ကျွန်ပိုးကောင်များ
Vol. 44 Ch. 615
ယဲ့ချန်သည် ရှောင်တိမ်းပုလဲကို ပိုးကောင်များကြားရှိ နေရာလပ်များမှ ပျံသန်းစေကာ ထွက်ပြေးလိုက်သည်။ ခက်ရင်းများနှင့် ဆက်တိုက်တိုက်ခိုက်ခံနေရသဖြင့် တဘုန်းဘုန်းမြည်သံများ ထွက်ပေါ်လာသည်။ ၎င်းက လွတ်မြောက်ရေးရတနာတစ်ခုသာ ဖြစ်သောကြောင့် ကာကွယ်ရေးအရာတွင် အားနည်းသောကြောင့် ခဏအတွင်း အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ ၎င်းက ဘယ်ညာရှောင်တိမ်းရင်း ပိုးကောင်များကြားမှ လွတ်မြောက်သွားသော်လည်း နောက်ထပ်ပိုးကောင်ဆယ်ကောင်ကျော် ထပ်မံထွက်ပေါ်လာပြန်သည်။
"ဒီကောင်ကြီးတွေက အဆုံးမရှိတော့ဘူးလား"
အကယ်၍ သူက ဤပိုးကောင်အုပ်လက်မှ လွတ်မြောက်နိုင်ခဲ့လျှင်ပင် နောက်ထပ်ပိုးကောင်များစွာ ရောက်ရှိလာပေလိမ့်မည်။ စစ်ဧကရာဇ်များ ပြန်ရောက်မလာခြင်းက အဆန်းမဟုတ်တော့ပေ။ သူတို့ပင် အရေအတွက်များပြားလှသော ပိုးကောင်ကြီးများကို လက်ပန်းကျသည်အထိ တိုက်ခိုက်သတ်ဖြတ်ရပေလိမ့်မည်။ ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားက စစ်ဧကရာဇ်များကို မထိခိုက်စေနိုင်သော်လည်း ခုခံရေးစွမ်းအားက အံ့ဖွယ်ကောင်းလှသည်။ ထို့အပြင် ပိုမိုအဆင့်မြင့်သော ပိုးကောင်မျိုးနွယ်များလည်း ရှိနေနိုင်သည်။ ၎င်းတို့က ဝိညာဥ်အသိစိတ်မှတဆင့် ပစ်မှတ်၏တည်နေရာကို ရှာဖွေနိုင်သောကြောင့် စစ်ဧကရာဇ်တစ်ယောက်သာ ခရမ်းရောင်အလင်းကြယ်ကိုစူးစမ်းရန် ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်လျှင် အရေအတွက်များစွာ ရောက်ရှိလာနိုင်သည်။ ထို့ကြောင့် ဤနေရာတွင် ဝိညာဥ်အသိစိတ်ကို အသုံးမပြုခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
ယဲ့ချန်သည် မီးဝိညာဥ်ကြယ်နှင့် ဆက်သွယ်ထားသော လမ်းကြောင်း၏တည်နေရာကို မသိသောကြောင့် စစ်ဧကရာဇ်များလည်း သိနိုင်မည်မဟုတ်ပေ။ သို့သော် သူတို့က အရေအတွက်ဆယ်ယောက်ကျော်သောကြောင့် တစ်ယောက်ခန့်နှစ်ယောက်ခန့် ထွက်ပြေးနိုင်ရန်က ပြဿနာမဟုတ်ချေ။ ယနေ့တွင် သူက သေဘေးမှမလွတ်မြောက်နိုင်သော်လည်း ခရမ်းရောင်အလင်းကြယ်၏ လက်ရှိအခြေအနေကို ကောင်းကင်မူလကြယ်သို့ ပြန်ပို့နိုင်မည်ဖြစ်သောကြောင့် ထိုက်တန်ပေသည်။ သူက ရှောင်တိမ်းပုလဲဖြင့် ဆက်တိုက်ပျံသန်းနေသော်လည်း ၎င်း၏မျက်နှာပြင်ထက်တွင် အပေါက်ပေါင်းရာနှင့်ချီအောင် ဖြစ်ပေါ်နေသည်။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ၎င်းကို ဆက်လက်အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူက ၎င်းကိုသိမ်းဆည်း၍ ပိုးကောင်ကြီးများနှင့် သူသေကိုယ်သေတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ပိုးကောင်ကြီးများက တဂီးဂီးအော်ဟစ်၍ ယဲ့ချန်ကိုသတ်ဖြတ်ရန် တဟုန်ထိုးချီတက်လာကြသည်။ ထိုအချိန်တွင် ဧရာမအလင်းလုံးကြီးတစ်ခု ဝင်ရောက်လာပြီး လေထဲတွင် ဘုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။ ၎င်းထံမှ အလင်းရောင်များသာ ဖြာထွက်လာသော်လည်း ပိုးကောင်ကြီးများက ရူးသွပ်သွားဟန်ဖြင့် နာကျင်စွာအော်ဟစ်ကာ ခေါင်းမပါသော ယင်ကောင်များကဲ့သို့ ဦးတည်ရာ ပျောက်ဆုံးသွားကြသည်။ ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ယဲ့ချန်မှာ ငေးမောနေမိသော်လည်း အလင်းများက သူ့ကို အန္တရာယ်မဖြစ်စေခဲ့ပေ။
"ဘာတွေဖြစ်ကုန်တာလဲ။ စစ်ကူတွေ ရောက်လာတာလား"
သူက ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ မီတာတစ်ထောင်အကွာ၌ လူခြောက်ယောက်ကို တွေ့လိုက်ရသည်။ သူတို့၏လက်ထဲတွင် ရှည်လျားသော လေးကိုယ်စီကိုင်ဆောင်ထားကာ လောက်လွှဲနှင့်ဆင်တူသော လက်နက်တစ်ခုကိုလည်း သယ်ဆောင်ထားသည်။ ထိုလူများက သူ၏အနီးတွင်ရှိနေသော်လည်း သတိမထားမိခဲ့သဖြင့် ထိတ်လန့်သွားခဲ့သည်။ တစ်ဖက်လူ၏ကျင့်ကြံဆင့်က သူ့ထက် များစွာသာလွန်နေနိုင်သည်။ သူတို့က လူသားများနှင့်ဆင်တူသော်လည်း ပို၍ပိန်ပါးပြီး ခရမ်းရောင်အသားအရေနှင့် ဦးခေါင်းရှည်ရှည်မျောမျောကို ပိုင်ဆိုင်ထားကြသည်။ ဖြစ်နိုင်သည်မှာ ခရမ်းရောင်အလင်းကြယ်၏ နယ်ခံများဖြစ်သည်။ သူတို့က လေးကြိုးကိုဆွဲတင်း၍ မြှားများပစ်ခတ်လိုက်သောအခါ လေထဲရှိ ပိုးကောင်များ၏ခေါင်းကို ခန့်မှန်းရခက်သော ထောင့်ချိုးအမျိုးမျိုးမှ ဝင်ရောက်ထိမှန်သွားခဲ့သည်။ ထို့နောက် ပိုးကောင်ကြီးများမှာ အသံပင်မထွက်နိုင်ဘဲ မြေပြင်သို့ ဇောက်ထိုးပြုတ်ကျသွားသဖြင့် ဦးခေါင်းက အားနည်းချက် ဖြစ်နိုင်သည်။
ယဲ့ချန်၏မျက်လုံးများက တောက်ပလာကာ ကောင်းကင်ဓားပျံများဖန်တီး၍ ပိုးကောင်ကြီးများ၏ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်လိုက်သည်။ သူ၏ပစ်ခတ်မှုက မြှားများကဲ့သို့ မလှပသော်လည်း ရိုးရှင်းစွာဖြင့် ပစ်မှတ်ကိုထိမှန်ခဲ့ပြီး တဘန်းဘန်းပေါက်ကွဲသွားသောအခါ အနက်ရောင်သွေးများ ပြန့်ကြဲကုန်သည်။ ပိုးကောင်ကြီးများကို သတ်ဖြတ်နိုင်သောကြောင့် သူ၏စိုးရိမ်စိတ်များ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့က တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံလိုက်ရပြီး မြေပြင်အထက်ရှိ အလောင်းများက အနက်ရောင်ပျစ်ချွဲချွဲအရည်များအဖြစ် ပြောင်းလဲသွားကာ မြေဆီလွှာအတွင်း စိမ့်ဝင်သွားကြသည်။ ထို့ကြောင့် သူက လမ်းတလျှောက်တွင် မည်သည့်အလောင်းကိုမှ မတွေ့ခဲ့ရခြင်းဖြစ်သည်။ ရန်သူများကို ရှင်းလင်းပြီးသောအခါ ခရမ်းရောင်လူခြောက်ယောက်က ယဲ့ချန်ကို ပြိုင်တူလှည့်ကြည့်လာကြသည်။
"ရေမြေခြားက လူစိမ်းမိတ်ဆွေ ဒီနေရာကနေ ကျုပ်တို့နဲ့အတူ လိုက်ခဲ့ပါ။ နောက်ထပ်ကျွန်ပိုးကောင်ကြီးတွေ ထပ်ရောက်လာရင် မင်း ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"
ထိုခြောက်ယောက်တွင် အရပ်အရှည်ဆုံးဖြစ်သူက ကောင်းကင်မူလကြယ်၏ ဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ၎င်းက အလွန်ရိုးရှင်းသော်လည်း ယဲ့ချန်က ရင်းနှီးနေပြီး ဤနေရာ၌ အသုံးပြုနေမည်ဟု မျှော်လင့်မထားပေ။ ထိုလူများသာ လာရောက်ကယ်တင်ခြင်းမရှိလျှင် သူက သေဆုံးရမည်ဖြစ်သောကြောင့် များစွာတွေးတောမနေဘဲ အတူလိုက်ပါလာခဲ့သည်။ ပိုးကောင်အုပ်စုတစ်ခု သတ်ဖြတ်ခံလိုက်ရသည်ကို အာရုံခံမိသော ပိုးကောင်များစွာက အဝေးမှပျံသန်းလာနေကြသဖြင့် ကောင်းကင်၌ မုန်တိုင်းတစ်ခုကျရောက်လာသည့်ပမာ မည်းမှောင်သွားခဲ့သည်။ အနည်းဆုံး ထောင်ချီသောအရေအတွက်ကြောင့် ယဲ့ချန်မှာ ထိတ်လန့်သွားပြီး ခရမ်းရောင်အလင်းကြယ်ပေါ်တွင် အသက်ရှင်ရန် အလွန်ခဲယဥ်းလှသည်ဟု တွေးမိလိုက်သည်။
ခရမ်းရောင်လူခြောက်ယောက်က သူ့ကိုဦးဆောင်၍ လျင်မြန်စွာ ပြေးလွှားနေကြသည်။
"ဒီနေရာရဲ့ ကီလိုမီတာသုံးသောင်းအကွာမှာ ကျွန်သားရဲတွင်းခြောက်ခု ရှိတယ်။ ကျွန်တစ်ကောင် အသတ်ခံလိုက်ရရင် သူတို့အားလုံး ရောက်လာကြလိမ့်မယ်"
ယဲ့ချန်၏အတွေးများကို ရိပ်စားမိသော အရပ်ရှည်သူက ရှင်းပြလိုက်ခြင်းဖြစ်သည်။
"ဒါဆိုရင် ကျုပ်တို့ ဘယ်လိုထွက်ပြေးကြမလဲ"
ကောင်းကင်၌ ပိုးကောင်များစွာ ပြည့်နှက်နေသဖြင့် ပုန်းကွယ်ရန် နေရာမရှိသောကြောင့် ယဲ့ချန်က ပြန်မေးလိုက်သည်။
"မြေအောက်ထဲကို ပြေးကြမယ်"
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းခဲ့သော်လည်း မည်သည်ကိုမှရှာမတွေ့ခဲ့သည်မှာ မထူးဆန်းတော့ပေ။ ပိုးကောင်ကြီးများ၏ အန္တရာယ်ကြောင့် နယ်ခံများက မြေအောက်သို့ ပြောင်းရွှေ့နေထိုင်ရခြင်းဖြစ်သည်။
"သူတို့ကို ဘာကြောင့် ကျွန်တွေလို့ခေါ်တာလဲ။ ဒါတွေက ကောင်းကင်နတ်ဆိုး မဟုတ်ဘူးလား"
တစ်ဖက်လူက ကောင်းကင်မူလကြယ်၏ ဘာသာစကားကို ပြောရာ၌ မကျွမ်းကျင်သော်လည်း ယဲ့ချန်က နားလည်နိုင်သည်။
"မဟုတ်ဘူး။ ကောင်းကင်နတ်ဆိုးတွေက ပိုပြီးအစွမ်းထက်တယ်။ ကျွန်ကောင်တွေက သူတို့မွေးထားတဲ့ အစာသက်သက်ပဲ"
ရှေ့ဆုံးမှ ပြေးလွှားနေသူက ရှင်းပြလိုက်သည်။ ကျွန်ပိုးကောင်များက ကောင်းကင်မူလကြယ်ရှိ ဝိညာဥ်သားရဲများနှင့် ဆင်တူသော်လည်း များစွာပို၍အစွမ်းထက်နေကြသည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးတစ်ကောင်၏ ကြောက်စရာကောင်းပုံကို ယဲ့ချန်က တွေးကြည့်ရုံဖြင့် သိနိုင်သည်။ သူတို့က အဆောက်အအုံတစ်ခုအတွင်း ဝင်ရောက်လာပြီးနောက် မြေအောက်သို့ဦးတည်နေသော ရှည်လျားကျဥ်းမြောင်းသည့် ဥမင်တစ်ခုအတွင်း ခုန်ဆင်းလိုက်ကြသည်။ အစီအရင်အလွှာများစွာကို ဖြတ်သန်းပြီးနောက် မြေပြင်အောက်တွင် မီတာအနည်းငယ်ထူသော သတ္တုများ ကာရံထားသည်ကို ယဲ့ချန်က အာရုံခံနိုင်ခဲ့သည်။ အကြောင်းအရင်းမှာ ကျွန်ပိုးကောင်များ မြေအောက်သို့တူးဖော်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ မြေအောက်သို့ရောက်သောအခါ အန္တရာယ်ကင်းသွားပြီဖြစ်သောကြောင့် ခရမ်းရောင်လူခြောက်ယောက်က ပြေးလွှားနေသည့် အရှိန်ကို နှေးလိုက်ကြသည်။
"ကျုပ်နာမည်က ကျိယန်ပါ။ လူသားမျိုးနွယ်ခွဲတစ်ခုဖြစ်တဲ့ ခရမ်းရောင်မျက်လုံးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး ဘိုးဘေးတွေကတော့ ကောင်းကင်မူလကြယ်က ဖြစ်ပါတယ်"
အရပ်အရှည်ဆုံးလူက ယဲ့ချန်ကို ဖော်ရွေစွာဖြင့် မိတ်ဆက်လိုက်သည်။ ထို့ကြောင့် ယဲ့ချန်သည် သူတို့၏ခရမ်းရောင်ရင့်ရင့်မျက်လုံးများကို သတိထားမိလိုက်ပြီး ၎င်းတို့မှာ ကျောက်မျက်များကဲ့သို့ ကြည်လင်တောက်ပနေသည်။ သူငယ်အိမ်များကို ကြည့်လိုက်မိသူတိုင်းက သူတို့၏အသွင်အပြင်ကိုပင် မေ့လျောသွားစေနိုင်သည်။ အားလုံးက အနည်းဆုံး အရပ်နှစ်မီတာမြင့်ပြီး ကျိယန်၏အရပ်က နှစ်မီတာခွဲရှိသောကြောင့် ယဲ့ချန်ပင် အနည်းငယ်ပုနေသယောင် ထင်မှတ်ရသည်။
"ဒါဆိုရင် မင်းတို့ရဲ့ဘိုးဘေးတွေက ကောင်းကင်မူလကြယ်က ဖြစ်နေတာပေါ့။ ငါတို့ဘာသာစကားကို မင်းပြောတတ်နေတာ မဆန်းတော့ပါဘူး။ ကောင်းကင်မူလကြယ်မှာလည်း ခရမ်းရောင်မျက်လုံးမျိုးနွယ်ဝင်တွေ ရှိနေသေးတယ်"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ ထိုမျိုးနွယ်က အလွန်ကျော်ကြားပြီး ထိပ်တန်းပန်းပဲဆရာမျိုးနွယ်ငါးခုအနက် တစ်ခုအပါအဝင်ဖြစ်ကာ ခရမ်းရောင်နတ်ဆိုးချက်ဝတ်မှာ သူတို့၏လက်ရာဖြစ်သည်။ သို့သော် ကောင်းကင်မူလကြယ်ရှိ ခရမ်းရောင်မျက်လုံးမျိုးနွယ်နှင့် ခရမ်းရောင်အလင်းကြယ်ရှိ ခရမ်းရောင်မျက်လုံးမျိုးနွယ်ကြားတွင် အသွင်အပြင်အနည်းငယ်ကွဲပြားပြီး နှစ်ထောင်ပေါင်းများစွာ ဆင့်ကဲတိုးတက်လာမှုနှင့် ရေခံမြေခံကွာခြားမှုက အကြောင်းအရင်းဖြစ်နိုင်သည်။ တူညီသည့်အချက်မှာ သူတို့အားလုံးက မွေးရာပါ ပန်းပဲပညာထူးချွန်သူများ ဖြစ်ကြသည်။
"ဟုတ်တယ်။ ကျုပ်တို့က ပန်းပဲပညာမှာ ကျော်ကြားတဲ့ ခရမ်းရောင်မျက်လုံးမျိုးနွယ်ပဲ။ ဒီလေးရှည်တွေက တာအိုအဆင့်သုံးဖြစ်ပေမယ့် အဆင့်ငါးစွမ်းအားမျိုး ထုတ်ဖော်နိုင်တယ်။ ဒီတုန်ခါမိုးကြိုးလက်နက်ကတော့ ကျွန်ကောင်တွေနဲ့ ရင်ဆိုင်ဖို့ အထူးပြုလုပ်ထားတာဖြစ်တယ်"
ပန်းပဲပညာရပ်အကြောင်း စကားစမိလိုက်သောအခါ ကျိယန်၏မျက်နှာက ဂုဏ်ယူမှုများထင်ဟပ်လာကာ လက်နက်များအကြောင်း ရှင်းပြလိုက်သည်။ တုန်ခါမိုးကြိုးလက်နက်က လောက်လွှဲတစ်ခုနှင့်ဆင်တူပြီး မိုးကြိုးအလင်းလုံးများ ပစ်ခတ်နိုင်သည်။ ၎င်းက ပေါက်ကွဲသွားသောအခါ ကျွန်များမှာ အသိစိတ်ပျောက်သွားပြီး အသတ်ခံလိုက်ရသည်ကို ယဲ့ချန်က တွေ့ရှိခဲ့ပြီးဖြစ်သည်။ မည်သည့်နည်းလမ်းမျိုး အသုံးပြုထားခြင်းကိုမူ သူက အဖြေမရှာနိုင်ခဲ့ပေ။
"ကျုပ်တို့ဆီမှာ ကောင်းကင်မူလကြယ်ကကျင့်ကြံသူတွေ ရောက်နေကြတယ်။ သိပ်မကြာခင် မင်း တွေ့ရတော့မှာပါ။ ကောင်းကင်မူလကြယ်မှာ စစ်ဧကရာဇ်တွေ ဒီလောက်အများကြီးရှိနေတာကို ငါ မယုံနိုင်ဘူး။ ကျိယွမ်ကြယ်မှာတော့ အရင်တုန်းက စစ်ဧကရာဇ်အယောက်တစ်ရာကျော်ရှိပေမယ့် လောလောဆယ်မှာ သုံးယောက်နဲ့ နတ်အစေခံတစ်ယောက်သာ ကျန်ရစ်ခဲ့တယ်။ လေးစားရတဲ့ခေါင်းဆောင်က အသက်ငါးထောင်ကျော်ပြီဖြစ်လို့ နေဝင်ချိန်ကို ရောက်နေပြီ"
ကျိယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"မင်းတို့မှာ ကြယ်သခင် မရှိဘူးလား"
ခရမ်းရောင်အလင်းကြယ်၏နယ်ခံများက ၎င်းကို ကျိယွမ်ကြယ်ဟု ခေါ်ကြောင်းနှင့် အင်အားက အလွန်နိမ့်ကျနေကြောင်းကို သိလိုက်ရသောအခါ ယဲ့ချန်က အံ့သြထိတ်လန့်သွားခဲ့သည်။ ကောင်းကင်မူလကြယ်တွင် ကြယ်သခင်တျန်းယွမ်လက်ထက်၌ အင်အားကနိမ့်ကျခဲ့ပြီး ကြယ်သခင်ရှင်းရွှမ်၏လက်ထက်၌ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ကောင်းကင်မူလကြယ်က လက်ရှိတွင် အင်အားဆုတ်ယုတ်နေသော်လည်း အနည်းဆုံး စစ်ဧကရာဇ်တစ်ရာကျော်နှင့် နတ်အစေခံဆယ်ယောက်ကျော် ပိုင်ဆိုင်ထားသည်။