ကောင်းကင်နတ်ဆိုးများ၏ သဘာဝ
Vol. 44 Ch. 616
"ကြယ်သခင်လား။ ငါတို့မှာ ကြယ်သခင်တစ်ယောက် ထွက်ပေါ်မလာဖူးဘူး။ ရှင်းဟွမ်နဲ့ ဘယ်သူမှမဆက်သွယ်နိုင်တာ နှစ်ပေါင်းသောင်းချီနေပြီ။ အတိတ်တုန်းက ဒီကြယ်ဟာ လုံခြုံခဲ့ပြီး ကပ်ဘေးကြီးကြီးမားမား မဖြစ်ခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်၊ ကြယ်တစ်လုံးက အလင်းစက်ကွင်းကို ဝင်တိုက်ပြီးတဲ့နောက်မှာ မရေမတွက်နိုင်တဲ့ ကျွန်ကောင်တွေ လာရောက်ကျူးကျော်ခဲ့ကြတယ်။ မြို့တွေအများကြီး ဖျက်ဆီးခံလိုက်ရပြီး ဒီပတ်ဝန်းကျင်မှာ ငါတို့က နောက်ဆုံးရှင်ကျန်သူတွေပဲ"
ကျိယန်က သက်ပြင်းတစ်ချက်ချ၍ ဖြစ်ပျက်သမျှကို ရှင်းပြနေစဥ် ခံစားချက်များလေးလံနေပြီး ဝမ်းနည်းစိတ်များ မျက်လုံးတွင် ထင်ဟပ်နေသည်။ အတိတ်၌ ဖြစ်ပျက်ခဲ့သမျှက ပြန်လည်စဥ်းစားကြည့်ရန်ပင် မလွယ်ချေ။
"မင်းတို့ဘယ်နှယောက်လောက် အသက်ရှင်ခဲ့ကြတာလဲ"
"ငါလည်း မသိဘူး။ ဒီနေရာမှာတော့ လူနှစ်သိန်းကျော် နေထိုင်တယ်။ ကျွန်ကောင်တွေရဲ့အရေအတွက်က အလွန်များပြီး ကြယ်တစ်ခုလုံးရဲ့ မျက်နှာပြင်ထက်မှာ ပြည့်ကျပ်နေတဲ့အတွက် တခြားဒေသတွေကို ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် နောက်ထပ်အသက်ရှင်သူတွေ ရှိမရှိကို မပြောနိုင်ဘူး"
ယဲ့ချန်၏အမေးကို ကျိယန်က ခေါင်းယမ်း၍ဖြေလိုက်သည်။ ယဲ့ချန်တွေ့ခဲ့သော မြို့ကြီးက လူသန်းချီနေထိုင်လောက်အောင် ကြီးမားကျယ်ဝန်းသောကြောင့် လက်ရှိတွင် လူနှစ်သိန်းကျော်သာ ကျန်ရစ်ခဲ့သဖြင့် ထိုကပ်ဘေးက မည်မျှကြောက်စရာကောင်းကြောင်း သိနိုင်သည်။ ကျိယွမ်ကြယ်တစ်ခုလုံးတွင် နတ်အစေခံအိုကြီးတစ်ယောက်နှင့် စစ်ဧကရာဇ်သုံးယောက်သာ ရှိသောကြောင့် ဤမျှအခြေအနေ ဆိုးခဲ့ရခြင်းဖြစ်သည်။
"မင်းတို့တွေ ရောင်ယွမ်လို့ခေါ်တဲ့ မိန်းမတစ်ယောက်ကို တွေ့ခဲ့ကြသေးလား။ သူမကလည်း ကောင်းကင်မူလကြယ်က လာတဲ့သူပဲလေ"
ယဲ့ချန်သည် ရောင်ယွမ်၏လုံခြုံရေးကို စိတ်ပူသဖြင့် စုံစမ်းလိုက်ခြင်းဖြစ်သည်။
"ရောင်ယွမ်တဲ့လား။ ငါတို့ခေါ်ထားတဲ့သူတွေထဲမှာ အဲ့လိုနာမည်နဲ့ မိန်းကလေး မရှိဘူး"
ကျိယန်က ခေါင်းယမ်းပြလိုက်သောအခါ သူက သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရောင်ယွမ်၏သေရေးရှင်ရေးက ကံတရားအပေါ် မူတည်နေသည်။
"ငါတို့မှာ စစ်ဧကရာဇ်နှစ်ယောက်တော့ ရှိတယ်။ မီးဧကရာဇ်နဲ့ ရှေးဦးဧကရာဇ်လို့ ခေါ်တယ်။ သူတို့ကလည်း ကောင်းကင်မူလကြယ်ကလို့ ပြောတယ်"
"နှစ်ယောက်တည်းလား"
"ငါတို့သိရသလောက်တော့ ကောင်းကင်မူလကြယ်ကနေ စစ်ဧကရာဇ်၁၃ယောက် ရောက်လာတယ်တဲ့။ ဒါပေမယ့် နှစ်ယောက်တည်းပဲ ငါတို့ဆီကို ရောက်လာတယ်။ သူတို့ကလည်း ကျွန်ကောင်တွေ အာရုံခံမိသွားရင် ပြဿနာဖြစ်နိုင်တဲ့အတွက် ဝိညာဥ်အသိစိတ်နဲ့ အခြားစစ်ဧကရာဇ်တွေကို မဆက်သွယ်နိုင်ဘူး"
ကျိယန်က ရှင်းပြလိုက်သည်။
"ငါ့ကို သူတို့နဲ့တွေ့ဖို့ ခေါ်သွားပေးပါ"
ယဲ့မျိုးနွယ်ဝင်နှစ်ယောက်နှင့် ကြယ်ခန်းမတပည့်တစ်ယောက်က မီးဧကရာဇ်၏ တပည့်များဖြစ်သောကြောင့် ယဲ့ချန်က သူနှင့် အနည်းငယ်သိကျွမ်းဖူးသည်။ သို့သော် စစ်ဧကရာဇ်များက အသက်ရှင်နေသည့်တိုင်အောင် ပြန်သွားရန်နည်းလမ်းကို မစဥ်းစားကြသောကြောင့် သူက စိတ်ရှုပ်ထွေးသွားခဲ့သည်။ မီးဝိညာဥ်ကြယ်ပေါ်မှ လမ်းကြောင်းကို အမြဲတမ်းဖွင့်လှစ်ထားသဖြင့် ကျိယွမ်ကြယ်ပေါ်သို့ လမ်းကြောင်းရောက်ရှိသည့်နေရာကို ရှာဖွေနိုင်လျှင် တည်နေရာရွှေ့ပြောင်း အစီအရင်တစ်ခု တည်ဆောက်၍ ပြန်သွားနိုင်သည်။ စစ်ဧကရာဇ်များအတွက် ဤကိစ္စက ခက်ခဲမည်မဟုတ်ပေ။ သူတို့သည်လည်း အချိန်လေဟာနယ်စီးကြောင်းကြောင့် လမ်းကြောင်းသက်ဆင်းသည့်နေရာကို မရှာဖွေနိုင်ခြင်းမျိုး ဖြစ်နိုင်သည်။
"မင်းက မီးဧကရာဇ်နဲ့ သိတာလား။ ဒါဆိုရင် အရမ်းကောင်းတယ်။ အခုချက်ချင်း ခေါ်သွားပေးမယ်"
ကျိယွမ်က ပျော်ရွှင်စွာ ပြောလိုက်သည်။ ယဲ့ချန်က မီးဧကရာဇ်နှင့်သိကျွမ်းကြောင်း ပြောလိုက်သောအခါ ခရမ်းရောင်မျက်လုံးမျိုးနွယ်ဝင်များက လေးစားမှုအချို့ ပြသလာသည်။ ထို့ကြောင့် ကျိယွမ်ကြယ်ပေါ်တွင် စစ်ဧကရာဇ်ယောက်ကို မည်မျှအလေးထားကြောင်း သိနိုင်သည်။ သူတို့အတွက် စစ်ဧကရာဇ်များက ကာကွယ်သူများဖြစ်၍ ကျွန်ကောင်များ ကျူးကျော်လာချိန်တွင် စစ်ဧကရာဇ်သုံးယောက်က လူပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်မူလကြယ်၏ စစ်ဧကရာဇ်များကိုလည်း သူတို့က အလွန်ရိုသေလေးစားကြသည်။ ကျွန်ကောင်များက တစ်ချိန်တွင် မြေအောက်၌ပုန်းအောင်းနေသည့် ရှင်သန်သူများကို တိုက်ခိုက်လာနိုင်သည်။ စစ်ဧကရာဇ်များကသာ သူတို့ကို ကယ်တင်ပေးနိုင်စွမ်းရှိပြီး ကောင်းကင်မူလကြယ်နှင့် မဟာမိတ်ဖွဲ့ထားလျှင် အသက်ရှင်သန်စွမ်း မြင့်တက်လာနိုင်သည်။ ကောင်းကင်မူလကြယ်၌ နတ်အစေခံဆယ်ယောက်နှင့် စစ်ဧကရာဇ်အယောက်တစ်ရာကျော် ပိုင်ဆိုင်ထားသောကြောင့် ကျိယွမ်ကြယ်ထက် များစွာသာလွန်နေသည်။
ယဲ့ချန်မှာ စိတ်ထဲမှ ခါးသက်သက်ပြုံးလိုက်မိသည်။ ကောင်းကင်မူလကြယ်မှ ကျိယွမ်ကြယ်သို့ ကျင့်ကြံသူများစေလွှတ်လိုက်သော အကြောင်းအရင်းမှာ ကောင်းကင်နတ်ဆိုးများကို ယှဥ်တွဲတိုက်ခိုက်ရန် မဟာမိတ်ရှာဖွေလိုခြင်းဖြစ်သည်။ သို့သော်လည်း ကျိယွမ်ကြယ်က ပို၍အခြေအနေဆိုးနေပြီး ကောင်းကင်မူလကြယ်အပေါ် မှီခိုနေရသည်။ ကျိယန်၏ဦးဆောင်မှုဖြင့် သူက ကျဥ်းမြောင်းရှည်လျားသော ဥမင်လမ်းအတိုင်း မြေအောက်သို့ နက်ရှိုင်းစွာ ဆင်းသက်လာရ၏။ ကျွန်ကောင်များနှင့် ကောင်းကင်နတ်ဆိုးများ၏ အန္တရာယ်ကို ရှောင်တိမ်းရန်အတွက် မြေအောက်မီတာသောင်းချီအထိ နက်အောင်တူးဖော်ထားပြီး ကာကွယ်ရေးအလွှာများစွာ စီမံထားခဲ့သည်။ ထို့ကြောင့် သူတို့က ရန်သူများကို မည်မျှကြောက်လန့်နေကြောင်း သိသာသည်။
နာရီဝက်အကြာတွင် သူတို့က နယ်မြေတစ်ခုထံ ရောက်ရှိလာကာ ရွာတစ်ရွာကဲ့သို့ အဆောက်အအုံများကို တွေ့လိုက်ရသည်။ ၎င်း၌ လူဦးရေထူထပ်လွန်းသဖြင့် ရန်ယွင်မြို့တော်၏ မြို့စွန်ဒေသထက်ပင် ပို၍ဆိုးရွားနေခဲ့သည်။ ကျိယွမ်ကြယ်တွင် လူသားများနှင့်ဆင်တူသော မျိုးနွယ်ပေါင်းများစွာရှိပြီး ကွဲပြားခြားနားသော အသွင်ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ အချို့က အလွန်ကြီးမားသော နားရွက်ကြီးများ ပိုင်ဆိုင်ထားကာ အချို့က အပြာရောင်ဆံပင်များရှိ၍ အချို့၏ခြေလက်များက အလွန်ရှည်လျားသည်။ ခရမ်းရောင်မျက်လုံးမျိုးနွယ်ကလည်း လူနည်းစုသာ ဖြစ်သည်။
"ရှေ့ဆိုရင် အစည်းအဝေးခန်းမကို ရောက်ပြီ"
ကျိယန်က သာမန်အိမ်များထက် ပို၍ကြီးမားသော အိမ်တစ်လုံးကို ညွှန်ပြ၍ ယဲ့ချန်အား ခေါ်ဆောင်သွားခဲ့သည်။ လမ်းဘေးဝဲယာတွင် ကျင့်ကြံသူပေါင်းများစွာရှိနေပြီး ကပ်ဘေးမှလွတ်မြောက်လာသူများမှာ အနည်းဆုံး ရွှမ်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏အမြင်တွင် ချီပင်လယ်အဆင့်ဖြစ်သော ယဲ့ချန်က ကောင်းကင်မူလကြယ်မှဖြစ်ကြောင်း ထင်ရှားနေသဖြင့် စပ်စုနေကြသည်။ သူက ကျိယန်နှင့်အတူ လိုက်ပါသွားပြီး ခန်းမအတွင်းရောက်သောအခါ မီးဧကရာဇ်နှင့် ရှေးဦးဧကရာဇ်ကို တွေ့လိုက်ရသည်။ သူက လမ်းတလျှောက် ထူးဆန်းသော လူမျိုးစုံကိုတွေ့ခဲ့ရပြီး သာမန်လူနှစ်ယောက်ကို မြင်လိုက်ရသောအခါ ရင်းနှီးမှုအချို့ ခံစားလိုက်ရသည်။ စစ်ဧကရာဇ်နှစ်ယောက်လုံးက ချောမောခန့်ညားသော လူငယ်အသွင်ဖြစ်ကာ မီးဧကရာဇ်က ဖြောင့်မတ်သောရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ရှေးဦးဧကရာဇ်၏မျက်နှာက ပို၍တည်ကြည်လေးနက်သည်။
"ယဲ့ချန် မင်းပါလား"
ယဲ့ချန်ကိုမြင်သောအခါ မီးဧကရာဇ်က အံ့သြသွားသဖြင့် သူရောက်လာမည်ဟု မျှော်လင့်ထားပုံမရချေ။
"ကျုပ်က စစ်ဧကရာဇ်နှစ်ယောက်ကို အရိုအသေပေးပါတယ်"
ယဲ့ချန်က ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ဆုပ်၍ လေးစားမှုပြသလိုက်သည်။
"မင်းက ဒီလောက်အားနာနေစရာ မလိုပါဘူးကွာ။ ဒီကို ဘာကြောင့်ရောက်လာတာလဲ"
မီးဧကရာဇ်က တစ်ချက်ပြုံး၍ လက်ကာပြလိုက်၏။
"ကျုပ်က နတ်ကိုယ်ပွားကျင့်စဥ်ကို အောင်မြင်ထားပါတယ်။ ကျိယွမ်ကြယ်က ဘယ်လိုနေရာမျိုးဖြစ်တယ်ဆိုတာကို စူးစမ်းပြီး သတင်းရယူဖို့ ရောက်လာခဲ့တာပါ"
"နတ်ကိုယ်ပွားကျင့်စဥ် မင်းက ကောင်းကင်အဆင့် လျှို့ဝှက်ကျင့်စဥ်ကို အောင်မြင်အောင် ကျင့်ကြံထားတယ်ပေါ့"
ဧကရာဇ်နှစ်ယောက်လုံး ယဲ့ချန်ကို တအံ့တသြ စိုက်ကြည့်လာကြသည်။ ကောင်းကင်အဆင့် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ကျင့်ကြံရန်အတွက် ပါရမီရှင်များပင် နှစ်ပေါင်းဆယ်ချီလိုအပ်သည့်အပြင် နတ်ကိုယ်ပွားကျင့်စဥ်ကို ကျင့်ကြံရန်အတွက် ရုပ်ခန္ဓာက အထူးလိုအပ်ချက်များ ပြည့်စုံရပေလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံသူများက အောင်မြင်ရန်ခက်ခဲလွန်းသော ဤကျင့်စဥ်မျိုးကို ရှောင်တတ်ကြသည်။ စစ်ဧကရာဇ်များက လျှို့ဝှက်ကျင့်စဥ်ရွေးချယ်ရာတွင် တိုက်ခိုက်ရေးစွမ်းအား မြင့်မားသည့် ကျင့်စဥ်များကိုသာ ဦးစားပေးကြသည်။ အလွန်နည်းပါးသော အရေအတွက်တစ်ခုသာ နတ်ကိုယ်ပွားကျင့်စဥ်ကဲ့သို့ အထောက်အပံ့ကျင့်စဥ်မျိုးကို များစွာအားထုတ်၍ ကျင့်ကြံတတ်ကြသည်။ အချို့က အသက်ကယ်လျှို့ဝှက်ကျင့်စဥ်များကို ကျင့်ကြံတတ်သော်လည်း လွယ်ကူသော ကျင့်စဥ်များကိုသာ ရွေးချယ်ကြသည်။
လမ်းကြောင်းအတွင်း ဝင်ရောက်ပြီးနောက် စစ်ဧကရာဇ်များထံမှ သတင်းတစ်ခုတလေပင် ပြန်ရောက်မလာသောကြောင့် ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများမှာ သူတို့ကို သေပြီဟု ထင်မှတ်နေကြသည်။
"ခင်ဗျားတို့နှစ်ယောက်က အသက်ရှင်နေသေးတယ်ဆိုရင် သတင်းပြန်ပို့ဖို့ တစ်ယောက်ယောက်ကို ဘာကြောင့်မစေလွှတ်ခဲ့တာလဲ"
ယဲ့ချန်က သံသယဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"ငါတို့က သတင်းမပို့ချင်လို့ မဟုတ်ဘူး။ ဒီနေရာမှာ ပိတ်မိနေကြတာပါကွာ"
စစ်ဧကရာဇ်နှစ်ယောက်က အချင်းချင်းပြန်ကြည့်၍ သက်ပြင်းကိုယ်စီ ချလိုက်မိသည်။
"ပိတ်မိတာလား"
ယဲ့ချန်က ပို၍စိတ်ရှုပ်သွားခဲ့သည်။
"မင်းက ကျိယွမ်ကြယ်ကို ဝင်လာတဲ့အချိန်မှာ အချိန်လေဟာနယ်စီးကြောင်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်မလား"
"ဟုတ်ကဲ့"
ယဲ့ချန်က ထိုအကြောင်းကို ပြန်တွေးမိတိုင်း အနည်းငယ် စိုးရွံ့နေဆဲပင်ဖြစ်သည်။
"ကျိယွမ်ကြယ်ရဲ့ပတ်လည်မှာ ကြယ်သခင်တွေဖန်တီးထားတဲ့ အချိန်လေဟာနယ်ရုန်းတွေက ဖြစ်ပေါ်လာတဲ့ အလင်းစက်ကွင်းရှိတယ်။ လမ်းကြောင်းက စက်ကွင်းကို ကျော်ဖြတ်လာချိန်မှာ တွန့်လိမ်သွားပြီး ပတ်ဝန်းကျင်မှာ လေဟာနယ်စီးကြောင်းတွေ ဖြစ်ပေါ်လာစေခဲ့တယ်။ ငါတို့က အပြင်ကနေအထဲကို ဝင်နိုင်ပေမယ့် အပြင်ကို ဒီလမ်းကြောင်းနဲ့ပြန်ထွက်ဖို့ မဖြစ်နိုင်ဘူး။ အပြင်ကနေ အတွင်းကိုလာတဲ့အချိန်မှာ စီးကြောင်းနဲ့ကြုံရမယ်ဆိုရင် ကျိယွမ်ကြယ်ပေါ်ကို ကျပန်းကျရောက်လာနိုင်ပေမယ့် အတွင်းကနေ အပြင်ကိုထွက်လာတဲ့အချိန်မှာ ကြုံရမယ်ဆိုရင်တော့ စကြဝဠာထဲကို လွင့်ထွက်သွားလိမ့်မယ်။ စစ်ဧကရာဇ်တစ်ယောက်တောင် အာကာသစကြဝဠာထဲမှာ အသက်မရှင်နိုင်ဘူး။ ဒါကြောင့် ငါတို့က ကျိယွမ်ကြယ်ပေါ်မှာ ပိတ်မိနေတာပဲ"
မီးဧကရာဇ်က ခါးသက်သက်ပြုံး၍ ရှင်းပြလိုက်သည်။
"ကျန်တဲ့စစ်ဧကရာဇ်တွေရော အခြေအနေကောင်းရဲ့လား"
ယဲ့ချန်က ထပ်မေးလိုက်ပြန်သည်။
"ငါတို့ရောက်လာတဲ့အချိန်မှာ ငါးယောက်က ရန်သူတွေဝိုင်းတိုက်တာခံရပြီး သေဆုံးသွားကြတယ်။ ကျန်တဲ့လူတွေကိုတော့ အကျိုးအကြောင်း မသိရဘူး။ ငါတို့က လူကွဲသွားတဲ့အပြင် ဝိညာဥ်အသိစိတ်နဲ့လည်း ဆက်သွယ်လို့ မဖြစ်ဘူး"
ရှေးဦးဧကရာဇ်က ဝမ်းနည်းနေဟန်ဖြင့် ခပ်အက်အက်လေသံနှင့် ဝင်ဖြေလိုက်သည်။
"ဒီကြယ်ရဲ့နတ်အစေခံကသာ လျှို့ဝှက်ကျင့်စဥ်တစ်ခုကိုသုံးပြီး မကယ်ခဲ့ရင် ငါတို့နှစ်ယောက်လည်း သေနေလောက်ပြီ"
စစ်ဧကရာဇ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ယဲ့ချန်သည် ကျိယန်ထံမှ ထိုကျင့်ကြံသူက အလွန်အိုနေပြီဖြစ်ကြောင်း သိထားသည်။ နတ်အစေခံအဆင့် ကျင့်ကြံသူများက သက်တမ်းအလွန်ရှည်ကြပြီး နှစ်ပေါင်းသုံးထောင်အထိ နေထိုင်ပြီးလျှင် စတင်ကြီးရင့်လာကြသည်။ သက်တမ်းငါးထောင်တွင် အလွန်အိုမင်းနေပြီဖြစ်ပြီး သက်တမ်းခြောက်ထောင်အရောက်တွင် သက်တမ်းကုန်ဆုံးခြင်းသို့ ရောက်ပေလိမ့်မည်။ ထူးခြားသောမျိုးဆက်သွေးကြောင့် သက်တမ်းအလွန်ရှည်သော မျိုးနွယ်များနှင့် သက်တမ်းကိုဆွဲဆန့်ပေးနိုင်သော ကျင့်စဥ်များ ရှိသော်လည်း အချိန်ကြာမြင့်စွာ အိပ်စက်နေခြင်းမရှိလျှင် ဝိညာဥ်များက စတင်တိုက်စားခံရလာနိုင်သည်။ သက်ရှိအရာတိုင်းတွင် ကန့်သတ်ချက်တစ်ခုရှိပြီး အစစ်အမှန်မသေမျိုးအဖြစ်သို့ ရောက်ဖူးသော ကျင့်ကြံသူမျိုး ထွက်ပေါ်မလာခဲ့ဖူးပေ။
"ခင်ဗျားတို့က ကောင်းကင်နတ်ဆိုးတစ်ကောင်နဲ့ တွေ့လာတာလား"
"မဟုတ်ဘူး။ အဆင့်မြင့် ကျွန်ပိုးကောင်အုပ်စုတစ်ခုပဲ။ တစ်ကောင်းချင်းစီက စစ်ဧကရာဇ်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားပြီး အရေအတွက်က ရာချီတယ်။ နတ်အစေခံပြောသလောက်ဆိုရင် ဒီကြယ်ပေါ်မှာ သူတို့ကိုအမိန့်ပေးနိုင်တဲ့ ကောင်းကင်နတ်ဆိုးခေါင်းဆောင်တစ်ကောင် ရှိနေတယ်။ ကျိယွမ်ကြယ်ပေါ်က ဘယ်သူမှ ဒီရန်သူကို မမြင်ဖူးကြဘူး။ နတ်အစေခံအရှင်တောင် သူ့တည်ရှိမှုကို အာရုံခံနိုင်ရုံပဲ တတ်နိုင်တယ်"
ကောင်းကင်နတ်ဆိုးများအကြောင်း စကားစလိုက်မိသောအခါ မီးဧကရာဇ်၏မျက်နှာက အလွန်လေးနက်လာသည်။ ကောင်းကင်နတ်ဆိုးများက လူတိုင်း၏ရင်ထဲတွင် အရိပ်မည်းကြီးပမာ အမြဲတစေ ခြောက်လှန့်နေခဲ့သည်။
"ကောင်းကင်နတ်ဆိုးတွေက ဘယ်လိုသတ္တဝါမျိုးလဲ"
ယဲ့ချန်က ကျွန်ကောင်အချို့ကိုသာ မြင်ဖူးပြီး ကောင်းကင်နတ်ဆိုးများအကြောင်း များစွာမသိထားသဖြင့် စပ်စုလိုက်သည်။
"ကောင်းကင်နတ်ဆိုးတွေက ပုံစံသုံးမျိုးနဲ့ တည်ရှိနေနိုင်တယ်။ ပထမတစ်မျိုးက မွေးဖွားအဆင့်ဖြစ်ပြီး အကောင်အထည်မရှိဘဲ ကိုယ်ပျောက်နေတဲ့အတွက် သရဲတစ်ကောင်နဲ့ ဆင်တူတယ်။ ဒီအမျိုးအစားက စကြဝဠာထဲမှာ မျောလွင့်နေပြီး သတ်ဖို့ အလွန်လွယ်ကူတယ်။ ဒါပေမယ့် မွေးဖွားအဆင့်တွေက အသက်ရှင်ဖို့အတွက် မရေမတွက်နိုင်အောင် စုဝေးနေတတ်ကြတယ်။ ဒုတိယတစ်မျိုးက ကပ်ပါးဖြစ်ပြီး လက်ခံကောင်ရဲ့ကိုယ်ထဲမှာ ရှင်သန်နေထိုင်ကြတယ်။ လက်ခံကောင်က ရှင်းဟွမ်၊ လူသား၊ သားရဲ ဘာမဆိုဖြစ်နိုင်တယ်။ ဒီကောင်တွေက လက်ခံကောင်ကို အလုံးစုံထိန်းချုပ်ပြီး ကောင်းကင်နတ်ဆိုးအမွေခံကျင့်စဥ်တွေကို ကျင့်ကြံရင်း ဖြည်းဖြည်းချင်း သန်မာလာကြတယ်။ နောက်ဆုံးကတော့ အရွယ်ရောက်ပြီးနတ်ဆိုးတွေ ဖြစ်ကြတယ်။ သူတို့က လက်ခံကောင်ကိုစွန့်ခွာပြီး အနည်းဆုံး နတ်အစေခံတစ်ယောက်လောက် အစွမ်းထက်လို့ စကြဝဠာထဲမှာ အလွန်ကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်လာကြတယ်။ သူတို့က အုပ်စုဖွဲ့ပြီး ရှင်းဟွမ်တွေကို လိုက်လံဝါးမျိုတတ်ကြတယ်။ ဝါးမျိုပြီးရင် ကောင်းကင်နတ်ဆိုးတွေက အလွန်အစွမ်းထက်လာနိုင်ပြီး ကြယ်သခင်တစ်ယောက်ထက်ပိုတဲ့ အစွမ်းမျိုးကိုတောင် ပိုင်ဆိုင်လာနိုင်တယ်"
မီးဧကရာဇ်က ခဏတာစဥ်းစားပြီးနောက် တစ်လုံးချင်း ရှင်းပြလိုက်လေသည်။