ကိုယ်ပွား ဖန်တီးခြင်း
Vol. 7 Ch. 86
ပိုင်လင်ကား စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။ သူမသည် နေသွေးနီနီဂိုဏ်း အပါအဝင် လူသား ကျင့်ကြံခြင်း လောက၌ ကျင်လည်ခဲ့သူ ဖြစ်ရာ သေမျိုး နတ်ဘုရားများ မည်မျှ ကြီးကျယ်ခမ်းနားသည်ကို သိရှိထားသည်။ လူဦးရေ သန်းရာချီရှိသည့် ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် သေမျိုး နတ်ဘုရား အရေအတွက်မှာ တစ်ထောင် မကျော်ချေ။
သို့တိုင်အောင် သူမ ပစ်လွှတ်လိုက်သည့် ရွှေရောင် အလင်းတန်းလေးမှာ သေမျိုးနတ်ဘုရား တစ်ပါးကို အသာအယာ သတ်ပစ်နိုင်ခဲ့သည်။ ထိုအရာက ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။
ပိုင်လင် စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း အာရုံပြန်စိုက်လိုက်၏။ သူမသည် ကိုယ့် အကန့်အသတ်ကို သိလိုပေသည်။ စွမ်းအား အစစ်အမှန်ကို ရှာဖွေလိုသည်။
တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာလည်း ပိုင်လင်အား မျက်ချေမပြတ် အာရုံစိုက်နေ၏။ သူ၏ မျက်လုံးများမှာ အရောင် ကိုးခုဖြင့် တလက်လက် တောက်ပနေသည်။
ဝိညာဥ်အစီအရင်... ဒြပ်စင်ပေါင်းစု မျက်လုံး...
ဝေ့ဝူယင်သည် ထိုအစီအရင်ဖြင့် ပိုင်လင်၏ တစ်ကိုယ်လုံးကို ထွင်းဖောက် မြင်တွေ့နေရ၏။ သူ၏ စိတ်နှလုံးမှာ အနည်းငယ် တုန်ရီနေသည်။ ပိုင်လင်၏ သွေးလွှတ်ကြောများ၊ သွေးပြန်ကြောများနှင့် နှလုံးတို့မှာ ရွှေရောင် နေတစ်စင်း ကဲ့သို့ အရှိန်တညီးညီး တောက်လောင်နေသည်ကို သူ မြင်တွေ့နေရသည် မဟုတ်ပါလော။
ထိုရွှေရောင်စွမ်းအင်များမှာ အလွန် ပူပြင်းသယောင် မြင်တွေ့ရသည့်တိုင် ပိုင်လင်၏ သွေးကြော နံရံများနှင့် ခန္ဓာကိုယ်ဆဲလ်များမှာမူကား စိုးစိမျှပင် ထိခိုက်မှု မရှိပါချေ။ ယင်းတို့ကပင် တစ်ဖန် ပြန်လည်၍ ရွှေရောင်စွမ်းအင်များကို ထိန်းချုပ်ထားသေး၏။
ခန္ဓာကိုယ် အတွင်း စွမ်းအင်များကို လှည့်ပတ် စီးဆင်းစေသည့် ချီနှလုံးသားနှင့် မတူညီစွာပင် ပိုင်လင်၏ စွမ်းအင်များမှာ သွေးကြောများနှင့် နှလုံး အတွင်းတွင် တည်ရှိနေပေသည်။ စွမ်းအင်များ စုစည်းလာသည်နှင့် အမျှ ပိုင်လင်၏ ခန္ဓာကိုယ်တွင် ရွှေရောင် မီးတောက်များ တောက်လောင်လာ၏။
ဘုန်း...
ဝေ့ဝူယင် အချိန်မီ မတုန့်ပြန်နိုင်ခင်မှာပင် အပူလှိုင်းနှင့် စွမ်းအား ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပေါ်လာ၏။ ဝေ့ဝူယင်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရကာ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းသိမ်းနိုင်လိုက်သည်။
“မဆိုးဘူး...”
သူက ခေါင်းတစ်ချက် ညိတ်ကာ ပိုင်လင်ကို ကြည့်လိုက်သည်။ ရုတ်တရက် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ၏ နှလုံးသားတစ်ခုလုံးမှာ တုန်ရီသွားလေ၏။
“လှလိုက်တာ...”
ထိုအခိုက်၌ ပိုင်လင်၏ ခန္ဓာကိုယ် တစ်ခုလုံးကား ရွှေရောင် မီးတောက်များဖြင့် ကြယ်တစ်စင်း အလား တောက်ပနေသည်။ ထိုအရာက အဆုံးမဲ့ မှောင်မိုက်သော လေဟာနယ်အစား ရွှေရောင် အစက်အပြောက်များနှင့် ကြယ်စုံလင်သည့် ကောင်းကင်ကြီးကို မြင်တွေ့လိုက်ရသလိုပင်။ ဝေ့ဝူယင် အနေဖြင့် ထိုကဲ့သို့ အံဝင်ခွင်ကျ ကြီးကျယ် ခမ်းနားသည့် လှပမှုမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
ပိုင်လင်ကား ဒဏ္ဍာရီများထဲမှ ဖီးနစ်ငှက်တစ်ကောင်လိုပင်။ ဝေ့ဝူယင်သည် သူမ၏ ခန္ဓာကိုယ်၌ တောက်ပနေသည့် ရွှေရောင် မီးတောက်များ၏ စွမ်းအားကို ခံစားမိ၏။ ထိုအရာက အင်ဖာနို ချော်ရည်ပူချီကို မွေးဖွားကာ ထိုချီဖြင့် ခန္ဓာကိုယ်ကို ကျင့်ကြံထားသည့် သူ့ကိုပင် ခြိမ်းခြောက်နိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထားသည်။
“တိုက်ရိုက် ထိတွေ့တာမျိုး မပြောနဲ့... မင်းရဲ့ မီးတောက်တွေ အနားကို သွားတာနဲ့တင် ချီပျစ်ခဲခြင်း အဆင့်ငါး ကျင့်ကြံသူတွေတောင် ပြာဖြစ်သွားမှာ သေချာတယ်”
ဝေ့ဝူယင်သည် ဝိညာဥ်အာရုံဖြင့် မီးတောက်များကို သေချာစွာ ဆန်းစစ်နေခဲ့၏။ သူ ကြည့်ရှုနေချိန်မှာပင် မီးတောက်မှာ စတင် အရောင်ပြောင်းလဲလာသည်။ မကြာခင်မှာပင် မီးတောက်များမှာ ရွှေရောင်မှ အဖြူ ဆွတ်ဆွတ် အရောင် ဖြစ်သွားခဲ့၏။ ပတ်ဝန်းကျင်အား လောင်ကျွမ်းကာ သူ့ကိုပင် ဖိအားပေးနိုင်သည့် အပူစွမ်းအားများကား မရှိတော့ချေ။ ထိုနေရာတွင်... သိမ်မွေ့ကာ သက်တောင့်သက်သာ ရှိသော နွေးထွေးမှု တစ်ခုက အစားထိုး နေရာယူသွားခဲ့ပြီ ဖြစ်သည်။
“အသက်အင်အား...”
ဝေ့ဝူယင်မှာ နောက်တစ်ကြိမ် အံ့အားသင့် သွားရပြန်၏။ ထိုစွမ်းအားကား သူ့နှင့် ရင်းနှီးသော စွမ်းအား တစ်ခု ဖြစ်သည်။ ဧဒင်သစ်ပင်သည် သူ၏ နှလုံးသားအတွင်း အတွင်း အမှတ် တစ်ခု ချန်ရစ်ကာ အကန့်အသတ်မဲ့ သစ်သား စွမ်းအင်နှင့် အသက်အင်အားတို့ကို ထည့်သွင်းပေးခဲ့သည်။ ပိုင်လင်ထံမှ ယခု ထွက်ပေါ်နေသည့် အဖြူရောင် မီးတောက်များမှာ ထိုကဲ့သို့ စွမ်းအားမျိုးပင်...။
ပိုင်လင်မှာ ဝေ့ဝူယင် အနား ဖြည်းညင်းစွာ ချည်းကပ်လာ၏။ ဝေ့ဝူယင်မှာ ကြောက်ရွံ့ခြင်း မရှိချေ။ သူက သူမအား ထိတွေ့လိုက်ရာ သူ၏ လက်မှာ အဖြူရောင် မီးတောက်များကို ဖြတ်သန်းသွားသည်။ ဝေ့ဝူယင်သည် အမှန်တကယ်အပင် အသက်အင်အား စွမ်းအင်များကို ခံစားလိုက်ရသည်။
“ဒါဆိုရင် မင်းက စွမ်းအား နှစ်မျိုးကို ပိုင်ဆိုင်ထားတာပေါ့”
ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ တစ်မျိုးမှာ အရာအားလုံးကို လောင်ကျွမ်းပြာချ ပစ်နိုင်သည့် စွမ်းအား ဖြစ်ကာ အခြားတစ်မျိုးမှာမူ ဒဏ်ရာဟူသမျှကို ပြန်လည် ကုစားနိုင်စွမ်း ရှိသည့် အသက်အင်အား ဖြစ်သည်။ ထိုအရာက ဖီးနစ်ငှက်ကို ပို၍ သတိရစေ၏။
“ဒဏ္ဍာရီများတွေရဲ့ အဆိုအရဆိုရင် ငှက်အားလုံးက ကမ္ဘာဦး ဖီးနစ်ငှက်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြတယ်တဲ့... ပိုင်လင်ရေ... ငါထင်တာတော့ မင်း အဲဒီသွေးမျိုးဆက်ကို နှိုးဆွနိုင်လိုက်တာ ဖြစ်လိမ့်မယ်”
ပိုင်လင်မှာလည်း ဝေ့ဝူယင်နှင့် ထပ်တူပင် အံ့အားသင့် နေခဲ့၏။ သူမ၏ မီးတောက်များမှာ ရွှေရောင်မှ နေ၍ အဖြူရောင် အဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။ သို့သော်လည်း သူမ၏ စိတ်ထဲတွင်မူ “နီပန်မီးတောက်” ဟူသော နာမည် တစ်ခုကို ခံစားနေမိခဲ့သည်။ အကယ်၍ သွေးမျိုးဆက်သာ အပြည့်အဝ နိုးထ လာပါက သူမ၏ စိတ်မှာ ဖီးနစ်တို့နှင့် ပတ်သက်သည့် အချက်အလက် အမျိုးမျိုးနှင့် ပြည့်နှက်သွားလိမ့်မည် ဖြစ်သည်။
ထိုပြောင်းလဲမှု အားလုံးကား ပိုင်လင် စားသုံးခဲ့သော ရွှေရောင်သစ်သီးမှ စတင်ခဲ့ခြင်း ဖြစ်ရမည်။ ၎င်းကပင်လျှင် သူမ၏ သွေးမျိုဆက်ကို နှိုးဆွကာ အစွမ်းအစများကို သော့ဖွင့်စေခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် ပိုင်လင်၏ မီးတောက်လောင်နေသော သားမွေးများကို ပွတ်သပ်ပေးရင်း ပြုံးလိုက်၏။
“ကဲ... မင်းရဲ့ ငုပ်လျှိုးနေတဲ့ အစွမ်းတွေကို ဆက်ပြီး ရှာဖွေလိုက်ကြတာပေါ့... နောင်တစ်ချိန် ငါတို့ ကောင်းကင်ကို တက်လှမ်းတဲ့ အခါ ဘယ်သူက ငါတို့ လမ်းကို တားရဲမှာလဲ...”
“ဂီး...”
...
ယခင်က စိမ်းစိမ်းလန်းလန်း မြင်ခင်းပြင်ကား အသက်ဓာတ် ကင်းမဲ့ကာ ခြောက်သွေ့ မဲညစ်ခြင်းများနှင့် ပြည့်နှက်နေသည့် လွင်တီးခေါင်ပြင် တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မီတာနှစ်ရာ ပတ်ဝန်းကျင်လုံး၌ အစိမ်းရောင် မြက်ပင်တစ်ပင်မျှပင် မရှိတော့ချေ။ ပိုင်လင်သည် နှင်းကဲ့သို့ ဖြူဆွတ်နေသည့် အတောင်များကို ဖြန့်ရင်း သမ်းဝေလိုက်၏။ ထို့နောက် သူမက မြေပြင်ပေါ် ချေပစ်လက်ပစ် ဝပ်ချလိုက်တော့သည်။
ပိုင်လင်၏ နံဘေး မလှမ်းမကမ်းတွင်မူ ဝေ့ဝူယင်သည် ကိုယ်လုံးထီးဖြင့် ရပ်နေခဲ့၏။
“အဟွတ်...”
သူက ချောင်းတစ်ချက် ဆိုးရင်း ရှုပ်ထွေးနေသည့် လေများကို ခန္ဓာကိုယ်ထဲမှ ထုတ်ပစ်လိုက်သည်။ ပိုင်လင်အား ကြည့်ရင်း ပျော်ရွှင်မှုနှင့် ကြောက်ရွံ့မှု အရိပ်အငွေ့ အချို့မှာ သူ၏ မျက်လုံးအတွင်း ပေါ်လာခဲ့၏။
သူမ၏ နီပန်မီးတောက်များကား အလွန်ပင် ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်လှသည်။ အင်ဖာနို ချော်ရည်ပူ အမတေဖြင့် ခန္ဓာကိုယ်အား မွမ်းမံထားသောကြောင့်သာ သူသည် ထိုမီးတောက်များကို အသက်ရှင်လျှက် ခုခံ နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ၏ အဝတ်အစားများမှာမူ ပြာကျသွားခဲ့ရပြီ ဖြစ်၏။
ဝေ့ဝူယင်က ကိုယ့်ကိုယ်ကို ငုံ့ကြည့်ရင်း ပြုံးကာ ခေါင်းခါလိုက်သည်။ မည်သို့ပင် ဆိုစေ ပိုင်လင်၏ အစစ်အမှန် စွမ်းအားများကို သူ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ရာ ရည်ရွယ်ချက် အောင်မြင်ပေသည်။ သို့ဖြစ်ရာ ပြန်ရန် အချိန်ကား ကျရောက်လာခဲ့ချေပြီ။
“ပိုင်လင်...”
ဝေ့ဝူယင်က ခေါ်လိုက်၏။ သို့သော်လည်း ပိုင်လင်၏ တုန့်ပြန်မှုကား လူသားတို့နှင့် တူညီသည့် ဟောက်သံများပင်...။
ဝေ့ဝူယင်မှာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ ထိုငှက်ကလေးကား ပင်ပန်းလွန်းသောကြောင့် အိပ်မောကျသွားဟန် ရသည်။ သူ့အနေဖြင့် မည်ကဲ့သို့ နှိုးရက်မည်နည်း။
အကာအကွယ် ဝိညာဥ် အစီအရင်
အရပ်ရှစ်မျက်နှာ ကန့်သတ်ခြင်း ဒြပ်စင် အစီအရင်
...
ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပိုင်လင်၏ ပတ်လည်၌ အစီအရင်များကို ချမှတ်လိုက်သည်။ စိတ်ချရလောက်သော အခြေအနေကို ရောက်မှ သူ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ ပိုင်လင်အား တစ်ယောက်တည်း အနားယူခိုင်းခြင်းမှာ အကောင်းဆုံး ဖြစ်သည်။
ခဏအကြာတွင် ဝေ့ဝူယင် ကျင့်ကြံရန် အတွက် သင့်တော်သော နေရာ တစ်ခုကို ရှာဖွေ တွေ့ရှိလိုက်သည်။ ထိုနေရာမှာ မြက်ခင်းပြင်ကျယ် တစ်ခု မဟုတ်သော်လည်း စိမ်းစိုသော သစ်ပင်များဖြင့် ဝန်းရံကာဆီးထားသည့် နေရာ တစ်ခု ဖြစ်သည်။ ဝေ့ဝူယင် အလယ်သို့ သွားကာ တင်ပျဥ်ချိတ် ထိုင်ချလိုက်၏။
“နတ်ဘုရားအရှင် တစ်ပါး ဖြစ်လာပြီးတဲ့ အချိန်က စလို့ တစ်ခါမှ ငါ ငါ့စွမ်းရည်တွေကို မရှာဖွေခဲ့ရသေးဘူး... ခု အချိန်ရတုန်း ကိုယ်ပွားဘယ်လို ဖန်တီးရမလဲ ဆိုတာ စမ်းသပ်ကြည့်လိုက်ရအောင်”
နေသွေးနီနီဂိုဏ်းတွင် ရှိစဥ်က ဝူရှင်းဟောင် အသုံးပြုခဲ့သည့် ကိုယ်ပွားကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်မိ၏။ ထိုစဥ်က သူ အလွန် အံ့သြခဲ့ရသည်။
လေ့လာထားမှုများ အရဆိုလျှင် နတ်ဘုရား အရှင် အဆင့်များသည် မိမိနှင့် တစ်ထေရာတည်း တူသည့် ကိုယ်ပွားများကို ဖန်တီးနိုင်သည် ဟုဆိုသည်။ ထို့ကြောင့်ပင် သူသည်လည်း ကြိုးစားကြည့်ချင်ခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ့တွင် မည်သည့် ကျင့်စဥ်မျှ မရှိရာ ထိုအရာက မျက်ကန်း ရှာဖွေခြင်းနှင့် မခြားနားပေ။
သို့သော်လည်း သေချာစဥ်းစားကြည့်ပါက ထိုအလုပ်မှာ ခက်ခဲပုံ ပေါ်သည့်တိုင် မဖြစ်နိုင်သော အရာတော့ မဟုတ်ချေ။ ပထမဆုံး ကျင့်ကြံသူများမှာလည်း မည်သည့် ကျင့်စဥ်များ မရှိပဲ ကိုယ်တိုင် လမ်းကြောင်းများ ဖောက်ကာ လျှောက်လှမ်းခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ သို့ဖြစ်ရာ မဖြစ်နိုင်သော အရာ မရှိ ဟူ၍ ဝေ့ဝူယင် ခံယူထားသည်။
“အရင်ဆုံး မှန်းဆကြည့်လိုက်ရအောင်... ကိုယ်ပွားတစ်ခု ဖန်တီးဖို့အတွက်ဆိုရင် ဝိညာဥ် စွမ်းအားကို အဓိက မောင်းနှင်အား အဖြစ် အသုံးပြုရမှာပဲ... နောက်ပြီး ခန္ဓာကိုယ်ကိုကျ သန့်စင်ထားတဲ့ ချီနဲ့ တည်ဆောက်ရမယ်... ဒါပေမဲ့ အဲဒီချီ ထာဝရ တည်မြဲဖို့ကျ ငါလည်း မတတ်နိုင်ဘူး...”
“အဓိက ပြဿနာက ဖန်တီးဖို့ မဟုတ်ဘူး... ထိန်းချုပ်ဖို့ပဲ... ကိုယ်ပွားကို ငါ ဘယ်လို ထိန်းချုပ်ရမလဲ... ဝိညာဥ် အာရုံက မောင်းနှင်ဖို့ အတွက် ကောင်းပေမဲ့ နေရာ ဝေးကွာသွားတာနဲ့ အမျှ ထိန်းချုပ်ဖို့ အတွက်ကျတော့... ဟမ် နေဦး... ငါ အဲဒီ ကိုယ်ပွားကို ငါ့ရဲ့ ဝိညာဥ် အာရုံ ဖြန်ကျက်နိုင်တဲ့ အထဲမှာပဲ ထားရင်ရော”
ထိုနည်းလမ်းမှာ အလွယ်ကူဆုံး ဖြစ်ပုံပေါ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် အချိန်မဖြုန်းတော့ပဲ စတင် ကြိုးစားလိုက်တော့၏။
အတွေးတစ်ချက်ဖြင့်ပင် သူ၏ ဒြပ်စင်ချီ ဆန်းကြယ် ဝိညာဥ်သည် ဒြပ်စင်ချီများကို ထုတ်လွှတ်လာ၏။ ခဏအတွင်းမှာပင် ထူထပ်သော အဖြူရောင် မြူများသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မိုးခြိမ်းသံများ တရစပ် ထွက်ပေါ်လာကာ မီးများမှာ တဖျစ်ဖျစ် တောက်လောင်လာ၏။ ရေလှိုင်းခပ်သံ၊ ချော်ရည်ပူ ပွက်သံတို့ကိုလည်း ကြားရသည်။
ဒြပ်စင်ချီများ၏ စွမ်းအားကား အမှတ်တကယ်ပင် အံ့သြဖွယ် ကောင်းလှသည်။ ဝေ့ဝူယင်သည် သူ၏ ကျင့်ကြံခြင်း အခြေခံကို ကျေနပ်နေမိ၏။ သို့သော် သူ နှောင့်နှေး မနေချေ။ အတွေးတစ်ချက်ဖြင့်ပင် ဒြပ်စင်ချီများမှာ ပိုမို၍ များပြားလာ၏။ မကြာခင်မှာပင် ၎င်းတို့သည် ပေနှစ်ဆယ်မြင့်မားကာ အကျယ်အဝန်း ပေနှစ်ရာခန့် ရှိသည့် မြူနှင်း ကွင်းပြင်ကြီး ဖြစ်လာသည်။
“ထူထပ်စမ်း...”
ဝေ့ဝူယင်က လက်ဟန်များကို ချမှတ်၍ အမိန့်ပေးလိုက်၏။ သူသည် အရိုးရှင်းဆုံး နည်းလမ်းကို သုံးထားရာ ထိုအရာက ရှုပ်ထွေးသော ပြဿနာများ ဖြစ်ပေါ် မလာအောင် တားဆီးပေး၏။ မိနစ် အတန်ကြာပြီးနောက်တွင် အဖြူရောင် မြူမှုန်များမှာ ခန္ဓာတစ်ခု ပုံသဏ္ဌာန် ပေါ်လာသည် အထိ တဖြည်းဖြည်း ပေါင်းစည်းလာတော့သည်။
***