များကို စေလွှတ်၍မဖြစ်ချေ။ ၎င်း၏အန္တရာယ်ကြောင့် အသက်ကယ်တာအိုရတနာများ၏စျေးကွက်က ကြီးမားလာပြီး စျေးနှုန်းများ ကြီးမြင့်လာကြသည်။ အကြောင်းအရင်းမှာ သိုင်းဒေသကြီးများနှင့် တာအိုအိမ်တော်မှ အသက်ကယ်ရတနာများ ဝယ်ယူနေသည့် သတင်း ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။
ဤသို့ဖြင့် ယဲ့ချန်သည် ခရမ်းရောင်အလင်းကြယ်ကို စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ရောင်ယွမ်၏စကားအရ ထိုကြယ်တွင် လျှို့ဝှက်ချက်များရှိနေသဖြင့် သူက တစ်ချက်လောက် သွားကြည့်လိုသော်လည်း တာအိုနတ်အဆင့်များပင် ပြန်ရောက်မလာသောကြောင့် သူ့အတွက် အခွင့်အရေးမရှိပေ။ သူက စောင့်ကြည်ရန် ဆုံးဖြတ်လိုက်ပြီး တာအိုအိမ်တော်နှင့် သိုင်းဒေသကြီးများဘက်မှ လှုပ်ရှားမှုကြီးများရှိမလာလျှင် ကိုယ်ပွားတစ်ယောက်ကိုစေလွှတ်ရန် ဆုံးဖြတ်ထားလိုက်သည်။
လင်ယုသည် ရှောင်တိမ်းပုလဲ၊ ကိုယ်ပျောက်နတ်ခေါင်းလောင်းစသော အသက်ကယ်အဆင့်သုံး တာအိုရတနာအချို့ကို ဆည်းဆာရွှေဘီလီယံရာချီပေး၍ ဝယ်ယူခဲ့သည်။ ထို့နောက် ယဲ့ချန်က သူ၏ဝိညာဥ်များကို အသုံးပြု၍ ၎င်းတို့၏အဆင့်နှင့် စွမ်းရည်များကို မြှင့်တင်ပေးခဲ့သည်။ အကြောင်းအရင်းမှာ ငွေရှာရန်သာမကဘဲ ၎င်းတို့ကိုဝယ်ယူမည့် ကျင့်ကြံသူများက ခရမ်းရောင်အလင်းကြယ်အကြောင်း စုံစမ်းနိုင်ရန်ဖြစ်သည်။
လက်ရှိတွင် ယဲ့ချန်ကို စစ်ဧကရာဇ်များက တန်းတူအဖြစ် သဘောထားသောကြောင့် သူနှင့်လင်ယုအတွက် ကောင်းကင်မူလတိုက်ကြီး၏ အရေးပါသူများသာ ကိုင်ဆောင်ခွင့်ရသည့် ကြယ်သလင်းကျောက်များ ပေးအပ်ထားသည်။ ခရမ်းရောင်အလင်းကြယ်ကို စူးစမ်းမည့်လုပ်ငန်းက အချိန်ကြာမြင့်စွာ လေးဖင့်နေမည့်ပုံပေါ်သော်လည်း ယဲ့ချန်အတွက် အလျင်လိုစရာမရှိပေ။ သူ၏ကျင့်ကြံဆင့်က နိမ့်ကျနေသောကြောင့် အစွမ်းထက်လာစေရန် ဦးစားပေးအဖြစ် ကျင့်ကြံရမည်ဖြစ်သည်။
ရန်ယွင်မြို့ရှိ ယဲ့နယ်မြေအတွင်း ယဲ့ချန်သည် ကိုယ်တိုင်ကျင့်ကြံရုံသာမက နောက်လိုက်နောက်ပါများကိုပါ လေ့ကျင့်ပေးခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ်ဖြင့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို မြှင့်တင်ပေးခဲ့သောကြောင့် ပေါင်းစပ်နှုန်းငါးဆယ်အထက်ရှိသော ပါရမီရှင်ဆယ်ယောက်ကျော် ထွက်ပေါ်လာခဲ့သည်။ ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမတပည့်များအပြင် သူက ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များကိုလည်း ခေါ်ဆောင်နိုင်ပြီဖြစ်သည်။ သူက ပင်လယ်မိစ္ဆာမျိုးနွယ်ကို ပင်လယ်အနီးရှိနယ်မြေတစ်ခုတွင် နေရာချထားပေးပြီး ပေါင်းစပ်နှုန်းကို စစ်ဆေးခဲ့သော်လည်း အများဆုံးမှာ သုံးဆယ်ကျော်သာဖြစ်သည်။ ၉၅ရာခိုင်နှုန်းသော ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များက ပေါင်းစပ်နှုန်းငါးအောက်နိမ့်ကျပြီး ကျန်မျိုးနွယ်ဝင်များမှာလည်း နှစ်ဆယ်မကျော်ပေ။ နှစ်ဆယ်အထက်ရှိသူမှာ လူအနည်းငယ်သာ ဖြစ်သည်။
ယဲ့ချန်၏အကူအညီမရှိလျှင် သာမန်ကျင့်ကြံသူများ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက တိုးတက်လာရန် မဖြစ်နိုင်ပေ။ ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များ၏ ပါရမီက အလွန်သာမန်ဆန်ပြီး ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များသာ ထူးခြားသူများဖြစ်ကြသည်။ သို့သော်လည်း ထန်တိုက်လင်၏မျိုးနွယ်ဝင်များကို အတတ်နိုင်ဆုံးကူညီရန်အတွက် ယဲ့ချန်က ဆုံးဖြတ်ထားပြီးဖြစ်သည်။
ငွေကြေးအရာ၌လည်း ယဲ့ချန်က အလွန်ချမ်းသာသူတစ်ယောက် ဖြစ်လာခဲ့သည်။ နေရာပေါင်းစုံမှ နေ့စဥ်ရနေသော ငွေကြေးများက အံ့လောက်စရာဖြစ်သည်အထိ များပြားပြီး အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများကို ကယ်တင်ပေးခဲ့သည့်တိုင်အောင် လက်ထဲ၌ ဘီလီယံရှစ်ရာကျော်အထိ ရှိနေဆဲဖြစ်သည်။ ဤပမာဏက လူတိုင်းကို မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာစေနိုင်ပြီး ကောင်းကင်မူလတိုက်ကြီးတွင် ပိုက်ဆံချမ်းသာခြင်းက ကျင့်ကြံခြင်းအရင်းအမြစ်များ ပိုင်ဆိုင်ထားသည်နှင့် တူညီလေသည်။