အပြစ်ဖို့ချင်သူများ
Vol. 44 Ch. 612
"သခင်မရောင်ယွမ် လုပ်ချင်တာကို မင်းတို့လိုကောင်တွေက တားနိုင်မယ် ထင်နေတာလား"
တော်ဝင်အစောင့်က ဧကရာဇ်နှစ်ယောက်ကို စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း အပေါ်ယံတွင် အလွန်ရိုသေဟန်ဖြင့် နှုတ်ဆိတ်နေခဲ့သည်။
"ထားလိုက်ပါ။ ရောင်ယွမ်သွားချင်တယ်ဆိုရင် ဘယ်သူမှတားနိုင်မှာ မဟုတ်ဘူး"
ဧကရာဇ်ချင်က သက်ပြင်းတစ်ချက်ချ၍ လက်ယမ်းကာ သူ့ကို သွားခွင့်ပေးလိုက်သည်။
"ဒါဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲ။ ဆရာသာ ရောင်ယွမ်က ခရမ်းရောင်အလင်းကြယ်ကို သွားတာသိရင် ငါတို့နှစ်ယောက်ကို သေချာပေါက် အပြစ်တင်လိမ့်မယ်"
ဧကရာဇ်ယုက ရောင်ယွမ်အတွက်မဟုတ်ဘဲ သူ့ကိုယ်သူအတွက် စိုးရိမ်ပူပန်နေသည်။
"ရောင်ယွမ်မှာ ရှေ့ဖြစ်ဟောနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတော့ မသွားခင် အကောင်းအဆိုးကို တွက်ချက်လောက်ပါတယ်။ သူမရဲ့အသက်ကယ်ဝှက်ဖဲတွေအရဆိုရင် စစ်ဧကရာဇ်တွေတောင် လိုက်သတ်နိုင်မှာမဟုတ်ဘူး။ ဒီလောက်စိုးရိမ်စရာ မလိုဘူး"
ဧကရာဇ်ချင်က ခဏတာစဥ်းစား၍ သုံးသပ်လိုက်သည်။
"ဘာဆက်လုပ်ကြမလဲ"
သို့သော် ဧကရာဇ်ယုက မတည်ငြိမ်နိုင်ပေ။ စစ်ဧကရာဇ်များပင် ပြန်မလာနိုင်သော ခရမ်းရောင်အလင်းကြယ်၌ အစွမ်းထက်ကျင့်ကြံသူတစ်ဦးရှိနေလျှင် သူမ၏အသက်ကယ်ဝှက်ဖဲများက မလုံလောက်ပေ။ နတ်ဧကရာဇ်သည် သူမကိုလက်ထပ်နိုင်သူအား တာအိုအိမ်တော်သခင်ရာထူးပေးမည်ဟု ကတိပေးထားသောကြောင့် သူမသာသေဆုံးသွားလျှင် သူက ထိုရာထူးကို စွန့်လွှတ်လိုက်ရမည့်အပေါ် စိုးရိမ်နေခြင်းဖြစ်သည်။
"စောင့်နေရုံပဲ ရှိတယ်"
ဧကရာဇ်ချင်က ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက မီးဝိညာဥ်ကြယ်ပေါ်သို့ နောက်လိုက်များစေလွှတ်ကာ ရောင်ယွမ်၏ပြန်အလာကို စောင့်ဆိုင်းခိုင်းလိုက်သည်။ သို့သော်လည်း ထိုမျှော်လင့်ချက်က အလွန်တရာဝေဝါးနေသည်။ နာရီဝက်ကြာသည်အထိ စောင့်ခဲ့သော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိချေ။
"ဒီလိုမဖြစ်ရဘူး။ ငါ့နောက်လိုက်တွေကိုခေါ်ပြီး ရောင်ယွမ်ကို သွားရှာလိုက်မယ်"
ဧကရာဇ်ယုက ဆက်လက်မစောင့်ဆိုင်းနိုင်သဖြင့် မတ်တပ်ထရပ်လိုက်သည်။
"အရှင်တို့ကို သတင်းပို့ပါတယ်။ မီးဝိညာဥ်ကြယ်ပေါ်က သတင်းတစ်ခု ရောက်လာပါတယ်။ လွန်ခဲ့တဲ့သုံးနာရီက အလွန်လှပတဲ့ မိန်းကလေးတစ်ယောက်ဟာ လူတစ်ယောက်နဲ့အတူ ခရမ်းရောင်အလင်းကြယ်ကို ဝင်ရောက်သွားပါတယ်"
ထိုအခိုက်တွင် သူတို့၏နောက်လိုက်တစ်ဦး ရောက်ရှိလာကာ သတင်းပို့လိုက်သည်။
"နောက်တစ်ယောက်က ဘယ်သူလဲ"
ဧကရာဇ်ယုက သံသယအတွေးများဖြင့် မေးလိုက်သည်။
"ယဲ့ချန်လို့ ခေါ်ပါ်တယ်"
"ဘာ"
ဧကရာဇ်ယု၏မျက်နှာက မည်းနက်သွားကာ ထိုင်ခုံလက်ရန်းကို ဒေါသတကြီး ရိုက်ချလိုက်သည်။
"ယဲ့ချန်က ဘာကြောင့် ရောင်ယွမ်နဲ့ အတူရှိနေရတာလဲ"
ဧကရာဇ်ချင်၏ မျက်နှာကလည်း အရုပ်ဆိုးနေသည်။
"ဧကရာဇ်လင်းရဲ့တပည့်တွေ ပြောတာကတော့ သခင်မနဲ့အတူ လိုက်သွားတာက ယဲ့ချန်ရဲ့ကိုယ်ပွားတစ်ခု ဖြစ်ပါတယ်။ သူက နတ်ကိုယ်ပွားကျင့်စဥ်ကို ကျင့်ကြံထားပါတယ်"
ဧကရာဇ်နှစ်ယောက် ဒေါသထွက်နေသောအခါ နောက်လိုက်က သိထားသမျှကို ချက်ချင်းတင်ပြလိုက်၏။
"ကောင်းကင်အဆင့်လျှို့ဝှက်ကျင့်စဥ် နတ်ကိုယ်ပွားလား။ ဒီကောင်က ဒါကို တကယ်ကျင့်ကြံထားနိုင်တယ်ပေါ့။ သူက ချီပင်လယ်အဆင့် မဟုတ်ဘူးလား။ ဒါဆိုရင် ရောင်ယွမ်ကို သူက အကွက်ဆင်ပြီး ခေါ်သွားတာများလား"
ဧကရာဇ်ချင်က မယုံနိုင်ဟန်ဖြင့် ကြောင်အသွားပြီး ခဏအကြာတွင် မျက်နှာထားက အေးစက်တင်းမာလာသည်။
"သေချာပေါက် ဒီကောင့်လက်ချက်ဖြစ်ရမယ်။ မဟုတ်ရင် ရောင်ယွမ်က ခရမ်းရောင်အလင်းကြယ်ကို သွားစရာ အကြောင်းမရှိဘူး။ ဒီကောင်နဲ့ စာရင်းရှင်းရမယ်"
ဧကရာဇ်ယုက ယဲ့ချန်အပေါ် အပြစ်ပုံချလိုက်သည်။
"ယဲ့ချန်နောက်တစ်ယောက်က ဒီမြို့မှာ ရှိနေပါသေးတယ် အရှင်"
နောက်လိုက်၏စကားကို ကြားသောအခါ သူတို့က ပို၍ဒေါသထွက်လာကြသည်။ ယဲ့ချန်က ကိုယ်ပွားကိုသာ စေလွှတ်လိုက်သောကြောင့် သေဆုံးလျှင်ပင် ကျင့်ကြံဆင့်အနည်းငယ် ဆုံးရှုံးသွားရုံသာဖြစ်သော်လည်း ရောင်ယွမ်က အသက်စွန့်ရပေလိမ့်မည်။ ထို့ကြောင့် သူတို့က လင်အိမ်တော်သို့ ဒေါကြီးမောကြီးဖြင့် ထွက်ခွာလာကြသည်။ လင်မျိုးနွယ်အတွင်း အစေခံတစ်ယောက်က ထိုဧကရာဇ်နှစ်ယောက်ရောက်လာကြောင်း သတင်းပို့လာသဖြင့် ယဲ့ချန်၊ လင်ယုနှင့် လင်ယွမ်တို့ ထွက်ပေါ်လာကြသည်။
"ဧကရာဇ်ယု ဧကရာဇ်ချင် ဘာအကြောင်းကိစ္စများ ရှိပါသလဲ"
လက်နှစ်ဖက်ကိုနောက်ပစ်၍ မတ်တပ်ရပ်နေသော လင်ယွမ်သည် ထိုနှစ်ယောက်ထံမှ ဒေါသများကို အာရုံခံမိသဖြင့် စိတ်ရှုပ်သွားခဲ့သည်။
"ယဲ့ချန် မင်းလုပ်တာကို မင်း သိသလား"
ဧကရာဇ်ယုက သူ့ကိုအဖက်မလုပ်ဘဲ ယဲ့ချန်ကို ဒေါသတကြီး အော်ငေါက်လိုက်၏။
"ငါက ဘာလုပ်ရမှာလဲ"
ယဲ့ချန်သည် ဒေါသထွက်နေသော ဧကရာဇ်နှစ်ယောက်ရှေ့တွင် အလွန်တည်ငြိမ်နေပြီး ကြောက်ရွံ့ဟန်တစ်စက်ပင် မရှိချေ။
"ရောင်ယွမ်က မင်းရဲ့ကိုယ်ပွားနဲ့အတူ ခရမ်းရောင်အလင်းကြယ်ထဲကို ဝင်သွားတယ်မလား"
ဧကရာဇ်ချင်က မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်"
ယဲ့ချန်သည် ထိုနှစ်ယောက်က ဤမျှလျင်မြန်စွာသိသွားမည်ဟု ထင်မထားသော်လည်း ဂရုမစိုက်ချေ။ လင်ယွမ်နှင့် လင်ယုမှာ ဤအကြောင်းကို မသိထားသောကြောင့် မင်သက်သွားကြသော်လည်း ယဲ့ချန်၌ ကိုယ်ပိုင်အကြောင်းပြချက်ရှိမည်ဟု ယုံကြည်ကြသည်။ အကယ်၍ သူ၏ကိုယ်ပွားက ထိုနေရာ၌ သေဆုံးသွားလျှင် ကျင့်ကြံဆင့်အနည်းငယ် ဆုံးရှုံးသွားရုံသာဖြစ်ပြီး အဖိုးတန်သတင်းအချက်အလက်များ ရယူနိုင်လျှင် ထိုက်တန်ပေသည်။
"ဒါပေမယ့် ရောင်ယွမ်နဲ့ ဘယ်လိုပတ်သက်နေတာလဲ။ သူတို့က ဘယ်အချိန်ကစပြီး ရင်းနှီးသွားကြတာလဲ"
ဤအချက်က လင်ယုကိုရော လင်ယွမ်ကိုပါ စိတ်ရှုပ်သွားစေသည်။
"မင်းက ဘာအကွက်တွေသုံးပြီး သူမကို ခေါ်သွားတာလဲ။ ခရမ်းရောင်အလင်းကြယ်ကို သွားတဲ့သူမှန်သမျှ ပြန်ရောက်မလာကြဘူး။ ရောင်ယွမ်သာ သေဆုံးသွားရင် မင်းကို အလွတ်မပေးဘူး"
ဧကရာဇ်ယုက အော်ဟစ်ငေါက်ငမ်းလိုက်ပြန်သည်။
"မင်းတို့က ဦးနှောက်မရှိတာလား။ မွေးတည်းက မပါလာတာလား။ ရောင်ယွမ်က မင်းတို့လို ဦးနှောက်မရှိတဲ့သူ မဟုတ်ဘူး။ ဘာကြောင့် အကွက်ဆင်ခံရမှာလဲ"
ယဲ့ချန်၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"မင်း ဘာစကားပြောလိုက်တာလဲ။ နောက်တစ်ခါ ထပ်ပြောကြည့်စမ်း"
ဧကရာဇ်ယုမှာ ဒေါသကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေသည်။
"မင်းတို့က ဦးနှောက်မရှိဘူး"
ယဲ့ချန်က ရဲတင်းစွာ တုံ့ပြန်လိုက်သည်။ သက်မဲ့အရုပ်တစ်ခုပင် အကြောင်းအရင်းမဲ့ အပြစ်တင်ခံနေရလျှင် ဒေါသထွက်လာနိုင်သည်။ ထို့အပြင် သူက အခြားလူများ၏အနိုင်ကျင့်ခြင်းကို ခေါင်းငုံ့ခံမည့် လူစားမျိုး မဟုတ်ပေ။
"မင်း"
တာအိုအိမ်တော်သခင်၏ တပည့်ဖြစ်သည့်အပြင် စစ်ဧကရာဇ်တစ်ယောက်လည်းဖြစ်သော ဧကရာဇ်ယုမှာ အဆင့်အတန်းအလွန်မြင့်သဖြင့် အတိတ်တွင် မည်သူမှမစော်ကားရဲခဲ့ပေ။ သို့သော် ယဲ့ချန်ကမူ သူ့ကို ပေါ်တင်စော်ကားနေခဲ့သည်။ သူက ယဲ့ချန်ကိုတိုက်ခိုက်ရန် ရှေ့တက်လိုက်စဥ် ဧကရာဇ်ချင်က တားမြစ်လိုက်သည်။ ရောင်ယွမ်၏သတင်းကိုကြားစဥ်က အစိုးရိမ်လွန်နေသဖြင့် သေချာမစဥ်းစားမိသော်လည်း စိတ်တည်ငြိမ်လာသောအခါ သူမက အကွက်ဆင်ခံရမည့် လူစားမျိုးမဟုတ်ကြောင်း နားလည်လိုက်သည်။ ဤအချက်ကို သူမချန်ထားရစ်ခဲ့သော စာမှတဆင့် ငတုံးတစ်ယောက်ပင် တွေးနိုင်သည်။
"ဒါဆိုရင် ငါ့ကိုပြောစမ်း။ ရောင်ယွမ်က ဘာကြောင့် ခရမ်းရောင်အလင်းကြယ်ကို သွားရတာလဲ။ မင်းသာ ဖြေရှင်းချက်ကောင်းကောင်းမပေးနိုင်ရင် အသက်နဲ့ ပေးဆပ်ရမယ်"
သို့သော် သူက ယဲ့ချန်ကို အေးစက်စက် ခြိမ်းခြောက်လိုက်သည်။ သူက ဧကရာဇ်ယုကဲ့သို့ အဆင်အခြင်မဲ့သူမဟုတ်သော်လည်း စစ်ဧကရာဇ်တစ်ယောက်ဖြစ်သောကြောင့် စော်ကားခံရခြင်းကို လက်မခံနိုင်ပေ။
"အသက်နဲ့ပေးဆပ်ရမယ် ဟုတ်လား။ နတ်ဧကရာဇ်ရဲ့တပည့်တွေက တော်တော်မောက်မာတာပဲ"
ကောင်းကင်မူလတိုက်ကြီး၌ ဥပဒေစိုးမိုးသောကြောင့် တစ်ဖက်လူက နတ်ဧကရာဇ်၏တပည့်ဖြစ်နေလျှင်ပင် ယဲ့ချန်အတွက် ကြောက်စရာမလိုပေ။
"ဒီကိစ္စက တစ်ခုခုအထင်လွဲနေတာ ဖြစ်ပါလိမ့်မယ်။ ယဲ့ချန်က သခင်မရောင်ယွမ်ကို ခရမ်းရောင်အလင်းကြယ်ထဲဝင်ဖို့ အကွက်ဆင်စရာ အကြောင်းမရှိပါဘူး။ သူ့အတွက် ဘာအကျိုးမှမရှိနိုင်ဘူး။ သူနဲ့ ရောင်ယွမ်ကြားမှာလည်း ဘာရန်ငြှိုးရန်စမှ မရှိဘူး။ ဒါကြောင့် သူ့ကိုယ်ပွားက ရောင်ယွမ်နဲ့အတူသွားတာကြောင့် အပြစ်တင်လို့မရဘူး"
နှင်းဧကရာဇ်သည် မူလတွင် ဘေးထွက်နေခဲ့သော်လည်း စကားအသွားအလာများအရ ပြဿနာကို သဘောပေါက်သွားခဲ့သည်။ ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်၏ အကျိုးအကြောင်းမဆီလျော်မှုကို သူကိုယ်တိုင်လည်း သဘောမကျချေ။
"နှင်းဧကရာဇ် မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မရှုပ်ပါနဲ့။ ငါ့ဆရာက သူမကို သမီးအရင်းတစ်ယောက်လို သဘောထားတယ်။ တစ်ခုခုဖြစ်သွားရင် အကျိုးဆက်ကို ခင်ဗျား တာဝန်မယူနိုင်ဘူး။ ယဲ့ချန်က ငါတို့ကို ဖြေရှင်းချက် ပေးကိုပေးရမယ်"
ဧကရာဇ်ယုက လင်ယွမ်ကို မျက်နှာသာမပေးဘဲ လေသံတင်းတင်းနှင့် ပြန်ပြောလ်ုက်သည်။ သူတို့က နတ်ဧကရာဇ်၏နောက်ခံကြောင့် အလွန်မောက်မာနေကာ နှင်းဧကရာဇ်ကိုပင် မျက်လုံးထဲမထည့်ထားကြောင်း သိသာနေသည်။
"သခင်ရောင်ယွမ်က ခရမ်းရောင်အလင်းကြယ်ကိုသွားတဲ့ကိစ္စမှာ နတ်ဧကရာဇ်က ငါတို့ကို ဘာကြောင့်အပြစ်တင်မှာလဲ။ တကယ်လို့ တစ်ယောက်ယောက်က အပြစ်တင်ခံရမယ်ဆိုရင် တာအိုနတ်အဆင့်တစ်ယောက်ကို မစောင့်ရှောက်နိုင်တဲ့ မင်းတို့ကို အပြစ်တင်သင့်တယ် မထင်ဘူးလား။ နတ်ဧကရာဇ်က ဘယ်သူ့ကို အပြစ်တင်မယ်လို့ထင်လဲ"
ထိုအချိန်တွင် ဉာဏ်ရည်ထက်မြက်သော လင်ယုက အချက်တစ်ချက်ကို ထောက်ပြလိုက်သည်။
"လင်ယုပြောတာ မှန်တယ်။ မင်းတို့က ယဲ့ချန်ကို စွပ်စွဲနေမှတော့ နတ်ဧကရာဇ်ဆီကို တိုက်ရိုက်သွားပြီး ဘယ်သူကတာဝန်ယူရမယ်ဆိုတာကို ဆုံးဖြတ်ခိုင်းမလား"
လင်ယွမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် ရေခဲများဖြစ်ပေါ်လာပြီး အေးစက်စက်လေပြင်းများ တိုက်ခတ်လာသဖြင့် ဒေါသထွက်နေကြောင်း သိသာသည်။
"ကျေးဇူးပြုပြီး ထွက်သွားကြပါ။ လင်အိမ်တော်က မင်းတို့ကို မကြိုဆိုဘူး"
လင်ယုက ထွက်ပေါက်ကိုညွှန်ပြ၍ ပေါ်တင်မောင်းထုတ်လိုက်သည်။ ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်သည်လည်း နတ်ဧကရာဇ်က သူတို့ကိုအပြစ်တင်မည်ကို သဘောပေါက်ထားသဖြင့် အပြစ်ပုံချစရာ ပစ်မှတ်တစ်ခု ရှာဖွေနေခြင်းဖြစ်သည်။ သို့သော် လင်ယုနှင့် လင်ယွမ်က သူတို့၏ရည်ရွယ်ချက်ကို ချက်ချင်းဖော်ထုတ်လိုက်နိုင်မည်ဟု မျှော်လင့်မထားပေ။
"ယဲ့ချန် လင်မျိုးနွယ်က မင်းကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား။ မင်းမှာ ကိုယ်ပွားတွေရှိနေရင်တောင် ပြေးမလွတ်စေရဘူး။ ဆရာသာ တကယ်လှုပ်ရှားရင် ကိုယ်ပွားဘယ်လောက်ရှိရှိ မင်း သေရလိမ့်မယ်"
ဧကရာဇ်ချင်က နတ်ဧကရာဇ်ကို ပြဿနာအတွင်းဆွဲထည့်ကာ ခြိမ်းခြောက်လိုက်ပြန်သည်။
"မင်းတို့ကိုရှင်းအောင် ပြောလိုက်မယ်။ ပထမတစ်ချက်၊ ငါနဲ့ရောင်ယွမ်က ခရမ်းရောင်အလင်းကြယ်ကို အတူတူသွားခဲ့တာ မဟုတ်ဘူး။ ဉာဏ်ကောင်းတဲ့နေရာမှာ သူမက မင်းတို့နှစ်ယောက်လုံးထက် ပိုသာတယ်။ အကွက်ဆင်ခံရစရာ ဘာအကြောင်းမှမရှိဘူး။ နောက်တစ်ချက်၊ ငါနဲ့ရောင်ယွမ်က အကြောင်းတစ်ခုကြောင့် ဝင်ပေါက်ထဲကို အတူတူရောက်သွားရုံပဲဖြစ်တယ်။ နောက်ဆုံးတစ်ချက်၊ မင်းတို့က ငါ့ကို လာရှုပ်ချင်တယ်ဆိုရင်လည်း ငါက ကြောက်နေမယ့်လူစားမျိုး မဟုတ်ဘူး။ မင်းတို့မှာ ရှိသမျှလှည့်ကွက်တွေ ထုတ်သုံးလိုက်စမ်းပါ။ ငါက အကုန်ရင်ဆိုင်ပြီး နင်းချေပြမယ်"
ယဲ့ချန်က ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုကို အေးစက်စက်စိုက်ကြည့်ပြီး စိန်ခေါ်လိုက်သည်။ ထိုနှစ်ယောက်၏နောက်ခံက အလွန်သန်မာသော်လည်း သူက မကြောက်ပေ။ ထို့အပြင် အမှန်တရားက သူ့ဘက်တွင် ရပ်တည်နေခြင်းဖြစ်သည်။
"မင်းက ရောင်ယွမ်ကို အကွက်ဆင်တာမဟုတ်ရင် သူမက ဘာကြောင့် ခရမ်းရောင်အလင်းကြယ်ကို ဝင်သွားရတာလဲ"
"ဘယ်လိုလုပ်သိမှာလဲ။ သူမက အဲ့ဒီနေရာအကြောင်း စုံစမ်းချင်လို့ဖြစ်မှာပေါ့။ ငါနဲ့ ရောင်ယွမ်က အရာရာတိုင်းကိုဝေမျှပြီး ပြောပြနေတဲ့ ဆက်ဆံရေးမျိုးရှိတယ်လို့ မင်း ထင်နေတာလား"
ယဲ့ချန်က ပခုံးတွန့်ပြလိုက်၏။
"မင်း"
"ဒါဆိုရင် သူမက ခရမ်းရောင်အလင်းကြယ်ကိုမဝင်ခင် တစ်ခုခု ပြောသွားခဲ့သေးလား"
ဧကရာဇ်ယုကို ဧကရာဇ်ချင်က တားဆီး၍ ဒေါသစိတ်ကိုမျိုသိပ်ကာ မေးလိုက်ခြင်းဖြစ်လေသည်။