ထွက်ပြေးရခြင်း
Vol. 44 Ch. 610
ပုံရိပ်ငါးခုက လှစ်ခနဲထွက်ပေါ်လာပြီး ယဲ့ချန်ဘေးတွင် ဝိုင်းရံထားလိုက်ကြသည်။ သူတို့က မောက်မာသော မျက်နှာထားကိုယ်စီနှင့် သံချပ်ကာများ ဝတ်ဆင်ထားပြီး ခရမ်းရောင်သံချပ်ဝတ်ပိုင်ရှင်မှာ ယိရန်ဖြစ်ကြောင်း သူက တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။
"ဆရာက ငါ့ကို မီးဝိညာဥ်ကြယ်ပေါ်ကနေ စစ်ဧကရာဇ်တွေပြန်အလာကိုစောင့်ဖို့ တာဝန်ပေးခဲ့တယ်။ မင်းလိုကောင်မျိုးကို မမျှော်လင့်ဘဲတွေ့ရမယ်လို့ မထင်ထားဘူး။ ဟား ဟား ယဲ့ချန် မင်းကိုယ်တိုင် ငါ့လက်ထဲကို ရောက်လာတာပဲ။ မင်းသေရင်တောင် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ပေတော့"
ယိရန်သည် ယဲ့ချန်ကိုမြင်သောအခါ မျက်လုံးများ အေးစက်တင်းမာလာပြီး အော်ဟစ်ရယ်မောလိုက်သည်။ သူ၏အဖော်များမှာ ဆရာတူညီအစ်ကိုများဖြစ်ကြသည်။ ဧကရာဇ်လင်းက သူ့တပည့်များကို မီးဝိညာဥ်ကြယ်ပေါ်တွင် အစောင့်ချထားခြင်းမှာ စစ်ဧကရာဇ်များပြန်အလာကို အမှန်တကယ်စောင့်ဆိုင်းရန် မဖြစ်နိုင်ပေ။ မကောင်းသော အကြံအစည်တစ်ခုခု ရှိနေနိုင်သည်။
"တာအိုနတ်အဆင့်ငါးယောက်က ချီပင်လယ်အဆင့်တစ်ယောက်ကို တိုက်ခိုက်ကြတော့မယ်ပေါ့။ လူအများသိသွားရင် လှောင်ရယ်စရာဖြစ်မှာ မကြောက်ဘူးလား"
ယဲ့ချန်က လှောင်ပြုံးပြုံး၍ ရှောင်တိမ်းပုလဲကို အချိန်မရွေး အသက်သွင်းနိုင်ရန် အသင့်ပြင်ထားလိုက်သည်။ အဆင့်ငါးတာအိုရတနာဖြင့်ဆိုလျှင် တာအိုနတ်အဆင့်များပင် သူ့ကိုလိုက်ဖမ်းရန် ခက်ခဲပေလိမ့်မည်။ သူက အသက်ကိုစွန့်မည်ဟု ဆုံးဖြတ်ထားသော်လည်း ထိုက်တန်သော သေခြင်းမျိုး ဖြစ်ရပေလိမ့်မည်။
"ယဲ့ချန် ဒါက မင်းရဲ့ကိုယ်ပွားတစ်ခုဆိုတာကို ငါ သိတယ်။ ဒါပေမယ့် မင်းရဲ့ကိုယ်ပွားကိုသတ်ပြီး ငါ့ဒေါသကို ဖြေရမယ်။ အနာဂတ်မှာ မင်းရဲ့ကိုယ်ပွားတွေအားလုံးကို လိုက်သတ်ပြီး ငရဲကို ပို့ပေးလိုက်မယ်။ ငါ့လက်ထဲမရောက်လာအောင်သာ ဆုတောင်းနေပေတော့"
ယဲ့ချန်က သူ့ကို ကြောက်ရွံ့ဟန်မပြသောအခါ ယိရန်မှာ ဒေါသတကြီးဖြစ်လာပြီး အရှင်လတ်လတ် ဝါးစားပစ်လိုနေသည်။ ယဲ့ချန်ကြောင့် သူ၏ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားရုံသာမက လင်ယု၏လက်ထဲတွင် သေလုမျောပါးဖြစ်ခဲ့ရသောအခါ ယဲ့ချန်က သူ၏ဖခင်ကို သတ်သွားသကဲ့သို့ မုန်းတီးနေခဲ့သည်။ ထို့ကြောင့် သူက အခွင့်အရေးရလာသောအခါ လက်စားချေရန် မစောင့်နိုင်တော့ပေ။
"ညီလေးယိရန် မင်းက ဘာလို့စောက်စကားများနေတာလဲ။ လုပ်စရာရှိတာ မြန်မြန်လုပ်စမ်း"
ယိလင်းက ယဲ့ချန်ကို သေလူပမာသဘောထား၍ ယိရန်ကို ငေါက်ငမ်းလိုက်သည်။
"သေစမ်း"
မီးဝိညာဥ်ကြယ်ပေါ်သို့ ရောက်နေသူမှာ ကိုယ်ပွားသာဖြစ်သောကြောင့် သတ်လိုက်လျှင်လည်း ယိရန်၏အမုန်းတရားများ ကွယ်ပျောက်သွားမည် မဟုတ်ပေ။ သို့သော်လည်း သူက သွေးဆာရက်စက်စွာဖြင့် ချီစွမ်းအင်လက်ကြီးတစ်ဖက် ဖန်တီး၍ ယဲ့ချန်ထံ တောင်ကြီးတစ်လုံး ကျဆင်းလာသကဲ့သို့ ရိုက်ချလိုက်သည်။
"ငါ့ကိုသတ်ဖို့ ဒီလောက်လွယ်မယ် ထင်နေတာလား"
လက်ဝါးကြီးထံမှ ကြောက်မက်ဖွယ်ဖိအားကို ခံစားနေရသော်လည်း ယဲ့ချန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ရှောင်တိမ်းပုလဲကို အသက်သွင်းလိုက်သည်။ သူ့ကို ၎င်းက စုပ်ယူသွားပြီးနောက် အလင်းတန်းတစ်ခုအဖြစ် နေရာမှ ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။ ဧရာမလက်ဝါးကြီးကြောင့် မီးဝိညာဥ်ကြယ်၏ မျက်နှာပြင်ထက်တွင် ဖုန်မှုန့်များ ထွက်ပေါ်လာသော်လည်း ပစ်မှတ်က ပျောက်ကွယ်သွားပြီဖြစ်သည်။
"ရှောင်တိမ်းပုလဲ"
ယိရန်က ကျိန်ဆဲလိုက်ပြီး ယဲ့ချန်ကို လိုက်ဖမ်းရန်အတွက် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ယခုတစ်ခေါက်သာ ယဲ့ချန်လွတ်မြောက်သွားလျှင် သူက သေချာပေါက် ရူးသွားနိုင်သည်။
"ဒီတာအိုရတနာရဲ့ အရှိန်နဲ့ဆိုရင် အနည်းဆုံး အဆင့်သုံးအထက်ဖြစ်လိမ့်မယ်။ ဒီကောင့်မှာ အဖိုးတန်ရတနာတစ်ခု ရှိနေမယ်လို့ မထင်ထားဘူး"
ယိလင်းက မျက်မှောင်ကြုတ်၍ သုံးသပ်လိုက်သည်။
"ဒီကောင်နဲ့ လင်ယုက ရင်းနှီးတော့ အရမ်းချမ်းသာတယ်။ လင်မျိုးနွယ်က တာအိုလက်နက်ကုန်သွယ်ရေးကြောင့် ပိုက်ဆံတွေ အများကြီးဝင်နေတယ်"
ယိရန်က မုန်းတီးစွာ ပြောလိုက်သည်။ သူက ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေချိန်တွင် ရန်သူများက အောင်မြင်မှုများ ဆက်တိုက်ရရှိနေပြီး ပိုက်ဆံများ အလုံးအရင်း ရှာဖွေနိုင်နေသည်။ ထိုနှစ်ယောက်အကြောင်း တွေးမိလျှင် သူက နေ့တိုင်း စိတ်ဓာတ်ကျနေခဲ့ပြီး ကွာခြားမှုကြီးမားလေလေ အမုန်းတရားက ပို၍များပြားလာလေလေဖြစ်သည်။
"ဒီခွေးကောင်ဆီမှာ ရတနာတွေ အများကြီးရှိလိမ့်မယ်။ သူ့ကိုသတ်ရင် သေချာပေါက် အမြတ်ထွက်လိမ့်မယ်"
သူက အံကြိတ်၍ ဆရာတူညီအစ်ကိုများကို ယဲ့ချန်အား လိုက်သတ်ရန် သွေးထိုးလှုံ့ဆော်လိုက်၏။ သူ၏စကားကြောင့် အခြားလူများက မျက်လုံးများတောက်ပလာပြီး ရှောင်တိမ်းပုလဲတစ်ခုတည်းကပင် အလွန်အဖိုးတန်နေပြီဖြစ်သည်။
"ဒီကောင့်မှာ ရှောင်တိမ်းပုလဲ ရှိနေတယ်။ ငါတို့က လိုက်မမီမှာ စိုးရိမ်ရတယ်"
ယိရွှမ်က ခဏတာစဥ်းစား၍ ဝင်ပြောလိုက်ခြင်းဖြစ်သည်။
"ဒီကောင်က ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူဆိုတော့ မီးဝိညာဥ်ကြယ်ပေါ်က ဝိညာဥ်သားရဲတွေကိုသတ်ဖို့ ပြဿနာရှိမှာ မဟုတ်ဘူး။ ဒီကောင်က နတ်ကိုယ်ပွားကျင့်စဥ်ကို လေ့ကျင့်ထားတဲ့အပြင် တာအိုရတနာတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတော့ အသတ်ခံရမှာကို စိုးရိမ်မနေလောက်ဘူး။ သူက ခရမ်းရောင်အလင်းကြယ်ကို စူးစမ်းဖို့ ရောက်လာတာဖြစ်ရမယ်။ ငါက ကျန်တဲ့ညီအစ်ကိုတွေကို ခရမ်းရောင်အလင်းကြယ်ဝင်ပေါက်နဲ့ မီးဝိညာဥ်ကြယ်ထွက်ပေါက်မှာ ပိတ်ဆို့ခိုင်းထားလိုက်မယ်။ ဒီကောင်ချောင်ပိတ်သွားရင် ဘယ်ကိုထွက်ပြေးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"
ယိရန်က အကြံထုတ်၍ ဆရာတူညီအစ်ကိုများထံ ချက်ချင်းသတင်းပို့လိုက်သည်။
ရှောင်တိမ်းပုလဲသည် ယဲ့ချန်ကိုသယ်ဆောင်၍ ခဏအတွင်း မိုင်တစ်ထောင်အဝေးသို့ ရောက်ရှိသွားခဲ့သည်။ သူက ခရမ်းရောင်အလင်းကြယ်၏ဝင်ပေါက်ကို အာရုံခံလိုက်သောအခါ ပုံရိပ်လေးငါးခုက တစ်ခုခုကို စောင့်ဆိုင်းနေဟန်ဖြင့် အသင့်ရှိနေကြောင်း တွေ့လိုက်ရသည်။ အကယ်၍ သူက ဝင်ပေါက်ကို အသက်သွင်းလိုလျှင် ရှောင်တိမ်းပုလဲအပြင်သို့ ထွက်ရမည်ဖြစ်သော်လည်း ယိရန်၏ကျင့်ကြံသူများလက်ထဲ ကျရောက်သွားနိုင်သည်။ သူက ဝင်ပေါက်ကို အသက်သွင်းရန် အခွင့်အရေးမရှိနိုင်ချေ။ ယိရန်နှင့် ဆရာတူညီအစ်ကိုများက ခရမ်းရောင်အလင်းကြယ်ဝင်ပေါက်ကိုရော မီးဝိညာဥ်ကြယ်ထွက်ပေါက်ကိုပါ ပိတ်ဆို့ထားသောကြောင့် သူက အတွင်း၌ ပိတ်မိနေခဲ့သည်။
"ဒီခွေးကောင်နဲ့မှ လာတိုးရတယ်လို့ကွာ။ ကံဆိုးလိုက်တာ"
ခရမ်းရောင်အလင်းကြယ်အတွင်း မဝင်ရောက်နိုင်လျှင် ယိရန်လက်ချက်ဖြင့် အသတ်ခံရရန် သေချာနေသောကြောင့် သူက အကျပ်ရိုက်နေသည်။ သူက အသတ်မခံရခင် ရှောင်တိမ်းပုလဲကို ဖျက်ဆီးပစ်ရန် ကြံစည်ထားပြီး ရန်သူများကို အမြတ်ထုတ်ခွင့်ပေးမည်မဟုတ်ပေ။ ဝင်ပေါက်ထွက်ပေါက်များကို ပိတ်ဆို့ပြီးနောက် ယိရန်နှင့် ကျင့်ကြံသူအချို့က ရှာဖွေရေးကို စတင်လိုက်ကြသည်။
"ယဲ့ချန် မင်း ဘယ်ကိုပြေးမှာလဲ။ ထွက်လာပြီး အသေခံစမ်း"
ယိရန်၏ ဒေါသတကြီးကြုံးဝါးသံက မီးဝိညာဥ်ကြယ်၏ ကောင်းကင်ဘုံတစ်ခုလုံးသို့ ပျံ့နှံ့သွားသောကြောင့် ဝိညာဥ်သားရဲများမှာ ကြောင်ကိုတွေ့လိုက်ရသော ကြွက်များကဲ့သို့ ထွက်ပြေးသွားကြသည်။ ယဲ့ချန်ကိုသယ်ဆောင်ထားသော ရှောင်တိမ်းပုလဲက ဝိညာဥ်သားရဲတစ်ကောင်၏ ဝမ်းဗိုက်အောက်တွင် ပုန်းကွယ်ကာ လိုက်ပါသွားခဲ့သည်။ ၎င်းက အသက်ဘေးအတွက် ပြေးလွှားနေရသောကြောင့် မည်သည်ကိုမှ သတိမထားမိပေ။
"ဒီကောင် ဘယ်ရောက်သွားတာလဲ"
"ငါလည်း ရှာမတွေ့ဘူး"
"ဒီကောင့်ကို မြန်မြန်ရှာရမယ်။ လင်မျိုးနွယ်က စစ်ကူတွေပို့လာရင် ပြဿနာကြီးသွားလိမ့်မယ်"
သူတို့၏စိတ်ထဲတွင် ယဲ့ချန်ထွက်ခွာလာသည့် အကြောင်းကို လင်မျိုးနွယ်မှ သိရှိထားမည်ဟု ထင်မှတ်နေကြသည်။ သူတို့က ကောင်းကင်တွင် လှည့်ပတ်ပျံသန်း၍ အရောင်များ တလက်လက်တောက်နေသော မျက်ဝန်းများဖြင့် မီးဝိညာဥ်ကြယ်၏မျက်နှာပြင်ကို တစ်လက်မမကျန် အာရုံခံနေကြသည်။ ကောင်းကင်မူလတိုက်ကြီးမှ ထွက်ခွာလာလျှင် တာအိုနတ်အဆင့်များက နတ်ဘုရားများပမာ အလွန်အမင်းအစွမ်းထက်သွားကြသည်။ သူတို့က ကြယ်တစ်ခုလုံးကို မဖျက်ဆီးနိုင်သော်လည်း အပေါ်ယံမျက်နှာပြင်ကို ကြီးမားစွာထိခိုက်စေနိုင်သော အစွမ်းမျိုး ပိုင်ဆိုင်ထား၏။ ယဲ့ချန်ကို ရှာမတွေ့သောအခါ ယိရန်က ရူးသွပ်စပြုလာပြီး လက်ဝါးချက်များ ဆက်တိုက်ထုတ်ဖော်နေသည်။ မြေပြင်က တဘုန်းဘုန်းပေါက်ကွဲနေပြီး စွမ်းအားများအောက်တွင် ဝိညာဥ်သားရဲများမှာ နာကျင်စွာ အော်ဟစ်ရင်း အမှုန့်ဖြစ်သွားကြသည်။
"ဒီကောင်တွေက ရူးနေပါလား"
ယဲ့ချန်က ရှောင်တိမ်းပုလဲကို ထိန်းချုပ်၍ အလင်းတန်းတစ်ခုအဖြစ် ပုန်းကွယ်နေရာမှ ထွက်ပြေးလိုက်ရပြန်သည်။
"ဟိုမှာဟေ့။ မင်း ဘယ်ကိုထပ်ပြေးနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ယိရန်က အေးစက်စက်ကြုံးဝါး၍ ၎င်းကို လက်ဝါးဖြင့် လှမ်းရိုက်လိုက်၏။ တာအိုနတ်အဆင့်တစ်ယောက်က အလွန်လျင်မြန်သောကြောင့် ရှောင်တိမ်းပုလဲက ယာယီရှောင်တိမ်းနိုင်သော်လည်း ယိရန်၏ဆရာတူညီအစ်ကိုများ ရောက်လာလျှင် လွတ်မြောက်ရန် ခဲယဥ်းသွားနိုင်သည်။ ပတ်ဝန်းကျင်တွင် သူတို့က ချီစွမ်းအင်အတားအဆီးများ ပြုလုပ်လိုက်သောကြောင့် လေထုက တင်းကျပ်လာသည်။ သို့သော် ယဲ့ချန်က ၎င်းတို့ကို ရှောင်တိမ်းပုလဲနှင့် တိုက်ရိုက်ထိုးဖောက်၍ ထွက်ပြေးနိုင်ခဲ့သည်။
"မကောင်းတော့ဘူး။ ငါ အဖမ်းခံရတော့မယ်။ အရေးအကြောင်းဆိုရင် ရှောင်တိမ်းပုလဲကို ဖောက်ခွဲလိုက်တော့မယ်"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ သွေးအေးအေးနှင့် အဖြေရှာနေသည်။ အဆင့်ငါးတာအိုရတနာကို ပိုင်ဆိုင်ထားသော်လည်း ချီပင်လယ်အဆင့်တစ်ယောက်က တာအိုနတ်အဆင့်အုပ်စုတစ်ခုကို တွန်းလှန်ရန် မလွယ်ချေ။ ရှောင်တိမ်းပုလဲကိုဖျက်ဆီးရလျှင်ပင် သူက နောက်တစ်ခုထပ်ဝယ်နိုင်လောက်အောင် ချမ်းသာသောကြောင့် နှမြောတွန့်တိုမနေခဲ့ပေ။ ၎င်းက ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီကဲ့သို့ အဆင့်တက်နိုင်သော တာအိုရတနာမျိုး မဟုတ်ချေ။
"ငါက ဒါကိုဖောက်ခွဲလိုက်ရင် မင်းတို့ကောင်တွေ အနည်းဆုံးတော့ ဒဏ်ရာအပြင်းအထန်ရသွားမှာ သေချာတယ်"
ယဲ့ချန်သည် ရှောင်တိမ်းပုလဲကိုဝယ်ယူစဥ်က အဆင့်သုံးသာဖြစ်ပြီး ၎င်းက လက်နက်ဝိညာဥ်မရှိသော သာမန်ရတနာဖြစ်သောကြောင့် အဆုံးရှုံးခံနိုင်သည်။ ကိုယ်ပွားတစ်ခုသေဆုံးသွားလျှင် သူ၏ကျင့်ကြံဆင့် သုံးဆယ်ရာခိုင်နှုန်း ထိခိုက်ရမည့်အချက်ကသာ ခေါင်းကိုက်စရာဖြစ်နေခဲ့သည်။ သို့သော်လည်း သူက ပြန်လည်ကျင့်ကြံ၍ ရပေသည်။ တာအိုနတ်အဆင့်ငါးယောက်က အတားအဆီးများ ပြိုင်တူဖန်တီး၍ ဘက်ပေါင်းစုံမှဝိုင်းထားသောအခါ လွတ်မြောက်ရန် အလွန်ခက်ခဲနေပြီဖြစ်သည်။
"မင်း ဘယ်ကိုပြေးမလဲ ကြည့်ရအောင်"
ယိရန်က ဆိုးယုတ်စွာပြုံး၍ အားကုန်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ယဲ့ချန်က ရှောင်တိမ်းပုလဲကို ဖောက်ခွဲရန်ပြင်လိုက်စဥ် မိုးကုပ်စက်ဝိုင်းထံမှ မိုးတိမ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းက အတားအဆီးများကိုကျော်ဖြတ်၍ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာကာ ရှောင်တိမ်းပုလဲကို သယ်ဆောင်ပြီး အဝေးသို့ ထွက်ခွာသွားခဲ့သည်။
"ဘာတွေဖြစ်သွားတာလဲ"
ယိရန်က ထိတ်လန့်သွားစဥ် မိုးတိမ်က ပုလဲကိုဖုံးအုပ်၍ လျင်မြန်စွာ ထွက်ခွာသွားပြီဖြစ်သည်။ ထိုမိုးတိမ်အတွင်း ပုလဲ၏တည်နေရာကို သူက အာရုံခံနိုင်စွမ်း မရှိတော့ပေ။
"ဘယ်သူလဲကွ"
ယိရွှမ်က အော်ဟစ်ကြုံးဝါး၍ ဓားဖြင့် မိုးတိမ်ကို ခုတ်ပိုင်းလိုက်သည်။ အစွမ်းထက်သောဓားချက်က ၎င်းကို တစ်ဝက်ကွဲထွက်သွားစေသော်လည်း ပျောက်ကွယ်မသွားသည့်အပြင် ခဏအတွင်း အကောင်းပကတိ ပြန်ဖြစ်သွားခဲ့သည်။
"အတူတူတိုက်ခိုက်ကြ"
ယိရန်က အော်ဟစ်၍ မိုးတိမ်ထံ တိုက်ခိုက်လိုက်သောအခါသူ ၏ဆရာတူညီအစ်ကိုများကလည်း ဆက်တိုက်လိုက်လံ တိုက်ခိုက်ခဲ့ကြသည်။
"ဘန်း ဘန်း ဘန်း"
မိုးတိမ်က ထပ်ကာထပ်ကာ ကွဲထွက်သွားသော်လည်း ရှောင်တိမ်းပုလဲကို သယ်ဆောင်ရင်း ပြန်လည်စုစည်းလာနေသည်။ ၎င်းက အလွန်လျင်မြန်သောအရှိန်ဖြင့် ရန်သူများကို မျက်ခြည်ဖြတ်ကာ အဝေးသို့ ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချန်ကိုသတ်နိုင်ပြီဟု အပိုင်တွက်ထားသော ယိရန်မှာ တစ်ဖက်လူက ထပ်မံလွတ်မြောက်သွားသောအခါ ဒေါသထွက်လွန်းသဖြင့် အဆုတ်များပင် ကွဲထွက်မတတ် ဖြစ်နေခဲ့သည်။ သူတို့က မီးဝိညာဥ်ကြယ်တစ်ခူလုံးကို လိုက်လံရှာဖွေခဲ့သော်လည်း မိုးတိမ်က ထူးဆန်းစွာဖြင့် လုံးဝပျောက်ကွယ်သွား၍ သဲလွန်စတစ်ခုတလေပင် မကျန်ရစ်ခဲ့ပေ။ ယိရန်မှာ လက်သီးကိုဆုပ်၍ အံကြိတ်ထားသောကြောင့် သွားများမှပင် အသံများထွက်လာသည်။
ယဲ့ချန်မှာ ချီပင်လယ်အဆင့် တစ်ယောက်သာဖြစ်သော်လည်း တာအိုနတ်အဆင့် ကျင့်ကြံသူဖြစ်သော ယိရန်အတွက် လက်စားချေရန် အလွန်တရာခက်ခဲနေခဲ့လေသည်။
"ဒီကောင့်ကိုရှာတွေ့ဖို့ မီးဝိညာဥ်ကြယ်ကိုပါ မြေလှန်ပစ်မယ်ကွ"
ယိရန်က ဒေါသတကြီးအော်ဟစ် ကြုံးဝါးလိုက်လေသည်။