ခရမ်းရောင်အလင်းကြယ်မှ သတ္တဝါများ
Vol. 44 Ch. 614
လက်ရှိတွင် ကြယ်သခင်တျန်းယွမ်က တိမ်းပါးသွားပြီဖြစ်သောသောကြောင့် အတိတ်မှလျှို့ဝှက်ချက်များကို မေးမြန်းရန် အလွန်တရာခက်ခဲနေသည်။ ခရမ်းရောင်အလင်းကြယ်၌ ဖုံးကွယ်ထားရလောက်သော လျှို့ဝှက်ချက်မျိုးကို ယဲ့ချန်က အလွန်သိချင်နေခဲ့သည်။ ၎င်း၏အလင်းစက်ကွင်းနှင့် ကြယ်တစ်လုံး မတော်တဆတိုက်မိသောကြောင့်သာ ထွက်ပေါ်လာခြင်းဖြစ်ပြီး သို့မဟုတ်လျှင် ၎င်းက စကြဝဠာအတွင်း ထာဝရပျောက်ကွယ်နေပြီး မည်သူမှ ရှာမတွေ့နိုင်ပေ။ မရေမတွက်နိုင်သော အတွေးပေါင်းစုံက သူ၏စိတ်အတွင်း ဖြစ်ပေါ်လာနေပြီး အဖြေကိုသိချင်လျှင် ခရမ်းရောင်အလင်းကြယ်သို့ သွားရပေလိမ့်မည်။ သူနှင့် ရောင်ယန်က မျက်လုံးများကို တင်းကျပ်စွာပိတ်ထားပြီး တစ်ချက်ပင်မလှုပ်ရှားခဲ့ပေ။ အကြောင်းအရင်းမှာ အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် ပြင်းထန်သော လေဟာနယ်စွမ်းအင်များက သူတို့ကို လမ်းကြောင်းအတွင်း တစ်စစီ စုတ်ဖြဲသွားပေလိမ့်မည်။ အချိန်လေဟာနယ်ရုန်းတစ်ခုကို ဖြတ်သန်းလိုက်တိုင်း သူတို့က ပစ်မှတ်နှင့် ပို၍နီးကပ်လာပြီဟု ခံစားနေရသည်။ ကောင်းကင်ထက်မှငုံ့ကြည့်လျှင် ကြီးကျယ်ခမ်းနား၍ အလွန်လှပသော ခရမ်းရောင်ကြယ်ကြီးကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။
သို့သော် ယဲ့ချန်၏မြင်ကွင်းအတွင်း ၎င်းနှင့်အဝေးတစ်နေရာ၌ အနက်ရောင်ကြယ်ကြီးတစ်လုံး ရွေ့လျားလာနေသဖြင့် ထိတ်လန့်သွားခဲ့သည်။ ၎င်းက ကြယ်နှင့်ဆင်တူသော်လည်း မျက်နှာပြင်၌ သတ္တုများဖုံးအုပ်ထားသောကြောင့် စစ်သင်္ဘောကြီးတစ်စီးနှင့် ဆင်တူနေသည်။ မရေမတွက်နိုင်သော အနက်ရောင်အရာများက ၎င်းမှတဆင့် ခရမ်းရောင်အလင်းကြယ်သို့ ဘက်ပေါင်းစုံမှ ဝင်ရောက်နေသည်။ ၎င်းတို့အားလုံးမှာ ကောင်းကင်နတ်ဆိုးများ ဖြစ်နေနိုင်သောကြောင့် သူ၏စိတ်များ လေးလံသွားခဲ့သည်။ ခရမ်းရောင်အလင်းကြယ်ကို ၎င်းတို့ကသာ သိမ်းပိုက်ထားပြီးဖြစ်လျှင် သူတို့၏အဖြစ်မှာ ကျားဂူအတွင်း ဝင်မိသော သိုးနှင့် ဆင်တူပေလိမ့်မည်။
"ခရမ်းရောင်အလင်းကြယ်မှာ ကောင်းကင်နတ်ဆိုးတွေ ရှိနေနိုင်တယ်။ သတိထားဦး"
ယဲ့ချန်က ဝိညာဥ်အသိစိတ်မှတဆင့် ရောင်ယွမ်ကို သတိပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ဂရုစိုက်လိုက်မယ်"
ရောင်ယွမ်သည်လည်း စိတ်ကို သေချာဆုံးဖြတ်ထားပြီးဖြစ်၍ ခေါင်းညိတ်လိုက်သည်။ သူတို့က ခရမ်းရောင်အလင်းစက်ကွင်းကို ဖြတ်ကျော်နိုင်ကာနီးတွင် အချိန်လေဟာနယ် စီးကြောင်းတစ်ခုက နှစ်ယောက်အကြားသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
"သတိထား"
ယဲ့ချန်သည် ရောင်ယွမ်ကို စိတ်ဖြင့်သတိပေးနေစဥ်မှာပင် အဝေးသို့လွင့်ထွက်သွားကာ လမ်းကြောင်းများ ပြောင်းလဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို စုတ်ဖြဲနေသကဲ့သို့ နာကျင်နေပြီး မြင်ကွင်းများဗလာဖြစ်သွားကာ သတိလစ်သွားခဲ့သည်။ နောက်ဆုံးတွင် ပုံရိပ်နှစ်ခုက ခရမ်းရောင်အလင်းကြယ်၏ မတူညီသောနေရာများသို့ အလင်းတန်းများအဖြစ် သက်ဆင်းသွားခဲ့သည်။ အချိန်ကာလတစ်ခုကြာသောအခါ နာကျင်မှုကြောင့် ယဲ့ချန်က သတိလစ်နေရာမှ နိုးထလာခဲ့သည်။ ဓားပျံက ဆက်တိုက်တုန်ခါနေပြီး သန့်စင်သောကောင်းကင်ချီများကို သူ၏သွေးကြောနှင့် ခန္ဓာကိုယ်အစိတ်ပိုင်းများထံ ပို့လွှတ်ပေးနေခဲ့သည်။ ထို့နောက် သူက သတိကောင်းစွာလည်လာသဖြင့် ခြေလက်များထံမှ ခံစားချက်အချို့ ပြန်လည်ရရှိလာသည်။ သူ၏မျက်နှာပေါ်သို့ ဆက်တိုက်ကျရောက်လာနေသော မိုးစက်များကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လူသူလေးပါးကင်းရှင်းသော လမ်းမကြီးတစ်ခုပေါ် ရောက်နေကြောင်း တွေ့လိုက်ရသည်။ လမ်းဘေးဝဲယာတွင် ထူးဆန်းသော အဆောက်အအုံများရှိနေပြီး ဗိသုကာလက်ရာက ကောင်းကင်မူလကြယ်နှင့် လုံးဝကွဲပြားနေသည်။
သို့သော်လည်း ဤနေရာက လုံးဝတိတ်ဆိတ်နေပြီး သက်ရှိအရိပ်အယောင် တစ်စုံတစ်ရာပင် မရှိချေ။ အဆောက်အအုံများက ပုံစံကို မမှတ်မိနိုင်လောက်အောင် ပျက်စီးနေပြီး နံရံအချို့သာ မပျက်မစီး ကျန်ရစ်နေခဲ့သည်။ လမ်းမထက်တွင် ဂေါ်ဖီထုပ်လောက်ကြီးမားသော ခြေရာများရှိနေပြီး ခြေချောင်းသုံးချောင်းသာ ပါဝင်သည်။ ၎င်းတို့က ဧရာမသတ္တဝါကြီးများ၏ခြေရာများ ဖြစ်နိုင်သော်လည်း ၎င်းတို့မှလွဲ၍ မည်သည့်အရာမှ မရှိချေ။ ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ဘက်ပေါင်းစုံသို့ဖြန့်ကျက်လိုက်ပြီး ကီလိုမီတာရာချီအထိ ရောက်သွားသော်လည်း အဆုံးမရှိသည့် အဆောက်အအုံပျက်များကိုသာ တွေ့နေရသည်။ ၎င်းတို့ကို မြက်ရိုင်းပင်များဖုံးအုပ်နေပြီး အက်ကြောင်းများပြည့်နှက်နေကာ အတိတ်၌ ကျစ်ဟွာတော်ဝင်မြို့ထက် ပို၍ကြီးကျယ်ခမ်းနားသော မြို့တော်တစ်ခု ဖြစ်ခဲ့ပုံရသည်။ သို့သော်လည်း အဆုံးတွင် ပျက်စီးကိန်းဆိုက်ခဲ့ရပြီး တစ်ချက်ကြည့်ရုံနှင့် မြင်သူတိုင်းက ပျက်စီးခြင်းတရားကို နားလည်ဆင်ခြင်နိုင်သည်။
မိုးက သည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းများတိုက်ခတ်နေသောကြောင့် သစ်ရွက်များနှင့် သစ်ကိုင်းများက ယဲ့ချန်၏ခန္ဓာကိုယ်ကို လာရောက်ထိမှန်နေသည်။ ရောင်ယွမ် မည်သည့်နေရာသို့ရောက်နေမှန်း မသိရသောကြောင့် သူ၏စိတ်များ လေးလံလာခဲ့သည်။ လမ်းကြောင်းအတွင်း ခံစားခဲ့ရသော နာကျင်မှုက ပြင်းထန်လွန်းသဖြင့် အစွမ်းထက်ဝှက်ဖဲသာမရှိလျှင် သူမက သေဆုံးဖို့ ရာခိုင်နှုန်းများသည်။ သူက ရောင်ယွမ်နှင့် အလွန်ရင်းနှီးခြင်းမရှိသော်လည်း မီးဝိညာဥ်ကြယ်ပေါ်၌ သူ့အသက်ကို ကယ်ဖူးသောကြောင့် ဝမ်းနည်းစပြုလာသည်။ သို့သော်လည်း လက်ရှိအချိန်တွင် သူက ရောင်ယွမ်ကို လိုက်မရှာနိုင်သဖြင့် ရှင်းဟွမ်မှအသိပေးလိုက်သော အချက်အလက်များက သူမအတွက် အသုံးဝင်ပါစေဟု မျှော်လင့်နေရုံသာ တတ်နိုင်သည်။ သူက သူမကို ဤကဲ့သို့ဖုန်းဆိုးမြေမျိုး၌ မသေဆုံးသွားစေချင်ခဲ့ပေ။
ယဲ့ချန်က တင်ပျဥ်ခွေထိုင်၌ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို လည်ပတ်လိုက်ပြီး ဒဏ်ရာများကို ကုသလိုက်သည်။ သူ၏ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများပြည့်နှက်နေသော်လည်း ဓားပျံ၏ကောင်းကင်ချီများက ကုသပေးနိုင်စွမ်းရှိသည်။ ကံကောင်းစွာဖြင့် သူက ကိုယ်ပွားမည်မျှဖန်တီးပါစေ၊ တစ်ယောက်ချင်းစီ၌ ဓားပျံတစ်လက်စီ ပိုင်ဆိုင်ထားခဲ့သည်။ ဓားပျံသာမရှိလျှင် ဤဒဏ်ရာများပျောက်ကင်းနိုင်ရန် အနည်းဆုံး တစ်လအချိန်ယူရမည်ဖြစ်သော်လည်း လက်ရှိတွင် အများဆုံး တစ်ရက်သာ လိုအပ်သည်။ သူက ဒဏ်ရာကုသနေရင်း ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် အဆက်မပြတ်ထောက်လှမ်းနေစဥ် အရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နွားချေးပိုးထိုးကောင်နှင့်ဆင်တူသော ဧရာမပိုးကောင်ကြီးက သတ္တုနက်ရောင် တလက်လက်တောက်ပနေကာ ဦးခေါင်းထိပ်၌ ဂျိုကြီးတစ်ချောင်း ရှိနေသည်။ ၎င်း၏လက်ရှစ်ချောင်းတွင် ဧရာမသံခက်ရင်းခွကြီးကို ကိုင်ဆောင်ထားကာ ကောင်းကင်၌ လှည့်ပတ်ပျံသန်းနေသည်။ မျက်လုံးများက အနီရောင်တောက်ပနေပြီး ကြမ်းတမ်းရက်စက်၍ သွေးဆာသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
"ဒါက ကောင်းကင်နတ်ဆိုးလား"
ယဲ့ချန်က ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ၎င်းထုတ်ဖော်ထားသော အရှိန်အဝါက သွေးဆာချပ်ဝတ်ဝိညာဥ်သားရဲထက် များစွာပို၍ ကြောက်စရာကောင်းနေသည်။ ထို့အပြင် ၎င်းက အနည်းဆုံး ရွှမ်အဆင့်ဖြစ်နိုင်နေပြီး ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းနေသည်ကို အာရုံခံမိလိုက်ဟန်ဖြင့် ယဲ့ချန်ရှိရာသို့ လှည့်ကြည့်လာခဲ့သည်။ ၎င်း၏အနီရောင်မျက်လုံးကြီးများနှင့် ဝိညာဥ်အသိစိတ်က အကြည့်ချင်းဆုံသွားခဲ့သည်။
"မကောင်းတော့ဘူး။ ငါ့ကို တွေ့သွားပြီ"
ပိုးကောင်ကြီးက သူ၏တည်နေရာကို ဝိညာဥ်အသိစိတ်မှတဆင့် ထုတ်ဖော်နိုင်ခဲ့သဖြင့် သူက ရင်ထိတ်သွားပြီး ထိုင်နေရာမှ ချက်ချင်းထပြေးခဲ့ရသည်။ ၎င်းက တဂီးဂီးအော်ဟစ်လိုက်သောအခါ အသံစွမ်းအင်များမှာ သူ၏စိတ်ကို လာရောက်ရိုက်ခတ်သွားသဖြင့် ခေါင်းကို အပ်ပေါင်းများစွာနှင့် ထိုးဆွနေရသကဲ့သို့ နာကျင်သွားခဲ့သည်။
"ကြောက်စရာကောင်းလိုက်တာ။ ဒီကောင်ကြီးက စိတ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်နေတယ်"
ဓားပျံက ဆက်တိုက်တုန်ခါလာပြီး ယဲ့ချန်ကို အသံစွမ်းအင်များထံမှ ကာကွယ်ပေးခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်က အလွန်ကြီးမားသော်လည်း လှုပ်ရှားရာ၌ အလွန်လျင်မြန်နေခဲ့သည်။ ၎င်းက ခက်ရင်းကို ဝှေ့ယမ်းလိုက်သောအခါ ထက်ရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအားလုံး အမှုန့်ဖြစ်သွားကြသည်။ သူက မပေါ့ဆရဲသဖြင့် ရှောင်တိမ်းပုလဲကို အသက်သွင်းကာ အဝေးသို့ ချက်ချင်းထွက်ပြေးလိုက်သည်။ သူ၏အရှိန်က အလွန်လျင်မြန်သော်လည်း ပိုးကောင်ကြီးက လက်မလျှော့ဘဲ နောက်မှ တဟုန်ထိုးလိုက်ပါလာခဲ့သည်။ ရှောင်တိမ်းပုလဲ၏အကူအညီဖြင့်ဆိုလျှင် သူက လွတ်အောင်ထွက်ပြေးနိုင်ချေရှိပြီး အဆောက်အအုံများကို တရိပ်ရိပ်ကျော်ဖြတ် ပျံသန်းနေသည်။ ထိုအချိန်တွင် သူက ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကြသော ပိုးကောင်ကြီးငါးကောင်ကို မြင်လိုက်ရသည်။ ၎င်းတို့က အချင်းချင်းဆက်သွယ်နိုင်စွမ်း ရှိနေကြသည်။
ပိုးကောင်များက သူ့ကို အုပ်စုလိုက်အမဲလိုက်နေကြသဖြင့် ရှောင်တိမ်းပုလဲဖြင့်ပင် ထွက်ပြေးရန် ခက်ခဲနေပြီဖြစ်သည်။ သို့သော်လည်း သူက အနည်းဆုံး အရေးကြီးသတင်းတစ်ခု ရရှိခဲ့သည်။ ခရမ်းရောင်အလင်းကြယ်က မည်သည့်သက်ရှိမှမနေထိုင်သော ဖုန်းဆိုးမြေတစ်ခုဖြစ်ကာ ကောင်းကင်နတ်ဆိုးများလည်း ရောက်ရှိနေကြသည်။ ထို့ကြောင့် ၎င်း၏ရှင်းဟွမ်ကလည်း ကောင်းကင်နတ်ဆိုးများ၏ ဝါးမျိုခြင်းခံရနိုင်ချေ ရှိသည်။ ဧရာမပိုးကောင်ကြီးခြောက်ကောင်က သူ့ကို ဘက်ပေါင်းစုံမှပိတ်ဆို့ထားပြီး သတ်ရန် ချဥ်းကပ်လာနေပြီဖြစ်သည်။ ဝိညာဥ်သားရဲများနှင့်မတူသည်မှာ သူတို့က အသိဉာဏ်မြင့်မားပြီး တိုက်ပွဲအတွင်း၌ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိနေသည်။ ၎င်းတို့မှာ အဆင့်အတန်းနိမ့်သော ကောင်းကင်နတ်ဆိုးများသာဖြစ်နိုင်ပြီး ပိုမိုအစွမ်းထက်သော မျိုးနွယ်များလည်း ရှိနေနိုင်သည်။ အကယ်၍ ဤပိုးကောင်ကြီးများသာ ကောင်းကင်မူလကြယ်သို့ ရောက်ရှိလာလျှင် ဖြစ်ပေါ်လာမည့် စစ်မြေပြင်၏ ကြောက်မက်ဖွယ်ကောင်းပုံကို တွေးကြည့်ရန်ပင် မလွယ်ချေ။
"ဒီကောင်တွေက လမ်းပိတ်ထားပြီဆိုမှတော့ ပြန်တိုက်ခိုက်ပြီး သူတို့စွမ်းအားကို စမ်းသပ်ရုံကလွဲလို့ မရှိတော့ဘူး"
ယဲ့ချန်က အသေခံတိုက်ရန် ဆုံးဖြတ်လိုက်ပြီး ရှောင်တိမ်းပုလဲအတွင်းမှထွက်ကာ ကောင်းကင်ဓားပျံများ ဖန်တီးလိုက်သည်။ ညာလက်ကိုယမ်းလိုက်သောအခါ ၎င်းတို့က ပစ်မှတ်များထံ တစ်ချောင်းပြီးတစ်ချောင်း ပြေးဝင်သွားခဲ့သည်။ ပိုးကောင်များက ရုတ်တရက် အော်ဟစ်လိုက်ကြသောအခါ အသံစူးစူးက ယဲ့ချန်၏ခေါင်းအတွင်း အပ်များကဲ့သို့ ထိုးဖောက်ဝင်ရောက်လာကြသည်။ နာကျင်မှုကြောင့် သူက မျက်နှာပျက်သွားသော်လည်း ဓားပျံက ဆက်တိုက်တုန်ခါ၍ ကာကွယ်ပေးနေသဖြင့် အသံလှိုင်းများကို ခုခံနိုင်လာခဲ့သည်။
"ရွှစ် ရွှစ် ရွှစ်"
ဓားပျံများက ပိုးကောင်များ၏ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားချိန်တွင် ယဲ့ချန်က အားလုံးကို ဖောက်ခွဲပစ်လိုက်သည်။
"ဘန်း ဘန်း ဘန်း"
၎င်းတို့က ပိုးကောင်များ၏ကိုယ်အတွင်း ပေါက်ကွဲသွားသောအခါ နာကျင်စွာဖြင့် အော်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ကိုယ်တွင်းမှ ပြဒါးကဲ့သို့ အနက်ရောင်အရည်များ စီးထွက်လာခဲ့ပြီး သွေးများဖြစ်နိုင်သည်။ သူတို့၏ခန္ဓာကိုယ်တည်ဆောက်ပုံက မှော်သားရဲများ၊ ကောင်းကင်သားရဲများနှင့် အလုံးစုံကွဲပြားသောကြောင့် ယဲ့ချန်က အံ့သြနေသည်။ ဓားပျံများက ၎င်းတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော်လည်း မသတ်နိုင်ခဲ့ပေ။ ပိုးကောင်များက ဒေါသထွက်လာသဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်လာကာ ယဲ့ချန်ထံ ခက်ရင်းများကို ပြိုင်တူယမ်းချလိုက်သည်။
"ဘုန်း ဘုန်း"
သူက ဆက်တိုက်ရှောင်တိမ်းလိုက်ရပြီး ခက်ရင်းခွများထံမှ ထွက်ပေါ်လာသော အလင်းများက တောင်များကိုပင် အမှုန့်ဖြစ်သွားစေနိုင်သည်။ နောက်ဆုံးတွင် အလင်းတန်းတစ်ချက် သူ၏ရင်ဘတ်ကို ထိမှန်သွားသဖြင့် ဂျွတ်ခနဲမြည်သံနှင့်အတူ နံရိုးနှစ်ချောင်း ကျိုးသွားခဲ့သည်။ သူက ဝိညာဥ်နှင့်ရုပ်ခန္ဓာ တစ်သားတည်းဖြစ်သော အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ဤတိုက်ကွက်ကို မခုခံနိုင်ခဲ့ပေ။
ထို့ကြောင့် ယဲ့ချန်က ရှောင်တိမ်းပုလဲကို နောက်တစ်ကြိမ်အသက်သွင်းလိုက်ပြီး အဝေးသို့ အလင်းတန်းတစ်ခုအသွင်နှင့် ထွက်ပြေးသွားခဲ့သည်။ ပိုးကောင်ကြီးများကလည်း လက်မလျှော့ဘဲ ခက်ရင်းကြီးများကို ဝှေ့ယမ်းကာ လိုက်ပါလာကြလေသည်။