စွန့်လွှတ်စွန့်စားဝံ့သူများ
Vol. 44 Ch. 609
မီးဝိညာဥ်ကြယ်၏ ကောင်းကင်ဘုံငယ်အတွင်း တည်ဆောက်ထားသော ခရမ်းရောင်အလင်းကြယ်ဝင်ပေါက်ရှေ့တွင် စစ်ဧကရာဇ် အယောက်သုံးဆယ်ကျော် စုဝေးနေသည်။ သူတို့၏နောက်တွင် တာအိုနတ်အဆင့်ကျင့်ကြံသူ တစ်သောင်းကျော်ရှိနေပြီး လူတိုင်းက စကားတစ်ခွန်းမှမပြောဘဲ လေထဲတွင် မတ်တပ်ရပ်နေသဖြင့် ပတ်ဝန်းကျင်က အနည်းငယ်တင်းမာနေသည်။ မီးဝိညာဥ်ကြယ်ပေါ်တွင် အပြာရောင်မီးများ တောက်လောက်နေပြီး မြေပြင်အထက် မီတာထောင်ချီသို့ မီးညွှန့်မီးလျှံများ ရောက်ရှိလာတတ်သည်။ မီးတောက်များကြားတွင် ဝိညာဥ်သားရဲများက ကျိုင်းကောင်များကဲ့သို့ အုပ်စုလိုက်ရှိနေသော်လည်း ထိုကျင့်ကြံသူများ၏ ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်း မချဥ်းကပ်ရဲပေ။ ၎င်းတို့ကြားတွင် အစွမ်းအထက်ဆုံးမှာ ချီပင်လယ်အဆင့်တစ်ဆယ် ဖြစ်သောကြောင့် စစ်ဧကရာဇ်များ၏ အရှိန်အဝါကြောင့် ကြောက်လန့်နေကြသည်။
"မင်းတို့ ငါ့စကားကို နားထောင်ကြပါ။ ခရမ်းရောင်အလင်းကြယ်ကို ဝင်ရောက်သွားတဲ့ လူတွေက အသက်ရှင်ရက် ပြန်ရောက်မလာကြဘူး။ ငါတို့က ဘာကြောင့် နောက်ထပ်စွန့်စားရမှာလဲ"
သွေးအရိပ်ဒေသ၏ စစ်ဧကရာဇ်လင်းက ရှေ့ဆုံးတွင် မတ်တပ်ရပ်၍ ဧကရာဇ်အချို့ကို တားမြစ်နေသည်။
"ဧကရာဇ်လင်း မင်းက ဝင်ဖို့ကြောက်တယ်ဆိုရင်လည်း ငါတို့က ဖိအားမပေးပါဘူး"
မီးဧကရာဇ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ငါက ကြောက်တယ်လို့ ဘယ်သူပြောလဲ။ တျန်းယွမ်မြို့က ကောင်းကင်နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေရတယ်။ လက်ရှိအခြေအနေအရ ခုခံကာကွယ်နိုင်ဖို့ မသေချာဘူး။ စစ်ဧကရာဇ်တစ်ယောက်ကသာ ဒီနေရာမှာသေသွားရင် ကောင်းကင်မူလကြယ်အတွက် ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မယ်"
ဧကရာဇ်လင်းက မျက်မှောင်ကြုတ်၍ တုံ့ပြန်လိုက်သည်။
"ခရမ်းရောင်အလင်းကြယ်ကိုသွားတာက တျန်းယွမ်မြို့ကို ကာကွယ်တာထက် ပိုကောင်းတယ်။ ဒါက ငါတို့နဲ့အနီးဆုံး ကြယ်ဖြစ်တဲ့အပြင် ရှင်းဟွမ်တစ်ခုလည်း ရှိနေတယ်။ ငါတို့သာ သေချာလေ့လာနိုင်ရင် အစွမ်းထက်မဟာမိတ်တစ်ခု ရှာတွေ့နိုင်တယ်"
ရှေးဦးဧကရာဇ်ဆိုသော ကျင့်ကြံသူတစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။ သူကလည်း ခရမ်းရောင်အလင်းကြယ်သို့ သွားရောက်စူးစမ်းလိုသော စစ်ဧကရာဇ်များအနက် တစ်ယောက်အပါအဝင်ဖြစ်သည်။ လက်ရှိတွင် စစ်ဧကရာဇ်များ၌ သုံးဖွဲ့ကွဲနေပြီး ခြောက်ဆယ်ကျော်က မည်သည့်စစ်ဧကရာဇ်ကိုမှ ခရမ်းရောင်အလင်းကြယ်သို့ မသွားစေလိုပေ။ ကျန်ခြောက်ဆယ်က ကြားနေဖြစ်ပြီး နောက်ဆုံး၁၁ယောက်က သွားရောက်စူးစမ်းလိုနေကြသည်။ ထို့ကြောင့် သူတို့က အုပ်စုဖွဲ့၍ အသက်နှင့်ရင်းကာ စွန့်စားရန်ပြင်ဆင်ထားသော်လည်း ဝင်ပေါက်တွင် တားမြစ်ခံခဲ့ရသည်။
"ခရမ်းရောင်အလင်းကြယ်က မဟာမိတ်ဖြစ်မယ်ဆိုတာ သေချာရဲ့လား"
ဧကရာဇ်လင်းက ကန့်လန့်တိုက်နေခဲ့သည်။
"ရှင်းဟွမ်တွေအတွက် ကောင်းကင်နတ်ဆိုးတွေက ဘုံရန်သူဖြစ်တယ်။ သူတို့က သေချာပေါက် မဟာမိတ်ဖြစ်လာလိမ့်မယ်။ မဟာမိတ်ဖြစ်ရင် ကြယ်နှစ်ခုလုံးအတွက် အကျိုးရှိတယ်။ ငါတို့ရဲ့ကြယ်က နတ်အစေခံဆယ်ယောက်နဲ့ စစ်ဧကရာဇ် အယောက်တစ်ရာကျော်သာ ကျန်ရစ်တဲ့အထိ ကျဆင်းလာခဲ့တယ်။ ကောင်းကင်နတ်ဆိုးတပ်ဖွဲ့ကြီး နောက်တစ်ကြိမ် ချီတက်လာရင် ခုခံနိုင်မယ်လို့ရော ဘယ်သူ အာမခံနိုင်လဲ"
မီးဧကရာဇ်က လေးနက်စွာ မေးခွန်းထုတ်လိုက်ပြီး သူ၏အမေးကြောင့် ကျန်စစ်ဧကရာဇ်များလည်း တိတ်ဆိတ်သွားကြသည်။ ကြယ်သခင်ရှင်း၏ခေတ် ကုန်ဆုံးသွားပြီးနောက် အင်အားဆုတ်ယုတ်လာသော ကောင်းကင်မူလကြယ်ကို ကောင်းကင်နတ်ဆိုးများ လာရောက်တိုက်ခိုက်တတ်သော်လည်း အရေအတွက် မများချေ။ အကယ်၍ ရန်သူများသာ တပ်ဖွဲ့လိုက်ချီတက်လာလျှင် ကောင်းကင်မူလကြယ်က ဆက်လက်ခုခံနိုင်မည်မဟုတ်ပေ။
"နတ်အစေခံတွေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြတာပေါ့"
ဧကရာဇ်လင်းသည် သေရမည်ကို အလွန်ကြောက်သူဖြစ်သည်။ ကောင်းကင်မူလကြယ်ပေါ်တွင် စစ်ဧကရာဇ်အဆင့်သုံးသို့ရောက်လျှင် ရှေးဟောင်းတျန်းယွမ်မြို့၌ ကောင်းကင်နတ်ဆိုးများကို ရှေ့တန်းမှတိုက်ခိုက်ရန် ဆင့်ခေါ်ခံရနိုင်ချေရှိသည်။ အများစုက ပြန်ရောက်မလာနိုင်သောကြောင့် သူက အဆင့်တက်အောင် ကျင့်ကြံရမည့်အစား တပည့်များကို သင်ကြားရေး၌သာ အာရုံစိုက်နေခြင်းဖြစ်သည်။ ငကြောက်တစ်ယောက်ဖြစ်သော်လည်း အခြားလူများက သူ့ကို ငကြောက်ဟု ခေါ်ခြင်းကိုမူ လက်မခံနိုင်ချေ။
"ငါတို့ဆယ့်တစ်ယောက်က သေဖို့ ပြင်ထားပြီးပြီ။ ငါတို့စိတ်နဲ့ ငါတို့စွန့်စားမှာကို ဘာကြောင့်တားဆီးနေတာလဲ။ ခရမ်းရောင်အလင်းကြယ်အကြောင်း သတင်းအချက်အလက်တွေ ရမယ်ဆိုရင် ငါတို့သေရတာက ထိုက်တန်တယ်"
ရှေးဦးဧကရာဇ်က လေသံတင်းတင်းနှင့် ပြောလိုက်သည်။ စစ်ဧကရာဇ်ဆယ့်တစ်ယောက်က ကောင်းကင်မူလကြယ်အတွက် မဟာမိတ်ရှာဖွေရန် အသက်ကိုပင် စွန့်လွှတ်စွန့်စားဝံ့သည်။ ခရမ်းရောင်အလင်းကြယ်က ဆန်းကျယ်မှုများပြည့်နှက်နေပြီး ပြန်လမ်းမရှိနိုင်သော်လည်း သူတို့က တစ်ချက်ကလေးပင် တွန့်ဆုတ်မနေကြပေ။ ထိုဆယ့်တစ်ယောက်တွင် သုံးယောက်က တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ကာ ကျန်ရှစ်ယောက်မှာ တာအိုအိမ်တော်နှင့် သိုင်းဒေသကြီးများမှ အကြီးအကဲများဖြစ်ကြသည်။
"မင်းတို့အားလုံးက ကောင်းကင်မူလကြယ်အတွက် စိုးရိမ်တာကို နားလည်ပါတယ်။ ဒါပေမယ့် မင်းတို့ရဲ့အသက်ကိုရင်းဖို့ မလိုအပ်ပါဘူး"
ငကြောက်တစ်ယောက်ဖြစ်သော ဧကရာဇ်လင်းက ခရမ်းရောင်အလင်းကြယ်၏ ဝင်ပေါက်တွင် ပိတ်ရပ်နေခဲ့သည်။
"သေရမှာက မင်း မဟုတ်ပါဘူး။ ငါတို့ကိုတားဆီးဖို့အတွက် မင်းက ဘယ်လောက်အစွမ်းထက်နေလို့လဲ"
မီးဧကရာဇ်မှာ ဒေါသထွက်စပြုလာသဖြင့် လေသံက အေးစက်တင်းမာနေသည်။
"ငါတို့က မစွန့်စားဘူးဆိုရင် ဘယ်လိုလုပ် မဟာမိတ်ရှာဖွေနိုင်မှာလဲ။ ခရမ်းရောင်အလင်းကြယ်က မဟာမိတ်ဖြစ်နေရင် ကောင်းကင်နတ်ဆိုးတွေကို ခုခံတွန်းလှန်ဖို့အတွက် အခွင့်အရေးကြီးတစ်ခု ရလာလိမ့်မယ်"
"ငါတို့မှာ စစ်ဧကရာဇ်တွေအများကြီးရှိသလို အသက်ကယ်ဝှက်ဖဲတွေလည်း ပိုင်ဆိုင်ထားတယ်။ ဒီလောက်လွယ်လွယ်နဲ့ သေစရာအကြောင်း မရှိဘူး"
စစ်ဧကရာဇ်များ အချင်းများနေစဥ် အဝေးမှ ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်က ရောက်ရှိလာကြသည်။
"တစ်ယောက်ယောက်ကတော့ ခရမ်းရောင်အလင်းကြယ်ကို သွားရောက်စူးစမ်းရမယ်။ သူတို့ကို သွားခွင့်ပေးဖို့အတွက် ဆရာက အမိန့်ချမှတ်လိုက်တယ်"
ဧကရာဇ်ချင်က စစ်ဧကရာဇ်များစွာကို တစ်ချက်ဝေ့ကြည့်၍ နတ်ဧကရာဇ်၏ဆုံးဖြတ်ချက်ကို ပြောကြားလိုက်သည်။ ခရမ်းရောင်အလင်းကြယ်၏ဝင်ပေါက်တွင် ပိတ်ဆို့ထားသော စစ်ဧကရာဇ်များမှာ သူ၏စကားကြောင့် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွား၍ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တာအိုအိမ်တော်သခင်နှင့် နတ်အစေခံများပြီးလျှင် နံပတ်တစ်ကျင့်ကြံသူဖြစ်သော စစ်ဧကရာဇ်အဆင့်တစ်ဆယ် ကျင့်ကြံသူ နတ်ဧကရာဇ်က စစ်ဧကရာဇ်များကြားတွင် အာဏာအရှိဆုံးဖြစ်သည်။ ဝင်ပေါက်ကိုပိတ်ဆို့ထားသော စစ်ဧကရာဇ်များမှာ ဘေးတစ်ဖက်တစ်ချက်သို့ လမ်းဖယ်ပေးလိုက်ကြသည်။
"လူတိုင်း သိပ်မကြာခင် ပြန်ဆုံကြတာပေါ့"
မီးဧကရာဇ်က လက်နှစ်ဖက်ဆုပ်၍ ကျန်ကျင့်ကြံသူများကို အရိုအသေပေးနှုတ်ဆက်ကာ ခရမ်းရောင်အလင်းကြယ်၏ဝင်ပေါက်အတွင်း ပထမဆုံး ဝင်ရောက်သွားခဲ့သည်။ သူ၏ပုံရိပ်က လမ်းကြောင်းအတွင်း လှစ်ခနဲပျောက်ကွယ်သွားကာ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
"ငါတို့သေသွားရင် ငါတို့တပည့်တွေနဲ့ မျိုးနွယ်ဝင်တွေကို စောင့်ရှောက်ပေးပါ"
ရှေးဦးဧကရာဇ်ကလည်း ကျန်ဧကရာဇ်များကို နှုတ်ဆက်ပြီး လမ်းကြောင်းအတွင်း တုံ့ဆိုင်းခြင်းမရှိ၊ ဝင်ရောက်သွားခဲ့သည်။ စစ်ဧကရာဇ်ဆယ့်တစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ထွက်ခွာသွားကြသည်။ သူတို့၏မျက်နှာထားများက အလွန်အမင်းတည်ငြိမ် ပြတ်သားနေကာ ပြန်လမ်းမရှိဟုနား လည်ထားသော်လည်း နောက်မတွန့်ခဲ့ကြပေ။
"သတိထားကြပါ"
စစ်ဧကရာဇ်များက ထွက်ခွာသွားသောပုံရိပ်များကို စိုက်ကြည့်ရင်း စိတ်ထဲမှ ဆုတောင်းပေးလိုက်ကြသည်။ အချို့ကမူ ခရမ်းရောင်အလင်းကြယ်၏ဝင်ပေါက်ထံ ခေါင်းညွှတ်၍ အရိုအသေပေးနေကြသည်။ ထိုဆယ့်တစ်ယောက်က သူတို့၏မိတ်ဆွေများဖြစ်ကြပြီး နှစ်ပေါင်းရာချီ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ ဧကရာဇ်လင်းမှလွဲလျှင် တားမြစ်နေသော စစ်ဧကရာဇ်များ၏အကြောင်းအရင်းမှာ သူတို့၏မိတ်ဆွေများ သေဆုံးမည်ကို မမြင်ရက်သောကြောင့်ဖြစ်သည်။
"ငါတို့မှာလည်း အသက်ကယ်ဝှက်ဖဲတွေ ရှိတာပဲ။ တစ်ချက်လောက် သွားကြည့်ရအောင်"
နောက်ထပ်စစ်ဧကရာဇ်နှစ်ယောက်က လမ်းကြောင်းထံ ပျံသန်းဝင်ရောက်၍ ပျောက်ကွယ်သွားပြန်သည်။ မူလတွင် သူတို့က စွန့်စားရန် မစီစဥ်ထားသော်လည်း မီးဧကရာဇ်တို့လူစု ဝင်ရောက်သွားသည်ကို မြင်သောအခါ ဆုံးဖြတ်ချက် ပြတ်သားစွာ ချမှတ်လိုက်ကြသည်။ ထို့နောက် သူတို့၏တပည့်များနှင့် အသက်ကိုရင်း၍စွန့်စားဝံ့သော တာအိုနတ်အဆင့် ကျင့်ကြံသူများလည်း လိုက်ပါသွားကြသည်။
"သေချင်နေတဲ့အရူးတွေ။ ဒီလောက်စစ်ဧကရာဇ်တွေ အများကြီးသေသွားရင် ကောင်းကင်မူလကြယ်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းနေပြီ"
ခရမ်းရောင်အလင်းကြယ်ထံ ဝင်ရောက်သွားသူများကို စိုက်ကြည့်နေသော ဧကရာဇ်လင်း၏မျက်နှာက မည်းနက်နေကာ စိတ်ထဲမှ ကဲ့ရဲ့လိုက်ခြင်းဖြစ်သည်။
လင်မျိုးနွယ်၏အိမ်တော်အတွင်း ရှိနေသော ယဲ့ချန်သည် ကြယ်သလင်းကျောက်မှတဆင့် မီးဝိညာဥ်ကြယ်ပေါ်မှ အဖြစ်အပျက်ကို အစအဆုံးမြင်တွေ့ခဲ့ရသည်။ သေလမ်းမှန်းသိထားသော်လည်း ထိုကျင့်ကြံသူများက ကောင်းကင်မူလကြယ်အတွက် အသက်နှင့်ရင်း၍ စွန့်စားနေကြသောအခါ သူက လေးစားမိသွားသည်။ သူ၏စိတ်ထဲတွင် အတွေးများရှုပ်ထွေးနေပြီး ခဏတာစဥ်းစားပြီးနောက် ဆက်လုပ်ရမည့်အစီအစဥ်ကို နားလည်သွားခဲ့သည်။ ခရမ်းရောင်အလင်းကြယ်ပေါ်တွင် သူနှင့်သက်ဆိုင်သော လျှို့ဝှက်ချက်များရှိကြောင်း ရောင်ယွမ်က ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူကိုယ်တိုင် သွားရောက် အဖြေရှာသင့်ပြီး စွန့်စားရမည်ဖြစ်သော်လည်း နတ်ကိုယ်ပွားကျင့်စဥ်ကြောင့် ကိုယ်ပွားတစ်ခု သေဆုံးသွားလျှင်ပင် အဆိုးဆုံးမှ ကျင့်ကြံမှုတစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားရုံသာ ဖြစ်သည်။
ကျစ်ဟွာတော်ဝင်မြို့ ရှိ ကိုယ်ပွားက တာအိုလက်နက်ကုန်သွယ်ရေးကို တာဝန်ယူထားပြီး အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများကို ကယ်တင်နေသည်။ တတိယတစ်ယောက်က စန်းဟိုင်ကြယ်ပေါ်ရှိ ပင်လယ်ရေအောက်တွင် ကျင့်ကြံနေသည်။ ရန်ယွင်မြို့ရှိ အရေးကိစ္စများကို ယဲ့မျိုးနွယ်ထံ လက်လွှဲထားနိုင်သောကြောင့် ဒုတိယတစ်ယောက်က ခရမ်းရောင်အလင်းကြယ်သို့ ခရီးထွက်နိုင်သည်။ သူက ဤဆုံးဖြတ်ချက်အကြောင်းကို မည်သူမှအသိမပေးဘဲ ဖုံးကွယ်လိုက်သည်။ ထိုအချိန်တွင် ရန်ယွင်မြို့တော်ရှိ ယဲ့ချန်က မီးဝိညာဥ်ကြယ်၏ ကောင်းကင်ဘုံဝင်ပေါက်ထံ ခရီးထွက်လာနေပြီဖြစ်သည်။
ခရမ်းရောင်အလင်းကြယ်သို့ စစ်ဧကရာဇ်များ ထွက်ခွာသွားပြီးနောက် ငါးရက်ကြာသည်အထိ မည်သည့်သတင်းမှ ပြန်ရောက်မလာခဲ့ပေ။ ထို့ကြောင့် ကောင်းကင်မူလကြယ်တစ်ခုလုံး တိတ်ဆိတ်နေကာ ထိုနေရာကိုစူးစမ်းလေ့လာခြင်းက အမှားကြီးတစ်ခု ဖြစ်နေနိုင်သည်။ စစ်ဧကရာဇ်ဆယ့်သုံးယောက်အနက် တစ်ယောက်ပင် ပြန်ထွက်မလာခဲ့သောအခါ မည်သူမှ နောက်ထပ်မစွန့်စားရဲတော့ပေ။ ကောင်းကင်မူလကြယ်က စစ်ဧကရာဇ်အရေအတွက်၏ ဆယ်ပုံတစ်ပုံကို ခဏအတွင်း ဆုံးရှုံးလိုက်ရသဖြင့် လူတိုင်း ပူဆွေးဝမ်းနည်းနေကြသည်။ သတင်းပြန်ရောက်မလာခြင်းက သေဆုံးသွားပြီဟု အဓိပ္ပါယ်မသက်ရောက်သော်လည်း မျှော်လင့်ချက်က စတင်မှေးမှိန်လာသည်။ စစ်ဧကရာဇ်ဆယ့်သုံးယောက်နှင့် တာအိုနတ်အဆင့်ကျင့်ကြံသူများစွာက အန္တရာယ်တစ်စုံတစ်ရာမကြုံရလျှင် တစ်ယောက်တလေမှာ သတင်းပို့ရန် ပြန်ရောက်လာသင့်သည်။ သို့သော်လည်း မည်သူမှ ခရမ်းရောင်အလင်းကြယ်အတွင်းမှ ထွက်မလာခဲ့ပေ။
ထို့ကြောင့် မည်သူမှ ခရမ်းရောင်အလင်းကြယ်အတွင်း နောက်ထပ်မဝင်ရောက်ရဲသော်လည်း ဝင်ပေါက်ကိုမူ အမြဲတမ်း ဖွင့်လှစ်ထားခဲ့သည်။ လူတိုင်း၏ရင်ထဲတွင် သူရဲကောင်းများပြန်အလာကို စောင့်မျှော်လိုသော မျှော်လင့်ချက်များ တည်ရှိနေသည်။ အကယ်၍ တစ်ယောက်နှစ်ယောက်သာ ပြန်လည်ရောက်ရှိလာပြီး အကျိုးအကြောင်းသိရလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။
ရန်ယွင်မြို့မှ ယဲ့ချန်သည် မီးဝိညာဥ်ကြယ်၏ ကောင်းကင်ဘုံအတွင်း ဝင်ရောက်လာခဲ့သည်။ သူက တာအိုအဆင့်ငါးရတနာ ရှောင်တိမ်းပုလဲနှင့် သိုလှောင်အိတ်အနည်းငယ်မှလွဲလျှင် မည်သည့်ရတနာကိုမှ ယူဆောင်မလာခဲ့ပေ။ သူက ခရမ်းရောင်အလင်းကြယ်မှ ပြန်ထွက်လာနိုင်ချေ မရှိသောကြောင့်ဖြစ်သည်။ တာအိုနတ်အဆင့်များနှင့် စစ်ဧကရာဇ်များပင် ပြန်ထွက်မလာနိုင်သောအခါ ရွှမ်အဆင့်မရောက်သေးသော ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်သည့် ယဲ့ချန်အတွက် မျှော်လင့်ချက်မရှိပေ။ သူက ခရမ်းရောင်အလင်းကြယ်အကြောင်း အနည်းငယ်ရှာဖွေနိုင်လျှင်ပင် ကျေနပ်ရပေလိမ့်မည်။ ဤကား နတ်ကိုယ်ပွားကျင့်စဥ်၏ စွမ်းရည်တစ်ခုဖြစ်ပြီး ကိုယ်ပွားတစ်ယောက်က သေဆုံးသွားလျှင်ပင် မြင်ခဲ့ရသမျှမှတ်ဉာဏ်များကို ကျန်ကိုယ်ပွားများထံ လွှဲပြောင်းပေးနိုင်သည်။
ယဲ့ချန်သည် ညာလက်တွင် သစ်ကြားသီးပမာဏရှိသော ငွေရောင်ပုလဲတစ်လုံးကို အဆင်သင့်ဆုပ်ကိုင်ထားသည်။ ၎င်းထက်တွင် ပုံသဏ္ဍာန်မျိုးစုံရှိ၍ ရှုပ်ထွေးသော အစီအရင်ရုန်းများ ရေးထွင်းထားပြီး အဆင့်ငါးတာအိုရတနာ ရှောင်တိမ်းပုလဲ ဖြစ်သည်။ ၎င်းက ထွက်ပြေးလွတ်မြောက်နိုင်သော စွမ်းရည်ရှိပြီး ယေဘူယျအားဖြင့် အဆင့်သုံးရတနာတစ်ခုဖြစ်သော်လည်း သူ၏ဝိညာဥ်များကို ဝါးမျိုပြီးနောက် အဆင့်ငါးရတနာတစ်ခု ဖြစ်လာခဲ့သည်။ အဆင့်ငါးရတနာများက စျေးကွက်အတွင်း အလွန်ရှားပါးပြီး အဖိုးမဖြတ်နိုင်သဖြင့် ပိုက်ဆံရှိလျှင်ပင် ဝယ်ယူရန်မလွယ်ကူပေ။ ခရမ်းရောင်အလင်းကြယ် ရှာဖွေရေးခရီးစဥ်အတွက် ၎င်းက အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်ပေသည်။
သူက ၎င်းကို ဝိညာဥ်အသိစိတ်ဖြင့် အသက်သွင်းနိုင်ပြီး မိုင်တစ်ထောင်အဝေးသို့ ချက်ချင်းထွက်ပြေး လွတ်မြောက်နိုင်ကာ သဲလွန်စလည်း မကျန်ပေ။ အကယ်၍ သူက ဤရတနာဖြင့်ပင် ထွက်မပြေးနိုင်လျှင် တဟုန်ထိုးလျှပ်စီးကဲ့သို့ လျှို့ဝှက်ကျင့်စဥ်များလည်း အသုံးမဝင်နိုင်ချေ။ ယဲ့ချန်သည် ခရမ်းရောင်အလင်းကြယ်၏ဝင်ပေါက်ထံ ဦးတည်ပျံသန်းနေစဥ် အရှိန်အဝါအချို့၏ ပစ်မှတ်ထားခြင်း ခံလိုက်ရသည်။ ထိုဖိအားများက အလွန်သန်မာသောကြောင့် ပိုင်ရှင်မှာ တာအိုနတ်အဆင့်များ ဖြစ်နိုင်လေသည်။