ခရမ်းရောင်အလင်းကြယ်သို့ အတူတကွဝင်ရောက်ခြင်း
Vol. 44 Ch. 611
ယိရန်၏ ဆရာတူညီအစ်ကိုများမှာ သူ၏ဒေါသကို နားလည်သည့်အပြင် ယဲ့ချန်၏ကြွယ်ဝမှုများကို လောဘတက်နေသောအခါ လေသံကို လျစ်လျူရှု၍ ဘက်ပေါင်းစုံသို့ရှာဖွေရန် လူခွဲလိုက်ကြသည်။ တာအိုနတ်အဆင့် ကျင့်ကြံသူငါးယောက်က မီးဝိညာဥ်ကြယ်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် ရှာဖွေနေသော်လည်း ယဲ့ချန်နှင့် မိုးတိမ်မှာ သဲလွန်စမရှိ၊ ပျောက်ကွယ်နေသည်။ ယဲ့ချန်သည် ရှောင်တိမ်းပုလဲအတွင်း ပုန်းအောင်းနေပြီး မိုးတိမ်က ကောင်းကင်ထက်တွင် ပျံသန်းနေသည်။ သူ၏ပတ်ဝန်းကျင်၌ ရန်သူများရှာဖွေနေသည်ကို အာရုံခံမိသော်လည်း တစ်ဖက်က သူ့ကို ရှာမတွေ့ခဲ့ပေ။ ရန်သူများက မျက်စိကန်းနေသကဲ့သို့ မိုးတိမ်ကို မမြင်ရဘဲ ကျော်ဖြတ်သွားခဲ့ကြသည်။
"ကျေးဇူးတင်ပါတယ်"
ယဲ့ချန်က တစ်လုံးချင်း ပြောလိုက်သည်။
"ငါ ဘယ်သူလဲဆိုတာကို သိလို့လား"
မိုးတိမ်ထံမှ ယောကျ်ား၊မိန်းမအသံဟူ၍ ခွဲခြားမရသော စကားသံတစ်ခု ပြန်လည်ထွက်ပေါ်လာသည်။
"မင်းမဟုတ်လို့ ဘယ်သူဖြစ်ရဦးမှာလဲ။ ဒါပေမယ့် ငါ့ကိုကယ်လိုက်တဲ့ အကြောင်းအရင်းကို နားမလည်ဘူး။ မင်းပြောသလိုဆိုရင် ငါတို့နှစ်ယောက်ထဲက တစ်ယောက် သေရမယ်မလား"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။
"ငါတို့ထဲက တစ်ယောက် သေရမယ်ဆိုပေမယ့် အချိန်မတန်သေးပါဘူး။ ဒါက ကိုယ်ပွားတစ်ခုသက်သက်ပဲ မဟုတ်လား။ ကြည့်ရတာ နင်လည်း ခရမ်းရောင်အလင်းကြယ်ကိုသွားဖို့ ဆုံးဖြတ်ထားတယ်ဆိုတော့ တူတူသွားကြရအောင်"
အသံက ပို၍ကြည်လင်လာပြီးနောက် နွေဦးစမ်းရေစီးသံလေးကဲ့သို့ ညှင်သာသည့် ရောင်ယွမ်၏အသံလေး ထွက်ပေါ်လာသည်။
"ငါက ခရမ်းရောင်အလင်းကြယ်ကို ခရီးသွားမယ်ဆိုတာကို နင် ဘယ်လိုသိပြီး လိုက်လာတာလဲ"
"ငါက ရှေ့ဖြစ်ဟောနိုင်တာကို နင် မေ့သွားပြီလား"
"ဒါဆိုရင် ခရမ်းရောင်အလင်းကြယ်ကနေ ငါတို့အသက်ရှင်လျက် ပြန်ထွက်လာနိုင်မလားဆိုတာကို ဟောနိုင်မလား"
"ခရမ်းရောင်အလင်းကြယ်ကိုတော့ ငါ တွက်ချက်ကြည့်လို့ မရဘူး"
"ကြည့်ရတာ နင့်အစွမ်းက အမြဲတမ်း အလုပ်မဖြစ်ဘူးထင်ပါတယ်"
"ဘာလို့ အလုပ်မဖြစ်ရမှာလဲ။ ဒီကြယ်မှာ ထူးခြားမှုတွေ ရှိနေတယ်"
ယဲ့ချန်၏စကားကြောင့် ရောင်ယွမ်က မကျေမနပ်ဖြစ်သွား၍ ခွန်းတုံ့ပြန်လိုက်သည်။
"ဘယ်လိုမျိုးလဲ"
"ခရမ်းရောင်အလင်းကြယ်ကို အလင်းစက်ကွင်းတစ်ခုက ကာကွယ်ထားတယ်။ ဒီစက်ကွင်းကို ဘယ်သူတွေ ဖန်တီးထားတယ်ဆိုတာကို နင် သိလား"
"သဘာဝအလျောက် ဖြစ်ပေါ်လာတာ မဟုတ်ဘူးလား"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။
"ဘယ်ဟုတ်မလဲ။ ဒီအလင်းစက်ကွင်းမျိုး ဖန်တီးနိုင်ဖို့ဆိုရင် ကြယ်သခင်အဆင့်လောက် အစွမ်းထက်နေမှရမယ်။ ဒါတောင် တစ်ယောက်တည်းလုပ်လို့ရတာမျိုး မဟုတ်ဘူး။ အနည်းဆုံး ကြယ်သခင်ဆယ်ယောက် လိုအပ်တယ်"
ရောင်ယွမ်က သက်ပြင်းတစ်ချက်ချ၍ ဖြေလိုက်သည်။
"ဘာ"
ယဲ့ချန်က အလွန်အံ့သြသွားခဲ့သည်။ ရှင်းဟွမ်တစ်ခုက ကြယ်သခင်တစ်ယောက်ကိုသာ မွေးဖွားစေနိုင်သောကြောင့် အလင်းစက်ကွင်း ဖန်တီးသူများရှိနေလျှင် ရှင်းဟွမ်ရော ကြယ်သခင်အရေအတွက်ပါ တစ်ဆယ်ကျော်ပေလိမ့်မည်။
"ဒီအလင်းစက်ကွင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"
ရောင်ယွမ်၏စကားကြောင့် သူ၏သိလိုစိတ်များ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
"အလင်းစက်ကွင်းက ခရမ်းရောင်အလင်းကြယ်ကို ကြယ်ကောင်းကင်ထဲမှာ ဖုံးကွယ်ပေးထားလို့ ဘယ်သူမှ ရှာမတွေ့နိုင်ကြဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဒီကြယ်ဟာ နောက်ထပ်ကြယ်တစ်လုံးနဲ့ ဝင်တိုက်ခဲ့မိတယ်။ ဒါကြောင့် အလင်းစက်ကွင်းမှာ အက်ကြောင်းတစ်ခုဖြစ်ပေါ်လာပြီး ကောင်းကင်မူလကြယ်ရဲ့ နတ်အစေခံဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ နဂါးမင်းက ရှာတွေ့ခဲ့တယ်။ သူက ဝိညာဥ်အသိစိတ်နဲ့ စုံစမ်းခဲ့ပေမယ့် လူကိုယ်တိုင် အလျင်စလိုမဝင်ရဲတဲ့အတွက် လမ်းကြောင်းတည်ဆောက်ဖို့ အမိန့်ပေးခဲ့တာပဲ"
ရောင်ယွမ်က အတွင်းသတင်းများစွာကို သိထားသောကြောင့် ယဲ့ချန်ပင် အံ့သြသွားခဲ့ပြီး စိတ်ထဲတွင် သံသယအတွေးများ ပြည့်နှက်လာ၏။ ခရမ်းရောင်အလင်းကြယ်၌ လျှို့ဝှက်ချက်များစွာ ရှိနေပုံရသဖြင့် ကြယ်သခင်များက အစွမ်းကုန်သုံး၍ ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။
"နင့်မှာ မေးခွန်းတွေ အများကြီးရှိနေတာကို ငါ သိတယ်။ အဖြေတွေကို သိချင်တယ်ဆိုရင် ခရမ်းရောင်အလင်းကြယ်ကို လိုက်ခဲ့ပေတော့"
ရောင်ယွမ်က တစ်ချက်ပြုံး၍ တိုက်တွန်းလိုက်သည်။
"ကြည့်ရတာ ငါက အကွက်ဆင်ခံလိုက်ရပြီထင်တယ်။ အရင်ကဆိုရင် ခရမ်းရောင်အလင်းကြယ်အကြောင်း ငါ လုံးဝစိတ်မဝင်စားခဲ့ဘူး။ ဒါပေမယ့် နင်က ရှင်းဟွမ်တွေနဲ့ ကြယ်သခင်တွေအကြောင်း ပြောပြီးတဲ့နောက်မှာ စပ်စုချင်လာတဲ့အတွက် ကိုယ်ပွားတစ်ခုအဆုံးခံပြီး ထွက်လာခဲ့တယ်။ ဒီအချိန်မှာ နင်က ဒီအကြောင်းတွေ ထပ်ပြောပြလာတော့ စုံစမ်းဖို့ကို မစောင့်နိုင်တော့ဘူး"
"ငါက နင့်ကို အကွက်ဆင်တယ်ပဲထားပါတော့။ ဒါဆိုရင် လိုက်လာမိတာမှားပြီလို့ နောင်တရနေတာလား"
ရောင်ယွမ်က တခစ်ခစ်ရယ်မောလိုက်သည်။
"ငါက ကံမကောင်းရုံလေးပါ"
"တကယ်ကံမကောင်းတာက ငါပါနော်။ နင်က ကိုယ်ပွားတစ်ခုကိုပို့ခဲ့ပေမယ့် ငါက အဓိကရုပ်ခန္ဓာနဲ့ လာခဲ့ရတယ်။ နင်က ဘယ်လိုလုပ် နတ်ကိုယ်ပွားကျင့်စဥ်လို နက်နဲတဲ့လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့တာလဲ။ ငါက ခရမ်းရောင်အလင်းကြယ်ပေါ်မှာ သေသွားရင် တကယ်သေပြီ"
ရောင်ယွမ်က နှုတ်ခမ်းကိုက်၍ ရန်တွေ့လိုက်သည်။
"နင်သေရင်တောင် ငါ မသေဘူးလေ"
ယဲ့ချန်က သူမကို စနောက်လိုက်သည်။
"တော်တော်နှလုံးသားမဲ့တဲ့ကောင်"
ရောင်ယွမ်က နှုတ်ခမ်းဆူလိုက်သော်လည်း ယဲ့ချန်၏စနောက်ခြင်းအပေါ် ဒေါသထွက်ဟန်မရှိပေ။
"နင်က ခရမ်းရောင်အလင်းကြယ်ကို လာရဲမှတော့ အသက်ကယ်ဝှက်ဖဲတွေ အများကြီးယူလာမှာပဲ။ ရှင်းဟွမ်ကလည်း နင့်ကို အသုံးဝင်မယ့်အချက်တွေ အများကြီးပြောထားမယ် ထင်ပါတယ်"
ရောင်ယွမ်က တမင်သက်သက် အသေလာခံသည်ဟု ယဲ့ချန် မယုံပေ။ မိုးတိမ်၏ကာကွယ်ပေးမှုဖြင့် ရှောင်တိမ်းပုလဲသည် ခရမ်းရောင်အလင်းကြယ်၏ဝင်ပေါက်ထံ ရောက်ရှိလာခဲ့သည်။
"မိုးတိမ်တစ်ခု ရှိနေပါလား"
"မြန်မြန်တားကြစမ်း"
မိုးတိမ်ကိုမြင်သောအခါ ဝင်ပေါက်တွင် စောင့်ဆိုင်းနေသည့် ကျင့်ကြံသူများက ရှေ့သို့ တဟုန်ထိုးပြေးထွက်လာကြသည်။ ဓားအလင်းများနှင့် လက်ဝါးချက်များ ဆက်တိုက်ထွက်ပေါ်လာသော်လည်း ထိုတိုက်ကွက်များက မိုးတိမ်အပေါ်တွင် ထိရောက်မှုမရှိချေ။ ၎င်းက သူတို့၏ရုပ်ခန္ဓာများကို အလွယ်တကူဖြတ်သန်း ကျော်ဖြတ်သွားခဲ့သဖြင့် မတားဆီးနိုင်ခဲ့ကြပေ။
"ဒါက ဘာကြီးလဲ။ ငါတို့က ဘာကြောင့်တားလို့မရတာလဲ"
ယိရန်၏အပေါင်းအပါများက အော်ဟစ်ကျိန်ဆဲနေစဥ် မိုးတိမ်က လမ်းကြောင်းအတွင်း ဝင်ရောက်သွားပြီဖြစ်သည်။ ထို့နောက် ၎င်းက ပျက်ပြယ်သွားကာ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။
"သူတို့ကို တားကြစမ်း"
ယိရန်၏ ဒေါသတကြီးအော်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ပုံရိပ်များသည် ဝင်ပေါက်ထံ အလွန်လျင်မြန်စွာဖြင့် တရကြမ်းပျံသန်းလာနေပြီး ယဲ့ချန်နှင့် ရောင်ယွမ်၏အရှိန်အဝါများကို သူတို့က အဝေးမှပင် အာရုံခံမိလိုက်ကြသည်။
"သေစမ်း"
ယိရန်က ဒေါသတကြီးဖြင့် လက်သီးချက်ထုတ်ဖော်လိုက်သောအခါ အေးစက်စက်လူသတ်အရှိန်အဝါများကို သယ်ဆောင်လာသော လက်သီးစွမ်းအင်က လှိုင်းလုံးကြီးပမာ ထွက်ပေါ်လာ၏။ အကယ်၍ ယဲ့ချန်နှင့် ရောင်ယွမ်သာ အချိန်မီမထွက်ခွာနိုင်ခဲ့လျှင် လမ်းကြောင်းအတွင်း သေဆုံးရနိုင်ချေရှိသည်။ သို့သော် လမ်းကြောင်း၏အဖြူရောင်အလင်းများက ရောင်ယွမ်၏ကိုယ်ပေါ်သို့ ဖြာကျလာသဖြင့် နတ်မိမယ်တစ်ပါးပမာ ထင်မှတ်ရသည်။ သူမက ရိုးရှင်းသောအစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိရှိ လှပနေသည်။ ယိရန်၏လက်သီးချက်နှင့် ထိပ်တိုက်ရင်ဆိုင်ရသော်လည်း သူမ၏မျက်နှာထက်တွင် အပြုံးပန်းတစ်ပွင့်ဖြစ်တည်လာကာ လက်တစ်ဖက်ယမ်းလိုက်သည်။ ထိုအခိုက်တွင် သက်တန့်ရောင်အလင်းများနှင့် ဖွဲ့စည်းထားသော အလင်းနံရံကြီးတစ်ခုက ကောင်းကင်ထက်မှ ရေတံခွန်ပမာ စီးကျလာခဲ့သည်။
"ဘုန်း"
ယိရန်၏လက်သီးချက်က အလင်းနံရံကို ထိမှန်သွားချိန်တွင် ၎င်းက အနည်းငယ်တွန့်လိမ်သွားသော်လည်း ယဲ့ချန်နှင့်ရောင်ယွမ်ကို ဘေးမသီရန်မခ ကာကွယ်ပေးနိုင်ခဲ့သည်။ ထို့နောက် အဖြူရောင်အလင်းတန်းနှစ်ခု ဖြစ်ပေါ်လာပြီး ယဲ့ချန်နှင့် ရောင်ယွမ်က လမ်းကြောင်းအတွင်း ပျောက်ကွယ်သွားကြလေသည်။
"ဒီမိန်းမက ဘယ်သူလဲ"
တာအိုနတ်အဆင့်ကျင့်ကြံသူများစွာက ချီပင်လယ်အဆင့်တစ်ယောက်ကို လိုက်ဖမ်းခဲ့သော်လည်း ယဲ့ချန်က လွတ်မြောက်အောင် စီမံနိုင်ခဲ့သည်။ ဤသတင်းသာ ပြန့်သွားလျှင် သူတို့က လူအများပြက်ရယ်ပြုစရာ ဖြစ်သွားပေလိမ့်မည်။
"မသိဘူး။ ငါလည်း တစ်ခါမှမမြင်ဖူးဘူး"
ယိရန်၏မျက်နှာက ဒေါသကြောင့် မည်းနက်နေသည်။ သူက ယဲ့ချန်ကိုဖမ်းမိကာနီးတွင် ဆန်းကျယ်သော မိန်းမတစ်ယောက်ရောက်ရှိလာ၍ ကယ်တင်သွားခဲ့သည်။ သူမက လက်တစ်ဖက်ယမ်းလိုက်ရုံနှင့် သူ၏အားကုန်တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သောကြောင့် တိုက်ခိုက်လိုလျှင် သူတို့အားလုံး သေဆုံးသွားနိုင်သည်။ ကံကောင်းသည်မှာ သူမ၏ရည်ရွယ်ချက်က ယဲ့ချန်ကို ခေါ်ဆောင်သွားလိုခြင်းသာဖြစ်သည်။ သူတို့မသိထားသည်မှာ ရောင်ယွမ်က တာအိုနတ်အဆင့်သုံး ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး ခွန်အားအရာတွင် သူတို့အားလုံးကို မယှဥ်နိုင်ပေ။ သို့သော်လည်း သူမက အသက်ကယ်ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားသောကြောင့် စစ်ဧကရာဇ်များပင် သတ်ဖြတ်နိုင်မည်မဟုတ်ပေ။
"မိန်းမတွေနဲ့ ပတ်သက်ရင် ဒီကောင်ကကံ ကောင်းလွန်းတယ်"
ယိရန်က ကျိန်ဆဲလိုက်သည်။ ပါရမီထူးချွန်၍ ပြိုင်ဘက်ကင်းလောက်အောင် လှပသော ထန်တိုက်လင်နှင့် နင်အာက ယဲ့ချန်အပိုင်ဖြစ်နေခဲ့သည်။ လက်ရှိ၌လည်း မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော ကျင့်ကြံဆင့်မြင့်မားသည့် မိန်းမတစ်ယောက်က ယဲ့ချန်နှင့် ပတ်သက်နေပြန်သည်။ ရုပ်ရည်သွင်ပြင်အရာ၌ သူမက ထန်တိုက်လင်နှင့် နင်အာအောက် မနိမ့်ပေ။ အကယ်၍ သာမန်လူတစ်ယောက်ကို ပြိုင်ဘက်ကင်းအလှမယ်တစ်ယောက်က မျက်စိကျလျှင် အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယဲ့ချန်ကိုမူ တွေ့သမျှမိန်းမလှတိုင်းက ပတ်သက်ချင်နေသောအခါ ယိရန်မှာ ဒေါသနှင့် မနာလိုစိတ်များ ပေါက်ကွဲလာခဲ့သည်။ တစ်ဖက်လူက ချီပင်လယ်အဆင့်သာဖြစ်သောကြောင့် ကောင်းကင်ကမမျှတဟု သူက စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။
"ကံကောင်းတာက သူတို့နှစ်ယောက်လုံး ခရမ်းရောင်အလင်းကြယ်ထဲကို ဝင်သွားကြတာပဲ။ စစ်ဧကရာဇ်တွေတောင် အပြင်ကို ပြန်ထွက်မလာနိုင်ဘူး။ သေမှာ သေချာတယ်"
ယိရန်က ခရမ်းရောင်အလင်းကြယ်၏ဝင်ပေါက်ကို စိုက်ကြည့်ရင်း စိတ်ကိုတည်ငြိမ်စေရန် ထိန်းကာ မုန်းတီးစွာဖြင့် ရေရွတ်လိုက်သည်။
ကျစ်ဟွာတော်ဝင်မြို့ရှိ ခန်းမတစ်ခုအတွင်း ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုက စကားစမြည်ပြောနေကြသည်။
"အရှင်တို့ကို သတင်းပို့ပါတယ်။ သခင်မရောင်ယွမ်က ခရမ်းရောင်အလင်းကြယ်ကို ထွက်ခွာသွားပါပြီ"
တော်ဝင်အစောင့်တစ်ယောက်က ခန်းမအတွင်း ပြေးဝင်လာကာ ဒူးတစ်ဖက်ထောက်၍ တင်ပြလိုက်ခြင်းဖြစ်သည်။
"ဘာ။ ရောင်ယွမ်က ဘာလို့ အဲ့နေရာကို ဝင်သွားရတာလဲ"
ဧကရာဇ်ချင်က အလန့်တကြား ထရပ်လိုက်မိသည်။
"ကျွန်တော်မျိုးလည်း မပြောတတ်ပါဘူး အရှင်။ အိမ်စေတွေက သခင်မရဲ့အခန်းကို သန့်ရှင်းရေးလုပ်ဖို့ ဝင်သွားချိန်မှာ သူမက မရှိတော့ပါဘူး။ စားပွဲပေါ်မှာ စာတစ်စောင်သာချန်ရစ်ပြီး ထွက်ခွာသွားခဲ့ပါတယ်"
တော်ဝင်အစောင့်က ရိုရိုသေသေ ပြန်ဖြေလိုက်သည်။
"အမှိုက်ကောင်တွေ လူတစ်ယောက်ကိုတောင် စောင့်ကြည့်မနေနိုင်ဘူးလား"
ဧကရာဇ်ယုက ဒေါသတကြီးကြိမ်းမောင်းရင်း လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချေမွပစ်လိုက်လေသည်။