← Chapters

ကျိယွမ်ကြယ်၏ နတ်အစေခံ

Vol. 44 Ch. 617

ကျိယွမ်ကြယ်၏ နတ်အစေခံ

Vol. 44 Ch. 617

"ဒါဆိုရင် ကောင်းကင်နတ်ဆိုးတွေက သက်ရှိခန္ဓာကိုယ်ထဲမှာ နေနိုင်တယ်လား"

ယဲ့ချန်က ထိတ်လန့်သွားခဲ့ပြီး ကောင်းကင်နတ်ဆိုးများအကြောင်းကို စစ်ဧကရာဇ်များ ဖုံးကွယ်ထားရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ၎င်းတို့က လူတိုင်း၏ကိုယ်ထဲတွင် အသက်ရှင်နေထိုင်နိုင်သော အချက်ကိုသာ လူသိရှင်ကြားထုတ်ဖော်လိုက်လျှင် ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်ပေသည်။

"ငါသိသလောက်ဆိုရင် လူသားတွေကျင့်ကြံနိုင်တဲ့ အမြင့်ဆုံးအဆင့်က ကြယ်သခင်အဆင့်ဖြစ်တယ်။ ဒီအဆင့်ထက်ပိုတဲ့ ကောင်းကင်နတ်ဆိုးသာ ထွက်ပေါ်လာရင် ငါတို့အားလုံး သေရလိမ့်မယ်။ ကံကောင်းတာကတော့ အခုအချိန်အထိ ကောင်းကင်မူလကြယ်ကို ဒီလိုနတ်ဆိုးမျိုး ရောက်မလာဖူးဘူး"

မီးဧကရာဇ်က ဆက်ပြောလို​က်သည်။

"ကောင်းကင်မူလကြယ်ပေါ်မှာရော ကပ်ပါးနတ်ဆိုးတွေ ရှိကြလား"

ယဲ့ချန်က ထပ်မေးလိုက်၏။

"ရှိတယ်။ တာအိုအိမ်တော်က ကောင်းကင်နတ်ဆိုးတွေကို ရှင်းလင်းဖို့ အထူးတပ်ဖွဲ့တစ်ခု လေ့ကျင့်ပေးထားတယ်။ သူတို့ကို တံစဥ်ရှည်တပ်ဖွဲ့လို့ ခေါ်ကြတယ်"

"ဒါဆိုရင် တံစဥ်တပ်ဖွဲ့က လူတိုင်းကို သတ်ဖြတ်ခွင့်ရှိတယ်ပေါ့"

ယဲ့ချန်က မျက်ခုံးပင့်လိုက်မိသည်။

"သူတို့ကသာ ကောင်းကင်နတ်ဆိုးလို့ အတည်ပြုနိုင်ခဲ့ရင် သတ်ဖြတ်ခွင့်ရှိတယ်"

"ဒီတပ်ဖွဲ့က ကောင်းကင်နတ်ဆိုးတွေထက်တောင် ပိုကြောက်စရာကောင်းနိုင်သေးတယ်"

ယဲ့ချန်က စိတ်ထဲမှရေရွတ်လိုက်ပြီး အနာဂတ်၌ ထိုတပ်ဖွဲ့ကို ရန်မစမိစေရန် သတိထားရပေလိမ့်မည်။ မီးဧကရာဇ်ကို မေးခွန်းများစွာ မေးမြန်းပြီးနောက် ကောင်းကင်နတ်ဆိုးများအကြောင်း သူက ပို၍နားလည်လာခဲ့သည်။

"ယဲ့ချန် နတ်အစေခံရွှမ်လင်းကို သွားတွေ့ကြရအောင်"

မီးဧကရာဇ်သည် ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို နတ်အစေခံတစ်ယောက်နှင့် မိတ်ဆက်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူ၏စိတ်ထဲတွင် ယဲ့ချန်က အလွန်ထူးခြားသည်ဟု ခံစားနေရသည့်အပြင် ကောင်းကင်မူလကြယ်သို့ သတင်းပြန်ပို့နိုင်သောကြောင့် ရွှမ်လင်းနှင့် တွေ့ဆုံပေးချင်နေခဲ့သည်။

"ဟုတ်ကဲ့"

ယဲ့ချန်သည်လည်း နတ်အစေခံတစ်ယောက်ကို မမြင်ဖူးသောကြောင့် ခေါင်းညိတ်လိုက်၏။ စစ်ဧကရာဇ်နှစ်ယောက်က သူ့ကို ခန်းမအနောက်ဘက်ရှိ ခြံဝန်းငယ်တစ်ခုထံ ခေါ်ဆောင်သွားခဲ့သည်။ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး နတ်အစေခံတစ်​ယောက်၏ အဆင့်အတန်းမျိုးနှင့် ဤနေရာမျိုးက မအပ်စပ်ပေ။ ကောင်းကင်မူလကြယ်ပေါ်တွင် စစ်ဧကရာဇ်များပင် ကြီးကျယ်ခမ်းနားသော နန်းတော်များနှင့် နေထိုင်ကြသဖြင့် ကျိယွမ်ကြယ်ခေတ်ကောင်းစဥ် ရွှမ်လင်း၏အိမ်တော်က အလွန်ခမ်းနားနိုင်သော်လည်း လက်ရှိအခြေအနေက အလွန်ဆိုးရွားနေခဲ့သည်။ သူက စစ်ဧကရာဇ်နှစ်ယောက်နှင့်အတူ ခြံဝန်းအတွင်း ဝင်ရောက်လာပြီး ကြည့်လိုက်သောအခါ အိမ်ငယ်လေးတစ်လုံးအတွင်းမှ ဆံပင်ဖြူအဘိုးတစ်ယောက်က လမ်းလျှောက်တုတ်ကိုအားပြု၍ ခါးကုန်းကုန်းနှင့် ထွက်လာကြောင်း တွေ့လိုက်ရသည်။ သူက တုန်တုန်ရီရီနှင့် လမ်းလျှောက်လာသောကြောင့် လဲကျသွားမည်ကိုပင် စိုးရိမ်စရာဖြစ်ပြီး နတ်အစေခံတစ်ယောက်၏အရှိန်အဝါမျိုး ပိုင်ဆိုင်ထားခြင်း မရှိပေ။ သူ၏ခန္ဓာကိုယ်က သစ်ခြောက်ပင်တစ်ပင်ကဲ့သို့ ကျုံလှီနေပြီး အသက်စွမ်းအားက အလွန်အားနည်းနေသည်။ သူက တစ်မီတာခွဲသာ အရပ်မြင့်ပြီး မျက်လုံးများက နို့နှစ်ရောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူကာ နားရွက်များကကြီးမား၍ နှာခေါင်းက ချွန်ထက်နေသောကြောင့် ထူးဆန်းသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။

အိမ်ငယ်သို့မရောက်ခင်က ယဲ့ချန်၏စိတ်ထဲတွင် နတ်အစေခံတစ်ယောက်၏ပုံရိပ်ကို ကြိုတင်ခန့်မှန်းခဲ့သည်။ ရွှမ်လင်းက အသက်နှစ်ငါးထောင်ကျော်ပြီဖြစ်သော်လည်း ကြီးစိုးနိုင်စွမ်းသော အရှိန်အဝါမျိုး ပိုင်ဆိုင်နေမည်ဟု မျှော်လင့်ထားသည်။ ထို့ကြောင့် သူ၏စိတ်ထဲတွင် အရပ်ရှည်ရှည်နှင့် သူရဲကောင်းတစ်ယောက်၏ပုံရိပ်ကို မှန်းဆထားသည်။ သို့သော်လည်း သူက သင်္ချိုင်းကုန်းသို့ ခြေတစ်ဖက်လှမ်းနေသော အဘိုးအိုတစ်ယောက်ကိုတွေ့ခဲ့ရပြီး လေပြင်းတစ်ချက်တိုက်လျှင်ပင် လွင့်ထွက်သွားမည့်ပုံပေါ်နေသည် ။သူ၏မျက်နှာထားက ကြောင်အအဖြစ်နေစဥ် စိတ်အတွင်းရှိ ဓားပျံက ဆက်တိုက်လင်းလက်လာပြီး တုန်ခါနေခဲ့သည်။

ဓားပျံသည် အစွမ်းထက်ရတနာများ၊ ပြိုင်ဘက်ကင်းကျင့်ကြံသူများနှင့် အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူများအား တုံ့ပြန်တတ်သောကြောင့် ဤအဘိုးအိုမှာ နတ်အစေခံတစ်ယောက်ဖြစ်ကြောင်း သံသယဝင်စရာ မရှိချေ။ ထိုအချိန်တွင် ရွှမ်လင်းသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် မျက်လုံးများ တောက်ပလာခဲ့သည်။ သို့သော် ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားပြီး သူ၏မျက်လုံးများက ပြန်လည်အသက်မဲ့သွားခဲ့သည်။ ဤအဖြစ်ကြောင့် ယဲ့ချန်သည် ရင်ထိတ်သွားပြီး ဘေးရှိစစ်ဧကရာဇ်နှစ်ယောက်ကို လှမ်းကြည့်လိုက်မိသည်။ နှစ်ယောက်လုံးက ရွှမ်လင်းကို အလွန်ရိုသေလေးစားစွာဖြင့် မတ်တပ်ရပ်နေကြပြီး ဖြစ်ပျက်သွားသမျှကို သတိထားမိပုံ မရချေ။

"အရှင်ရွှမ် ဒီလူငယ်လေးက ယဲ့ချန်လို့ခေါ်ပြီး ကောင်းကင်မူလကြယ်က လာသူတစ်ယောက်ပါ။ သူက ကောင်းကင်အဆင့် လျှို့ဝှက်ကျင့်စဥ် နတ်ကိုယ်ပွားကို ကျင့်ကြံထားနိုင်ပါတယ်။ ဒါက သူ့ရဲ့ ကိုယ်ပွားတစ်ခုပါ"

မီးဧကရာဇ်က ရိုသေစွာ မိတ်ဆက်ပေးလိုက်သည်။ စစ်ဧကရာဇ်တစ်ယောက်က နတ်အစေခံတစ်ယောက်ရှေ့တွင် အနည်းငယ်မျှပင် မရိုမသေမလုပ်ဝံ့ပေ။

"ယဲ့ချန် ဒါက ကျိယွမ်ကြယ်ရဲ့ နတ်အစေခံ အရှင်ရွှမ်လင်းပဲ"

သူက ယဲ့ချန်ဘက်လှည့်၍ လေးနက်စွာ မိတ်ဆက်ပေးလိုက်ပြန်သည်။

"အရှင်ရွှမ်ကို ဂါရဝပြုပါတယ်"

တစ်ဖက်လူမှာ နတ်အစေခံတစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်က လေးစားသမှုပြုလိုက်သည်။

"မဆိုးဘူး"

ရွှမ်လင်းက အတွင်းသို့ချိုင့်ဝင်နေသော မျက်လုံးများဖြင့် ယဲ့ချန်ကိုအကဲခတ်လိုက်ပြီး အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ဆိုလိုရင်းကို ယဲ့ချန်က နားမလည်သော်လည်း လေးနက်သော အဓိပ္ပါယ်တစ်ခုရှိကြောင်း သိလိုက်ရသည်။ ကြယ်သခင်တျန်းယွမ်ကဲ့သို့ တစ်ဖက်လူကလည်း သူ၏ဓားပျံကို မြင်နိုင်စွမ်းရှိမရှိ သိချင်နေခဲ့သည်။ ရွှမ်လင်းက သက်တမ်းငါးထောင်ကျော် နေထိုင်လာသောကြောင့် မီးစာကုန်ဆီခမ်းဘဝသို့ ရောက်နေသော်လည်း မျက်လုံးများတွင် ပညာဉာဏ်ကြီးမှုတို့ ထင်ဟပ်နေကြသည်။

"လူငယ်လေး မင်းရဲ့ဝိညာဥ်က အလွန်အစွမ်းထက်တယ်။ ငါမြင်ဖူးသမျှ လူသားတွေထဲမှာ အစွမ်းအထက်ဆုံးဖြစ်ပြီး ရှင်းဟွမ်တစ်ခုနဲ့တောင် ယှဥ်နိုင်တယ်"

ရွှမ်လင်း၏စကားသံက ယဲ့ချန်၏နားအတွင်း ဝင်ရောက်လာသောအခါ သူက စစ်ဧကရာဇ်များကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ထိုနှစ်​ယောက်၏ မျက်နှာထားများက ပြောင်းလဲမှုမရှိဘဲ ရိုသေစွာရပ်နေဆဲဖြစ်သောကြောင့် သူတစ်ယောက်တည်းသာ ကြားရကြောင်း သေချာသွားခဲ့သည်။ ရွှမ်လင်း၏စကားကြောင့် သူက စိတ်ရှုပ်သွားပြီး ဝိညာဥ်နှင့် ရှင်းဟွမ်က မည်သို့မည်ပုံနှိုင်းယှဥ်နိုင်ကြောင်း အတွေးနက်နေခဲ့သည်။ ရှင်းဟွမ်သည်လည်း လူသားတစ်ယောက်၏ဝိညာဥ်ကဲ့သို့ ဆင်တူနေခြင်းဖြစ်နိုင်သည်။

"ကြယ်တစ်လုံးရဲ့ ဝိညာဥ်ကို ရှင်းဟွမ်လို့ ခေါ်တယ်"

ယဲ့ချန်၏စိတ်ကို ရိပ်စားမိသော ရွှမ်လင်းက ဆက်လက်ရှင်းပြလိုက်သည်။

"သက်ရှိအရာတစ်ခုမှာ ဝိညာဥ်နဲ့ ရုပ်ခန္ဓာဆိုပြီး နှစ်မျိုးဖွဲ့စည်းထားတယ်။ ကြယ်တွေကလည်း လူသားတွေလိုမျိုး သက်ရှိတွေဖြစ်ကြပြီး စကြဝဠာမှာ အမြင့်မြတ်ဆုံးမျိုးနွယ်ဖြစ်တယ်။ သူတို့က စကြဝဠာကြီးထဲမှာ ရှေးခေတ်ဟောင်းထဲက တည်ရှိလာခဲ့ကြတယ်"

ရွှမ်လင်း၏စကားအရ ကြယ်များသည်လည်း လူသားများကဲ့သို့ သက်ရှိသတ္တဝါများဖြစ်ကြသည်။ ထို့ကြောင့် ယဲ့ချန်သည် သူပိုင်ဆိုင်ထားသော ကြယ်ကိုးလုံးရှိ ဝိညာဥ်များနှင့် ဓားပျံအကြောင်း တွေးမိလိုက်သည်။ အတိတ်တွင် ကြယ်သခင်တျန်းယွမ်ပင် ဓားပျံကိုဖန်တီးသူက အစစ်အမှန် ပညာရှင်တစ်ယောက်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သောကြောင့် ထိုလူမှာ ကြယ်သခင်အဆင့်အထက် ကျော်လွန်နိုင်နေသည်။ သူက တာအိုနတ်အဆင့်အနည်းငယ်ကြောင့် အသတ်မခံရစေရန် ထွက်​​ပြေးခဲ့ရသည့်အကြောင်းကို တွေးမိသောအခါ ဓားပျံနှင့် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်အစား အရှက်ရမိသွားသည်။ ထိုအချိန်တွင် ဓားပျံက တုန်ခါလာပြီး ဒန်တန်အတွင်း၌ ကြယ်ကိုးလုံးက လည်ပတ်လာသည်။

မူလတွင် စကြဝဠာသည် ဗလာနယ်တစ်ခုဖြစ်ပြီး အခြေခံအကျဆုံးသော ချီငါးမျိုးကိုသာ ပိုင်ဆိုင်ထားသည်။ ၎င်းတို့က အချင်းချင်းစုဝေးလာကြပြီးနောက် ကြယ်များ၏သန္ဓေသားလောင်းများ စတင်ဖြစ်ပေါ်လာကြသည်။ ထို့နောက် ၎င်းက ဆင့်ကဲတိုးတက်လာပြီး သက်ရှိမျိုးစုံ၏ဝိညာဥ်များကို ဆက်လက်မွေးထုတ်ပေးခဲ့သည်။ ၎င်းတို့က အဆင့်တစ်ခုသို့ရောက်သောအခါ ကြယ်ဝိညာဥ်တစ်ခုမွေးဖွားလာပြီး ရှင်းဟွမ်နှင့်အတူ သက်ရှိများလည်း လိုက်ပါဖြစ်တည်လာကြသည်။ မူလက ယဲ့ချန်ထင်ထားသည်မှာ စကြဝဠာသည် ပေါက်ကွဲမှုကြီးတစ်ခုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် သက်ရှိများမွေးဖွားလာစေရန်မှာ ထိုပေါက်ကွဲမှုက တတ်နိုင်စွမ်းသောအရာ မဟုတ်ချေ။ စကြဝဠာက နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆင့်ကဲတိုးတက်လာပြီးနောက် သက်ရှိများ မွေးဖွားလာခြင်းဖြစ်သည်။

ယဲ့ချန်သည် ဉာဏ်အလင်းရလိုက်သောအခါ ဒန်တန်အတွင်းရှိ နယ်မြေက အနည်းငယ်ကျယ်ပြန့်လာပြီး ကြယ်ကိုးလုံးက ပို၍ကြီးမားလာကြသည်။ သူ၏အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ၎င်းတို့မှာ သေးငယ်သောကြယ်များ၏ အရွယ်အစားအထိ ရှိလာကြောင်း တွေ့လိုက်ရ၏။ သူ၏အသိစိတ်က ကြယ်တစ်လုံးအပေါ် ဆင်းသက်လိုက်သောအခါ ဝိညာဥ်များက မရေမတွက်နိုင်လောက်စုဝေးလာပြီး ပျော်ရွှင်ကြောင်းပြသနေသည်။ ၎င်းတို့က ရုပ်ခန္ဓာမပိုင်ဆိုင်ထားသော်လည်း အသိဉာဏ်အနည်းငယ် ပိုင်ဆိုင်ထားကြသည်။ သူ၏နားလည်မှု တိုးတက်လာသောအခါ စကြဝဠာဖြစ်တည်လာပုံနှင့် သက်ရှိများမွေးဖွားလာပုံကို ဆင်ခြင်နိုင်ခဲ့ပြီး ၎င်းတို့မှာ သက်ရှိများ၏ သန္ဓေသားလောင်းများဖြစ်ကြောင်း သိလိုက်ရသည်။

ထို့နောက် ယဲ့ချန်၏ကျင့်ကြံဆင့်က နောက်တစ်ဆင့်မြင့်တက်သွားကာ ကြယ်ကိုးလုံးမှာ လျင်မြန်စွာ လည်ပတ်လာခဲ့သည်။ သူ၏မျက်နှာထက်တွင် နာကျင်သော အရိပ်အယောင်ထွက်ပေါ်လာပြီး ကျင့်ကြံရေးလမ်းကြောင်းတွင် အခက်အခဲဆုံး အတားအဆီးများအနက် တစ်ခုဖြစ်သည့် ရွှမ်အဆင့်အတားအဆီးက စတင်ပျက်စီးလာသည်။ ကြယ်ကိုးလုံးလည်ပတ်လိုက်တိုင်းတွင် ထူထပ်သော အတားအဆီးက ဖြည်းဖြည်းချင်း ကျိုးပဲ့လာနေခဲ့သည်။ အဝေးရှိကောင်းကင်ထက်တွင် မိုးချုန်းသံများ ထစ်ချုန်းမြည်ဟီးလာ၍ ကောင်းကင်အမျက်ဒေါသ ထွက်ပေါ်လာသည်။ ရွှမ်အဆင့်သို့တက်နိုင်ရန်အတွက် ၎င်းကိုရင်ဆိုင်ရန် လိုအပ်ပြီး ယဲ့ချန်၏ကပ်ဘေးက အတိတ်မှ ကောင်းကင်ကပ်ဘေးများထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။ ပတ်ဝန်းကျင်လေထုက တင်းကျပ်သွားပြီး ကြီးမားသော ဖိအားတစ်ရပ် ကျဆင်းလာသည်။

ရွှမ်လင်းသည် ယဲ့ချန်က ရုတ်တရက်အဆင့်တက်သွားမည်ဟု မျှော်လင့်မထားသော်လည်း လျင်မြန်စွာဖြင့် လက်ဟန်များ ဖန်တီးလိုက်သောအခါ အလင်းတံ​ဆိပ်တစ်ခုက ယဲ့ချန်ကို ဖုံးအုပ်သွားခဲ့သည်။ ထို့နောက် ကောင်းကင်ကပ်ဘေးက ပျောက်ကွယ်သွားပြီး ကောင်းကင်အမျက်၏စွမ်းအင်လည်း ပျက်ပြယ်သွားခဲ့သည်။

"မင်းရဲ့ကိုယ်ပေါ်က အရှိန်အဝါကို ထိန်းချုပ်ပေးထားတယ်။ ဒီလိုနေရာမျိုးမှာ ကောင်းကင်အမျက်ကို ရင်ဆိုင်ဖို့အတွက် ခက်ခဲလိမ့်မယ်။ ဒီနေရာက အရမ်းသေးငယ်လွန်းတဲ့အပြင် ကောင်းကင်နတ်ဆိုးလည်း အာရုံစိုက်လာနိုင်တယ်"

ရွှမ်လင်းက တည်ငြိမ်စွာ သတိပေးလိုက်ခြင်းဖြစ်သည်။

"အရှင်ရွှမ် ကျုပ် တောင်းပန်ပါတယ်။ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတဲ့အတွက် ကျင့်ကြံဆင့်ကို မထိန်းချုပ်နိုင်လိုက်လို့ပါ"

ယဲ့ချန်က အားတုံ့အားနာဖြင့် တောင်းပန်စကားဆိုလိုက်သည်။ ဤနေရာသို့ ကောင်းကင်အမျက်ကျဆင်းလာလျှင် နယ်ခံများထံ မရေမတွက်နိုင်သော အန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကာ ကျွန်ကောင်များစွာလည်း ရောက်ရှိလာပေလိမ့်မည်။ ချီပင်လယ်အဆင့်မှ ရွှမ်အဆင့်သို့ ရုတ်တရက်ရောက်ရှိသွားသော ယဲ့ချန်ကို စစ်ဧကရာဇ်နှစ်​ယောက်က ပြိုင်တူလှည့်ကြည့်လာကြသည်။ ယဲ့ချန်၏ကိုယ်တွင်းမှ ထွက်ပေါ်လာသော အရှိန်အဝါအရ သာမန်ရွှမ်အဆင့်များထက် သာလွန်ကြောင်း ပြောနိုင်သည်။ ရွှမ်လင်းက တစ်ချက်ပြုံး၍ လက်ကာပြလိုက်သည်။ သူက ဤအချင်းအရာအပေါ် တစ်ခွန်းမှမ​​ပြောခဲ့ဘဲ ယဲ့ချန်ကို စိတ်ဝင်တစားဖြင့် အကဲခတ်နေခဲ့လေသည်။

All Chapters